(ဆောင်း ပါးရှင် အင်ဒိုနီးရှားစီးပွားရေးပညာရှင် စရီ မာလယန်နီ အင်ဒြာဝတီ Sri Mulyani Indrawati သည် ကမ္ဘာ့ဘဏ်အုပ်စု World Bank Group – WBG ၏ မန်နေးဂျင်း ဒါရိုက်တာဖြစ်ပြီး ၂၀၀၅ ခုနှစ်ကနေ ၂၀၁၀ အထိ အင်ဒိုနီးရှားနိုင်ငံရဲ့ ဘဏ္ဍာရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။ အင်ဒိုနီးရှား အသွင်ကူးပြောင်းရေးကာလ အမာခံ ပြုပြင် ပြောင်းလဲရေးသမားအဖြစ် သူ့ကို သိကြပါတယ်။ စီးပွားရေး အကျပ်အတည်းကာလ (၂၀၀၇-၂၀၁၀) အတွင်းမှာ အင်ဒိုနီးရှား နိုင်ငံထဲကို ရင်းနှီးမြှုပ်နှံမှုတွေ လှိမ့်ဝင်လာအောင်၊ နိုင်ငံစီးပွားရေး အင်အားတောင့်တင်းအောင် စီမံခန့်ခွဲ နိုင်သူအဖြစ် အမှတ်ပေးခံရသူဖြစ်ပါတယ်။)
ဆီးရီးယား မှာ ဆန္ဒပြသမားတွေ နှိမ်နင်းခံနေရတာ၊ လစ်ဗျားက သွေးထွက်သံယို ပြည်တွင်းစစ်၊ ယီမင်က အဓိကရုဏ်း ဖြစ်လုလု အခြေအနေတွေကို ကြည့်လိုက်တော့ အာရပ်နွေဦးက မည်းမှောင်တဲ့ ဆောင်းရက်များဆီ ကူးပြောင်းသွားပြီလားလို့ စဉ်းစားစရာ ရှိပါတယ်။ ဟုတ်ကောဟုတ်သေးရဲ့လားလို့ မယုံသင်္ကာ ဖြစ်နေသူတွေလည်း ဒုနဲ့ ဒေးပါပဲ။ မြန်မြန်ဆန်ဆန် အစိုးရပြောင်းလဲသွားတဲ့ အီဂျစ်နဲ့ ကျူနီးရှားမှာတောင် အခြေအနေက မရေရာသေးပါဘူး။ လေ့လာသူတွေရဲ့ တဒင်္ဂမျှော်လင့်ချက်တွေ အခုကျတော့ ဒီဒေသကြီးရဲ့ ရှေ့အလားလာ ဘယ်လိုလဲ၊ စီးပွားရေး ကောင်းဖို့၊ ဒီမိုကရေစီ ဖြစ်ထွန်းဖို့ ဖြစ်မှဖြစ်ပါ့မလားလို့ စောကြော နေကြပြန်ပါတယ်။
တော်လှန်ရေး တွေနဲ့ တော်လှန်ရေးပြီးခါစအခြေအနေတွေဟာ အလှုပ်အယမ်းတွေနဲ့ ဘယ်တော့မှ မတည်ငြိမ်တတ်ပါဘူး။ ဓားသွားပေါ် လမ်းလျှောက်ရသလိုမျိုးပေါ့။ အကန့်အသတ်ရှိတဲ့ လုပ်နိုင် ကိုင်နိုင်စွမ်းနဲ့ ဘတ်ဂျက် အခြေအနေမှာ အလွန်အကျွံ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးရတဲ့ ကိစ္စက စမ်းသပ်မှုတခုပါပဲ။ အတိတ်ရဲ့ မတရားမှုတွေကို ပြန်လည် တည့်မတ်ရတဲ့ကိစ္စ၊ အားလုံးအတွက် အခွင့်အလမ်းတွေ ပေါ်လာအောင် စီးပွားရေးကို ပြန်လည် တည်ဆောက်ရတာတွေဟာ စိန်ခေါ်ချက်တွေပါ။ ဝရုန်းသုန်းကားနဲ့ အပြောင်းအလဲများတဲ့ကာလ၊ မရေရာတဲ့ အခြေအနေမှာ ပွဲလန့်တုန်း ဖျာခင်းချင်တဲ့ နိုင်ငံရေးသမားတွေရဲ့ အန္တရာယ်ကလည်း ရှိနေပါတယ်။
ဒါပေမယ့် လည်း အသွင်ကူးပြောင်းရေးကာလဆိုတာ မဟာအခွင့်အလမ်းတခုပါပဲ။ ၁၉၉၀ ပြည့်လွန်နှစ်တွေတုန်းက အင်ဒိုနီးရှားမှာ အာဏာရှင် ဆူဟာတိုကို ဖြုတ်ချနိုင်ပြီး အောင်ပွဲခံခဲ့တဲ့ လူတွေထဲမှာ ကျမလည်းတယောက်ပါ။ ဆူဟာတိုအလွန် အစိုးရသစ်မှာ ပါဝင်ခဲ့ပါတယ်။ အဲဒီတုန်းက လေ့လာသူတွေက အင်ဒိုနီးရှားလို မွတ်စလင်နိုင်ငံမှာ ဒီမိုကရေစီဟာ သက်တမ်း မရှည်နိုင်ဘူး၊ နောက်ဆုံးတနေ့မှာ ထိန်းမနိုင်သိမ်းမရ ဖြစ်မှာပဲလို့ ခန့်မှန်းခဲ့ပါတယ်။ ကျမတို့ရဲ့ ရှေ့ခရီးကလည်း ချောက်ချားစရာအတိနဲ့ပါ။ ဒါပေမယ့် ဖြစ်မှဖြစ်ပါ့မလားဆိုတဲ့ အဲဒီ သံသယတွေ အကုန်မှားသွားပါပြီ။ အရေးကြီးတဲ့ သင်ခန်းစာတချို့လည်း ရလိုက်ပါတယ်။
အရေးအကြီး ဆုံးလို့ ဆိုနိုင်တာက ဒီမိုကရေစီအပြောင်းအလဲမှာ လှေနံဓားထစ်ပုံသေနည်း (one-size-fits-all solution) မရှိဘူးဆိုတာပါပဲ။ အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိက နိုင်ငံ အသီးသီးမှာလည်း စိန်ခေါ်ချက်တွေက တခုနဲ့တခု မတူနိုင်ပါဘူး။ မတူတဲ့အခြေအနေကို မတူသလို ကိုင်တွယ်သွားဖို့လည်း လိုပါတယ်။ ဒါပေမယ့် အားလုံးလုပ်ရမှာ တခုတော့ ရှိပါတယ်။ အဲဒါကတော့ အသွင်သဏ္ဍာန်ရော၊ အနှစ်သာရပါ အတိတ်နှင့် လမ်းခွဲလိုက်ကြဖို့ပါ။ အသစ်တက်လာတဲ့ အာဏာပိုင်တွေဟာ အတိတ်နေ့ရက်တွေ ပြီးဆုံးသွားခဲ့ပါပြီ ဆိုတာကို သေသေချာချာပြသဖို့ လိုအပ်ပါတယ်။
အပြောင်း အလဲကို တရားဝင်ပြသဖို့ လိုပါတယ်။ ဥပဒေသစ်တွေကို လူသိရှင်ကြား ရေးဆွဲရပါမယ်။ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်၊ လွတ်လပ်တဲ့ ရွေးကောက်ပွဲဥပဒေ၊ လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းခွင့်တို့လို ပြည်သူတွေကို လုပ်ပိုင်ခွင့်ပေးတဲ့ ဥပဒေတွေက အရေးကြီးပါတယ်။ ဥပဒေ အထက်မှာ ဘယ်သူမှ မရှိဘူးဆိုတာကို လူတွေကြားမှာ ရှင်းအောင်လုပ်ဖို့ လိုပါတယ်။ အသွင် ကူးပြောင်းရေးအတွက် အဟန့်အတား ဖြစ်စေမယ့် အသေးအမွှားလေးကအစ ဂရုစိုက်ရပါမယ်။
အဂတိလိုက်စား မှုဟာ ဖွံ့ဖြိုးတိုးတက်ရေးရဲ့ ဆူးငြောင့်ခလုတ်ဖြစ်တဲ့အတွက် အစိုးရသစ်ဟာ ဒိကိစ္စကို နှိမ်နင်းဖို့ လုပ်ထုံးလုပ်နည်းတွေ၊ အဖွဲ့အစည်းတွေကို အမြန်ဖွဲ့စည်း တည်ဆောက်ဖို့ လိုပါတယ်။ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ခံမှုဟာ အများကြိုက် အင်အားကြီးမားတဲ့ ကိစ္စဖြစ်ပါတယ်။ ဒါတွေလုပ်လို့ အခက်အခဲတွေကြုံလည်း ခေါင်းဆောင်သစ်တွေအနေနဲ့ လက်လျှော့လိုက်စရာ အကြောင်းမရှိပါဘူး။ လူထုအခြေပြု အဖွဲ့အစည်းတွေ၊ ဒေသအဖွဲ့အစည်းတွေ၊ ဆင်းရဲသားတွေနဲ့ မျက်နှာမွဲတွေရဲ့ ကိုယ်စားလှယ်တွေ၊ အမျိုးသမီး ကိုယ်စားလှယ်တွေကို ဆုံးဖြတ်ချက်ချတဲ့ အဆင့်တိုင်းမှာ ပါဝင်ခွင့်ပေးသင့်ပါတယ်။
အင်ဒိုနီး ရှားမှာ မီဒီယာလွတ်လပ်ခွင့်အစ၊ ရွေးကောက်ပွဲနှင့် အဂတိလိုက်စားမှုဆိုင်ရာ ဥပဒေ အလယ်၊ ဗဟိုချုပ်ကိုင်မှု လျှော့ချရေး၊ စီးပွားရေးအရ လွတ်လပ်စွာ ပြိုင်ဆိုင်ခွင့်နဲ့ လက်ဝါးကြီး အုပ်မှု ကာကွယ်ရေး ဥပဒေ အဆုံး၊ ဥပဒေပေါင်း တရာလောက်ကို တနှစ်ခွဲကာလအတွင်းမှာ ပြဋ္ဌာန်းခဲ့ပါတယ်။ နိုင်ငံ့ဗဟိုဘဏ်ရဲ့ လွတ်လပ်ခွင့်ကို အာမခံနိုင်မယ့် ပြည်သူ့ဘဏ္ဍာရေး ဥပဒေသစ်ကို အတည်ပြုခဲ့ပါတယ်။
ခေါင်း ဆောင်သစ်တွေဟာ အခက်အခဲတွေကို ကြိုတင်မျှော်လင့်ပြီး ဖြေရှင်းနိုင်စွမ်း ရှိရပါမယ်။ တော်လှန်ရေးပြီးခါစအချိန်မှာ မျှော်လင့်ချက်တွေ မို့မောက်နေသလောက် ရင်ဆိုင်ရမယ့် အခက်အခဲတွေက ကြီးမားလှပါတယ်။ ကျမအတွေ့အကြုံအရ အကောင်းဆုံးရလဒ်တွေကို အေးအေး သက်သာ ဘယ်တုန်းကမှ မရခဲ့ပါဘူး။ အကောင်းဆုံး ဖြစ်နိုင်ခြေတွေကိုပဲ ညှိနှိုင်း အကောင်အထည် ဖော်ခဲ့ရပါတယ်။
အသွင်ကူး ပြောင်းတဲ့ကာလမှာ လုံခြုံရေးကို ခြိမ်းခြောက်မှုတွေက အကြီးမားဆုံး အခက်အခဲပါ။ အမျိုးသားရေး စိတ်ဓာတ်တွေ အားကောင်းနေတာကို နိုင်ငံရေးသမားတွေ၊ အကျိုးစီးပွား အုပ်စုတွေက အခွင့်ကောင်း ယူနိုင်ပါတယ်။ စနစ်ဟောင်းရဲ့ လက်ကျန် လုံခြုံရေးတပ်ဖွဲ့၊ မလွတ်လပ်တဲ့ တရားစီရင်ရေးစနစ်တွေကလည်း ရှိနေတတ်ပါတယ်။ အပြောင်းအလဲဖြစ်ဖို့ အချိန်ယူရပါလိမ့်မယ်။ ဗျူရိုကရေစီစနစ်ဟောင်းနဲ့တော့ အပြောင်းအလဲကို ပြီးမြောက်အောင် မလုပ်ဆောင်နိုင်ပါဘူး။
အင်ဒိုနီး ရှားမှာတော့ ဒီလို အကျပ်အတည်းတွေကို တီထွင်မှုရှိရှိ ဖြတ်သန်းခဲ့ရပါတယ်။ ဥပမာ ဘဏ္ဍာရေး ဒေဝါလီခံတဲ့ကိစ္စ၊ အဂတိလိုက်စားမှုကိစ္စတွေကို တာဝန်ယူဖြေရှင်းဖို့ လွတ်လပ်တဲ့ တရားသူကြီး တယောက်ကို ခန့်ခဲ့ပါတယ်။ ရှိနေတဲ့ တရားသူကြီးတွေဟာ နာမည်ပျက် ပေါင်းများ နေလို့ပါ။ အလားတူ ဆင်းရဲသားတွေကို ဦးစားပေးတဲ့ လုပ်ငန်း (pro-poor agenda) အရ အလုပ်အတွက် ငွေ cash-for-work အစီအစဉ်ကို အကောင်အထည်ဖော်တဲ့အခါမှာ လူထုတွေကိုပဲ ကိုယ်ထူကိုယ်ထ လုပ်ခိုင်းခဲ့ပါတယ်။
စီးပွားရေး လုပ်ဆောင်မှုတွေ အဆင်ပြေဖို့ဆိုရင် ခေါင်းဆောင်သစ်တွေအတွက် အကြံကောင်း ဉာဏ်ကောင်းတွေ လိုပါတယ်။ စီးပွားရေးလုပ်ငန်းတွေ နေသားတကျ ပြန်ဖြစ်ဖို့၊ အထူးသဖြင့် အလုပ်အကိုင် အခွင့်အလမ်းတွေကို ဖန်တီးပေမယ့် အဓိက အင်ဂျင်ဖြစ်တဲ့ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးလာအောင်၊ စွန့်ဦးတီထွင်သူတွေအကြိုက် စီးပွားရေး ရေခံမြေခံ ဖြစ်လာအောင် ဖန်တီးပေးဖို့ လိုပါတယ်။ အခုဖြစ်နေတဲ့ တော်လှန်ရေးတွေရဲ့ အစဖြစ်တဲ့ ကျူနီးရှားက လမ်းဘေး သစ်သီးသည်လေးတယောက်ကို အာဏာပိုင်တွေက နှောင့်ယှက် စော်ကားလို့ သူ့ကိုယ်ကို စတေးသွားတဲ့ အဖြစ်အပျက်လေးကို ပြန်သတိရဖို့ ကောင်းပါတယ်။
တာဝန်ခံမှုမရှိ၊ လူမှုအသိုက်အဝန်းတခုလုံး မပါဝင်တဲ့ စီးပွားရေးအောင်မြင်မှုဆိုတာ ရေရှည်မခံပါဘူး။ အစိုးရသစ်တွေအနေနဲ့ ဆင်းရဲသားတွေ၊ အခွင့်အလမ်း နည်းပါးသူတွေကို ကာကွယ်ဖို့ ခက်ခဲတဲ့ ရွေးချယ်မှုတွေ လုပ်ရတာမျိုးလည်း ရှိတတ်ပါတယ်။ ဆင်းရဲမှုတိုက်ဖျက်ရေး၊ အလုပ်အကိုင် ဖန်တီးရေး အစီအစဉ်တွေအတွက် အရင်းအမြစ်သစ်တွေ ပိုထွက်လာဖို့ မလိုအပ်တဲ့ နေရာတွေမှာ ငွေကြေးအရ ကျားကန်ပေးတာတွေကို ဖျက်သိမ်းသင့်ရင် ဖျက်သိမ်းရမှာပါပဲ။
အင်ဒိုနီး ရှားမှာဆိုရင် ဆင်းရဲသား (poor) တွေနဲ့ စားနိုင်သောက်နိုင် (near-poor) ဆိုပြီး ခွဲခြားခဲ့ရပါတယ်။ လူတိုင်းကို လစာတိုးပေးဖို့၊ ငွေကြေးအရ ကျားကန်ပေးဖို့ ကျမတို့ မတတ်နိုင်ခဲ့ပါဘူး။ ဒါကြောင့် တကယ်လိုအပ်နေတဲ့ သူတွေကို ကူညီနိုင်ဖို့အတွက်၊ တခြားသူတွေကို ဖယ်ထုတ်ခဲ့ရပါတယ်။ ဒါအင်မတန် ခက်ခဲပြီး လူကြိုက်နည်းတဲ့ ရွေးချယ်မှု ဖြစ်ပါတယ်။
နောက်ဆုံးတခု ပြောစရာရှိတာက အပြောင်းအလဲကာလ ရှုပ်ထွေးတဲ့ ပြုပြင်ပြောင်းလဲမှုတွေ အတွက် ငွေအပြင်၊ နည်းပညာလည်း လိုပါတယ်။ ကျမ အင်ဒိုနီးရှားရဲ့ ဘဏ္ဍာရေး ဝန်ကြီးဖြစ်လာတဲ့ အချိန်တုန်းက ကျမ လက်အောက်မှာ ဝန်ထမ်း ၆ သောင်း ၄ ထောင် ရှိခဲ့ပါတယ်။ ဒါပေမယ့် ကျမတို့ နိုင်ငံရဲ့ အခွန်စနစ်ကို ခေတ်မီအောင် လုပ်မယ်လည်း ဆိုလိုက်ရော တနိုင်ငံလုံးမှာ တကယ် အရည်အချင်းရှိတဲ့ ကျွမ်းကျင်သူ ရှာလို့ မရအောင် ဖြစ်ခဲ့ရပါတယ်။
ဟုတ်ပါတယ်၊ ကျမတို့အတွက် အပြင်ကနေ အကူအညီ လိုအပ်ပါတယ်။ ဒါပေမယ့် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်ဟာ ကိုယ့်နိုင်ငံရဲ့ အရေးကိစ္စ ဖြစ်တဲ့အတိုင်း ကျမတို့ ဘယ်တုန်းကမှ လက်မြှောက် အရှုံးမပေးခဲ့ပါဘူး။ အလုပ်မလုပ်ဘဲ အလဟဿ မနေခဲ့ပါဘူး။ အကယ်၍ ကိုယ့်နိုင်ငံရဲ့ အသွင်ကူးပြောင်းရေးကို ကိုယ်ဘာသာ တာဝန်ယူ မလုပ်ခဲ့ရင် အင်ဒိုနီးရှားဟာ ခပ်လွယ်လွယ်ပဲ ကျဆုံးသွားလောက်ပါပြီ။ ဒီသင်ခန်းစာဟာ အသွင်ကူးပြောင်းတဲ့ နိုင်ငံတိုင်းအတွက် ခေါင်းထဲမှာ ထည့်ထားသင့်တဲ့ ကိစ္စတခုပါပဲ။
(www.project-syndicate.org မှ Indonesia’s lessons for the Arab Spring ဆောင်းပါးကို ဘာသာပြန်ပါသည်)
0 comments:
Post a Comment