gtalk

This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Thursday 28 April 2011

စီးပွားရေးလုပ်ငန်းတွေမှာ ကုန်ကျစရိတ်တွေ ဘယ်လိုကာကွယ်ရှောင်ရှားကြမလဲ

ဦးငွေသိန်း(ကုမ္ပဏီလမ်းညွှန်)
စီးပွားရေး လုပ်ငန်းတွေရဲ့ သဘောကမိမိ ရင်းနှီးထားတဲ့ငွေ ပြန်လည် ရရှိပြီး အမြတ်ရရှိရေးကို ဦးတည်ကြရတာ ဖြစ်တယ်။ တစ်နည်းဆိုရရင် ဝင်ငွေနဲ့ ထွက်ငွေမှာ ဝင်ငွေများပြီး ထွက်ငွေနည်း နိုင်သမျှ နည်းပါမှ အမြတ် ထွက်လာစေမှာ ဖြစ်တယ်။ အမြတ်များများ ထွက်လာစေဖို့က ကုန်ကျ စရိတ်တွေကို မကုန်သင့်တာ မကုန်အောင် ကာကွယ် ထိန်းသိမ်း ရှောင်ရှားကြရတယ်၊ စီးပွားရေး လုပ်ငန်းတစ်ခုမှာ ငွေကြေး စီးကြောင်းက လှလှပပ စီး ဆင်းနေစေရမှာ ဖြစ်တယ်။ အထူး ငွေကြေးစီးကြောင်း အမျိုးအစားက လူတွေက အမြဲ ကောင်းစွာ နားလည်မှု၊ ဒါမှ မဟုတ် အစဉ်ပြေစွာ အသုံးချမှု မရှိကြတဲ့ Cost Protection လို့ခေါ်တဲ့ အသုံးစရိတ်တွေ ကာ ကွယ် စောင့်ရှောက်တာ ဖြစ်တယ်။ ဒါကို ရှင်း အောင်ဆိုရရင် ကုန်ထုတ်လုပ်ရာမှာ အသုံးပြု တဲ့ စက်ပစ္စည်း အစိတ်အပိုင်း တစ်ခုက နှစ်ပေါင်း များစွာ အသုံးပြုခဲ့ပြီးဖြစ်လို့ သက်တမ်းလည်းရ လာနေခဲ့ပြီ။ ဒါကို လုပ်ငန်းဆောင်ရွက်နေကြ တဲ့ ကျွမ်းကျင်သူတွေက ဒီပစ္စည်းက အချိန်မ ရွေး ပျက်စီးမှုဖြစ်လာနိုင်တယ်ဆိုတာ အားလုံး နားလည်သဘောပေါက်ထားကြတယ်။ ဒီပစ္စည်း အစိတ်အပိုင်းကြောင့် ကြီးမားတဲ့ပျက်စီးဆုံးရှုံးမှု ဖြစ်နိုင်ပြီး ကုန်ထုတ်မှုလုပ်ငန်းတွေမှာ စွမ်း ဆောင်ရည်အားနည်းသွားစေနိုင်တာဖြစ်တယ်။ အဲဒီပစ္စည်းကို အခုချက်ခြင်း အစားထိုးလိုက်ရင် ထုတ်ကုန်တွေ ဈေးကွက် လိုအပ်သလောက် ထုတ်လုပ်နိုင်ခြင်းမရှိတဲ့အတွက် အရောင်းဆုံး ရှုံးမှုတွေနဲ့ ပစ္စည်းကိရိယာတွေ ပျက်စီးမှုတွေက နေ ကာကွယ်ပေးပြီး အနာဂတ်ဆုံးရှုံးမှုတွေမ ဖြစ်အောင် တားဆီး ပေးနိုင်စေမှာ ဖြစ်တယ်။ ဒီလိုဆုံးရှုံးမှုတွေကနေ ကာကွယ်ပေးနိုင်တဲ့အ ကျိုးဖြစ်ထွန်းစေမှုကို ကုန်ကျစရိတ်ကာကွယ် နိုင်စေမှုအောက်မှာ ငွေကြေးစီကြောင်းအတွင်း သွင်းနိုင်စေတာဖြစ်တယ်။
တစ်ဖက်မှာ ကုန်ကျစရိတ်ကာကွယ်နိုင် စေမှုတွေကနေ အခြားတစ်ဖက်မှာ ဒါကို ထုတ် ကုန်ဖွံ့ဖြိုးတိုးတက်စေမှုနဲ့ ဆက်နွယ်တဲ့လုပ်ငန်း တွေမှာ အသုံးပြုနိုင်စေတယ်။ ဒါက ဈေးကွက် ရှယ်ယာတိုက်စားမှု ကာကွယ်စေမှုအဖြစ်လည်း စဉ်းစားနိုင်တာဖြစ်တယ်။ တိုက်စားခံရမှုကနေ ကင်းလွတ်စေတဲ့ အရောင်းတိုက်စားခံရမှုကို လည်း ငွေကြေးဆိုင်ရာဆန်းစစ်မှုအတွင်း ငွေ ကြေးစီးကြောင်းတစ်ခုအဖြစ် ထည့်သွင်းရေး ဆွဲနိုင်တာ ဖြစ်တယ်။ စီးပွားရေးလုပ်ငန်းအ ခြေခံဆုံးဖြတ်တွေ ချမှတ်ရာမှာ ကုန်ကျစရိတ် တွေ ကာကွယ်ပြီး ဆောင်ရွက်နိုင်မှုတွေကနေ လုပ်ငန်းတွေမှာ အဆင်ပြေချောမွေ့စေနိုင်တယ်။ကုန်ကျစရိတ်ရှောင်ရှား (Cost Avoidance) ကတော့ ကုန်ကျစရိတ်စရိတ်ကာကွယ်မှု သဘောတရားတွေနဲ့ ဆင်တူတယ်။ နှစ်မျိုးစလုံး က အနာဂတ်မှာ မိမိတို့စီးပွားရေးလုပ်ငန်းတွေ မကောင်းတာမဖြစ်စေဖို့ ဦးတည်တာဖြစ်တယ်။ ကုန်ကျစရိတ်တွေ ကာကွယ်တားဆီးတာက ကုမ္ပဏီအတွင်းပိုင်းမှာ လုပ်ဆောင်ချက်ဖြစ်ပြိး ကုမ္ပဏီယိမ်းယိုင်လာတဲ့အခါ လုပ်ငန်းအဖွဲ့အ စည်းအတွင်းပိုင်းမှာ ကုန်ကျစရိတ်တွေကို ကာ ကွယ်တဲ့ လုပ်ဆောင်မှုဖြစ်တယ်။ ကုန်ကျစရိတ် ရှောင်ရှားမှုကတော့ ကုမ္ပဏီပြင်ပကနေ မကြာ ခဏဆိုသလို ဖြစ်ပေါ်လေ့ရှိတဲ့ ငွေကြေးဆိုင် ရာ ခြိမ်းခြောက်မှုကနေ ပေါ်ပေါက်လာတဲ့အ ခြေအနေတွေနဲ့ ဆက်စပ်တာဖြစ်တယ်။ ဥပမာ အနေနဲ့ ဆိုရရင် အစိုးရကနေ အဖွဲ့အစည်းကို ဘယ်လိုပုံစံပြန်လည်ပုံဖော်ရမယ်ဆိုတာကို ရက် သတ်မှတ်လိုက်တယ်။ ဒါကို မလိုက်နာရင် ဒဏ် ကြေးပေးဆောင်ရမှာကို သတ်မှတ်ထားတဲ့အ တိုင်း ဆောင်ရွက်မှုကနေ ကုန်ကျစရိတ်ကို ရှောင်ရှားနိုင်စေတာမျိုးဖြစ်တယ်။
ကုန်ကျစရိတ်တွေ ကာကွယ်တာနဲ့ ရှောင် ရှားမှုနှစ်မျိုးစလုံးက ကုန်ကျမှုတွေမရှိအောင် လုပ်ဆောင်ဖွယ်ရာတွေကို ချက်ချင်းလုပ်ဆောင် မှုတွေကနေ မလိုလားအပ်တဲ့ ပြင်ပကတွန်းအား ပေး ကုန်ကျစရိတ်တွေ ရှောင်ရှားနိုင်စေဖို့ဖြစ် ပါတယ်။
ကမ်နီဘယ်လိုက်ဇေးရှင်းဖြစ်ရပ်
Cannibalization ကို တိုက်ရိုက်အသံဖလှယ် ရေးသားတာဖြစ်ပါတယ်။ မူရင်းအဓိပ္ပာယ်က တော့ ဇာတ်တူသားစားတဲ့ဓလေ့ကို ဖော်ညွှန်း ပါတယ်။ ဒီမှာတော့ ကုမ္ပဏီတွေကနေကုန်ကျ စရိတ်တွေကို ကာကွယ်လိုတာကြောင့် ထုတ် ကုန်နေရာတစ်ခုမှာ ဈေးကွက်ဝေစုတိုက်စားခံ ရမှုကို ကာကွယ်လိုတဲ့ လုပ်ဆောင်မှုကနေ ဖြစ်ပေါ်လာတဲ့ ဖြစ်ရပ်ကနေ ဈေးကွက်တိုက် စားမှု ပေါ်ပေါက်လာစေတဲ့ ဖြစ်ရပ်ကို ကမ်နီ ဘယ်လိုက်ဇေးရှင်းလို့ တင်စားဖော်ညွှန်းတာဖြစ်ပါတယ်။ကုမ္ပဏီတွေက ထုတ်ကုန်ပစ္စည်းသစ်တွေ ဆက်တိုက်ထုတ်လုပ်တာ၊ ဒါမှမဟုတ် လက်ရှိ ထုတ်ကုန်ပစ္စည်းကိုပဲ မူလအသွင်အပြင်နဲ့မတူ ကွဲပြားခြားနားအောင်လုပ်ဆောင်တာတွေက ကမ်နီဘယ်လိုက်ဇေးရှင်းဖြစ်စဉ်မှာ အင်မတန် စွန့်စားရမှုတွေများစေတဲ့ လုပ်ဆောင်မှုဖြစ်တယ်။ ကုမ္ပဏီတစ်ခုကနေ ဈေးကွက်အတွင်းကို ထုတ် ကုန်သစ်တစ်ခု သွင်းလိုက်ရာမှာ ကုမ္ပဏီရဲ့မူလ ထုတ်ကုန်ပစ္စည်း အရောင်းကျသွားစေတဲ့ ဖြစ် ရပ်မျိုးကို တင်စားခေါ်တာဖြစ်တယ်။ဒီနေရာမှာ စာရေးသူတို့ မြန်မာနိုင်ငံ စီးပွားရေးဈေးကွက်မှာ လွန်ခဲ့သော ၁၅ နှစ် ကျော်လောက်က ဖြစ်ရပ်တစ်ခုကို စာဖတ်သူ တွေသိအောင် ရေးပြလိုတယ်။ စီးပွားရေးမှာ လုပ်ငန်းပြိုင်ဆိုင်မှုက ဖြစ်လေ့ရှိတဲ့လုပ်ရပ်ဖြစ် တယ်။ စာရေးသူထံမှာ ကုမ္ပဏီလမ်းညွှန်သင် တန်း လာတက်တဲ့ ကုမ္ပဏီမန်နေးဂျင်းဒါရိုက် တာတစ်ယောက်က UPI အမည်နဲ့ PVC ပိုက် တွေထုတ်တယ်။ သူ့ကုမ္ပဏီအရှည်က United Plastic Industry ဖြစ်ပြီး အတိုကောက် UPI လို့အမည်ပေးလိုက်တာဖြစ်တယ်။ သူစတင်ထုတ် လုပ်စဉ်က ဈေးကွက်မှာ သူတစ်ဦးတည်းရှိနေ တော့ သူ့ရဲ့ UPI အမှတ်တံဆိပ်နဲ့ PVC ပိုက်တွေ က ဈေးကွက်ဦးဆောင်မှုရရှိပြီး ဈေးကွက်ဝေစု ရာခိုင်နှုန်းပြည့် ရရှိနေခဲ့တယ်။ သို့ပေမယ့် မ ကြာမီမှာ နောက်ထပ် UPI အမှတ်တံဆိပ်နဲ့ PVC ပိုက် ပေါ်လာခဲ့ရာမှာ သူ့ရဲ့ ဈေးကွက်ဝေစု က ၅၀ ရာခိုင်နှုန်း ကျဆင်းသွားတယ်။ နောက် ထပ်အပြိုင်ထုတ်တဲ့ UPI ရဲ့ ကုမ္ပဏီအနက်အ ရှည်က Universal Plastic Industry ဖြစ်တယ်။ မူလအမည်ကွဲပေမယ့် အတိုကောက်စာလုံးမှာ တူနေတာကြောင့် ဝယ်ယူသူတွေက UPI ပဲ သိတာမို့ ပထမ UPI ထုတ်လုပ်သူရဲ့ဈေးကွက် ဝေစုက ၅၀ ရာခိုင်နှုန်းကျဆင်းသွားရတာဖြစ် တယ်။ ဒါတွေက စီးပွားရေးလုပ်ငန်းတွေမှာ ဖြစ်တတ်တဲ့သဘာဝဖြစ်တယ်။
ဒီအခြေအနေဖြစ်လာတော့ စာရေးသူထံ မှာ သင်တန်းတက်သွားတဲ့ ပထမ UPI ပိုင်ရှင် က စာရေးသူထံရောက်လာပြီး အကျိုးအကြောင်း လာပြောတယ်၊ ဈေးကွက်ဝေစု ၁၀ဝ ရာခိုင်နှုန်း ရနေသူက ၅၀ ရာခိုင်နှုန်း ပြုတ်ကျသွားတယ် လို့ဆိုတော့ သူလည်း စိတ်ခံစားမှုရမှုရှိတာပေါ့။ ဈေးကွက်ဝေစု မြင့်လာစေမယ့် နည်းလမ်းကို စာရေးသူက ပေးလိုက်ပြီးတူညီတဲ့အရည်အသွေး ရှိနေတဲ့ ကုန်ပစ္စည်းကို အမြတ်နည်းနည်းသာ ယူပြီး ပြိုင်ဖက်ထက် ဈေးလျှော့ရောင်းခိုင်းလိုက် တယ်။ ဒါတော့ သူ့ရဲ့မူလထုတ်ကုန်ပစ္စည်းအမည် ကို အသစ်ပြောင်းခိုင်းလိုက်ပြီး Fighter Brand ပုံစံ ဈေးကွက်ဝင်တဲ့သဘောဖြစ်တယ်။Fighter Brand ကနေ နောက်ထပ်ဈေးကွက်ဝေစု ၂၅ ရာခိုင်နှုန်း ထပ်ရတာကြောင့် သူက ဈေးကွက် ဝေစု ၇၅ ရာခိုင်နှုန်းနဲ့ ပြိုင်ဖက်က ၂၅ ရာခိုင် နှုန်းသာ ရရှိစေတော့တာဖြစ်တယ်။ ဒါက ကမ် နီဘယ်လိုက်ဇေးရှင်းပုံစံဖြစ်ပေမယ့် ဈေးကွက် နည်းဗျူဟာ (Market Strategy) ကို အသုံးပြု တာကြောင့် အကျိုးဖြစ်ထွန်းလာစေတာဖြစ် တယ်။ နောက် ကမ်နီဘယ်လိုက်ဇေးရှင်းလုပ် ငန်းစဉ်တစ်ခုက ကုမ္ပဏီတစ်ခုကနေ တူညီတဲ့ ထုတ်ကုန်တံဆိပ်ကိုသာ အဓိကထုတ်လုပ်ပြီး ဈေးကွက်တင်လိုက်တဲ့နည်းလမ်းဖြစ်တယ်။ အ စကနဦး ကုန်ကျစရိတ်များပေမယ့် နောက်ပိုင်း မှာ အဦးပိုင်း ကုန်ကျစရိတ်တွေကို ကျော်လွန် ပြီး အမြတ်ရရှိစေတာဖြစ်တယ်။
နစ်မြုပ်ကုန်ကျစရိတ်များ
နစ်မြုပ်ကုန်ကျစရိတ်တွေက စီးပွားရေးလုပ် ငန်းတစ်ခုမှာ အဲဒီကုန်ကျစရိတ်တွေအတွက် ပြန်လည်ဖော်ဆောင်နိုင်တော့မှာမဟုတ်တဲ့ ကုန် ကျစရိတ်တွေဖြစ်တယ်။ အတိတ်ကိုပြန်ပြောင်း လဲစေဖို့ မဖြစ်နိုင်ပါဆိုတဲ့ စကားအတိုင်း ပြန် လည်မရရှိနိုင်တော့တဲ့ အတိတ်ကာလ အသုံး စရိတ်တွေကို ငွေကြေးကုန်ကျစရိတ် ဆန်းစစ် မှုတွေမှာ ထည့်သွင်းရေးဆွဲမှုမပြုလုပ်နိုင်ပါ။
အခွင့်အလမ်း ကုန်ကျစရိတ်များ
အခွင့်အလမ်း ကုန်ကျစရိတ်တွေက ဖြစ်လေ့ ဖြစ်ထ မရှိပေမယ့် အရေးပါတဲ့ ငွေကြေးစီး ကြောင်းဖြစ်ပါတယ်။ ကုမ္ပဏီကနေ ပိုင်ဆိုင်ပြီး သား ဖြစ်တဲ့ ပိုင်ဆိုင်မှုတွေအဖြစ် ငွေကြေးစီး ကြောင်းမှာ ထည့်သွင်းရေးဆွဲပေမယ့် အဲဒီ ပစ္စည်းတွေကို လက်ရှိလုပ်ငန်းမှာ အသုံးမပြု သေးတဲ့ ပစ္စည်းတွေရဲ့ကုန်ကျစရိတ်မျိုး ဖြစ် ပါတယ်။စီးပွားရေးလုပ်ငန်းတွေမှာ အဆုံးစွန်မျှော် မှန်းချက်က အမြတ်ရရှိရေးဖြစ်တယ်။ တစ်ခါ အမြတ်များများ ရရှိရေးအတွက် ကုန်ကျစရိတ် တွေကို ထိန်းနိုင်စေဖို့ဖြစ်တယ်။ ဂျပန်နိုင်ငံက တိုယိုတာမော်တော်ကား ထုတ်လုပ်ရေး မစ္စတာ တိုယိုတာက ၁၉၅၀ ပြည့်နှစ်မှာ အမေရိကန် နိုင်ငံ ဖို့ဒ်မော်တော်ကား ကုမ္ပဏီကို သွား ရောက်လေ့လာခွင့်ရရှိခဲ့ရာမှာ ထုတ်လုပ်မှုအ ဆ ၂၀ဝ လောက်ကွာနေတာကို သတိထား မိခဲ့တယ်။ ဒါကြောင့် ဈေးကွက်ယှဉ်ပြိုင်စေမှု အနေနဲ့ တိုယိုတာကုန်ထုတ်လုပ်မှုနည်းလမ်း ၁၄ ချက်ကို သတ်မှတ်ကျင့်သုံးရာမှာ ကုန်ကျ စရိတ်ကာကွယ်ရှောင်ရှားနိုင်စေမယ့် Just In Time (JIT) စနစ်ကို တီထွင်လုပ်ဆောင်နိုင်ခဲ့ တယ်။ ဒီစနစ်ရဲ့အနှစ်သာရက ကုန်ကြမ်းမှာ ရော၊ ကုန်ချောတွေမှာပါ ကုန်ကျစရိတ်တွေ လျော့နည်းအောင် ကာကွယ်လိုက်နိုင်လိုက်တဲ့ နည်းလမ်းဖြစ်တယ်။ ကုန်ကျစရိတ်တွေကို လျော့ နည်းစေနိုင်တာကြောင့် နိုင်ငံတကာ ဈေးကွက် မှာ အရည်အသွေးကောင်းပြီး ဈေးနှုန်းနိမ့်နိမ့် နဲ့ ဈေးကွက်ထိုးဖောက်နိုင်စေခဲ့တယ်။ဒါကြောင့် စီးပွားရေးလုပ်ငန်းသမားတွေ အနေနဲ့ ကုန်ကျစရိတ်တွေ ကာကွယ်တားဆီး ရှောင်ရှားနိုင်စေမှုတွေကနေ အကျိုးဖြစ်ထွန်း နိုင်စေကြမှာ ဖြစ်ကြောင်းပါ။
ဦးငွေသိန်း(ကုမ္ပဏီလမ်းညွှန်)

Wednesday 27 April 2011

ကြွက်တွေနဲ့ ကျွန်တော်

နယ်အချို့မှာ ကြွက်တွေ အစုလိုက် အပြုံလိုက် ရွှေ့ပြောင်းနေတာ နှိမ်နင်းလို့ မနိုင်လောက်အောင် ဖြစ်နေတယ် ဆိုတဲ့ သတင်း တချို့ကို ဖတ်လိုက်ရတော့ ကြွက်နှင့် ပတ်သက်တဲ့ အတိတ် ဇာတ်လမ်း တချို့ကို သတိရမိ ပါတယ်။
ကျွန်တော်ဟာ ငယ်ငယ်က အတော်ကို အစား မရှောင်ဘဲ စားခဲ့ပါ တယ်။ ကြွက်သား၊ လိပ်သား၊ မြွေသား စသည်ဖြင့် သာမန်အားဖြင့် စားလေ့စားထ မရှိတဲ့ အစာမျိုးတွေကို ကြုံရင် ကြုံသလို စားတတ်ပါတယ်။

ကြောင်သားကိုတောင် ဆရာ သော်တာဆွေရဲ့ စာတွေထဲမှာ ကြောင်သား ချက်စားပုံကို သွားရည်ကျအောင် ရေးထားတာ ဖတ်ပြီး စားခဲ့မိဖူးပါတယ်။ နောက်မှ အိမ်မွေး တိရစ္ဆာန်ကလေးတွေကို ချစ်ခင်ကြင်နာရမယ်၊ သနား ကရုဏာ ထားရမယ်ဆိုတဲ့ လူ့ယဉ်ကျေး တွေရဲ့ ဓလေ့ စရိုက်တွေကို ဖတ်ရှု လက်ခံပြီး ကြောင်သားစားဖို့ မပြောနှင့် ကြောင်ကလေး တွေကို ရိုက်နှက် နှိပ်စက်ခြင်း ကိုတောင် စက်ဆုပ် ရွံရှာလာခဲ့ပါတယ်။

ကြွက်သားကိုတော့ ကျောင်းသား ဘ၀တုန်းက ကျွန်တော့်မွေး ဇာတိ မြစ်ကျိုးမြို့ကလေးနှင့် ဝေါမြို့ ၁၄ မိုင်ခရီးကို ပြေးဆွဲတဲ့ မော်တော်ဘုတ် ပေါ်မှာ ခဏခဏ စားဖူးပါတယ်။ ကျောင်းပိတ်ရက်မှာ မော်တော်နဲ့ အိမ်ပြန်တိုင်း လမ်းရွာတွေက မော်တော်ဆိပ် တွေမှာ ရောင်းတဲ့ လယ်ကြွက်ကင် တွေကို ၀ယ်စားပါတယ်။ ၀ါးညှပ်နဲ့ ကြပ်တင်ကင်ပြီး ရောင်းတဲ့ လယ်ကြွက်အကင် တစ်ကောင်ကို ၂၅ ပြားပေးရတာ မှတ်မိတယ်။ နီရဲပြီး ကြွပ်ရွနေတဲ့ လယ်ကြွက်ကင် နှစ်ကောင် လောက်တော့ တစ်ထိုင်တည်း အသာလေး စားလို့ ကုန်ပါတယ်။

အဲသလို လယ်ကြွက်သားကို ခံတွင်းတွေ့ခဲ့တဲ့ ကျွန်တော်ဟာ ၁၉၆၄ ခုနှစ် ဇူလိုင်က စပြီး လုံးဝ ရှောင်ခဲ့တာ ယနေ့ အထိပါပဲ။ လယ်ကြွက် မပြောနှင့် မြို့က အိမ်ကြွက်တွေ ကိုလည်း ကျွန်တော် လုံးဝရန်မပြုတော့ပါဘူး။ သူ့ဘာသာသူ တစ်စုံတစ်ရာကြောင့် သေနေတဲ့ ကြွက်ကို မြင်ရင်တောင် လွန်ခဲ့တဲ့ နှစ်၄၀ကျော် ၅၀နီးပါးက ကျွန်တော့် တွေ့ခဲ့တဲ့ မြင်ကွင်း တစ်ခုကို မျက်စိထJ ပြန်ပြီး မြင်ယောင်နေမိတယ်။

အဲဒီတုန်းက ကျွန်တော်ဟာ တက္ကသိုလ် ကျောင်းပိတ်ရက်မှာ ဒိုက်ဦးမြို့ နယ်၊ ဖော်တောင်သီ အပိုင်က ပကိုင်ဆိုတဲ့ ရွာကလေး တစ်ရွာကို အလည် သွားနေပါတယ်။ ပကိုင်ရွာဟာ မိုးတွင်းဆိုရင် တစ်ရွာလုံး ရေမြှုပ်ပါတယ်။ မြေပြင် လုံးဝ မတွေ့ရတော့ပါဘူး။အင်းလေး ကန်မြင်ကွင်းလို ခပ်ဆင်ဆင် တူပါတယ်။ အိမ်တိုင်း လှေနှစ်စင်း သုံးစင်းရှိပါတယ်။ အိမ်ကပြင်က ဆင်းလိုက်တာနဲ့ လှေပေါ် ရောက်သွားတာပါပဲ။

ပကိုင်ရွာကို ကျွန်တော်ရောက်တဲ့အချိန်ဟာ မိုးတွင်းကာလ ဖြစ်ပါတယ်။ တစ်ပတ်လောက် နေပြီးတော့ ရွာခံ မိတ်ဆွေ တချို့က သူတို့ ကြွက်ထိုးသွားတာ လိုက်ခဲ့ဖို့ ကျွန်တော့်ကို ခေါ်ပါတယ်။ ဒီလိုနဲ့ လိုက်သွားပါတယ်။ လှေနှစ်စင်း ရှေ့နောက် လှော်သွားကြပါတယ်။ ကျွန်တော်က ဒုတိယလှေ ရဲ့ အလယ်မှာထိုင်ပါတယ်။ လှေတစ်စင်းမှာ လူသုံးယောက် ပါပါတယ်။ လှေဦးက လူကကြွက် ကိုဖိုးဖို့ မှိန်းကြီး ကိုင်ထားတယ်။ ပဲ့က လူက လှေပဲ့ကိုင်တာပေါ့။ အလယ်လူက တက် တစ်ချောင်းနဲ့ လှော်ရပါတယ်။ကျွန်တော်က အလယ်က ထိုင်တော့ တက်တစ်ချောင်း ကိုင်ပြီး လှော်ခတ်ရတာပေါ့။

ရွာအပြင်ကို ရောက်တော့ ကိုင်းတောကြီး တွေကြားထဲ ရောက်သွားပါတယ်။ အချိန်က ညနေ စောင်းကလေးပါ။ မိုးက တဖြည်းဖြည်း သည်းလာတယ်။ ဓားလွယ်ခုတ် အနေအထားနဲ့ စိပ်နေအောင် ရွာနေပါတယ်။ ကိုင်းတောကြီးတွေက ဘယ်လောက်မြင့်သလဲ ဆိုတော့ လူတစ်ရပ် မြုပ်အောင်ရှိတဲ့ ရေအနက်အောက်မှာ မြုပ်မနေဘဲ ရေပေါ်မှာ တစ်တောင် ကျော်ကျော် လောက်ပေါ် နေပါတယ်။

ရှေ့လှေက ကွပ်ကဲရေး တာဝန်ယူထားလေ တော့ သူတို့က “ဖြည်းဖြည်းဟေ့”ဆိုရင် ကျွန်တော်တို့က အလှော်ရပ်ပြီး အရှိန်နဲ့ပဲ သွားနေရတယ်။ သူတို့လှေ အမြန်လှော်တော့မှ နောက်က အမြန်လှော်ပြီး လိုက်ရတယ်။ လှေနှစ်စင်းဟာ ကိုင်းတောကြီးကြားမှာ ဦးထိုးပြီး ရွေ့နေပါတယ်။ တစ်ချက်တစ်ချက် ရှေ့လှေက အသံတွေ ကြားရတယ်။ ဇွပ်ဇွပ်ဆိုတဲ့ အသံတွေ။ ဒုတ်ဘုတ်ဆိုတဲ့ အသံတွေ၊ မိပြီကွလို့ ခပ်အုပ်အုပ် အော်တဲ့ အသံတွေ။

ကျွန်တော့်လှေမှာ လှေဦးက ထိုင်တဲ့လူက လက်ထဲက မှိန်းကြီးကို အသင့်ကိုင်ပြီး ၀ဲယာ ကိုင်းဖုတ်တွေပေါ်ကို ကြည့်ပြီး လိုက်လာတယ်။ ခဏကြာတော့ သူမှိန်းမြှောက်လိုက်တာ လက်ခနဲ မြင်ရပြီး ဇွပ်ဆိုတဲ့ အသံ ကြားလိုက်တယ်။ မှိန်းဦးက ကျွန်တော့်ရှေ့လှေဝမ်းထဲကို ရောက်လာပြီး လှေကန်နဲ့ ခြစ်ချလိုက်တဲ့ အခါ မှိန်းနဲ့ တိုးပြီးပါလာတဲ့ လယ်ကြွက်ကြီးဟာ ဘုတ်ခနဲ လှေဝမ်းထဲ ပြုတ်ကျသွားပါတယ်။ ရှေ့လှေက ကြားရတဲ့ အသံတွေ အကြောင်း ခုမှ သဘော ပေါက်ရပါတော့တယ်။ လှေဝမ်းထဲမှာ သွေး အလိမ်းလိမ်းနဲ့ လယ်ကြွက်ကြီးဟာ လိမ့် နေပါတယ်။ ဒီလိုနဲ့ပဲ ခဏကြာရင် နောက်တစ် ကောင်၊ ပြီးတော့ နောက်တစ်ကောင်။ ကျွန်တော့် ရှေ့မှာချည်းပဲ ငါးကောင်လောက် ရှိနေပါတယ်။

တစ်ကြိမ်မှာ လှေကို အရှိန်နဲ့ပဲ လွှတ်ပေး ထားတုန်း ကျွန်တော်တက်ကို ချကာ မှိန်းဆရာ လုပ်ပုံကို ကြည့်မိပါတယ်။ လှေဦးတိုး ၀င်သွားတဲ့ ဘေးတစ်ဘက် တစ်ချက် ကိုင်းဖုတ်တွေပေါ်မှာ ကံဆိုးရှာတဲ့ ကြွက်က ငုတ်တုတ်ကလေးထိုင် နေတာကိုး။ သည်းသည်း မည်းမည်းထောင့် ဖြတ်ခုတ်ပြီး ရွာနေတဲ့ မိုးစက်တွေအောက်မှာ ကိုင်းဖုတ်ပေါ် ငုတ်တုတ် ထိုင်နေတဲ့ လယ်ကြွက်ကို ကျွန်တော် အနီးကပ် မြင်ရတယ်။ မိုးပက်တဲ့ ဘက်ကို ကျောပေးပြီး ကုပ်ကုပ် ကလေး ထိုင်နေတယ်။ ကျွန်တော်တို့ ရှေ့က လှေကျော်သွားပြီ။ သူ့ကို တွေ့သွားပုံ မရဘူး။ ရှေ့လှေ အဖြတ်မှာ သူက ကိုင်းဖုတ်ကြားထဲ ပုဝင်ပြီး ပုန်းနေသလား မသိ။ ရှေ့လှေ ကျော်သွားတော့ ရေထဲ ၀ပ်နေရာက ကိုင်းဖုတ်ပေါ် ပြန်တက် ပုံရပါတယ်။

မိုးက ပက်ဖြန်းတော့ ကျောပေး ခံထားတုန်း ကျွန်တော်တို့ လှေတိုးသံ ကြားတော့ လှည့်အကြည့် အဲဒီကြွက်ရဲ့ မျက်နှာ (အထူးပြောချင်တာက မျက်စိနှစ်လုံး)ကို ကျွန်တော်တွေ့လိုက်တယ်။ သူ တည့်တည့် လှမ်းမြင် လိုက်ရမှာက သူ့ဆီ တည့်တည့် ၀င်လာတဲ့ မှိန်းသွား။ ဒါပေမယ့် ကြွက်ဟာ ထွက်မပြေးဘူး။ (ကျွန်တော်ထင်တယ်။ ကြိုးစားပြီးထွက်ပြေးရင် မီကောင်း မီနိုင်တယ်။) မှိန်းနဲ့ လှမ်းထိုးချိန်မှာ အသာကလေး ကျောပြန် ပေးပြီး ငြိမ်နေလိုက်တယ်။ဇွပ်ခနဲ အသံကြား လိုက်ရပြီး အဲဒီကြွက်ဟာ မှိန်းသွားမှာ တန်းလန်း ပါလာကာ ကျွန်တော့်ရှေ့က လှေအကန့် အောက်ကို ရောက်လာပါတယ်။ သွေးအလိမ်းလိမ်း ကြားထဲက သူ့မျက်လုံးတွေကို ကျွန်တော် လှမ်းကြည့်မိတယ်။မျှော်လင့်ချက် လုံးဝမထားတော့တဲ့ မျက်လုံးတွေ။ စိတ်လျှော့လိုက်တဲ့ မျက်လုံးတွေလို့ ကျွန်တော် သိလိုက်တယ်။

လှေထိုးသံကြားလို့ ကိုင်းဖုတ်ပေါ် ကျောပေး ထိုင်နေရာက လှည့်ကြည့်လိုက်တဲ့ မျက်လုံးတွေ။ ပထမ ထိတ်လန့်သွားတယ်။ ပြီးတော့ မှိန်းသွား သူ့ဆီလာနေတာကို မြင်လိုက်တဲ့အခါ အန္တရာယ် ကို သိလိုက်လို့ တုန်လှုပ်သွားတယ်။ ဒါပေမယ့် ပြေးစရာ မြေလည်း မရှိတော့ဘူး။ ပြေးရင်လည်း လွတ်ချင်မှ လွတ်မယ်။ ဒီတစ်ခါ လွတ်ဦးတော့ နောက်တစ်ခါ မိဦးမှာပဲ။ မထူးတော့ပါဘူးလေ။ သေလိုက်ပါတော့မယ် ဆိုတဲ့ မျှော်လင့်ချက် ကုန်ဆုံးသော အားလုံးကို အရှုံးပေးသွားသော မျက်လုံးတွေကို ကျွန်တော့် အာရုံတွေက သိလိုက်တယ်။လှေဝမ်းထဲမှာ သွေးအလိမ်းလိမ်းနဲ့ သေခါနီး ကြည့်သွားတဲ့ မျက်လုံးတွေက “ခင်ဗျားတို့ ရက်စက်လိုက်ကြတာဗျာ။ ရေတွေ ကြီးလို့ ကိုင်းပင်ပေါ် တက်နေရတဲ့ သတ္တ၀ါကိုတောင် သတ်ရက်ကြတယ်ဗျာ” လို့ ပြောသွား သလိုပဲ။

အဲဒီနေ့ ကြွက်သားဟင်း၊ ကြွက်ကင်၊ ကြွက်ကြော် အမျိုးစုံနဲ့ ပျော်ပွဲ စားကြတဲ့ ညစာ စားပွဲမှာ ကျွန်တော် မပါတော့ပါဘူး။ တော်အောင် လျော်အောင် ပြောဆိုပြီး ရှောင်နေခဲ့ပါတယ်။ နောင်လည်း တစ်သက်လုံး ရှောင်လာခဲ့တာ ယခု အထိပါပဲ။ သူ့ဇီဝိန်ကို ချွေတော့မယ့် မှိန်းသွားကို တစ်ချက်ကြည့်ပြီး ကျောလှည့် ခံသွားတဲ့ ကြွက်တစ်ကောင်ရဲ့မြင်ကွင်းဟာ ကျွန်တော့်ကို ရာသက်ပန် ကြွက်သား ရှောင်သူ ဖြစ်စေခဲ့ပါတယ်။

မောင်ဝံသ
(ပေဖူးလွှာ မဂ္ဂဇင်း၊ စက်တင်ဘာလ ၂၀၁၀)

Tuesday 26 April 2011

ဥမ္မတ္တကတောင်ပံများ

သူကတော့ သူ့ကိုယ်သူ ပျံသန်းနေသော ငှက်တစ်ကောင်ဟု ထင်ယောင် ထင်မှား ထင်နေပေ လိမ့်မည်။ ကျွန်တော်တို့ကမူ သနားစရာ အတောင် ကျိုးနေသော ငှက်တစ်ကောင် ဟုသာ မြင်နေမိလေသည်။ ဘယ်လိုမှ ပျံသန်းနေသည်ဟု မထင်နိုင်။ ပျံသန်းနိုင်ရန် အနည်းဆုံး သန်မာသော အတောင်ပံ တစ်စုံတော့ ရှိရပေလိမ့်မည်။ ခုတော့ သူ့မှာ တောင်ပံလည်း မရှိ။ ပျံသန်းနိုင်သော အတတ်ပညာ လည်းမရှိ။ သည်သို့သော အခြေခံနှင့် မည်သို့ ပျံသန်းလေမည်လဲ။

သူကား . . .
ထောင်ပေါင်းများစွာသော သို့မဟုတ် သန်းပေါင်းများစွာသော သူတွေထဲက သာမန်တစ်ဦးသာ ဖြစ်သည်။ကျွန်တော်တို့ နေ့တဓူဝ တွေ့မြင်ရနိုင်သော ဘာမှ မထူးခြားသည့် သူတစ်ဦးသာ ဖြစ်သည်။ရပ်တည်ချက် မရှိ။ လောကအမြင် နတ္ထိ။ လှော်တက် အမျိုးမျိုးကို အရံသင့် ပြင်ဆင်ကာ ဘ၀ကို လှော်ခတ်ဖို့ ပင်ပန်းကြီးစွာ အားထုတ် နေရသူသာ ဖြစ်သည်။

ဂျေဖူးချစ်က ဟစ်တလာ့ ရှပ်နက် တပ်သားတွေကို သူတို့ ကိုယ်ပေါ်မှာ သွေးတစ်စက်မျှ မရှိ။ ဟင်းချိုရေကျဲသာ ရှိသည်ဟု နောက်ဆုံး ရေးခဲ့သော ကြိုးစင်ပေါ်က မှတ်တမ်းများတွင် ရေးသားခဲ့ဖူးသည်။ သူရော အဲသလိုမျိုးသာ ဖြစ်သည်။ အံ့သြဖို့တော့ အကောင်းသား။ ဟင်းချိုရေကျဲနှင့် သူအသက် ရှင်နိုင်တာကို ဖြစ်သည်။ တပ်နီတော်တွေ ဂျာမဏီ နယ်စပ်ကို ရောက်နေ ပြီလား။ သူတို့လေသံ ချက်ချင်း ပြောင်းသွားတော့သည်။ စားပြီးပလား ရာသီဥတုက အေးတယ်နော်။အာလာပ သလ္လာပတွေ ပြောလာပြီ။တပ်နီတော်တွေ ဘာလင် မြို့အနား ရောက်ပြီလား။ ခင်ဗျားတို့ သိပါတယ်။ ကျွန်တော်တို့က စိတ်ပါလှတယ် မဟုတ်ပါဘူး။အထက်က အမိန့် ဆိုတော့လည်း ဒါပေမယ့် ကျွန်တော် ခင်ဗျားတို့ကို ဘယ်လို ဆက်ဆံခဲ့တယ် ဆိုတာ ခင်ဗျားတို့ သိပါတယ်။ကျေရာကျေကြောင်း တောင်းပန်ချင်သည့် ပုံစံတွေ ဖြစ်လာသည်။

သူ့စီးပွားရေး အခြေအနေ အပေါ် မူတည်ပြီး အောက်ကျို့ ပျပ်ဝပ်ဖို့ ဘယ်သော အခါမှ ဦးလေးတတ်သူ မဟုတ်ပေ။သူ့မှာ မူရယ်လို့ မရှိ။မူရှိသည်ဆိုလျှင် အချိန်အခါ မရွေး ပုံသွင်းရနိုင်သည့်မူသာ ဖြစ်သည်။ သူ၏ မူဆိုတာကြီးကို သူ၏ အကျိုးစီးပွား အတက်အကျကသာ ပဲ့ကိုင်နိုင်စွမ်း ရှိလေသည်။ ရပ်တည်ချက် ဆိုတာ ကျတော့ကော။

ဟစ်တလာက မူဆိုလီနီ့ကို ပြောသော စကား တစ်ခွန်းက သူနှင့်ကွက်တိ ကျလေသည်။ မူဆိုလီနီ ရှိတဲ့အရပ်မှာ အောင်ပွဲရှိတာ မဟုတ်ဘူး။ အောင်ပွဲရှိတဲ့ အရပ်မှာ မူဆိုလီနီ ရှိတာ။ သူလည်း အဲသလိုမျိုးပါပဲ။ အောင်ပွဲရှိရာဘက်တွင် သူအမြဲတမ်း ရပ်တည်လေ့ ရှိသည်။ သို့သော် သူက ဟန်ဆောင်ကောင်းသည်။ သူ့ဝန်းကျင်က သူ့ကိုစာဖတ်သည် ဟု အထင်ရောက်အောင် နေထိုင်ပြုမူ တတ်သည်။ အမှန်တော့ သူစာဖတ်သည်က စာကို အမြတ်တနိုး ချစ်ခင်၍၊ စာကို မဖတ်ရ မနေနိုင်အောင် စာဖတ် ၀ါသနာ ကြီး၍ မဟုတ်ပေ။ စာဖတ်သည်ဟု လူအထင်အမြင် ကြီးစေရန် စာကို အပေါ်ယံ ရှပ်ဖတ်သူဖြစ်သည်။ ဧည့်ခန်းမှာ ထူပေ့ထဲ ပေ့ဆိုသော စာအုပ်ကြီးတွေကို အစီအရီ ခင်းကျင်း ပြသထားလေ့ ရှိသည်။ သို့သော် စာအုပ်ထဲက သင်ခန်းစာများ၊ အားကျအတု ယူသင့်သည်များ စိတ်နှလုံး ညွတ်ပျောင်း စေသောရသများ သူ့ရင်ထဲသို့ မရောက်။စာရေးဆရာများ၊ စာဖတ်သမားများနှင့် တွေ့ဆုံသော အခါ နောက်ဆုံးထုတ် စာအုပ်ကို သူဖတ်ပြီးပြီဟု ပြောနိုင်ရန် စာဖတ်သူသာ ဖြစ်သည်။စာဖတ်သမား အုပ်စုထဲ ၀င်ဆန့်ရုံ စာဖတ်သူ ဖြစ်သည်။ ဆရာဖေမြင့်ကတော့ စာပကာသန သမားဟု စာဖတ်သမားများ၏ မှတ်စုများ စာအုပ်တွင် ရေးခဲ့ဖူးသည်။

သူတို့ စာဖတ်ပုံကို အလဟဿအချိန် ဖြုန်းခြင်းဟု ဆရာဖေမြင့်က ဆက်ပြီး မှတ်ချက်ပြုသည်။ အကန်းနှင့် အမြုံတွင် သူတို့က အမြုံအမျိုးအစား ဖြစ်သတဲ့။ စာဖတ်ခြင်းကြောင့် သူတို့မှာ ဘာတစ်ခုမှ တိုးတက် မလာသလို ကျန်သူတွေ အပေါ်လည်း ဘာမှ အကျိုးမပြုသော သူများ။ ဟန်ရေးပြသူများသာ ဖြစ်ပါသတဲ့။ စာရေးဦးမယ် ပြောနေသည်မှာ နှစ် နှစ်ဆယ်ကျော်ပြီ။ ခုထိ စာတစ်ပုဒ်ဖြစ် မြောက်အောင် မရေးနိုင်သေး။ အမှန်တော့ သူ့ခေါင်းထဲမှာ ဘာတစ်ခုမှ ရှင်းရှင်းလင်း လင်းမရှိ။ ဝေေ၀၀ါးဝါး ရှုပ်ရှုပ်ထွေးထွေး ချည်းသာ။ ဤလို ဦးခေါင်းပိုင်ရှင်က မည်သို့ စာရေး၍ ရမည်နည်း။မိမိ ဘယ်ကို၏ သွားချင်သည်ဟု အတိအကျ မသိသူ၏ ခရီးသွား ဆောင်းပါးလိုမျိုး ဖြစ်နေသည်။ ဦးတည်ရာ မရှိ။ခြေဦးတည့်ရာ သွားနေသူသည် ရသမြောက် စာတစ်ပုဒ်ကို မည်သည့် လောကအမြင်နှင့်။ စာဖတ်သူ ရင်ထဲသို့ ရောက်အောင် ရေးနိုင်ပါမည်လဲ။ ဒါက သူ့ပြဿနာသာ ဖြစ်သည်။

အများနှင့် ဆိုင်သော ပြဿနာက စာဖတ်သမားတွေကြားထဲ အာဘောင်အာ ရင်းသန်သန် အရှက်မရှိ တလွဲ ပြောကြားချက်တွေ ဖြစ်သည်။ အများစုကြီးက သူ့ကို ကွယ်ရာမှာ ဒုတိယအိုင်ဗင်ဟု ခေါ်ဆိုလေ့ ရှိကြသည်။စာရေး ဆရာကြီးတော် စတွိုင်း၏ Ivan the Fool ၀တ္ထုကို ရည်ညွှန်းခြင်းပင် ဖြစ်သည်။ အမှန်တော့ သူသည် နေရာဌာန မသိသူ၊ ကိုယ့်နေရာ ကိုယ်မသိသူသာ ဖြစ်သည်။ မြတ်ဗုဒ္ဓက သူမိုက်အင်္ဂါနှင့် ပတ်သက်၍ ဖွင့်ဆိုရာတွင် အလွန်ပင် ရှင်းရှင်းလင်းလင်း ရှိလှသည်။

မြတ်ဗုဒ္ဓက မည်သို့ ဖွင့်ဆိုခဲ့ပါသနည်း။
ရဟန်းတို့ သူမိုက်တို့သည် ဤနှစ်မျိုးတည်း။ အဘယ်နှစ်မျိုးတို့နည်း ဟူမူ (၁) မိမိသို့ မကျရောက်သော တာဝန်ကို ဆောင်ရွက်သော သူသည်လည်းကောင်း၊ (၂) မိမိသို့ ကျရောက်သော တာဝန်ကို မဆောင်ရွက်သော သူသည်လည်းကောင်း ဤနှစ်မျိုးတို့တည်း။ ဗာလ၀ဂ်မှာ ဤသို့ ရှင်းရှင်းလင်းလင်း ဟောကြားခဲ့လေသည်။ သူကား ပထမ အမျိုးအစားဖြစ်သည်။ မိမိ ဆောင်ရွက်ရန် မဟုတ်သော မိမိ ဆောင်ရွက်ခွင့်လည်း မရှိသော၊အလုပ် တာဝန်ကို အတင်းအဓမ္မ ၀င်ရောက် ယူငင်တတ်သူ ဖြစ်သည်။ပြီးတော့ ဘာတစ်ခုမှ အောင်မြင် ထမြောက်အောင် စွမ်းဆောင်နိုင်သူလည်း မဟုတ်ပေ။ ရန်ကုန် စာအုပ်တိုက် ကြီးများက ပြောပြသော သူ၏ တစ်ဖက်စာမျက်နှာကား ရယ်ရွှင်ဖွယ် အတိပင်။ စာအုပ်တိုက်ကြီး များသို့ မကြာခဏ ၀င်ထွက်ရင်း စာအုပ် တိုက်ပိုင်ရှင်နှင့် ရင်းနှီးအောင် ပြုမူ ဆက်ဆံတတ်သည်။ ပြီးတော့ သူဝယ်ယူသော စာအုပ်မှာ အတင်း လက်မှတ်ထိုး ခိုင်းတတ်သည်။

အမှတ်တရပါ။ ဘာညာသာရကာနှင့် ဆိုတော့လည်း အားနာပါးနာ ထိုးပေးလိုက်ကြသည်။ ထုံးစံတော့ မဟုတ်။ မေတ္တာ လက်ဆောင်ပေးသည် မဟုတ်ပါပဲ။လက်မှတ် ထိုးပေးလိုက်ရတာမျိုး စာအုပ်တိုက်ရှင် ကကြုံဖူးမည် မထင်။ သို့သော် ဘာတတ်နိုင်မည်လဲ။ ၀ယ်သူ အမြဲမှန်သည် ဆိုသော ထုံးနှလုံး မူရတော့သည်။လက်ဖက်ရည်ဆိုင်မှာ ကြုံကြလျှင် ဘယ်တိုက်က ဘယ်သူ နှင့်ဘယ်လိုရင်းနှီး တာဟု အာပေါင်အာရင်းသန်သန် ပြောပြတော့သည်။ အမှန်တော့ သူ့ဘက်က သိနေခြင်းသာ ဖြစ်သည်။ တစ်ဘက်က သူ့ကို သိရှိခြင်းမဟုတ်။ သိရှိသည် ဆိုလျှင်လည်း ရောင်းသူနှင့် ၀ယ်သူ သိရှိခြင်းမျိုး သာဖြစ်သည်။ သူကား လေးစားလောက်သော စာရေးဆရာလည်း မဟုတ်။ စာပေ ပညာရှင်လည်း မဟုတ်။ စာအုပ်တိုက်ကြီးများ၏ စာအုပ် စီစဉ် ပေးသူလည်း မဟုတ်။ ယုတ်စွအဆုံး အကြံဥာဏ် ပေးနိုင်သူလည်း မဟုတ်။ မခက်ဘူးလား။ သူကား သွေးနားထင် ရောက်နေသော ဘ၀င်ခပ်မြင့်မြင့်စာ အနည်းငယ် ဖတ်သူသာ ဖြစ်သည်။ထို့ထက် မပိုပေ။

တစ်ခါက စာအုပ်တိုက်ကြီး တစ်ခု၏ ပိုင်ရှင်နှင့် သူစကား ပြောနေစဉ် ကျွန်တော်က သူ့ နောက်ဖက်မှာ ရှိသည်။သူက တရင်းတနှီးအမူ အရာနှင့် စကားပြောနေသော်လည်း စာအုပ် တိုက်ရှင်က ဇဝေဇ၀ါ။အလိုက်သင့် အလျားသင့် ပြန်ပြော နေရကြောင်း သူ့အမူအရာက သိသာ နေသည်။ သူထွက်သွားတော့မှ စာအုပ်တိုက် ရှင်က ကျွန်တော့်ကို ခပ်တိုးတိုး လှမ်းမေးသည်။ သူက ဘယ်သူလဲဗျ ဟူ၏။ သူ အဲသလို အမျိုးအစားပင်။ တစ်ဦးနှင့် တစ်ဦး တလေးတစား ချစ်ခင် ရင်းနှီးခြင်းမျိုး မဟုတ်ပေ။သူက တစ်ဖက် သတ်သိနေခြင်းမျိုးပင်။ နာမည်ထင်ရှားသော စာအုပ်တိုက်ပိုင်ရှင်များ၊ စာပေလောကသားတို့ နှင့်သူ သိသည် ဆိုတာမျိုး အထင်ခံချင်သည်။ ဒါက သူ၏ အကြီးမားဆုံး ရည်ရွယ်ချက်ပင်။

ထိုကြောင့် သူစာဖတ်သည်လားဟု တွေးချင်စရာပင်။သူကဘယ်အခါဖြစ်ဖြစ် နောက်ဆုံး ထုတ်စာအုပ်တွေ အကြောင်း အနည်းအကျဉ်း တော့ သိနေတတ်သည်။ သိအောင်လည်း အားထုတ်သည်။ သူက မဂ္ဂဇင်းဖတ်သူ မဟုတ်၍ မဂ္ဂဇင်းထဲ ပါပြီးနောက်မှ ပြန်ပြီး စုစည်းပုံနှိပ်သော အခါမှ သူဖတ်ဖူးခြင်း ဖြစ်သည်။ ထို့ကြောင့် တချို့ စာပေလက်ရာတွေ ဆိုလျှင် ကျွန်တော်တို့ထက် နှစ်နှစ်ဆယ်ခန့် နောက်ကျ ဖတ်ရတာ မျိုးလည်း ရှိသည်။ သူ့မှာတော့ တပွေ့ ပိုက်ပိုက် နှင့်။ဟန်ရေးပြခြင်း၌ နှစ်ရှည်လများ၊ အသား ကျသွားသောအခါ ဟန်ရေးပြခြင်းသည်ပင်လျှင် သူ့ကိုယ်ပိုင် အမူအရာ ဖြစ်သွားလေတော့သည်။ သူကား သူ့ကိုယ်သူ ပျံသန်းနေသည်ဟု ထင်နေလေသည်။ အမှန်တော့ သူသည် ပျံသန်း နေခြင်းမဟုတ်ပေ။ ထွက်ပြေး နေခြင်းသာဖြစ်သည်။ လူ့ဘောင်ဝန်းကျင်မှ သူဖတ်ခဲ့သောစာအုပ် တွေထဲက ပြီးတော့ သူ၏ ကိုယ်ခန္ဓာထဲက အဆုံးမဲ့ ပြေးနေသူသာ ဖြစ်သည်။

မောင်ခိုင်လတ်

Monday 25 April 2011

ဆန့်ကျင်ဘက် ဒွန်တွဲတည်ရှိမှုနှင့် စစ်၏အခြေခံသဘောတရားများ


စစ်ရဲ့ အခြေခံသဘောတရားများ (principles of war) တွေဟာ အသုံးပြုသူတွေရဲ့ အရည်အချင်းပေါ် မူတည်ပြီး စစ် ပွဲတွေရဲ့ အရှုံးအနိုင်ကို ဆုံးဖြတ်ပေးနိုင်တဲ့ rules of thumb တွေပဲ ဖြစ်ပါတယ်။ ဒီအခြေခံသဘောတရားတွေကို စစ် ပွဲတွေသာမက နိုင်ငံရေး၊ စီးပွားရေး၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးကဏ္ဍတွေမှာပါ နည်းမျိုးစုံနဲ့ ဆန်းသစ်တီထွင် ပြီး အသုံးပြုလေ့ရှိကြပါတယ်။
ခေါင်းဆောင်တွေအနေနဲ့ ဘယ်အချိန်မှာ နောက်လိုက်တွေကို အမိန့်ပေးညွှန်ကြားပြီး၊ ဘယ်လိုအချိန်မှာ နောက်လိုက် တွေရဲ့ စွန့်ဦးလုပ်ဆောင်မှုကို ခွင့်ပြုပေးရမလဲ ဆိုတာကို ခွဲခြားသိမြင်တတ်ဖို့ လိုအပ်ပါတယ်။ ကွဲပြားခြားနားတဲ့ အမြင် တွေ၊ ဆန့်ကျင်ဘက်ဒွန်တွဲ တည်ရှိနေတဲ့ သဘောတရားတွေကို တသမတ်တည်း မထားဘဲ၊ အခြေအနေရဲ့ တောင်း ဆိုမှုနဲ့အညီ ဆုံးဖြတ်ချက်ချမှတ် အကောင်အထည် ဖော်နိုင်ခြင်းဟာ အောင်ပွဲရအောင်ဦးဆောင်နိုင်မယ့် ခေါင်းဆောင် တွေရဲ့ အရည်အချင်း တရပ်ပဲ ဖြစ်ပါတယ်။

ဆန့်ကျင်ဘက်ဒွန်တွဲတည်ရှိခြင်း (Paradoxical Reasoning)
လောကမှာ ဆန့်ကျင်ဘက်ဖြစ်ပေမယ့် ဒဂါင်္းပြားတစေ့ရဲ့ ခေါင်းနဲ့ ပန်းလို ဒွန်တွဲတည်ရှိနေတဲ့ အရာတွေ အများအပြား ရှိပါတယ်။ အကောင်းအဆိုး၊ သုခဒုက္ခ၊ အရှုံးအနိုင် စတာတွေဟာ ဆန့်ကျင်ဘက် ဒွန်တွဲတည်ရှိမှု (Paradoxical Reasoning) ရဲ့ အခြေခံတွေပါပဲ။ စစ်နဲ့ပတ်သက်ပြီး ဆန့်ကျင်ဘက်ဒွန်တွဲ တည်ရှိနေတာကတော့ ငြိမ်းချမ်းရေးပဲ ဖြစ် ပါတယ်။ စစ်ပွဲမှာ အဆုံးသတ်ဆိုတာ မရှိပါဘူး။ စစ်ပွဲရဲ့ အဆုံးသတ်ပန်းတိုင်ဟာ ငြိမ်းချမ်းရေးပါပဲ။ နောက်ထပ်ထင် ရှားတဲ့ အဆိုအမိန့် တခုကတော့ “အကောင်းဆုံးခံစစ်ဟာ တိုက်စစ်ဖြစ်တယ်” ဆိုတဲ့ အယူအဆပါ။
ခေါင်းဆောင်တယောက်ဟာ ဒီလိုဆန့်ကျင်ဘက်ဒွန်တွဲတည်ရှိနေတဲ့ သဘောတရားတွေကို နားလည်ပြီး၊ လိုက်လျော ညီထွေတွေးခေါ်ခြင်း (adaptive thinking) ရှိဖို့ လိုအပ်ပါတယ်။ နောက်လိုက်တွေရဲ့ ထကြွလုံ့လရှိမှု၊ မိမိကိုယ်ကို ယုံ ကြည်မှု၊ ဦးဆောင်လိုစိတ် ထက်သန်မှုတွေကို အားပေးတဲ့ အနေနဲ့ စွန့်ဦးလုပ်ဆောင်မှု (Initiative) ကို ခွင့်ပြုပေးရင်း၊ တပြိုင်နက်တည်းမှာပဲ strategic big picture တခုလုံးကို ထိခိုက်စေတဲ့ ပြုမူဆောင်ရွက်မှုတွေ ပေါ်ထွက်လာခြင်း မ ရှိအောင် ကွပ်ကဲမှုနဲ့ ထိန်းကျောင်းမှု (Command and Control) ပြုလုပ်နိုင်ရပါမယ်။
ခုခံစစ်၊ တိုက်စစ်၊ တော်လှန်စစ်စတဲ့ စစ်ပွဲတွေအပါအ၀င် တဘက်ရန်သူနဲ့ ထိပ်တိုက်ရင်ဆိုင်ရတဲ့ နိုင်ငံရေးစစ်မျက်နှာ တွေအားလုံးမှာ ကွပ်ကဲမှု တစုတစည်းတည်းရှိခြင်း (unity of command) ဟာ အောင်ပွဲရဲ့ သော့ချက်ပါပဲ။ ဘယ်လို အခြေအနေနဲ့ အချိန်အခါတွေမှာ ဆန့်ကျင်ဘက် ဒွန်တွဲတည်ရှိနေတဲ့ Initiative နဲ့ Command and Control ကို ဦး စားပေးမလဲဆိုတာကို ခေါင်းဆောင်တွေက ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။
နောက်ထပ် အရေးကြီးတဲ့ ဆန့်ကျင်ဘက်ဒွန်တွဲတည်ရှိနေမှုကတော့ Internal Focus (မိမိအင်အား၊ စိတ်ဓာတ်ခိုင်မာ မှု၊ ကျွမ်းကျင်မှု စသည်များ) နဲ့ External Focus (ရန်သူ့အင်အား၊ နိုင်ငံတကာနှင့် အန်ဂျီအိုအဖွဲ့များ၏ ဘက်လိုက်မှု အခြေအနေ၊ ရာသီဥတု၊ ပထ၀ီဝင်နိုင်ငံရေး စသည်များ) ဖြစ်ပါတယ်။ ဒီအခြေအနေ နှစ်မျိုးစလုံးကို အာရုံစိုက်ပြီး၊ မှန် မှန်ကန်ကန် အကဲဖြတ်နိုင်ဖို့ လိုအပ်ပါတယ်။ စစ်ပွဲနဲ့ နိုင်ငံရေးထိပ်တိုက်ရင်ဆိုင်မှုတွေမှာ ခေါင်းဆောင်တွေရဲ့ အာရုံ စိုက်မှုကိုကြည့်ပြီး အရှုံးအနိုင်ကို တွက်ချက်လို့ ရပါတယ်။ External Focus ကိုပဲ အာရုံစိုက်တဲ့ဘက်က မလွဲမသွေ ရှုံးပါလိမ့်မယ်။

coup d’oeil
လိုက်လျောညီထွေရှိမှုနဲ့ ကွပ်ကဲထိန်းကျောင်းမှုတွေကို တန်ဖိုးထားရင်း အခြေအနေတွေကို အတွင်းမှ အပြင်သို့ကြည့် ခြင်း၊ အပြင်မှ အတွင်းသို့ ကြည့်ခြင်းတွေ တပြိုင်နက်တည်း ပြုလုပ်ခြင်းကို စစ်ပညာရှင် ကလော့ဝစ်က coup d’oeil လို့ ခေါ်ဝေါ်သုံးစွဲခဲ့ပါတယ်။ coup d’oeil နဲ့ ဆက်နွယ်တဲ့ အကြောင်းအရာလေးမျိုး ရှိပါတယ်။ ပထမတမျိုးက human implications တွေနဲ့ သက်ဆိုင်ပါတယ်။ တူညီတဲ့ ယုံကြည်ချက်၊ ခံယူချက်၊ တန်ဖိုးထားမှု၊ စိတ်ဓာတ်ခိုင်မာမှုနဲ့ အပြန် အလှန်ယုံကြည်မှုတွေရှိတဲ့ အဖွဲ့အစည်းယဉ်ကျေးမှု ရှိလာစေဖို့ ခေါင်းဆောင်တွေက လေ့ကျင့်ပျိုးထောင်ပေးဖို့ လိုအပ် ပါတယ်။
ဒုတိယတမျိုးကတော့ လေ့လာသင်ယူမှု (learning implications) နဲ့ သက်ဆိုင်ပါတယ်။ တင်းမာတဲ့ အခြေအနေတ ခုမှာ အရှုံးအနိုင် ခေါင်းဆောင်ကဘယ်လောက်သိတယ်၊ ဘယ်လောက်တော်တယ် ဆိုတာနဲ့ မဆုံးဖြတ်နိုင်ပါဘူး။ ခေါင်းဆောင်နဲ့ သူ့အဖွဲ့အစည်းရဲ့ မြန်မြန်ဆန်ဆန် တွေးခေါ်ဆုံးဖြတ်ချက်ချမှတ် ဆောင်ရွက်တတ်မှုပေါ်မှာ မူတည်ပါ တယ်။ နောက်လိုက်တွေရဲ့ စဉ်ဆက်မပြတ် လေ့လာဆည်းပူးမှု၊ လုပ်ရည်ကိုင်ရည်ရှိမှု၊ ကျွမ်းကျင်မှု၊ ကိုယ်ရည်ကိုယ် သွေး ဖွံ့ဖြိုးတိုးတက်မှုတွေကို ခေါင်းဆောင်က အကဲဖြတ်ဆန်းစစ်နေဖို့ လိုအပ်ပါတယ်။
တတိယအချက်ကတော့ စီမံချက်ချမှတ်ခြင်း (Planning implications) နဲ့ သက်ဆိုင်ပါတယ်။ အောင်ပွဲကို ဦးတည်စေ တဲ့ စီမံချက်တွေချမှတ်နိုင်ဖို့ တိကျတဲ့ ဆန်းစစ်ချက်တွေ ပြုလုပ်နိုင်ဖို့ လိုအပ်ပါတယ်။ မဟာဗျူဟာ၊ နည်းဗျူဟာတွေရဲ့ ပြင်ပ၀န်းကျင်အပေါ် သက်ရောက်နိုင်တဲ့ အကျိုးဆက်တွေကို လေ့လာသုံးသပ်ပြီး၊ အောင်ပွဲရစေနိုင်မယ့် လှုပ်ရှားမှု တွေဖြစ်လာအောင် စီမံချက်တွေနဲ့ ထိန်းကွပ်ရပါတယ်။
နောက်ဆုံးအချက်ကတော့ structural implications တွေပဲ ဖြစ်ပါတယ်။ မူဝါဒ၊ လုပ်ထုံးလုပ်နည်း၊ အခြေခံသဘော တရား စတာတွေကို တိတိကျကျ စေ့စပ်သေချာစွာ သိရှိဖို့ လိုပါတယ်။ တိုက်စစ်၊ ခံစစ်မှာ တိကျစွာ လိုက်နာရမယ့် လုပ်ထုံးလုပ်နည်းတွေ ရှိပါတယ်။ လုပ်ထုံးလုပ်နည်းတွေ ရောထွေးပြီး institutional inertia ကို မဖော်ထုတ်နိုင်ရင် အောင်မြင်ဖို့ မလွယ်ပါဘူး။ ဒီ coup d’oeil ဆိုင်ရာ အချက်တွေကို စွန့်ဦးတီထွင် လုပ်ဆောင်စေမှု၊ ကွပ်ကဲထိန်းချုပ်မှု၊ ပြင်ပအာရုံထားမှု၊ အတွင်းအာရုံစိုက်မှု စတဲ့ ဆန့်ကျင်ဘက်ဒွန်တွဲ တည်ရှိနေမှုတွေအကြားမှာ အခြေအနေ၊ အချိန်အ ခါနဲ့ အညီ ဆောင်ရွက်တတ်ဖို့ လိုအပ်လှပါတယ်။

စစ်၏ အခြေခံသဘောတရားများနှင့် ဆန့်ကျင်ဘက်ဒွန်တွဲတည်ရှိမှု
(က) တိုက်စစ်နှင့် ခံစစ် (Offensive-Defensive)
တိုက်စစ်က ရန်သူက ကိုယ်က ဦးအောင်တိုက်ခိုက်တာဖြစ်ပြီး၊ ခံစစ်က ရန်သူက ကိုယ့်ကို ကနဦးတိုက်ခိုက်လာတာ ကို ခုခံကာကွယ်စစ် ဖြစ်ပါတယ်။ သဘောတရားအရ ဆန့်ကျင်နေပေမယ့် အတူတကွ ဒွန်တွဲတည်ရှိနေပါတယ်။ ဘယ် စစ်က အောင်ပွဲရစေမယ်လို့ တရားသေ ယူဆချက် မပြုလုပ်နိုင်ပါဘူး။ အခြေအနေနဲ့ အချိန်အခါပေါ် မူတည်ပါတယ်။ တိုက်စစ် ဆင်နွှဲရမယ့်အချိန်မှာ ခံစစ်ဆင်နွှဲမှုနဲ့ ခံစစ်ဆင်နွှဲရမယ့် အချိန်မှာ တိုက်စစ်ဆင်ရင်တော့ သေချာပေါက်ရှုံးပါ တယ်။
ဒုတိယကမ္ဘာစစ်အတွင်းတုန်းက ဆိုဗီယက်တပ်တွေရဲ့ space-for-time ခံစစ်ဗျုဟာက တိုက်စစ် အော်ပရေးရှင်းတွေ အတွက် အကောင်းဆုံး စစ်မြေပြင်ကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ၁၉၈၀ ကာလတွေမှာ အမေရိကန်ကျင့်သုံးခဲ့တဲ့ Strategic Defence Initiative က စစ်အေးတိုက်ပွဲကို အဆုံးသတ် စေခဲ့ပါတယ်။ အခြေအနေအရ ခံစစ်နဲ့ တိုက်စစ် နှစ်မျိုးစလုံးကို ပေါင်းစပ်တိုက်ပွဲဝင်ရတာလဲ ရှိပါတယ်။ နေတိုးအဖွဲ့ကြီးက ဒီလို ခံစစ်နဲ့ တိုက်စစ် နှစ်မျိုးပေါင်းစပ်ထား တဲ့ active defence လို့ ခေါ်တဲ့ strategic doctrine ကို ကျင့်သုံးခဲ့ပါတယ်။

(ခ) ရည်မှန်းချက် – ရုတ်ခြည်းဖြစ်ပေါ်မှု (Objective- Surprise)
ရည်မှန်းချက်ဆိုတာမှာ ကြိုတင်စီမံမှု ပါဝင်ပါတယ်။ ကြောင်းကျိုးဆက်နွယ်မှုကို ကြိုတင် သုံးသပ်ချက်တွေ ရှိပါတယ်။ ရုတ်ခြည်းဖြစ်ပေါ်မှုမှာကျတော့ ကြိုတင်စီမံသုံးသပ်ချက်တွေ မပါဝင်ပါဘူး။ မထင်မှတ်ထားတဲ့ အခြေအနေတွေဟာ မထင်မှတ်ထားတဲ့ အချိန်တွေမှာ ဖြစ်ပေါ်လာတတ်ပါတယ်။ စစ်မြေပြင်မှာတော့ ရန်သူမထင်မှတ်ထားတဲ့ အချိန်မှာ လက်ဦးမှုယူပြီး တိုက်ခိုက်တာကို surprise attack လို့ သုံးနှုန်းကြပါတယ်။ နိုင်ငံရေးကစားပွဲမှာ ၀ှက်ဖဲ အသုံးပြုပြီး surprise attack လုပ်ကြတာတွေလဲ ရှိပါတယ်။

Pearl Harbor
တခါတရံမှာ စစ်ဆင်ရေးစီမံချက်ထဲမှာ တံတားကူးပြီး တဘက်ကမ်းရောက်ရင် အဲဒီတံတားကို ဖောက်ခွဲဖျက်ဆီးဖို့ ညွှန်ကြားချက်ပါပြီး၊ ပကတိမြေပြင်မှာ တံတားရှာလို့ မရတာတွေလဲ ရှိတတ်ပါတယ်။ အထူးသဖြင့် အခြားနိုင်ငံတွေကို ကျူးကျော်တိုက်ခိုက်ရတဲ့ စစ်ပွဲတွေမှာ ဒီလို အခြေအနေမျိုးတွေ ကြုံတွေ့ရတတ်ပါတယ်။ ဒီလိုဖြစ်ရပ်တွေကို တပ်မှူး တွေက unwanted surprise လို့ ခေါ်ဝေါ်သုံးနှုံးကြပါတယ်။

စစ်ဆင်ရေးမှာပဲဖြစ်ဖြစ်၊ နိုင်ငံရေးထိပ်တိုက်ရင်ဆိုင်မှုတွေမှာပဲ ဖြစ်ဖြစ် စီမံချက်အတိုင်း လက်တွေ့မှ ဖြစ်ချင်မှ ဖြစ်လာ မှာပါ။ ရည်မှန်းချက်ကို ပြည့်မှီချင်မှ မှီမှာပါ။ ရည်မှန်းချက် – ရုတ်ခြည်းဖြစ်ပေါ်မှု ဆန့်ကျင်ဘက်ဒွန်တွဲနေတာကို အ ကောင်းဆုံး တုန့်ပြန်နည်းကတော့ concurrent deductive reasoning ကို အခြေခံပြီး လက်ရှိရှိနေပြီးသား စီမံချက် ကို အကောင်အထည်ဖော်ခြင်းနဲ့ inductive reasoning ကို အခြေခံပြီး၊ ရုတ်ခြည်းဖြစ်ပေါ်လာမှုတွေကို အကောင်းဆုံး ရင်ဆိုင်နိုင်မယ့် နည်းလမ်းသစ်တွေကို ရှာဖွေခြင်းပဲ ဖြစ်ပါတယ်။

(ဂ) လှုပ်ရှားမှု- လုံခြုံရေး (Maneuver- Security)
ဒီအခြေခံသဘောတရား နှစ်ခုကလဲ ဆန့်ကျင်ဘက်ဒွန်တွဲတည်ရှိနေပါတယ်။ စခန်းထိုင်နေရင် လုံခြုံရေးအတွက် စိတ် ချရပေမယ့် တိုက်ကင်းလှည့်လည်စဉ်မှာ ရန်သူနဲ့ ထိတွေ့မှုဖြစ်ပြီး ကျဆုံးထိခိုက်မှုတွေ ရှိတတ်ပါတယ်။ သို့ပေမယ့် လုံ ခြုံရေးကို ပထမဦးစားပေးပြီး၊ လှုပ်ရှားမှု မရှိပြန်ရင်လဲ တိုက်ပွဲက ရေရှည်မှာ အီလာပြီး၊ တဘက်ရန်သူက ရင်ဆိုင်ထိန်း ချုပ်မှု လုပ်လာမယ့် အန္တရာယ် ရှိတတ်ပါတယ်။
စစ်ရဲ့ သဘောသဘာဝအရ စခန်းသိမ်းပိုက်ခံရမှ ရှုံးတာ မဟုတ်ပါဘူး။ ရင်ဆိုင်ထိန်းချုပ်ပြီး containment လုပ်ခံထား ရတာကလဲ ရှုံးတာပါပဲ။ လုံခြုံရေးကို အားစိုက်လွန်းရင် လှုပ်ရှားမှု အားနည်းပြီး၊ လှုပ်ရှားမှုကို အားစိုက်လွန်းရင် လုံ ခြုံရေးကို ထိခိုက်ပါတယ်။ သက်ဆိုင်ရာ strategic doctrine ပေါ်မှာ အခြေခံပြီး၊ ဦးစားပေးသင့်တဲ့ အရာကို ရွေးချယ် ဆုံးဖြတ်နိုင်ဖို့ လိုအပ်ပါတယ်။
(ဃ) ရိုးရှင်းမှု – ရှုပ်ထွေးမှု (Simplicity- Complexity)
တချို့မဟာဗျူဟာ စဉ်းစားတွေးခေါ်ချက်တွေက ရှုပ်ထွေးပါတယ်။ ရှုပ်ထွေးနက်နဲတဲ့ အော်ပရေးရှင်းတွေလဲ အများအ ပြား ရှိနိုင်ပါတယ်။ ကမ္ဘာတ၀ှမ်းက command and staff college တွေမှာ သင်တန်းပို့ချသူတွေ ကြုံတွေ့လေ့ရှိတာက သင်တန်းသားတွေရဲ့ ရိုးရှင်းမှု၊ ရှုပ်ထွေးမှုတွေကို တုန့်ပြန်လက်ခံပုံ မတူညီမှုဘဲ ဖြစ်ပါတယ်။ တချို့က တိုက်ခိုက်ရေး မှာ တော်ပေမယ့် တပ်ရေး၊ တပ်ထောက်အပိုင်းတွေမှာ အားနည်းတာလဲ ရှိပါတယ်။
အရေးကြီးတာကတော့ လူမှန်၊ နေရာမှန် ဖြစ်ဖို့ပါပဲ။ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာစတဲ့ ကဏ္ဍတွေ အားလုံးမှာ back office အတွက် သင့်တော်မယ့်သူတွေနဲ့ field work အတွက် သင့်တော်မယ့်သူတွေ သီးခြားစီ ရှိပါ တယ်။ ခေါင်းဆောင်တွေက တာဝန်ခွဲဝေပေးတဲ့ အခါ မှန်မှန်ကန်ကန် အကဲဖြတ်တတ်ဖို့ လိုပါတယ်။ တခါတရံမှာလဲ ရိုးရှင်းစွာ အမိန့်အတိုင်း အကောင်အထည်ဖော်ရမယ့် field work ကိုမှ လူရာသွင်းမှုတွေကြောင့်၊ ရှုပ်ထွေးနက်နဲတဲ့ တာဝန်တွေကို ထမ်းဆောင်နိုင်မယ့် လူတွေက field work ထဲ လိုက်ဆင်းပြီး၊ မဆုံးရှုံးသင့်ပဲ ဆုံးရှုံးရမှုတွေ ဖြစ်တတ် ပါတယ်။
ရိုးရှင်းမှု- ရှုပ်ထွေးမှုနဲ့ ပတ်သက်တဲ့ နောက်ထပ်အရေးကြီးတဲ့ အချက်ကတော့ ရှင်းလင်းပြတ်သားတဲ့ အမိန့်ဖြစ်ပါ တယ်။ စစ်ဘုရင် နပိုလီယံရဲ့ adjutant technique လို့ လူသိများတဲ့ ရှင်းလင်းပြတ်သားသော အမိန့်ဟာ တိုက်ပွဲရဲ့ အရှုံးအနိုင်အတွက် အရေးကြီးပါတယ်။ စစ်မြေပြင် (သို့မဟုတ်) စစ်မြေပြင်သဏ္ဍာန် နိုင်ငံရေးအခင်းအကျင်း အခြေအ နေတခုမှာ တိုက်ရင်ကောင်းမလားဆိုပြီး လူထုဆန္ဒခံယူပွဲ လုပ်နေလို့ မရပါဘူး။ တိုက်ချင်သူတိုက်ကြဆိုပြီး စွန့်ဦးလုပ် ဆောင်စေမှုလဲ လုပ်လို့ မရပါဘူး။
ကွပ်ကဲမှု တစုတစည်းတည်း (unity of command) ရှိရပါမယ်။ ခေါင်းဆောင်တွေက တက်မိန့်၊ ဆုတ်မိန့် ပေးရပါ မယ်။ တိုက်ပွဲအီနေရင် ကျားထိုးတက်ရင်လဲတက်၊ အကျအဆုံး အနည်းဆုံးနဲ့ ဆုတ်ခွာမှုပြီး တိုက်စစ်အတွက် ပြန် လည်အားယူမှု လုပ်ရင်လဲ လုပ်ရပါမယ်။ ဒီလို ရှင်းလင်းပြတ်သားတဲ့ အမိန့်ကို မပေးပဲ၊ တိုက်ပွဲအီနေတာကို အချိန်ဆွဲ ထားရင် ဒုတိယအတွေး (second thought) တွေ ၀င်လာပြီး၊ မိမိတပ်တွေ ဖရိုဖရဲ ဖြစ်တတ်ပါတယ်။ ရှုပ်ထွေးနေတဲ့ အခြေအနေတွေကို ဆန့်ကျင်ဘက်ဖြစ်တဲ့ ရိုးရှင်းမှုနဲ့ ရင်ဆိုင်ဖြေရှင်းနည်းက အရေးပေါ်အခြေအနေမှာ သင့်လျော်ပါတယ်။
(င) Mission- People
စစ်ဆင်ရေးတွေမှာ မိမိဘက်က ထိခိုက်ကျဆုံးမှု အနည်းဆုံးနဲ့ ရည်မှန်းချက်တာဝန်ကို ပြည့်မီအောင် ထမ်းဆောင်ဖို့ ညွှန်ကြားလေ့ရှိကြပါတယ်။ ဒီအချက်နှစ်ခုကလဲ ဆန့်ကျင်ဘက် ဒွန်တွဲတည်ရှိနေ ပါတယ်။ အထူးသဖြင့် သူသေကိုယ် သေ ရင်ဆိုင်ကြရတဲ့ အခြေအနေတွေမှာပါ။ ရည်မှန်းချက်တာဝန်ကို ပြည့်မီဖို့ ရဲဘော်အချို့ရဲ့ အသက်တွေကို စတေး ဖို့ လိုအပ်လာတာတွေ ရှိတတ်ပါတယ်။ စစ်မှာ ဒီအချက်ကို မလွဲမသွေ လက်ခံနိုင်ဖို့ လိုပါတယ်။
မိမိဘက်က ထိခိုက်ကျဆုံးမှု ဖြစ်နိုင်ချေကို risks မယူရဲရင် ရန်သူနဲ့ ထိပ်တိုက်ရင်ဆိုင်လို့ မရပါ။ တဘက်နဲ့ တဘက် လက်နက်ကိုင်စွဲတဲ့ အခြေအနေမှာပဲ ဖြစ်ဖြစ်၊ လက်နက်ကိုင်စွဲထားတဲ့ ဘက်တဘက်ကို ရင်ဆိုင်ရတဲ့ အခြေအနေမှာ ပဲဖြစ်ဖြစ် ဒီကိစ္စဟာ ခေါင်းဆောင်တွေအတွက် အောင်ပွဲနဲ့ စတေးရမှုအကြားမှာ ချိန်ခွင်လျှာညှိရမယ့် အချက်ဖြစ်ပါ တယ်။

နိဂုံး
နိဂုံးချုပ်ဆိုရရင် စစ်ရဲ့ အခြေခံသဘောတရားတွေဟာ တခုချင်း သီးခြားဖြစ်တည်နေတာတွေ မဟုတ်ပါဘူး။ ဆန့်ကျင် ဘက်ဒွန်တွဲတည်ရှိမှုတွေ အများအပြား ရှိပါတယ်။ စစ်ဘုရင် ကလော့ဝစ်က ကွဲပြားခြားနားတဲ့ အကြောင်းအရာနှစ်ခု ကို ဆက်စပ်အသုံးပြုရတဲ့အခါ၊ ဒီအကြောင်းအရာနှစ်ခုမှာ ဘုံဆက်နွယ်မှု ရှိနေမယ်ဆိုရင် polarity ဟာ အကြောင်းအ ရာတွေဆီမှာ မဟုတ်ဘဲ ဆက်နွယ်မှုပေါ်မှာ မူတည်တယ်လို့ ဆိုခဲ့ပါတယ်။ ဒါကြောင့် တခုနဲ့တခု ဆက်နွယ်နေပြီး၊ အ ပြန်အလှန် တည်မှီနေသလို၊ ဆန့်ကျင်ဘက်ဒွန်တွဲ ဖြစ်တည်မှုလဲရှိနေတဲ့ စစ်ရဲ့ အခြေခံသဘောတရားတွေကို အခြေ အနေ၊ အချိန်အခါနဲ့အညီ အသုံးပြုနိုင်သူတွေအနေနဲ့ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးတွေမှာ အောင်ပွဲရနိုင်မှာ ဖြစ်ပါ ကြောင်း ရေးသားတင်ပြအပ်ပါတယ်။
ခင်မမမျိုး (၂၂၊ ၄၊ ၂၀၁၁)

ရည်ညွှန်းကိုးကား။ ။

Sunday 24 April 2011

ခြင်ထောင်

ဝတ္ထုအသစ် ရေးပေးဦးမယ်ဟု တဖွဖွ ပြောခဲ့သော မြန်မာ ၀တ္ထုတို ဆရာမာန်မြင့်(၁၉၄၉-၂၀၁၀) သည် စင်ကာပူ နိုင်ငံသို့ သွားရောက်၍ ဆေးကုသမှု ခံယူ နေခဲ့ရာမှ (၂၁-၃-၂၀၁၀) ရက်နေ့တွင် ကွယ်လွန် ခဲ့ရှာပြီ ဖြစ်ပါသည်။

ဆရာသည် မြန်မာပြည်မှာ လုပ်သည်၊ ပလေတိုး၏ ဂန္ထ၀င်သာ လိကာ၊ ကောင်းပါ့ဗျား စသည့် သရော် ငွေ့ငွေ့ပါသော ၀တ္ထုတို အနည်းငယ်နှင့်ပင် မြန်မာ ၀တ္ထုတို ဆရာတစ်ဦး အဖြစ် အောင်မြင် ကျော်ကြားခဲ့ပါသည်။
“ခြင်ထောင်” ၀တ္ထုတိုကလေးသည် ၃၆ နှစ်တာ ကာလကို ဖြတ်သန်းလွန် မြောက်ခဲ့ပြီ ဖြစ်သော်လည်း ချစ်ခြင်း မေတ္တာ၊ လူ့သဘာဝနှင့် ဘ၀ အမောတို့ကို သရော် ငွေ့ငွေ့ ဖြင့် ဖန်တီး ထုဆစ် ထားသည်မှာ ချစ်စရာ၊လွမ်းစရာ၊ နှစ်သက် ကျေနပ်စရာ ခံစားမှုတို့ကိုပေး နိုင်ဆဲ ဖြစ်ပါ၍ ဆရာ့အား ချစ်ခင် လွမ်းဆွတ်စွာဖြင့် ပေဖူးလွှာ အယ်ဒီတာ အဖွဲ့က ထပ်မံ ပုံနှိပ် ဖော်ပြ လိုက်ပါသည်။

ကိုယ့်အလုပ်အကိုင်၊ ကိုယ့်အိုး အိမ်၊ကိုယ့် အိမ်ထောင်နှင့် ဖြစ်လာမှတော့ ခြင်ထောင်တစ်လုံး အပို ရှိထားသင့်သည်။
သို့သော် အလုပ်အကိုင်နှင့် ဖြစ်ခဲ့သည်မှာ သုံးနှစ်ကျော်၊ မိန်းမ ရသည်မှာ နှစ်နှစ်ကျော်၊ ကလေး တစ်ယောက် အဖေ ဖြစ်ခဲ့သည်မှာ တစ်နှစ်ကျော် ရှိလာခဲ့ သည့်တိုင် မောင်စိုးမိုးမှာ ခြင်ထောင် တစ်လုံး အပိုဆောင်၍ မထားနိုင်သေးပေ။ ဤသို့ ပြောသောကြောင့် လူကြား ကောင်းအောင် ဆင်းရဲ ဟန်ဆောင်သည်ဟု ထင်ပြီး ရယ်သူတို့က ရယ်ကြပေမည်။ အဘယ် အကြောင်းတို့ကြောင့် ခြင်ထောင်တစ်လုံး အပို မထားနိုင်ကြကြောင်းကို ရှင်းလင်း ပြရပေဦးမည်။

မောင်စိုးမိုးသည် လခ အတော်အတန် ရသော အစိုးရ အမှုထမ်းတစ်ဦး ဖြစ်သည်။သို့သော် သူ့လခလေးထဲမှ သုံးပုံတစ်ပုံ ကျော်ကျော်သည် ညီဖြစ်သူ၏ တက္ကသိုလ် ကျောင်းစရိတ် ဖြစ်သွားသည်။ အလုပ်ရလျှင် မိန်းမစောစော မယူသေးဘဲ ညီဖြစ်သူအား ဘွဲ့ရသည် အထိ ကျောင်းထား ပေးပါ့မည်ဟု အလကား ပါးစပ် အငြိမ်မနေဘဲ ကတိ ပေးထားခဲ့မိသကိုး။ သို့သော် အလုပ်ထဲ ရောက်၍ တစ်နှစ် အကြာတွင် မချောစုကို လက်ထပ် ယူလိုက်ခြင်းပင် ပြောထားသော စကားတစ်ဝက်ကို ဖျက်လိုက်ရာ ကျသွားလေသည်။

ထိုချိုး ဖောက်မိသော အပြစ်ကို ကာမိစေရန် ကျောင်းစရိတ်ကို လစဉ်မှန်မှန် ပို့ပေးခြင်းအားဖြင့် ပြောစမှတ်ကြီး ဖြစ်နေမည့် ရာဇ၀င် အမည်းစက်ကို ဆေးဖြူသုတ်ရာ ရောက်သည် မဟုတ်လော။ စားကုန်ဈေးနှုန်းများ တစ်စစ ကြီးမြင့်လာသော အချိန် ကာလတွင် မောင်စိုးမိုး၏ ကျန်ရှိသော လစာသုံး ပုံနှစ်ပုံသည် မည်မျှအသုံးချွေတာသည် ဆိုစေကာမူ စားသောက်ကုန် ၀ယ်ယူရသည်နှင့်ပင် ကုန်သလောက် ဖြစ်သွားလေပြီ။ ကျန်ငွေကလေးများမှာ ဆေးပေါ့လိပ်ဖိုး၊ လက်ဖက်ရည် အချိုဖိုး၊ ၀တ္ထုစာအုပ်ဖိုး စသည့် အသေးသုံးလေးများ ဖြစ်သွားသည်။


ဘယ်ကလာ ငွေပိုပါ့မလဲ။ လက်ဖက်ရည် အချိုသောက်တာ ကိုးဟူ၍ စောဒက မတက် ကြစေလိုပါ။ မောင်စိုးမိုးသည် လက်ဖက်ရည် အချိုကလေးကိုမှ မသောက်ဘဲ ခြိုးခြံရမည် ဆိုပါလျှင် သူ၏ အင်ဂျင်နီယာ ဆိုသော ပညာကြီးကို ပြက်ရယ်ပြုရာ ကျပေလိမ့်မည်။ ထို့ကြောင့် ဦးနှောက်ကို ပူဇော်သော အားဖြင့် ရုံးသက်သာ ချောင်ချိရေး ဆိုင်မှ တစ်မတ်တန် လက်ဖက်ရည်ကို သောက်ရခြင်း ဖြစ်ပါသည်။

ပိုဆိုးသည်မှာ မြစ်ကြီး နားမြို့လို တစ်ပါး မြို့များထက် ဈေးကြီးတတ်သော ဒေသတွင် အစိုးရ အမှုထမ်း လာဖြစ်ရခြင်း ဖြစ်လေသည်။ မြစ်ကြီးနားသည် ရေလမ်း၊ ကားလမ်းအမည်ခံသာရှိပြီး တွင်တွင်ကျယ်ကျယ် အသုံး မပြုနိုင်။ တစ်ခုတည်းသော အားထားရာ မီးရထားကလည်း အချိန်မမှန်။ သည်ကြားထဲက ကြက်တစ်ပိဿာဆယ့်ခြောက်ကျပ် ဆိုသည်လည်းရော့ ခရမ်းချဉ်သီး တစ်ပိဿာ ဆယ့်ငါးကျပ် ဆိုသည်လည်း ပေးဆိုပြီး အလွယ်တကူ ၀ယ်နိုင်စွမ်း ရှိသည့် ကျောက်စိမ်း အရောင်းအ၀ယ် သမားများလို ကျောက်ခဲဖြစ်မှ ငွေဖြစ်နေ သူများနှင့် ယှဉ်ပြိုင်ဝယ်ယူ စားသောက်နေရသော အခါ မောင်စိုးမိုး၏လခလေးမှာ သူ့ ဆရာ၏ မျက်နှာကို ကြည့်၍ လှိုက်ဖိုလှိုက်ဖို ဖြစ်နေရှာတော့သည်။


ကဲ ဒီလိုဆိုတော့ မောင်စိုးမိုး၏ အိမ်၌ ရှိနေသော အိမ်ထောင်သုံး ပစ္စည်းများကို ကြည့်မည်ဆိုလျှင် ဘယ်လို နည်းနှင့်မျှ ပြည့်စုံနေပါပြီဟု ပြောနိုင်လိမ့်မည် မဟုတ်ပေ။ ဘယ်လိုလုပ် ပြည့်စုံပါမည် နည်း။ အိမ်ထောင်ကျပြီး ၀ယ် ထားသည့် ပစ္စည်းဟူ၍ မည်မည်ရရ ပြောလိုက်စရာ ဘာမှ မရှိသေး။
သမ၀ါယမ ဆိုင်ခွဲတမ်းကလည်း တစ်လ တစ်လလျှင် မွှေးဆပ်ပြာ တစ်ခဲ၊ ဆပ်ပြာခဲ တစ်တောင့်၊ ဆန်တစ်ယောက် နှစ်ပြည်၊ အပ်ချည်လုံး တစ်လုံး စသဖြင့်သာ ပြီးပြီး သွားတတ်သည်။ မိန်းမရပြီး အသင်း ၀င်သည်မှာ နှစ်နှစ်ကျော်ခဲ့လေပြီ။ မှတ်မှတ်ရရ အိမ်သုံး ပစ္စည်းဟူ၍ သံပန်းကန်ပြား တစ်ချပ်နှင့် လက်ဖက်ရည် အချို ပန်းကန် တစ်စုံရခဲ့ဖူးသည်။ အချိုပန်းကန် တစ်စုံဆို၍ မောင်စိုးမိုး တော်တော်လေး ၀မ်းမြောက်သွားသည်။ အပြင်တွင် ဈေးကြီးလွန်း၍ မောင်စိုးမိုးတို့ အိမ်တွင် ဖန်ခွက် ထူကြီးများနှင့် သောက်နေရသည်မို့ လက်ဖက်ရည် အချိုပန်းကန် ရချင်နေသည်နှင့် အတော်ပင် ဖြစ်သွားသည်။ သို့သော် ဆိုင်သွား ထုတ်တော့ သူထင်သလို ငါးလုံးတစ်စုံ မဟုတ်ဘဲ အလုံးတစ်လုံး အပြား တစ်ချပ် တစ်စုံသာ ရခဲ့လေရာ မသုံးရက်တော့၍ ကြောင်အိမ်ထဲ ထည့်ပြီး အလှကြည့်နေလိုက်ရတော့သည်။

ထို့ကြောင့် တစ်အိမ်လုံးရှိ ပစ္စည်းများသည် မိဘပိုင် ပစ္စည်းများသာ များလေသည်။ အိုး၊ခွက်၊ ပန်းကန်၊ ဇွန်း၊ ချိုင့်၊ ဓား၊ ဓာတ်ဘူး၊ ခေါင်းအုံး၊ အိပ်ရာခင်း၊ ဖျာအားလုံးသည် သားသမီးတို့၏ မွေးရာပါ အခွင့်အရေး အရ တစ်ခုပြီး တစ်ခု ယူယူ လာခဲ့ခြင်းဖြင့် တစ်အိမ်ထောင် ဖြစ်နေရသည်။ မောင်စိုးမိုး၏ အမေကလည်း သားဖြစ်သူ၏ အိမ်သို့ ရောက်လာလျှင် သူပေးလိုက်သော ပစ္စည်းများချည်း တွေ့တွေ့နေရသောကြောင့် “အင်း သုံးနှစ်အတွင်း ငါ့သား ကိုယ်ပိုင် စုမိတာကတော့ ကလေး တစ်ယောက်ပဲ မည်မည်ရ ရရှိတယ်”ဟု မောင်စိုးမိုးအား ချီးကျူးနေပေသေးသည်။

မောင်စိုးမိုး၏ အမေပြောမည်ဆိုက ပြောစရာပင်၊ ယခု လက်ရှိ အသုံးပြုနေသော မောင်စိုးမိုးတို့ အိမ်၏ တစ်လုံးတည်းသော ခြင်ထောင်ကြီးမှာ မောင်စိုးမိုး အိမ်ထောင်ကျခါစတွင် သူ့ အမေ လှမ်းပို့ထားခြင်း ဖြစ်သည်။ ထိုခြင်ထောင်ကြီး မရောက် လာခင်ကမူ ကျောင်းသားဘ၀ထဲက သုံးလာခဲ့သော တစ်ယောက် အိပ်ခြင်ထောင်လေးနှင့်သာ မောင်စိုးမိုးတို့ လင်မယား အိပ်ကြရသည်။ ရလည်းရခါစ၊ ဆောင်းရာသီလည်း ဆောင်းရာသီ ဖြစ်နေ၍ တစ်ယောက်အိပ် ခြင်ထောင်ကလေးကပင် ပိုမိုအဆင်ပြေ စေ သေးသည်။

နောက်များ မကြာမီ နွေရာသီ ရောက်လာပြီး ရာသီဥတု ပူလာသည်။ မောင်စိုးမိုး၏ ဇနီးချောလေးပါ ရာသီဥတုနှင့် ထပ်တူ ဖြစ်သွားပြီး လင်မယား ခပ်ခွာခွလေး နေကြရသည်။ ပူအိုက်သော ရာသီတွင် ယခု အသုံးပြုဆဲဖြစ်သော နှစ်ယောက်အိပ်ခြင် ထောင်ကြီးကို မောင်စိုးမိုး၏ အမေက ချုပ်၍ ပို့လိုက်ခြင်း ဖြစ်သည်။မောင်စိုးမိုး အမေတို့ မြို့သမယ၀ါယမ ဆိုင်မှ ၀ယ်ခွင့် ရစဉ်က ပိတ်ပါ တစ်ခါတည်း ၀ယ်မရခဲ့လေ၍ ခြင်ထောင်ဇာကို အိုစာ မင်းစာ သိမ်းထားရစဉ် သားဖြစ်သူ အတွက် အသုံးလိုလာပြီ ဖြစ်သောကြောင့်သာ အိမ်ရှိ မသုံးတော့ပြီ ဖြစ်သော ပိတ်ခြင်ထောင် ဟောင်းကြီးမှ ဖြုတ်ယူ၍ ရသမျှ ပိတ်တို့ကို အမိုးနှင့် အနားဆွဲ ပိတ်အဖြစ် ကြံဖန် စပ်ဟပ်၍ ချုပ်လိုက်ရခြင်း ဖြစ်ပေသည်။

ထို့ကြောင့် နဂိုကပင် ယိသလိုလို ဖြစ်နေသော အနားဆွဲ ပိတ်များသည် မောင်စိုးမိုး သားတစ်ယောက် ရလာပြီး နှစ်ယောက် အိပ်ခြင်ထောင် ဘ၀မှ အနံအလျား ထူးခြား မပြောင်းလဲဘဲ သုံးယောက် အိပ်ခြင်ထောင်ကြီးဟု ရာထူး တစ်ဆင့် တက်လာရသည့် အခါတွင် အနည်းငယ် စုတ်တတ်လာသည်။

သို့သော် အထက်က တင်ပြခဲ့သော အကြောင်း အကြောင်းတို့ကြောင့်ပင် ခြင်ထောင် အသစ်တစ်လုံး မ၀ယ်နိုင်သေးရာ မောင်စိုးမိုးတို့ အိမ်၏ တစ်လုံးတည်း သော အတုမရှိ ခြင်ထောင်ကြီး ဟူသော ဂုဏ်ကို ဆက်လက် ထိန်းသိမ်း ထားဆဲပင် ဖြစ်သည်။ သို့သော် တစ်ခု ထူးခြား သည်ကား အရင်နှစ်များကလို ဆပ်ပြာမှုန့် ဖွေးဖွေးလေးများနှင့် ပွတ်၍ အလျှော် မခံရတော့ခြင်းပင် ဖြစ်သည်။ ယခု တလော၌ ခြင်ထောင်ကြီး ညစ်ပတ်သည့် အခါများတွင် ဆင်ချေးတုံး ဆပ်ပြာခဲ မည်းမည်းကြီးများနှင့် တအား ပွတ်တိုက်ပြီး အ၀တ်ဖွပ် တုတ်ဖြင့် နာနာ အဆော် ခံနေရသည်။ အိုကြီး အိုမ ဘ၀ရောက်မှ ကုသိုလ်ကံ မကောင်းဘဲကိုး။ ဆပ်ပြာရှား သည့်ကာလမှ ဘာကြောင့် ခြင်ထောင် လာဖြစ်သေးလဲ။
ခင်ထောင် အပို မရှိခြင်းသည် ညအိပ်ဧည့်သည် လာလျှင် ပြဿနာ တစ်ခု ဖြစ်သည်။ ခြင်ထောင် ပါလာသော ဧည့်သည် ဆိုပါက တော်သေးသည်။ မြစ်ကြီးနားသည် ပူ အိုက်သောအရပ် မဟုတ်သော်လည်း ခြင်ကိုက်ခြင်း၌မူ အရည်အသွေး ညံ့လှသည် မဟုတ်။ထို့ကြောင့် ခြင်ထောင် မပါသော ဧည့်သည် ညအိပ် လာတည်းလျှင် အနီးအနား အိမ်များမှ ခြင်ထောင် ငှားရသည်။ ရင်းနှီးသော သူငယ်ချင်းများ ဖြစ်နေလျှင်ကား မောင်စိုးမိုးသည် ခေါင်းမြီးခြုံ အိပ်တော့ ကွာဟု ရယ်စရာလိုလို ပြောရင်း တကယ်ပင် ခြင်ထောင် ငှားမပေးတော့။မောင်စိုးမိုး သဘော အကျဆုံးမှာ ၀ါသနာတူ မိတ်ဆွေ သူငယ်ချင်းများ ည အိပ်လာခြင်းပင် ဖြစ်သည်။ သူတို့နှင့် ဆိုပါက တစ်ညလုံး ထိုင်၍ စာပေ၀တ္ထု အကြောင်း၊ အနုပညာ အကြောင်းများကို တတ်သလောက် ဖတ်သလောက် နှီးနှော ဖလှယ်ပွဲ လုပ်လေ့ ရှိသောကြောင့် အိပ်ချိန် မရှိတော့ပေ။ လက်ဖက်ရည်ကြမ်းအိုးနှင့် ဆေးပေါ့လိပ်သာ များများ ၀ယ်ထားရန် လိုသည်။
ထို့ကြောင့် ညအိပ် ဧည့်သည်လာ၍ ခြင်ထောင်ငှား ငှားနေရတိုင်း ခြင်ထောင်အပို တစ်လုံးတော့ ၀ယ်ချုပ်ဦးမှ ဟူသော အတွေးကို လင်မယား နှစ်ယောက်စလုံး တွေးမိကြသည်။ သို့သော် ဧည့်သည်လည်း ပြန်သွား၊ ထိုအတွေးကလည်း ပြီးပြီးမေ့မေ့။

ဇာခြင်ထောင် တစ်လုံးကို ချုပ်နိုင်ဖို့ ဆိုသည်ကလည်း သိပ်ပြီး လွယ်လှသောကိစ္စ မဟုတ်။ ကိုယ့်ပိုက်ဆံနှင့် ကိုယ်တန်ရာ တန်ဖိုး ပေးဝယ်ရသည့်တိုင် ပစ္စည်း ၀ယ်ခွင့် ပြုသည်ကိုပင် အလကား နေရင်း ကိုယ့်ထမင်း ကိုယ်စားပြီး ကျေးဇူး တင်တင်နေရလေ့ ရှိသော သမ၀ါယမ ဆိုင်ဘက်သို့ မျှော်လင့် စောင့်စား နေခဲ့ရသည်မှာလည်း ကြာခဲ့လေပြီ။ ဟိုနိုင်ငံကျော် စာရေးဆရာကြီး၏ ၀တ္ထုတော်ကြီး တစ်ပုဒ်၌ ပါသော ရည်းစားစာကို မှီငြမ်းပြုပြီး အတီတေ ရှေးကာလ ဘယ်ဘ၀က စခဲ့ ရသည်လို့ စောင့်မျှော်ချက်ကို ရေတွက်လို့ မပြနိုင်သူကတော့ မောင်စိုးမိုးရယ်ပါဟုပင် စာဖွဲ့ လိုက်ချင်တော့သည်။
အပြင် ဈေးမှာတော့ ခြင်ထောင်ချုပ် ပြီးသားများလည်း အပုံလိုက်၊ အစများ ကလည်းအထပ်လိုက်။

သို့သော် ဈေးနှုန်းကမူ ခေါင်ခိုက်နေ သောကြောင့် မ၀ယ်ချင်ကလည်း နေ၍ ရသေးသော ခြင်ထောင် တစ်လုံးအတွက် ဤမျှထိ ငွေကုန်ခံရန် မတန် သေးဟု မောင်စိုးမိုး ယူဆထားသည်။ ထိုသို့သော အကြောင်းများကြောင့် အငယ်တန်း အရာရှိလေးတစ်ဦးဖြစ်သော မောင်စိုးမိုးတွင် ခြင်ထောင် တစ်လုံး အပိုမရှိသေး။
မောင်စိုးမိုးကလည်း ထမင်းလေးနပ်မှန်အောင် စားရပြီး ၀တ္ထု စာအုပ်လေးများ ဖတ်နေရလျှင် ကျေနပ်နေပြီ။ မောင်စိုးမိုး၏ ဇနီး မချောစုကလည်း ၀မ်းတူဟူး၊ ဇီးသီးပေါင်း၊ ကြံ စသည့် သွားရေစာများကိုသာ မြုံ့နေရလျှင် တပြုံးပြုံး ဖြစ်နေပြီ။

သို့သော် ကိုယ့်အိုးကိုယ့် အိမ်နှင့် ဖြစ်လာမှတော့ အလိုက်ကမ်းဆိုး မသိသော ဧည့်သည်များ လာလျှင် အထင် မသေးရလေအောင် ခြင်ထောင် အပိုတစ်လုံးတော့ ရှိသင့်သည် ဟူသည်ကိုကား ကန့်ကွက်မဲ မရှိ ထောက်ခံမဲ ရာနှုန်းပြည့်ဖြင့် အတည်ပြု ထားကြပါသည်။ မောင်စိုးမိုး နေထိုင်သော အကွက်အတွက် သမ၀ါယမ ခွဲတမ်းကို ကိုင်သောအကွက် မှူးမှာ ဦးမြဖေ ဖြစ်သည်။ မောင်စိုးမိုးတို့ ရုံးမှ စာရေးကြီး တစ်ဦးဖြစ်၍ ခင်မင် ရင်းနှီးသူ တစ်ဦး ဖြစ်ပါသည်။ လူတိုင်းနှင့် အဆင်ပြေအောင် ပေါင်းသင်း ဆက်ဆံတတ်သူ တစ်ဦး ဖြစ်သောကြောင့် မောင်စိုးမိုးနှင့် ပြောမနာ ဆိုမနာ။ ပြီးတော့ သူတောင်းသော အကူအညီ များကို မောင်စိုးမိုး လုပ်ပေးခဲ့ရပေါင်းလည်း များလှပေပြီ။ထို့ကြောင့် ဦးမြဖေ၏ အိမ်၌ စစ်တုရင် ထိုးရင်း
“သည်တစ်ခါ ခွဲတမ်းမှာ ခြင်ထောင်ဇာ ပါရင်တော့ ကျွန်တော့်ကို ထည့်ပြီး စဉ်းစား ပါဦးဗျာ။ ဧည့်သည်လာရင် ခြင်ထောင် ပေးစရာ မရှိတော့ ရုပ်ပျက်လွန်းလို့၊ ၊အိမ်က ခြင်ထောင်လဲ စုတ်နေပြီဗျ”

“ဟာ ခင်ဗျားတို့ အင်ဂျင် နီယာတွေပဲဟာ ငွေပေါသားပဲ၊ အပြင်က ၀ယ်ဗျာ”

“အပြင်က ၀ယ်နိုင်မှတော့ ခင်ဗျားကို လာပြီး မျက်နှာငယ် ခံပြောနေပါ့ လားဗျ။ ခင်ဗျား မယုံရင် အိမ်လာကြည့်ဗျာ။ တခြား အကွက်မှူးတွေနဲ့ကို မတူဘူး။ ခင်ဗျားလို အကွက်မှူးနဲ့ ခင်ရတာ နစ်နာတယ်ဗျာ။ တစ်ခါမှ ပစ္စည်း ကောင်းကောင်းလေးတွေ မရဖူးဘူး”

“ဟဲ ဟဲ ခင်မင် ရင်းနှီးတဲ့ လူက ခွဲတမ်း မပါလည်း ကိစ္စ မရှိဘူးဗျ။ သူတစိမ်း ဆိုရင် လာ ပြီးချဲမှာ ဆိုတော့”

သူ ဘာကြောင့် အပြင်မှ ခြင်ထောင် မ၀ယ်သည်ကို မောင်စိုးမိုးက အကြောင်းစုံ ရှင်းပြလိုက်သည်။ နောက်ဆုံး ၌မူ ဦးမြဖေထံမှ
“အေးပါဗျာ၊ ခင်ဗျားက တကယ် လိုအပ်နေတဲ့ ဥစ္စာပဲ။ ဒီတစ်ခါ ခွဲတမ်းမှာ ပါလာရင် ခင်ဗျားကို ဦးစားပေးပြီး ခွဲတမ်း ချမယ်”ဟူသော ကတိစကား ကို ရလေသည်။ ထိုနေ့က မောင်စိုးမိုးသည် စစ်တုရင်ကို မသိမသာ အလျှော့ပေး၍ ထိုးလိုက်သည်။ အမြဲတမ်း ရှုံးနေကျဖြစ်သော ဦးမြဖေသည် မောင်စိုးမိုးအား မနိုင်စဖူး နှစ်ပွဲဆက် နိုင်လိုက် ၍ တော်တော် သဘောကျသွား သည်။ ပွဲပြီး၍ အိမ်ပြန်ခါနီး မောင်စိုးမိုးက
“ဦးမြဖေ၊ ခွဲတမ်းကျရင် မေ့နေဦးမယ်”ဟု သတိပေး သည် ကိုပင်
“စိတ်ချစမ်းပါ” ဟု ပြန်ဖြေလေသေး၏။၏


အိမ်ပြန်ရောက်သော အခါ မည်သည့်အကြောင်း လေးဖြစ်ဖြစ်၊ မိန်းမကို ပြော မပြရလျှင် နေမထိထိုင်မသာ ဖြစ်တတ်သော မောင်စိုးမိုး သည် မချောစုအား
“မိန်းမရေ၊ တို့တော့ ခြင်ထောင် အသစ်တစ်လုံး ရတော့မယ်ဟေ့” ဟု ကြွားမိသေးသည်။
မချောစုကမူ
“လာမယ် ကြာမယ်ဆိုတာ ကြီးထဲကများလား အစ်ကိုရယ်”ဟု ခွန်းတုံ့ ပြန်လိုက်သည်။

ခွဲတမ်းစာရွက်များ ဝေငှ နေပြီဟူသော သတင်းကို ကြားရသော အခါ ခြင်ထောင်ဇာ ရတော့မည် ဟူသော သေချာပေါက် ထင်လုံးကြီးဖြင့် ဦးမြဖေ၏ နေအိမ်သို့ မောင်စိုးမိုးတစ် ယောက်ပြုံးပြုံးကြီး ရောက်သွားခဲ့ပါသည်။ ဦးမြဖေပေးသော ခွဲတမ်းစာရွက်လေးပေါ်မှ ခြင်ထောင်စဟူသော စာလုံး လေးသည်မောင်စိုးမိုး၏ မျက်နှာကို ဆလိုက်မီးလုံး ရာထောင်စု၍ ထိုးလိုက်သကဲ့သို့ ၀င်းပ သွားစေသည်။ မောင်စိုးမိုးသည် ထိုစာရွက်ကလေးအား အမြတ်တနိုး ခေါက်ပြီး အင်္ကျီအိတ်ထဲ ယုယုယယ ထည့်လိုက်သည်။

ထိုစဉ် ဦးမြဖေ၏ အိမ်ထဲသို့ အရပ်ပုပု၊ အသားညိုညိုနှင့် ဒေါင်လွန်းဆိုသော ကချင်အမျိုးသား တစ်ဦး ၀င်လာသည်။ သူတို့ ဌာန၌ အမှုထမ်း နေသော အလုပ်သမားခေါင်း တစ်ဦးဖြစ်၍ မောင်စိုးမိုး ကောင်းကောင်း သိသူ တစ်ဦးဖြစ်သည်။ ဒေါင်လွန်းသည် ထုံးစံအတိုင်း ပျာလောင်ခတ်သော အမူအရာ၊ စူးရှရှဝဲတဲ တဲအသံဖြင့်ပင် ဦးမြဖေသို့ ပြောလိုက်သည်။

“ဆရာ ခြင်ထောင်ဇာ ကျွန်တော့်ကို ပေးပါ။ အခု အိမ်မှာ ဆရာသိတဲ့ အတိုင်း ခြင်ထောင် မရှိဘဲ အိပ်နေရတယ်။ဟိုခြင်ထောင်က ဘယ်လိုမှ ပြန်လုပ်လို့ မရတော့ဘူး”

ဦးမြဖေသည် ဘာလုပ်ရမှန်း မသိ၍ စိတ်ပျက်သော အမူ အရာဖြင့် ခေါင်းကို ကုတ်ဖွလိုက်ပြီး ညည်းညူလိုက်သည်။
“မင်းကွာ ဘာလို့ အခုမှ လာပြောရတာလဲ။ခြင်ထောင်စ သုံးစပါတာက ခွဲတမ်းချပေး လိုက်ပြီကွ။ စောစောက လာပြောပါတော့ကွာ”
ဒေါင်လွန်းသည် မျက်စိလေး ပေကလပ် ပေကလပ်နှင့် ရပ်ကြည့်နေသည်။ “ညဆို ခြင်သိပ်ကိုက်တာ ဆရာ၊ ကလေးတွေဆို ကောင်းကောင်း မအိပ်နိုင်ဘူး”ဟုသာ ပြောပြ တတ်ဟန် တူသည်။

သူ့အဖြစ်ကလည်း စိတ်မကောင်းစရာ။ လွန်ခဲ့သော ဆယ်ရက်ခန့်က အလုပ်သမား တန်းလျားရှိ သူ့အခန်းပေါ်သို့ ညောင်ပင် လဲကျ၍ အခန်းပိပြို ပျက်စီးသွားသည်။ သစ်ပင်လဲ သည်မှာ အကြောင်းမဲ့ မဟုတ်ပေ။ တန်းလျားနှင့် လွတ်သော ကိုင်းများကို ခုတ်၍ မီးဆိုက်ကြသောကြောင့် တန်းလျားပေါ် မိုးထွက်နေသော ကိုင်းများသာ ညောင်ပင်တွင် ကျန်နေခဲ့ပြီး ဟိုဘက်သည်ဘက် အလေး မညီတော့သည့် ကြားထဲညောင်ပင် ခြေရင်း အမှိုက်များ မီးပုံ၍ ရှို့လေ့ ရှိသောကြောင့် ပင်ရင်း၌ သစ်ခေါင်း ကြီးဖြစ်ကာ မဟန်နိုင်တော့ဘဲ ပြိုလဲရခြင်း ဖြစ်လေ သည်။ ထိုအချိန်က ညသန်းခေါင်ကျော်၍ သူတို့ သားအမိ သား အဖအားလုံး အိပ်မော ကျနေကြသည်။ ညောင်ပင်၏ကိုင်း ကြီးတစ်ခုသည် သွပ်မိုးကို ဖောက်၊ တန်းများကို ချိုးပြီး ဒေါင်လွန်း၏ ဇနီး ဖြစ်သူကို ပွဲချင်းပြီး အသက်ထွက်သွားစေ သည်။ ကလေးများနှင့် ဒေါင်လွန်းမှာမူ ကုသိုလ် ကံကောင်းသည် ဟုပင် ဆိုရပေမည်။ အပွန်းအပဲ့ အနည်းငယ်ရသည်မှာ တစ်ပါး ဘာမှမဖြစ်ကြ။

မိန်းမ ကွယ်လွန်သွား၍ ၀မ်းနည်းနေရသော ဒေါင်လွန်း အတွက် စိတ်မကောင်းစရာ တစ်ခုမှာ သူတို့ မိသားစု နှစ်အတော်ကြာ သုံးလာခဲ့သော ပိတ်ခြင်ထောင်ကြီးသည် ညောင်ကိုင်း ပိစဉ်က အစိတ်စိတ် အမြွှာမြွှာ စုတ်ပြဲသွားခြင်းပင် ဖြစ်ပါ၏။ ဒေါင်လွန်းအကြောင်း သိထားရသော မောင်စိုးမိုးနှင့် ဦးမြ ဖေတို့သည် ငိုင်နေမိသည်။

“ခက်တာပဲ ဒေါင်လွန်းရာ ခွဲတမ်း စာရွက်တွေက ဝေပြီးသား ဖြစ်နေတော့ ပြန်တောင်းလို့လည်း မကောင်းဘူးကွာ”
ဦးမြဖေသည် တကယ်တမ်း လိုအပ်နေသောသူ တစ်ဦးအား အကူအညီ ပေးရန် အခွင့်အရေး ရှိသည့် ကြားမှ မကူညီ လိုက်နိုင်ခြင်း အတွက် စိတ် မကောင်းဖြစ်နေဟန် ရှိသည်။

မောင်စိုးမိုးသည် ခြင်ကိုက်သောကြောင့် မအိပ်နိုင် ရှာကြသော ကလေးငယ်များ၏ ဒုက္ခကို တွေ့မြင်လိုက်မိပြီး စာနာ စိတ် ၀င်လာသည်။ တစ်ခါ တစ်ရံမှ လာသော ဧည့်သည် များထက် ဒေါင်လွန်း၏ ကလေးများသည် ခြင်ထောင် လိုအပ်နေပြီ မဟုတ်လော။ ထို့ကြောင့် သူ့အား မော်ကြည့်နေသော ဦးမြဖေအား ခွဲတမ်း စာရွက်ကို ပြန်ပေးလိုက်ရင်း
“ကဲ သူ့ကိုသာ ပေးလိုက်ဗျာ။ ကျွန်တော်ကတော့ နောက်တစ်ခါ ပါလာမှပဲ ယူတော့မယ်”
_ _ _
တစ်နေ့တွင် မောင်စိုးမိုး အလုပ်မှ မောမောပန်းပန်း ပြန်လာပြီး သူဖတ်ရန် ငှားထား သော စာအုပ်ကိုရှာသည်။ ထားသောနေရာ၌ မတွေ့ရ၍ မချောစုအား မေးရာ မီးဖိုထဲမှ ထမင်းချက်နေသော ဇနီးဖြစ် သူက
“ရီရီလာပြီး ငှားသွားတယ် အစ်ကိုရဲ့”

မောင်စိုးမိုးသည် ဒေါပွ သွားမိသည်။ သူဖတ်ချင်လွန်း၍ မရမက ငှားလာသော စာအုပ် ကို ဖတ်လက်စတစ်ဝက်တစ် ပျက်နှင့် တခြားသူတစ်ဦးက လာဆွဲသွားကြောင်း သိရသော အခါ စိတ်ကိုထိန်းချုပ် မထား နိုင်ဘဲ အော်ဟစ်လိုက်မိသည်။
“မင်းကို ငါပြောထားသား ပဲကွ။ စာအုပ်ငှားရင် ငါ လက်မှတ်ထိုးထားတဲ့ ကိုယ်ပိုင် စာအုပ်ငှားပါလို့။ အခုဟာက သူများဆီက ငှားလာရတာ၊ ပျောက်ရင် ဘယ်လို လုပ်မလဲ”

“မပျောက်စေရပါဘူး။ နက်ဖြန်ခါ သွားတောင်းပေးမယ်”

“သွားတောင်းတာကတော့ မင်းပြောမှလားကွ။ သူများ စာအုပ်ဆို မငှားပါနဲ့ ဆိုတာ ငါမင်းကို ဘယ်နှစ်ခါ ပြောရမှာလဲ။အမှတ်ကို မရှိဘူး”

“ကလေးက တစ်ဖက် ထမင်း ချက်နေတာနဲ့ ထွက်မကြည့်အားဘူး ရှင်ရေ”

“ဒါဖြင့် မင်းကို အိမ်ထောင်ရှင်မ ဆိုပြီး အိမ်မှာ ရှိနေတာ အပိုပဲပေါ့ကွ”

“တစ်ခါတည်း သူ့စာအုပ်လေး ငှားလိုက်မိတာနဲ့ ကမ္ဘာကြီး ဖျက်တဲ့ အပြစ်ကြီး ကျနေတာပဲ။ စာအုပ်ကို ဒီလောက် မြတ်နိုးနေရင် ဘာလို့ မိန်းမ ယူ ထားသေးလဲ”

အထက်အရာရှိနှင့် မပြေ မလည် ကိစ္စလေး တစ်ခု ဖြစ်လာခဲ့သောကြောင့် စိတ်ညစ်ညူး လာသော မောင်စိုးမိုးကလည်း နဂိုကမှ စိတ်က လက်တစ် ဆစ်ဆိုတော့ ဒေါသစိတ်ကို ချုပ်တည်း မရသည့် အချိန် ဇနီး ဖြစ်သူ မချောစုကလည်း တစ်နေ့လုံး ကလေးနှင့် နပမ်းလုံးရင်းက ထင်းစိုများနှင့် ထမင်းချက် နေရ၍ မျက်ရည်တရွှဲရွှဲ နှင့် ဒေါပွနေသည့် အခိုက်။ ထိပ်တိုက် လာတိုးမိကြပြီး ဘာမဟုတ်သည့် စာအုပ် ကိစ္စလေးကို အကြောင်းပြုကာ တစ်ဦးနှင့် တစ်ဦး စကား အခြေ အတင် ပြောမိကြသည်။ ပြီးတော့ လင်မယားတို့ ထုံးစံ အတိုင်း တစ်ဦးကို တစ်ဦး အပြစ်များ ရှာကြံ၍ နာနာ ကြည်းကြည်း စွဲချက်တင်ကြ သည်။ ဒေါသ ထွက်နေကြသူ များပီပီ မစဉ်းစားကြတော့ဘဲ စကားတစ်လုံး အတင်စီး မခံစတမ်း စကား စစ်ထိုးကြရာမှ နောက်ဆုံးတွင် စိတ်ဆိုးခြင်း၏ အထွတ်အထိပ်သို့ ရောက်လာကြပြီး
“ကဲ တော်ဆို တော်ကွာ။ ငါ လက်ပါမိလိမ့်မယ်”

“ရိုက်ပါ သတ္တိရှိရင် လုပ်ပေါ့၊ ယောက်ျားတန်မဲ့ လက်အားကိုးလို့”

“ကဲကွာ ကဲကွာ”

“သတ်ပါ သတ်ပါ သေအောင် သတ်စမ်းပါ။ မိန်းမဆိုတာ ရိုက်ရအောင် ယူထားတာ ပဲဟာ ဟင့်ဟင့်” ဟု မျက်ရည် ကျရခြင်းဖြင့် အဆုံး သတ်သွားလေတော့သည်။

ရန်ပွဲကြီး ပြီးသွားသော အခါ ဒေါသ မပြေသေးသော မောင်စိုးမိုးသည် မြို့တွင်းသို့ တစ်ပတ်လျှောက် သွားလိုက်သည်။ တဖြည်းဖြည်းနှင့် သွေးအေးသွားပြီး စိတ်ပြေလောက်သော အခါမှ အိမ်သို့ ပြန်လာခဲ့သည်။
သူ့ဇနီး မချောစုသည် သားရေ သေတ္တာ တစ်လုံးထဲသို့ သူနှင့် ကလေး အ၀တ်အစားများကို ဗီရိုထဲမှ ခွဲထုတ်ပြီး ထည့်နေသည်ကို တွေ့ရတော့
“ဒါက ဘာလုပ်မလို့လဲ”

မချောစုက မကျေချမ်း သေးသော အသံဖြင့်
“ကိုယ့်မိန်းမကိုမှ မသနား တတ်တဲ့ လူနဲ့ အတူ မနေချင်တော့လို့ သွားတော့မလို့”

“ဘယ်ကို သွားမှာလဲ”

“ဦးကြီးတို့ ဆီကို နက်ဖြန် ရထားနဲ့ သွားမယ်”

“မင်း သေသေချာချာ စဉ်းစားပြီးပလား”

“ပြီးပြီ”

“မပြင်နိုင်တော့ဘူးလား”

“ဗူးဆို ဖရုံမသီးဘူး”

မောင်စိုးမိုး၏ ယောက်ျား မာနကလေးကလည်း ခေါင်းထောင် ထလာပြန်သည်။
“အောင်မယ်၊ ငါက နင့်အတွက် ပြောနေတာ။ ဒီလို ဆိုလည်း ပြီးတာပဲ”

မျဉ်းပြိုင်တို့ရဲ့ ဆုံမှတ်

ငိမ့်ညောင်းသော အနောက်တိုင်း တေးသံ တိုးတိုးညင်ညင် ပျံ့လွင့်နေ၏။ အာရုံ စူးစိုက်မှုသာ မရှိပါက ဟိုးဝေးဝေးမှ တေးသံသဲ့သဲဟု ထင်စရာ ရှိလေမည်။ အခန်းကျယ်ကြီး တစ်ခုလုံးမှာ စားပွဲတွေ ပြည့်လျက်၊ စားပွဲ တစ်လုံးနှင့် တစ်လုံးက သိပ်မကွာလှ။ အရှေ့တိုင်း၊ အနောက်တိုင်း အစားအစာ အစုံ ရနိုင်သည်ဟု နာမည်ကြီးသော၊ သည်စားသောက်ဆိုင် ခန်းမကြီးထဲမှာ နိုင်ငံခြားသားတွေ အများစု လာရောက် စားသောက်တတ်ကြသည်။

“တို့ ဒီမှာ ထိုင်ကြရအောင်”

အန်ကယ်ဂျော့ခ်ျက သူ့ကိုကြည့်ရင်း ပြောသည်။ အန်ကယ်ဂျော့ခ်ျသည် အသက် ရှစ်ဆယ့်ငါးလောက် ရှိပြီ ဖြစ်သော်လည်း တောင့်တင်းခိုင်မာ ဖျတ်လတ်ဆဲဟု ထင်ရ၏။ အသက်အရွယ်နှင့် နှိုင်းယှဉ်ပါက ကျန်းမာရေး ကောင်းပြီး အသက်ခုနှစ်ဆယ် အရွယ်ဟု ထင်ရအောင် လှုပ်ရှား သွားလာနိုင်သေးသည်။ သူ့အဘိုး၏ မိတ်ဆွေ ဖြစ်သဖြင့် အန်ကယ်ဟု ခေါ်ရန် မသင့်သော်လည်း သူနှင့် စကားပြောတိုင်း၊ အန်ကယ်ကဟု ပြောလေ့ ရှိသဖြင့် သူက အန်ကယ်ဂျော့ခ်ျဟု လည်းကောင်း၊ အန်ကယ်ဟု လည်းကောင်း ခေါ်ဖြစ်တော့သည်။

“မင်း ဘာမှာချင်သေးလဲ”

မီနူးကတ်ကို ကြည့်ရင်း အန်ကယ်ဂျော့ခ်ျက မေး၏။သူတို့နှင့် ကပ်လျက် စားပွဲဝိုင်းဆီ အကြည့် ဝေ့နေရာမှ အန်ကယ် ဂျော့ခ်ျကို မျက်နှာချင်း ဆုံလိုက်သည်။
“အန်ကယ် ကြိုက်တာသာ မှာပါ ခင်ဗျာ၊ ကျွန်တော့်အတွက် ဘာမှ အထွေအထူး မလိုပါဘူး”

ခပ်ပြုံးပြုံး ပြန်ပြောလိုက်မိ၏။ သူ့အဘိုးမှာ အန်ကယ် ဂျော့ခ်ျနှင့် မတိမ်းမယိမ်း အသက် ရှိသော်လည်း အန်ကယ် ဂျော့ခ်ျလို ကျန်းမာရေး မကောင်းသဖြင့် အဘိုးကိုယ်စား သည်ညစာကို သူကလိုက်ပြီး ဧည့်ခံ ကျွေးမွေးရခြင်းပင်။ သူနိုင်ငံခြားမှာ အလုပ် သွားလုပ်စဉ်ကပင် အန်ကယ် ဂျော့ခ်ျတို့ အိမ်ကို အ၀င်အထွက် ရှိပြီး သူနှင့်က ရင်းနှီး ကျွမ်းဝင်ပြီးသား။ အန်ကယ်ဂျော့က သူ ကြိုက်သည့် အစားအစာများကို စားပွဲထိုးလေးအား မှာကြားနေစဉ်မှာ မျက်စောင်းထိုး မြင်နေရသော ကပ်လျက် စားပွဲဆီ သူက အကြည့် ရောက်နေ၏။ ဂျပန် အဘိုးကြီး အဘွားကြီး စုံတွဲကို ဧည့်ခံစကား ပြောနေသော ကောင်မလေး၏ နုမွတ် ဖြူညက်သော မျက်နှာလေးက ချစ်စရာ။ ဂျပန် ဘာသာဖြင့် ပြောဆို နေကြသဖြင့် ဘာတွေ ပြောမှန်းတော့ သူမသိ။ ဧည့်လမ်းညွှန် မိန်းကလေး ဖြစ်နိုင်သလို သူကဲ့သို့ ရင်းနှီး ကျွမ်းဝင်သော မိတ်ဆွေလည်း ဖြစ်နိုင်သည်။

“မင်း အရင်က မြစ်ကြီးနားကို ရောက်ဖူးလား”အန်ကယ်ဂျော့ခ်ျက မြစ်ကြီးနား သွားရန် သည်တစ်ခေါက် မြန်မာပြည် ရောက်လာခြင်းပင်။
“ရောက်တော့ ရောက်ဖူးပါတယ် အန်ကယ်။ ဒါပေမယ့် မနှံ့စပ်ပါဘူး။ သေသေချာချာတော့မသိပါဘူး”

မြစ်ကြီးနားနှင့် ပတ်သက်၍ သူ သေသေချာချာ မသိကြောင်း ကြိုပြီး ပြောထားလိုက်မိသည်။
“မြစ်ကြီးနား တိုက်ပွဲ အကြောင်းရော မင်း ကြားဖူးလား”

သူ ခေါင်းယမ်း ပြလိုက်မိ၏။ အန်ကယ်ဂျော့ခ်ျက ဒုတိယ ကမ္ဘာစစ်ကြီး အတွင်းက မဟာမိတ်တပ်မှာ အမှုထမ်းရင်း မြန်မာပြည် စစ်မြေပြင်မှာ ကျင်လည်ခဲ့ဖူးသူ။ သူ့အဘိုးက အိုင်စီအက်စ် ၀န်ထမ်း ဖြစ်ခဲ့ပြီး ရင်းနှီးခဲ့ကြသူတွေ။
“ငါက မြစ်ကြီးနား တိုက်ပွဲမှာ ကိုယ်တိုင် ပါခဲ့ဖူးတယ်ကွ။ မြစ်ကြီးနား တိုက်ပွဲအကြောင်း မင်းကို ပြောပြမယ်။ မင်း စိတ် ၀င်စားမလား”

“ပြောပါ အန်ကယ်၊ စိတ်ဝင်စားပါတယ်”
အန်ကယ်ဂျော့ခ်ျက လည်ချောင်းရှင်းသည်။ ပြီးတော့ စကားစ၏။

“ဒီလိုကွ မြစ်ကြီးနားက မင်းတို့ မြန်မာပြည်ရဲ့ မြောက်ပိုင်း မီးရထား လမ်းဆုံးကွ။ ရန်ကုန် မန္တလေးနဲ့ တိုက်ရိုက် ဆက်သွယ်နိုင် တဲ့ လမ်းကြောင်း။ပြီးတော့ လေယာဉ်ကွင်းကလည်း ရှိနေသေးတော့ စစ်ရေးအရ အရေးကြီးတယ်လို့ ငါတို့ရဲ့ ဗိုလ်ချုပ်-ဂျင်နရယ်စတီ တစီက ယူဆတယ်။ မြစ်ကြီးနားကိုသာ သိမ်းပိုက်နိုင်ခဲရင် ဂျပန်တွေ မြန်မာပြည် မြောက်ပိုင်းကို အခြေစိုက်ထားတာ ပြိုကွဲသွား နိုင်တယ်။ ပြီးတော့ မဟာမိတ်တွေက တရုတ်ပြည်ကို ပိုပြီးနီးနီး ကပ်ကပ် ထောက်ပံ့နိုင်မယ်ကွ။ နောက်တစ်ခုကလည်း လားရှိုးနဲ့ ဆက်ထားတဲ့ လမ်းကြောင်း ပိတ်ထားတာကို ပြန်ပြီး ဖွင့်နိုင်လာမယ်။ ဒါကြောင့် မြစ်ကြီးနားကို တိုက်ဖို့က သိပ်အရေးကြီးတယ်ကွ” အန်ကယ်ဂျော့ခ်ျ၏ မျက်နှာမှာ ဟိုးနှစ်ပေါင်း များစွာကို ပြန်ပြီးအောက်မေ့ သတိရနေသလို။

(၂)
“၁၉၄၄ မေလဆန်းမှာ အမေရိကန်စစ်သား ၁၄၀၀လောက်နဲ့ တရုတ်တပ်နှစ်တပ် ကချင်တိုင်း ရင်းသားတွေရဲ့ အကူအညီနဲ့ တောင်ကုန်းတွေ၊ တော တောင်တွေကို ခဲရာခဲဆစ် ဖြတ်ပြီးမှ မြစ်ကြီးနား ဆီကို ဦးတည်ပြီး ငါတို့ ချီတက်ခဲ့ကြတာပေါ့။ ဂျပန် တွေက ခဲရာခဲဆစ် တောတွေ၊ တောင်တွေကို ကျော်ဖြတ်ပြီး လာမယ်လို့ ဘယ်ထင် ထားပါ့မလဲကွာ။ ဒါကြောင့်ဒီကောင်တွေ အငိုက်မိ ခံလိုက်ရတာပေါ့”

“ဂျပန်တွေက ထင်မထားဘူးပေါ့”

“ဟုတ်တယ် ထင်မထားဘဲနဲ့ မေလ ၁၇ရက်နေ့မှာ ငါတို့က မြစ်ကြီးနား လေဆိပ်ကို ၀င်သိမ်းလိုက်တယ်”

“မြို့ကို ဆက်မသိမ်းဘူးလား အန်ကယ်”

“ဟာ ဘယ်နေမလဲ၊ နောက်နေ့ကျတော့ တရုတ်တပ်တွေရယ်၊ကချင်တိုင်းရင်းသားတွေရယ်၊မဟာမိတ်တပ်တွေရယ်၊အင်အား လေးထောင်လောက်နဲ့ မြစ်ကြီးနားကို သဲသဲမဲမဲ ၀င်တိုက်တော့တာပေါ့”

“ဂျပန်ဘက်က အင်အားကရော ဘယ်လောက်များလဲ အန်ကယ်”

“စပြီး တိုက်စ အချိန်မှာ ဂျပန်ဘက်က အင်အား(၇၀၀) လောက်ပဲ ရှိမယ်တဲ့ကွ။ ဒါပေမယ့် ဂျပန်တွေက ရွတ်ရွတ်ချွံချွံနဲ့ ခုခံတော့ တိုက်ပွဲက ချက်ချင်း နာရီပိုင်း အတွင်း မပြတ်တော့ဘူး။ တစ်ဖက်နဲ့ တစ်ဖက် အခြေအနေ ဆိုးသထက် ဆိုးလာပေမယ့် ဘယ်သူ့ ဘယ်သူမှ အနိုင် မတိုက်နိုင်ကြဘူး။ ဒီလိုနဲ့ တို့ဘက်ကို လေယာဉ်နဲ့ လေယာဉ်ကွင်း အရောက် စစ်ကူတွေ ထပ်ဖြည့်ပေးသလို ဂျပန်ဘက်ကိုလည်း တစ်ဘက်ကမ်းက ဂျပန် စစ်ကူတွေ တဖွဲဖွဲ ရောက်လာတော့တာပဲ။ နောက်ဆုံးဂျပန် ဘက်မှာ အင်အား သုံးထောင့် ငါးရာကျော်လောက် ရှိလာတယ်ကွ။ တို့ဘက်မှာလည်း အင်အား သုံးသောင်းကျော် အထိ ရှိလာတော့တယ်”

“ဟာ အင်အားချင်းက ဆယ်ဆနီးပါး ကွာတာပဲ”

သူ့စကားကြောင့် အန်ကယ်ဂျော့ခ်ျက ပြုံးသည်။
“ဂျပန်တွေက တကယ် သတ္တိ ကောင်းတယ်ဟေ့ အင်အား မမျှပေမယ့် ဇွဲမလျော့ဘူး။ မဟာမိတ်တွေ ကျဆုံးလိုက်တာ ဘယ်နည်းလိမ့်မလဲ။ ဒဏ်ရာရတဲ့ သူတွေကို ဒေါက်တာဆီးဂရေ့စ်နဲ့ သူနာပြု အဖွဲ့တွေ ရောက်လာပြီး ဂျပန်ကျည်ဆန်တွေ ကြားမှာ လိုက်ကောက်၊သယ်၊ ပြုစု- လုပ်ရတာ ပေါ့ကွာ”
ရက်ပိုင်းအတွင်း တိုက်ပွဲက မပြတ်တော့ဘူးပေါ့”

“ဟာ ဘယ်ရက်ပိုင်း ဟုတ်မလဲကွာ တစ်လ အတွင်းတောင် မပြတ်ဘူး။ ဇူလိုင်လကုန် လောက်ရောက်မှ မဟာမိတ်တွေက တစ်စတစ်စနဲ့ အသာရ လာခဲ့တာ”

“ဇူလိုင်အထိ တိုက်ရတုန်း ဟုတ်လား အန်ကယ်”

“ဟုတ်တယ် သြဂုတ်လ (၃) ရက်နေ့ရောက်မှ ဂျပန်တွေက ဧရာဝတီမြစ်ကို ဖြတ်ကူးပြီး ဆုတ်ပေးလိုက်တာကွ”

“တော်တော် တိုက်ယူ ရတာပဲနော်”

“အေး အဲဒီစစ်ပွဲမှာ ကျဆုံးသွားတဲ့ မဟာမိတ်ဦး ရေစာရင်းက ငါးထောင် ကျော်တယ်ကွ။ ဂျပန်ဘက်က သုံးထောင်ကျော် ကျဆုံးပြီး ခုနှစ်ရာကျော် လွတ် မြောက်သွားကြတယ်။ မြစ်ကြီးနား တစ်ဝိုက်မှာ အလောင်းတွေ ဆိုတာ မြင်မကောင်း ရှုမကောင်းပေါ့ကွာ”

“မြစ်ကြီးနားမြို့ကို ရလိုက်ပေမယ့် လူတွေအများကြီး စတေး လိုက်ရတာပေါ့နော် အန်ကယ်”

“ဒါပေါ့ကွ၊ ဒီတိုက်ပွဲမှာ ငါတို့ မဟာမိတ်တွေ အနိုင် ရလိုက်ပေမယ့် တကယ်တမ်း ချီးကျူးစရာ မဟုတ်ပါဘူး။ကိုယ့်ထက် အင်အား အလွန်နည်းတဲ့ ဂျပန်တွေရဲ့ ဇွဲနဲ့ တိုက်ရည်ခိုက်ရည် အစွမ်းသတ္တိကိုပဲ တကယ်တမ်း ချီးကျူးရမှာကွ”

အမေရိကန် လူမျိုးတစ်ဦးက ရန်သူဖြစ်သော ဂျပန်ကို ချီးကျူး စကား ဆိုလာသဖြင့်သူ အတော်အံ့သြ သွားမိသည်။ အန်ကယ် ဂျော့ခ်ျ၏ မျက်နှာကို သူ စူးစိုက်ကြည့်လိုက်မိ၏။
“ဘာလဲကွ ငါ ဒီလိုပြောလိုက်လို့ မင်းအံ့သြသွားတာလား”

သူ စကားမပြန်မိဘဲ ပြုံးနေလိုက်မိသည်။
“မိတ်ဆွေပဲ ဖြစ်ဖြစ်၊ ဆွေမျိုးသားချင်းပဲ ဖြစ်ဖြစ်၊ ညံ့တာကို ညံ့တယ်လို့ ပြောရဲရမယ်ကွ၊ ရန်သူပဲဖြစ်ဖြစ်၊ ကိုယ်နဲ့ သဘောထား မတိုက်ဆိုင်တဲ့ သူပဲဖြစ်ဖြစ်၊ တော်တာ၊ ကောင်းတာ တွေ့ရင်လည်း တော်တယ် ကောင်းတယ်ဆိုတာ ချီးကျူး ရဲရမှာပေါ့ကွ”
သူက လေးစားစွာ ခေါင်းညိတ်ပြလိုက်မိသည်။

“အိပ်စ်ကျူးခ်မီ”

မမျှော်လင့်ဘဲ ကြားလိုက်ရသော အသံကြောင့် သူရော အန်ကယ်ဂျော့ခ်ျပါ အသံလာလို့ လှည့်ကြည့်မိကြ၏။

(၃)
ကပ်လျက် စားပွဲဝိုင်းမှ ဂျပန်အဘိုးကြီး သူတို့ဝိုင်းဆီ လျှောက်လာတာ တွေ့သည်။ ဂျပန် အဘိုးကြီး နှုတ်မှ ထွက်လာသည့် အသံက တုန်ခါ လှိုက်မောနေသလို။
“အိပ်စ်ကျူးစ်မီ”

အနားရောက်တော့ ဂျပန်အဘိုးကြီးက နှုတ်မှခွင်တောင်း စကားကို ထပ်မံပြောရင်း လက်ကိုကမ်းသည်။ အန်ကယ်ဂျော့ခ်ျက ရုတ်တရက် ထရပ်လိုက်ကာ ဂျပန် အဘိုးကြီး ကမ်းပေးလိုက်သော လက်ကိုဆွဲရင်း နှုတ်ဆက်လိုက်၏။ သူလည်း ထရပ်ရင်း အဘိုးကြီး နှစ်ယောက်ကို စူးစိုက်ကြည့်နေမိသည်။

“ကျွန်တော့်နာမည် မစ္စတာ ယိုရှီတာပါ”

“ကျွန်တော့် နာမည်က မစ္စတာ ဂျော့ခ်ျစတီဗင်ဆင်ပါ”

“စောစောက ခင်ဗျားတို့ စကားဝိုင်းက စကားတွေ တစ်စွန်းတစ်စ ကြားရပါတယ်။ မြစ်ကြီးနားတိုက်ပွဲ အကြောင်းမှန်းသိလို့ စိတ်ဝင်စား နားထောင်မိပါတယ်”

“ဟုတ်ပါတယ် မြစ်ကြီးနား တိုက်ပွဲအကြောင်း ပြောပြနေ တာပါ”

မစ္စတာယိုရှီတာသည် အင်္ဂလိပ် စကားကို ကျွမ်းကျင်စွာ ပြောတတ်သော်လည်း ဂျပန် လေယူလေသိမ်းမို့ သူနားစိုက်ထောင် နေရသည်။
“ဘာဖြစ်လို့ပါလဲ ခင်ဗျာ”
ဟု အန်ကယ်ဂျော့ခ်ျက မေးလိုက်၏။

“အော် အဲဒီမြစ်ကြီးနား တိုက်ပွဲမှာတုန်းက ကျွန်တော်လည်း ပါခဲ့ပါတယ် မစ္စတာဂျော့ခ်ျ။ ခင်ဗျား နောက်ဆုံး ပြောလိုက်တဲ့ စကားကြောင့် ကျွန်တော် ခင်ဗျားကို ထပြီး နှုတ်မဆက်ဘဲ မနေနိုင်အောင် ဖြစ်သွားရတာပါ။ ဒီတိုက်ပွဲမှာ မဟာမိတ်တွေ နိုင်လိုက်တယ် ဆိုပေမယ့် ချီးကျူးစရာ မဟုတ်ဘူး။ အင်အား နည်းနည်းလေးနဲ့ သတ္တိ ပြောင်မြောက်စွာ ခုခံနိုင်ခဲ့တဲ့ ဂျပန်တွေကိုသာ ချီးကျူးရမယ်လို့ ခင်ဗျား ပြောလိုက်တာလေ။ ရန်သူဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ် ချီးကျူးစရာ ရှိရင် ချီးကျူးရတယ် ဆိုတဲ့ ခင်ဗျားရဲ့ စိတ်ကို သဘောကျ လွန်းလို့ပါ”

“ဒါ သဘောထား အမှန်ပါပဲ။ မစ္စတာ ယိုရှီတာ”

“တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ ကျွန်တော်တို့ စစ်မြေပြင်မှာ ဆုံခဲ့ကြဖူးပြီး မသေဘဲ အခုလို ပြန်တွေ့ခွင့် ရတာ ၀မ်းသာပါတယ်။ ကျွန်တော်လည်း မြစ်ကြီးနားကို အရိုးကောက်သွားဖို့ ရောက်လာတာပါပဲ”

“ကျွန်တော်လည်း မြစ်ကြီးနား သွားချင်လို့ ဒီတစ်ခေါက် ရောက်လာခဲ့တာ”

“အေးဗျာ အရင်က တိုက်ပွဲမှာ ဆုံခဲ့ရတဲ့ ရန်သူတွေ အခုတော့ စားပွဲဝိုင်း တစ်ခုထဲမှာ ဆုံနိုင်ကြတဲ့ မိတ်ဆွေတွေ ဖြစ်အောင်လို့ ကျွန်တော်တို့ ၀ိုင်းမှာ လာထိုင်စေချင်ပါတယ်ဗျာ”

မစ္စတာ ယိုရှီတာက လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်လိုက်၏။
အန်ကယ်ဂျော့ခ်ျက သူ့မျက်နှာကို လှမ်းကြည့်ရင်း
“ငါတို့ ၀ိုင်းပြောင်းပြီး စကား ပြောရအောင်ကွာ။ အင်း တစ်ချိန်တုန်းကတော့ ရန်သူတွေပေါ့။ အခုတော့ မိတ်ဆွေတွေပေါ့ကွာ”

“သိပ်ကောင်းတဲ့ အစီအစဉ်ပါပဲ အန်ကယ်။ ဟိုးတုန်းက ကျည်ဆန်တွေနဲ့ စကားပြောခဲ့ဖူးကြသူ နှစ်ဦး၊ အခုတော့ အသည်းနှလုံးတွေနဲ့ စကားပြောခွင့် ရကြတာ၊ ကျွန်တော် အရမ်းကြည်နူး မိပါတယ်”

မစ္စတာ ယိုရှိတာက သူ့စကားကို သဘောကျစွာ ပြုံးပြီး သူ့ပခုံးပေါ် လက်တင်ရင်း လှုပ်ယမ်းသည်။
ခဏလေး အတွင်းမှာ သူတို့ စားပွဲ တစ်ဝိုင်းတည်း ထိုင်လိုက် မိတော့၏။
မောင်စိန်ဝင်း (ပုတီးကုန်း)
(ပေဖူးလွှာ မဂ္ဂဇင်း၊ အောက်တိုဘာလ ၂၀၁၀)

Wednesday 13 April 2011

ရွှေမျက်နှာရဲ့ မြအသည်း (သစ္စာနီ)

သူ့ကိုတော့ စောစောထဲက မြင်သည်။ မထင်၊ မထင်၍ မခေါ်မိ၊ ထင်စရာကလည်း မြင်ရသည့်သူမှာ သာမန်သာ ဖြစ်သည်။ စန္ဒာ၏ခရမ်းရောင် အိပ်မက်ထဲက သူနှင့်ကား တပုံတခြား၊ ဂဠုန် နဂါး ။ ကြည့်လေ၊ ကန်တော်ကြီးရေကို ခြေစိမ်ကာ မြက်ခင်းပြင်ပေါ် စိမ်ပြေနပြေ ထိုင်နေသည့် လူညိုညို သွယ်သွယ် သေးသေး၊ ဘရာကြော်ထုပ်ကို ဘေးချပြီး ကမ္ဘာကျော် ကျောက်ဆစ် ပန်းပုရုပ် တခုလိုငေးငေးငူငူကြီး၊ ဒါပဲ။
********
စန္ဒာနှင့် ချိန်ထားသည်ကား ကဗျာဆရာ ကိုသင်းထုံ၊ သူ့ကဗျာလေးများ ဖတ်ရသည်မှာ ရှိုက်သံကို ပွေ့ဖက်ရသည်သို့ ရှိသည်.။မျက်ရည်ကို အနံ့ရလာသည်.။ တခါတရံ လောကကို မကျေမနပ် ကျိန်ဆဲသံလေးများ ကြားရသည်။ အဲဒါကိုက စိတ်ဆိုးနေသောနှင်းဆီ ပွင့်ဖတ်ကလေး ခြေဆောင့်နေသည်နှင့်တူသည်။ ခြောက်သွေ့ အက်ကွဲနေသော သူ့ကာရံ ကလေးများသည် ငွေရည်စိမ်ထားသော သီဝေခေါင်မြင့်သည့် တိမ်ပွင့် ကြားထဲက ယိုစီး လျှောကျ လာသလိုဖြင့် ဘွားကနဲ မြစမ်းချောင်း ထဲက ရေပွက်ကလေးများ ပလုံစီ ပေါက်ကွဲရာမှ ခုန်ထွက် မွေးဖွားလာသလို ရှိသည်.။ စန္ဒာက သူ့ကဗျာလေးများကို ဖတ်ရင်း သည်သို့ ကင်ပွန်း တပ်ခဲ့သည်။ ချစ်စရာ နှုတ်ခမ်းလေးများ၊ စန္ဒာရဲ့ ခရမ်းရောင် အိပ်မက် ပန်းတောမှာရော၊ သည် အတောင် ပေါက်နေသည့် ကဗျာလေးများချည်း ဟိုနားသည်ဝဲပျံလို့ပဲ.။နောက်တော့ စန္ဒာ ကဗျာဆရာကို မိတ်ဆက်စာရေးမိသည်။ သည်လိုနှင့် စာတံတား ခင်းမိကြသည်။ ကြာပြီ၊ ခုတော့စန္ဒာက လူုချင်းတွေ့ရန် ဗိုလ်ချုပ်ပန်းခြံသို့ ချိန်းဆိုခဲ့သည်။
-********
“ကျွန်တော် သင်းထုံ ပါ”
စန္ဒာ ထိုင်နေသော ခုံတန်းနားမှာ လာရပ်၍ သူက သူ့ကိုယ်သူ မိတ်ဆက်လာသည်။ စန္ဒာ အံ့သြမိသည်။စန္ဒာ ထင်နေတာက ကဗျာဆရာဆိုတာ အလှကြိုက်သူ ဖြစ်ရမည်။သူ့ကဗျာလေးတွေက ပိုလှသည်။ မောင်ဝင်းဗိုလ်လေး၏ ကကြိုးလို၊ သူလည်း အနည်းဆုံးမောင်ဝင်းဗိုလ်လောက်တော့ လှလိမ့်မည် ထင်ထားသည်။ ခုတော့၊ ဟင် အရုပ်ဆိုးလိုက်တာဟုတော့ မပြောနိုင်ပါ။ သို့သော် သာမန်မျှသာ ဖြစ်သည်။ ဈေးဒေါင့်မှာ၊ ပလက်ဖောင်းပေါ်မှာ လူတွေထဲက တွေ့နေကျ ရုပ်မျိုးသာ ဖြစ်သည်။ ဒါက တဒင်္ဂ မြင်စက စန္ဒာ့ကောက်ချက်ချမှု ၊ဒါပေမယ့် ကြာကြာတွေ့မိတော့ သူများနှင့် မတူတာတွေ အများကြိး၊ ဥပမာကြည့်လေ။။ သူ့မျက်လုံးတွေကကိုဒဏ်ရာအနာတရ ရထားသော လိပ်ပြာတောင်လေးနှင့် တူ၏။ ပစ္စုပန်ထက် အတိတ်ပိုဆန်သော မျက်လုံးမှိုင်းမှိုင်းတို့ ရှိသည်။ ပြီးတော့ ချိုအေးသော်လည်း ခိုင်ခံ့သည့် အသံ၊ ကြည်ကြည်သာသာဖြင့် လေးလေးဆေးဆေးပြောတတ်သော စကား။ ပြီးတော့….။
ဒါတွေက နောက်မှ မြင်လာ သိလာရသည်။ ခုတော့……..။
စောစောထဲကသာ သူ့ကို ကိုသင်းထုံမှန်း သိလျှင် စန္ဒာ လှည့်ပြန်ဖြစ်လိမ့်မည်။ ခုတော့ မျက်နှာချင်း ဆိုင်မိပြီ။ ဒီလိုဆိုတော့ သူနှင့်တွေ့ရမှာ ပျင်းစရာကြီးဟု စန္ဒာတွေးမိပြန်သည်။“ထိုင်လေ” စန္ဒာ ထိုင်နေသော ခုံတန်းရှည် ဘေးမှာ ဝင်ထိုင်၇န် စန္ဒာက ဖိတ်ခေါ်လိုက်သည်။တကယ် စကားပြောကြတော့လည်းပျင်းစရာ မကောင်းပေ၊ သူက တမင်သက်သက် စကားပြော ပညာနှင့်ဆွဲဆောင်နေခြင်း မဟုတ်ရပါဘဲနှင့် ကိုသင်းထုံကို အထင်ကြီးမိပြန်သည်။ပြောရာ၌လည်း ပရိယာယ်မပါ။ ရိုးရိုးပင်။သည်နေရာမှာ ကိုမြတ်ထွန်းအောင်နှင့် ကွာသည်။ ကိုမြတ်ထွန်းအောင်က သူ့ကို အထင်ကြီးရန် ဂရုစိုက်သည်.။ပလွှားသည်။ဟန်ဆောင်သည်။ ကွာသမှ အကွာကြီး ကွာသည်။
*********
ကိုသင်းထုံက သူ အိမ်ပြေး ကျောင်းပြေး ဘဝ အကြောင်း ပြောပြသည်။ သူ အိမ်က ပြေးစဉ်က တမြို့တရွာမှာ ထမင်း တခါပြင်ငါးမူး ဆိုင်၌ တနေ့တနပ်စား နေရကြောင်း၊ နှင်းထူ၍ ခြင်ကိုက်သော ညဝယ် လမ်းဘေး မြက်ခင်းပေါ် ကျောခင်းရင်း ပလက်ဖောင်းကို ခေါင်းအုံး အိပ်ရသည့် အကြောင်းကို ကြားရသည့်အခါ ကိုမြတ်ထွန်းအောင်က သူအမေရိကကို သွားလည်စဉ်က တည်းခိုခဲ့ရသောဟိုတယ်ကြီး ကြီးကျယ် ခမ်းနားကြောင်း၊ စားဖွယ် ဘောဇဉ်တို့ အင်မတန် ကောင်းကြောင်း ပြောဖူးသည်ကို အမှတ်ရမိသည်။ကိုသင်းထုံက သူ ရုပ်ရှင် ကြည့်စရာ ပိုက်ဆံ မရှိလျှင် ကဗျာရေးထားသောစာရွက် ကြမ်းများကို ပိဿာချိန်နှင့် ရောင်းပြီး ကြည့်ရကြောင်း ပြောသည့်အခါ တခါက ကိုမြတ်ထွန်းအောင် စန္ဒာ့ကို ရုပ်ရှင် လိုက်ကြည့်ရန် ခေါ်လေရာ ငြင်းဆန်မိ၍ စိတ်ဆိုးပြီး ငါးကျပ်တန် လက်မှတ်များကို ဆုတ်ပစ်ဖူးတာ သွားသတိရမိပြန်သည်။စန္ဒာ တထိုင်တည်းနှင့် ရင်းနှီး သွားမိသည်။ သူ့မှာ ခင်မင်စရာ၊ လေးစားစရာတွေကို တွေ့မိသည်။ကြင်နာစရာ၊ကရုဏာ သက်စရာတွေကို မြင်ရသည်။ ဒါတွေကို သူက တမင် သက်သက် အရုပ်ကြိုးဆွဲ ပြသည် မဟုတ်။ ရိုးရိုးသားသား ပြောနေသည့် သူ့စကားထဲမှ စန္ဒာက သာ ရွှေကျင်သလို ကျင်ယူခဲ့ရခြင်း ဖြစ်သည်။“ပစ္စည်းဂုဏ်၊ ရာထူးဂုဏ်၊ ပညာဂုဏ်၊ ဘယ်ဂုဏ်ပဲ ဖြစ်ဖြစ် ဂုဏ်ဆိုတာ အချစ်ရဲ့ ကြိမ်တလုံး ကြိုးတချောင်းပဲ။ သူက အချစ်ကို တိုက်ရိုက် သြဇာ ပေးနိုင်တယ်။အချစ်ရောင် တဖိတ်ဖိတ် လက်နေပါတယ်ဆိုတဲ့ အသဲပေါင်း များစွာဟာ ဒီ ဂုဏ်နဲ့ တွေ့တဲ့အခါ လမ်းဘေးက ကျောက်စရစ်ခဲ တလုံးထက် ပိုပြီး တန်ဖိုး မရှိတော့ဘူး” သူက တခါသေဖူး၍ မျက်ရည်၏ တန်ဖိုး နားလည်နေသူ ဖြစ်သည်။ သူကပြန်ညည်းပြသည်။ အတိတ် သို့မဟုတ် ရင်ထဲက ပြာပုံအကြောင်း၊ ညနေစောင်း၍ ပြန်မည်ပြုသောအခါ သူက စန္ဒာ့ကားနှင့်မလိုက်ဟူ ငြင်းသည်။ စန္ဒာ့ကား ထွက်သွားသည်အထိ ပန်းခြံဝမှာ ရပ်ငေးကြည့်ရင်း ကျန်ခဲ့သည်။
********
စန္ဒာ မကြာမကြာ သူနှင့် တွေ့သည်.။ ကန်တွေမှာ၊ ရုပ်ရှင်ရုံတွေမှာ၊စားသောက်ဆိုင်တွေမှာ။ သူ့ကို ခေါ်မရတာ တနေရာသာ ရှိသည်။ ဘုရားဖူး။ စန္ဒာက သူ့ကို ကွန်မြူနစ်ဟု စွပ်စွဲသောအခါ သူက ပြုံးသည်။ ပြီးတော့ ဒေါ်လတန်၏ အနုမြူ သီအိုရီ အပေါ်တည်ဆောက်ထားသော ရုပ်သည်သာ အခိုင်အမာ ဆိုသည့် ကားလ်မက်စ်၏ ဖီလိုဆိုဖီမှာ နှစ်ဆယ်ရာစု သိပံ အရ ခေတ်နောက်ကျနေပြီ ဖြစ်ကြောင်း ဝေဖန်ပြတော့သည်။ သူ့ကိုယ်သူ ဘာကောင်မှ ဖြစ်မည့်သူ မဟုတ်ဟု နောက်ဆုံးပြောသည်။သူနှင့်စကားပြောရသည်မှာ ကျယ်ဝန်းသည်။ဥပမာ- ရုပ်ရှင် အကြောင်း စကားစပ်မိလျှင်“ဒေါက်တာ ဇီဗားဂိုး” ဇာတ်ကားမှ မူရိုက်ဂျာရေး၏ပြောင်မြောက် အကွက်ဝင်သော ဂီတနှင့် ဒါရိုက်တာ ဒေးဗစ်လန်း၏ အနုပညာ မြောက်စွာ တင်ပြမှု၏ပေါင်းကူး သဘောတရား၊ ရုရှားမှ ချူကရိုင်၏ လေးဆယ့်တစ် ဇာတ်ကားမှ စစ်ဆန့်ကျင်ရေး မူနှင့် အိတလီမှ လူချင်းနိုး၏ရိုကိုနှင့် ညီအကိုမျာ.း ဇာတ်ကားကို လက်ဖျားခါကြောင်း ပြောပြတတ်သည်.။ဒေါက်တာဇီဗားဂိုး ကြည့်ရင်း ပျင်းသောကြောင့် ကိုမြတ်ထွန်းအောင် တဝက်တပျက်နှင့် ထပြန်လာကြောင်း ပြောသည့်အခါ ပြုံးသည်။ကိုမြတ်ထွန်းအောင် ပြောတတ်သော ရုပ်ရှင် အကြောင်းမှာ ပရက်စလေနှင့် စတယ်လာစတီးဗင်း တွဲတာ သိပ်လိုက်ကြောင်း၊ ပဲရစ်မှာလုပ်သည် ဇာတ်ကားမှာ အင်မာဂရက်သီချင်းကောင်းကြောင်းနှင့် ကလစ်ရစ်ချက် ဇာတ်ကား မကြည့်ရသည်မှာ ကြာပြီ ဖြစ်ကြောင်း စသည်ဖြင့်သာ ဖြစ်သည်.။
***********
သူနှင့် စကား ပြောပြီဆိုလျှင် တရှိန်ထိုး ပြောတတ်သည်.။ နားထောင်သူကို မကြည့်၊ ပြောချင်ရာ ပြောနေတတ်သည်.။ သူစကားဆုံးမှာ ပြုံးကြည့်၇င်း အားနာဟန်ပြသည်။ကဗျာဆိုလျှင်လည်း ကဗျာမို့။ တင်မိုး၏ ကဗျာသဒ္ဒါ အသုံး၊ ဒေါင်းနွယ်ဆွေ၏ မာန်နှင့် ရူပက အလင်္ကာများ၊ ကြည်အေး၏ စိတ္တဇအတွင်းသားနှင့် ဒဂုန်တာရာ၏ဟန် ကာရံသစ်များ၊ မောင်ပန်းမွှေး၏ အချွဲ၊ အပလီနှင့် နောင်၏ ဂီတသံတို့ကို စီကာ ပတ်ကုံးပြောပြသည်။ရှယ်လီ၏ သူပုန်ကဗျာနှင့် ရန်းဘိုး၏ ပြင်သစ် သင်္ကေတ ဝါဒ၊ ဂျာမန်မှ ဂိုသီ၏ အချစ်ကဗျာလေးများ အကြောင်းလည်းပါသည်.။ပန်းချီပြပွဲ သွားကြည့်ရင်းမှလည်း ဦးစံဝင်း၏ အလင်းအမှောင်နှင့် ရမ်းဘရန့်၏ အလင်းအမှောင်အကြောင်း၊ အောင်စိုး၏ ရှန်တိနိကေတန် လက်ရာနှင့် ပေါ်ဦးသက်၏ မော်ဒန်အတ်၊ ခင်မောင်ရင်၏ ဗိသုကာ ဆန်သော ကားများနှင့် ပီကာဆို၏ ကျူဗစ်ဇင်နည်း။စပိန်မှ ဒါလီ၏ ဆာရီရယ် လစ်ဇင်နည်းမှ ဖရု၏ စိတ္တဗေဒ အထိ ရောက်သွားသည်။သူပြောချင်ရာ ပြောပြီးလျှင် လူကို ကြည့်ကာ အားနာဟန် ပြုံးပြသည်။ တတ်နိုင်လွန်းတဲ့ သူပဲ။
***************
တနေ့က ကိုမြတ်ထွန်းအောင် အိမ်လည်လာသည်။ လာစရာ အကြောင်းကလည်းရှိသည်။ ဖယ်မလီယာကား ကြက်သွေးရောင်ကိုစီးရသည်မှာ ငြိးငွေ့၍ အနက် အသစ်တစင်း ဝယ်သည်။ သူ ဒုတိယ အတွင်းဝန်ရာထူး တိုးမြှင့် ခံရသည်။ ဒါတွေကအကာသာ ဖြစ်သည်။ အဓိကမှာ စန္ဒာ သူ့ကို လက်ထပ်ခွင့် ပြုရန် တောင်းခံခြင်း ဖြစ်သည်။ထိုနေ့က ကိုမြတ်ထွန်းအောင်က သူ ရာထူးတက်သည့် အထိမ်းအမှတ်အဖြစ်၊ သူ့ကားသစ်ကိုလည်း စီးကြည့်ရန် စန္ဒာ့ကို ရုပ်ရှင်ဖိတ်ပြသည်။ သူနှင့် စန္ဒာ လက်ထပ်ဖြစ်လျှင် ယခု ပြည်လမ်းရှိ သူ့မိဘများ တိုက်မှာ မနေ၊ အင်းယား လမ်းမှာ ခြံတခြံ ဝယ်မည်။သူ့သူငယ်ချင်းဗိသုကာ ဆရာကို ခေတ်အမှီဆုံး ပုံစံ ထုတ်ခိုင်းကာ လှပသော တိုက်အသစ်ကလေး တလုံးကို စန္ဒာ့ အတွက် ဆောက်ပေးမည် ဟုကားပေါ်မှာကိုမြတ်ထွန်းအောင်က ပြောသည်။စန္ဒာတို့ ရုပ်ရှင်ရုံမှ အလွှတ် ရုံမှ အထွက်ဝယ် ကိုသင်းထုံကို တွေ့သည်။ တွေ့သည် ဆိုရာမှာ စန္ဒာကသာ မြင်ခြင်း ဖြစ်သည်.။ကားပေါ်မှလည်း ဖြစ်၊ အတန်ငယ်လည်း လှမ်းနေ၍ စန္ဒာ နှုတ်မဆက်ဖြစ်။ လမ်းဘေးပလက်ဖောင်းရှိ ထမင်းဆိုင် တဆိုင်မှာ သူထမင်း ငုံ့စားနေသည်။ ထိုနေ့ ညစာကို စန္ဒာတို့ အင်းယားလိပ် ဟိုတယ်မှာ စားရာ ထမင်းတနပ်စာကို တစ်ရာကျော်ကျသည်။
************
စန္ဒာ ပြတ်သားရတော့သည်.။ စဉ်းစားသည် ဆိုရာ၌ ရှဥ့်လည်း လျှောက်သာ ပျားလည်း စွဲသာအောင် စဉ်းစားလို့ မရ။ တိကျရမည်။အိမ်ထောင်ပြုတယ် ဆိုတာ ကစွန်းရွက် ရောင်းတာ မဟုတ်။ ပန်းချီဆွဲတာ မဟုတ်၊ ပြုပြီးမှ ညာတာ ပါတေး ဆိုလို့လဲ မရ၊ဘွာခတ်လို့လည်း မရ။ကိုမြတ်ထွန်းအောင်ကို အကိုကြီးလို ခင်သည်။ ဒါထက် မပိုဟု စန္ဒာ ထင်သည်။ ကိုသင်းထုံကျတော့ကော၊ သူက ကျိန်စာသင့်ရွက်ဝါလေး တချက်လေ။အရောင်တင်ထားသော စံပယ်ပွင့်လေးနှင့်တော့ ကွာသည်။သိပ်ကွာသည်။ ဒီ မီးသင့်နေသော ဝတ်ဖတ်လေးကို သူသနားသည်။ ပြီးတော့ ဒီ ဝတ်ဖတ်လေးက တေးဆိုတတ်ပြန်တော့ သူချစ်သည်။ ပြီးတော့ စဉ်းစားရမည် ဆိုတော့ သူပြောသော စကားတွေက နားထဲမှာ အိမ်ဖွဲ့နေသည်။အချစ်ဆိုတာ ဘာလဲ စန္ဒာ တွေးကြည့်သည်။ ညားတိုင်း မချစ် ဟု ဆိုသည်။ဒါဖြင့် ဘာကြောင့် ချစ်တိုင်း မညားကြသနည်း။ ယင်းအကြားမှ ပျောက်ဆုံးနေသော ဆက်သွယ်မှုသည် ယခင်က စန္ဒာ့အတွက်နားမလည်နိုင်သော တက္ကဗေဒ တပုဒ် ဖြစ်သည်။ဂုဏ်ဆိုတာ အချစ်ကို တိုက်ရိုက် သြဇာပေးနိုင်တဲ့ ကြိုးတချောင်း ကြိမ်တလုံးပဲ။တဲ့ သူပြောမှပဲ နားလည်သည်။ သို့သော် ဒီစကားအတွက် ချွင်းချက်ကို သူ့အတွက် စန္ဒာက မွေးဖွားပေးလျှင်ကော။ကောင်းသည်။ စန္ဒာသည် ဖြူလျော်လျော် စန္ဒာ အဖြစ် မခံနိုင်ပါ။
*************
စန္ဒာသည် လေပွေထဲမှ အတောင်ပေါက်သော ဂွမ်းစိုင်လေးလို ပေါ့ပါးနေသည်.။ သူ့ထံ သွားသည်။ သူသည် မဂ္ဂဇင်းတိုက် တခုမှာကပ်နေသည်။ သူနှင့် လက်ထပ်ဖြစ်လျှင် အင်း….ပထမဆုံး အိမ်တအိမ် ငှားရန် လိုမည်ဟု စန္ဒာ ဘတ်စ်ကားပေါ်မှာ တွေးလာသည်။ဟုတ်သည်။။ ကနေ့စန္ဒာ သူ့အိုပယ်ကားလေးကို အိမ်မှာ တမင် ထားပစ်ခဲ့သည်။ သူ့အရည်အချင်းကို စမ်းသပ်၇မည်။ ကဗျာဆရာကတော် လုပ်မည်ဆိုတော့ စန္ဒာ သူ့အတွေးနှင့်သူ မြုံစိစိ ပြုံးမိသည်။ပြုံးရင်းက နှာခေါင်း ရှုံ့မိပြန်သည်။ ဘတ်စ်ကားကိုပထမဆုံး စီးဖူးရုံနှင့် စိတ်ပျက် သွားသည်.။ လူတိုးခံရသည့်အထဲ ချွေးစော်ကနံသေး။ လက်ကုန်သည်။တိုက်ရောက်တော့ ချောင်တချောင်မှာ သူ့ကို တွေ့သည်။ အမှိုက်ပုံ ပစ်သင့်ပြီ ဖြစ်သော သူ့တယောဟောင်းလေးကိုတကုပ်ကုပ်ပြင်နေသည်။စန္ဒာ့တွေတော့သူက ပြုံးပြသည်။ စန္ဒာက သူ့လက်က တယောကိုယူရင်းတနေရာမှာထားလိုက်သည်။ဒီတခါ မာမီ့ဆီက မုန့်ဖိုးရမှ သူ့အတွက် အီတလီ တယောက်လေး တလက်အသစ်ဝယ်ပေးလိုက်မည်ဟုစိတ်ထဲမှာ တေးထားလိုက်သည်.။သည်နေ့ သူတို့ ရုပ်ရှင်ကြည့်သည်။ အပြီး လဟာပြင်ဈေးကို မုန့်သွားစားကြသည်။သိမ်ကြီးဈေးနားက လမ်းမှာ ကိုသင်းထုံနှင့်မိန်းမကြီး တယောက် တွေ့ကာ စကားလက်ဆုံ ကျနေ၏။ စန္ဒာ ခပ်လှမ်းလှမ်းမှ ရပ်စောင့်နေ၏။ အတော် မသားနားသော မိန်းမကြီးဖြစ်သည်။ နှစ်ခါလည် သားလေးကို ခါးထစ်ခွင် ချီပြီး ခေါင်းပေါ်မှာ တောင်ကြီး တတောင်း ရွက်ထားသည်။ သူက ထိုမိန်းမကြီးကိုဘတ်စ်ကားပေါ်ရောက်သည်အထိ တင်ပေးပြီးမှ စန္ဒာ့ထံ ပြန်လာသည်။ပြီးတော့ အားနားဟန် ပြုံးပြသည်။သူ့အပြောအရ ထိုမိန်းမကြီးမှာ စာရေးဆရာ ကတော် ဖြစ်သည်။ ပြောင်းဖူးဖုတ်ရောင်း၍ မြောက်ဥက္ကလာမှာ နေသည် ဟုဆို၏။ ယခုတလော ယောက်ျားကလည်း နေမကောင်း၊ကလေးတပြုံကြီးနှင့် အတော် ကသီလင်တ နိုင်နေသည်ဟု သိရသည်။သူပြောနေသော စာရေးဆရာကို စန္ဒာ သိသည်က အတော်အသင့် နာမည် ကြီးသူ ဖြစ်သည်။စန္ဒာသောက်နေသောဖာလူဒါသည်မျိုမကျတော့၊ လည်ချောင်းမှာ တစ်နေသည်။ငှက်တို့မည်သည် လေမှာသာ ပျံ၏။ ဝဲ၏။ တေးဆို၏။ ကစား၏။ စိတ်ကူးယဉ်၏။ သို့သော် ငှက်တို့မည်သည် သစ်ပင်တို့၌သာ အုံကျင်းဖွဲ့ကုန်၏။ သိုက်မြုံဆောက်ကုန်၏။ နားခိုကုန်၏။ အိပ်စက် အပန်းဖြေကုန်၏။
စန္ဒာ တနေ့က လက်ထပ်သည်။
ကိုမြတ်ထွန်းအောင်နှင့် ဖြစ်သည်။
(စန္ဒာ မဂ္ဂဇင်း – သြဂုတ်၊ ၁၉၇၃)

အလွမ်းမပါတဲ့ ပြဇာတ် (သစ္စာနီ)

အလွမ်းမပါတဲ့ ပြဇာတ် (သစ္စာနီ)

ကိုယ်လိမ်းပေါင်ဒါကအစ
အာကာသခရီးအထိ
ကြေညာမှ လူသိတယ်
“မင်းကို ငါချစ်တယ်”
ဒီမောင်းသံကြား
ပန်းများပွင့်စေသတည်း။
ဟို … လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လောက်ကတော့
သူကလေးရဲ့ ငနဲလည်းဖြစ်ချင်
(သိပ်ကို သေသေချာချာ ဖြစ်ချင်ခဲ့တယ်)
နောက်တော့
ပဉ္စရူပ တကောင်လည်းဖြစ်ချင်
အခုတော့ …
သူတို့ပါးစပ်တွေထဲက ထွေးထုတ်လောက်အောင်
ခပ်ချဉ်ချဉ် စပျစ်သီးတလုံးသာ ဖြစ်ချင်သူ
ကိုယ့်အတွက် လက်ဖက်ရည်ခွက်အရောက်မှာ
ရုတ်တရက် မလိုင်ကုန်သွားတာမျိုး
ပလာတာဆိုင်ကညှော်
ကော်နီရယ် တော်ရုံအော်ပါ။
ခေါင်းကိုက်ပျောက်ဆေးပြားတွေနဲ့
လိင်ကိစ္စသာ မရှိခဲ့လျှင်
ဒီလောကကြီးမှာ အနေခက်မည်ပင်
စိန္တိတကထာ ကိုကြောက်ရ
မိုးပြိုမှာကိုကြောက်ရ
အကုသိုလ်ကိုကြောက်ရ
နောက်ဆုံး ကော်ဖီတခွက်ကိုတောင်ကြောက်ရ
(အမြဲသောက်ရင် ကင်ဆာဖြစ်နိုင်သတဲ့)
(ပွဲတော်ကျရင် ဖောက်မယ်)
အကြွေနည်းနည်းထည့်ထားတဲ့
စုဘူးလေးတစ်ဘူး ငါပိုင်ဖူးတယ်။
“ရှင့်ကိုမချစ်ဘူး”
ရေနွေးပူလည်းလောင်ဖူးတယ်
ထီလက်မှတ်အဟောင်းတွေ ထူထပ်
နောင်တမဲ့ပုံပြင်တွေ ထူထပ်
ဘတ်စ်ကားပေါ်မှာ
ထိုင်စရာတနေရာရဖို့
တိုက်ပွဲစပါပြီ
မိုးလင်းကမိုးချုပ်
(အကြိမ်ကြိမ် ရှုံးနိမ့်၊ အကြိမ်ကြိမ် အနိုင်ရ)
လွင့်စဉ်သွားနေပုံက
ကလေးရဲ့လက်က လွတ်ကျတဲ့ အံစာတုံးလို။
အကြောတွေ အကုန်ဆန့်ထုတ်
ကျန်းမာအောင်လုပ်ရ
သေးသေးမျှင်မျှင်(လက်သန်းလောက်)
မြက်ကလေးတပင်ကလဲ
ကမ္ဘာမြေကြီးရဲ့ ဆွဲငင်အားကိုဆန့်ကျင်
ဒါဝင်ပြောခဲ့သလိုပေါ့။
လာမယ့်တနင်္ဂနွေနေ့လို သေချာခဲ့
ဟောဒီဂစ်တာမှာ
တကြိုးဟာ လဲဖို့လိုနေ
ခင်ဗျား ဆံပင်တိုဖို့လိုနေ
ဝမ်းနှုတ်ဆေးထဲမှာ
ပျားရည်တဇွန်းပါဖို့လိုနေ
ကောင်းကင်ဟာ အရောင်ပြောင်းဖို့လိုနေ ………..
…………………………………………………….
ကြမ်းပိုးများတဲ့ အိပ်ရာပေါ်
မောင်ချောနွယ် ပျော်တာဆန်းတယ်။

Tuesday 12 April 2011

ပိုက်ဆံရတဲ့ စာရေးနည်း

မွန်းလွဲ ၂ နာရီကျော်ပြီ ဖြစ်လျှင် ကျွန်တော်သည် ကုန်သည်လမ်းရှိ စာပေဗိမာန် ရှေ့တွင် ကျွန်တော့ တက္ကစီ ကားလေးကို ရပ်နား လေ့ရှိသည်။
အကြောင်းမှာ ထိုနေရာသည် နေရိပ်သည်။ ဘ၀တူ စာပေလုပ်သားများ အ၀င်အထွက် ရှိခြင်းကြောင့် အသိများနှင့်လည်း ဖြစ်သည်။ သို့သော် ထိုစာပေလုပ်သား စာရေးဆရာတို့သည် ကျွန်တော်၏ တက္ကစီကို ငှားစီးလိမ့်မည်ဟူသော မျှော်လင့်ချက်ကိုကား မထားနိုင် ပါလေ။

ထီးထမ်း လမ်းလျှောက်ဆိုသော စကားမှာ ဤလူတန်းစားမှာ အဝေးကပင် မြင်နိုင်သော လူများဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် အ၀တ်အဆင် ခပ်နွမ်းနွမ်းများနှင့်သာ ဖြစ်တတ်သောကြောင့်ပင်။ ထီးထမ်း လမ်းလျှောက်ဆိုသော်လည်း ထီးကိုင်ဆောင်နိုင်သူမှာ ရာခိုင်နှုန်း နည်းပါးလှပါသည်။ အကယ်၍ ထီးကောင်ဆောင်လာသည်ကို တွေ့မည်ဆိုလျှင်လည်း ခေါက်မရသော ထီးကိုသာလျှင် ကိုင်ထားသည်ကို တွေ့ရမည်ဖြစ်သည်။

ထို့ကြောင့် ဤစာပေ ဗိမာန်ရှေ့တွင် ကျွန်တော်သည် ဤလူတန်းစားများက ကားငှားစီးလိမ့်မည် ဟူသော မျှော်လင့်ချက်ကိုကား ထား၍ မရပါလေ။ သို့သော် အရိပ်ခိုရသည်။ သိကျွမ်းသူများနှင့် စကားပြောရသည်။ တစ်ဖန် စာပေဗိမာန် စာအုပ်ဆိုင်တွင်းသို့ ၀င်၍ ပြသထားသော စာအုပ်များကို ခဏ တစ်ဖြုတ် ကိုင်ယူ၍ ဖတ်ရှု ခွင့်ရသည်။ (မှန်ဗီရိုထဲကဟာ တွေတော့ မရဘူးပေါ့ဗျာ) သို့သော် မျှော်လင့်စရာကား မရှိတော့မဟုတ်၊ ရှိပါ၏။ ဤအနီး ပတ်ဝန်းကျင်တွင် ရုံးကြီးများ အသီးသီးရှိကြသည်။ ဤရုံးကြီးများသို့ ကိစ္စကြီးငယ်ဖြင့် လာကြသူများ ကိစ္စပြီး၍ ပြန်ကြမည်ဖြစ်လျှင် ကားငှား၍ ပြန်တတ်ကြသည်။ (ကိစ္စ အဆင်ပြေခဲ့သူများ ဆိုပါတော့ဗျာ) တစ်ဖန်တုံလည်း ဤရုံးကြီး အသီးသီးတို့မှ ရုံးကားများ ပျက်ပြီဖြစ်လျှင် ဌာန အကြီးအကဲ အငယ်အလတ်တို့ သည် ၎င်းတို့ သွားရမည့် ခရီးကို ခြေကျင်၊ ဆိုက်ကား၊ ဘတ်စ်ကား စသည်တို့ဖြင့် သွားလာ တတ်လေ့ မရှိပါလေ။ တက္ကစီကားကိုသာ ငှားရမ်း၍ သွားလာလေ့ရှိကြသည်။ သို့ဖြစ်ခြင်းကြောင့် ဤနေရာတွင် ဤမျှော်လင့်ချက်ဖြင့်သာ နားခိုခြင်း ဖြစ်သည်။

ဤသို့ နားခိုရင်း မျှော်လင့်ချက်များနှင့် တိုက်ဆိုင်မှု မရှိခဲ့လျှင်လည်း ကိစ္စမရှိပါ။ ညနေ သုံးနာရီကျော်ပြီ ဖြစ်လျှင် ရုံးကြီး အသီးသီးမှ ၀န်ထမ်းကြီးငယ်တို့သည် မြားမြောင်လှသော အရေးကြီး ကိစ္စ အ၀၀တို့ဖြင့် ရုံးအသီးသီးမှ ကြို၍ ယို၍ ထွက်လာတတ်ကြသည်။ ထို့ကြောင့် ညနေ ၃ နာရီ ကျော် ပြီဖြစ်လျှင် ကုန်သည်လမ်း အတိုင်း ရွှေဘုံသာလမ်းထိ သွား၍ ရွှေဘုံသာ လမ်းမှ ကမ်းနားလမ်းဘက် ထွက်ကာ လွစ္စလမ်း အထိ ပြန်လာပြီး လွစ္စလမ်းမှ ကုန်သည် လမ်းဘက် ချိုးလျက် ရွှေဘုံသာလမ်းထိ ပြန်ပတ်လျှင် တစ်ပတ် နှစ်ပတ် သုံးပတ် စသည်ဖြင့် တစ်ပတ် မဟုတ် တစ်ပတ် ခရီးသည် ရတတ်လေသည်။ ဤသည်ကို ကျွန်တော်က “စစ်ဆင်ရေး စာပေဗိမာန်” ဟု အမည် ပေးထားသည်။

ဤသို့ ပတ်ရာတွင် အထူးသဖြင့် ဘားလမ်း အနီး တစ်ဝိုက်၌ ရှေ့နေ ရှေ့ရပ် ဥပဒေ အကျိုးဆောင်များ ပေါများသည်။ ထိုသူတို့မှာလည်း ခြေကျင်ခရီး၊ ဘတ်စ်ကားခရီး စသည်တို့ဖြင့် သွားလာလေ့မရှိခြင်းကြောင့် ထိုရှေ့နေ ရှေ့ရပ်များကို ထိုဘားလမ်း အနီး တစ်ဝိုက်မှ ကျွန်တော် ရတတ်ပါသည်။ သူတို့နှင့်တွေ့လျှင် ကားခ တစ်ကျပ်၊ နှစ်ကျပ်လောက်ကို ခရီးလိုက်၍ ပိုပြောလျှင်လည်း ကိစ္စမရှိ၊ ပေးသွားကြသည်သာ။ သူတို့အဖို့ ဤကိစ္စမှာ အသေးအဖွဲမျှသာ။ (သူတို့ မေးတာမြန်းတာကို ဖြေကြားပြီး သူတို့ပြောတာ ဆိုတာကို ကားမောင်းရင်း တစ်ဖက်နဲ့ နားထောင်သွားရတာကတော့ ရှိတယ်ပေါ့ဗျာ)
ထို့ကြောင့် ကျွန်တော်သည် မွန်းလွဲ ၂ နာရီကျော်ပြီ ဖြစ်လျှင် ကျွန်တော့် တက္ကစီ ကားကလေးကို စာပေဗိမာန် ရှေ့တွင် ထိုးကာ ရပ်နားခြင်းအမှုကို ပြုပြီးနောက် ညနေ ၃ နာရီကျော် လျှင် “စစ်ဆင်ရေး စာပေဗိမာန်”ကို ဆင်နွှဲလေ့ ရှိခဲ့ပါသည်။

စာပေ ဗိမာန်ရှေ့တွင် ကားရပ်ပြီးလျှင် ကျွန်တော်သည် ကားတံခါးကို သော့ခတ် ပိတ်ကာ စာပေဗိမာန် စာအုပ်ဆိုင် အတွင်းသို့ ၀င်လျက် ခင်းကျင်း ပြသထားသော စာအုပ်များကို ခေတ္တမျှ ကိုင်တွယ် ဖတ်ရှုရပါသည်။ ဤစာပေဗိမာန် စာအုပ်ဆိုင် အတွင်း၌ အဝေးကပင် မြင်နိုင်သော ဘ၀တူ စာပေလုပ်သားများကိုလည်း ကျွန်တော့် နည်းတူပင် စာအုပ်များ ကိုင်တွယ် ဖတ်ရှုနေသည်ကို တွေ့ရတတ်ပါသည်။ သူတို့သည် စာအုပ် ၀ယ်ယူသည်ကိုကား မတွေ့ရပါလေ။ သို့မ၀ယ်ယူနိုင်သည့်တိုင် ခေတ္တ ခဏကား ဖတ်ရှု နေတတ်ကြလေသည်။ ကျွန်တော် ကိုယ်တိုင်မှာလည်း သူတို့ အထဲတွင် တစ်ယောက် အပါအ၀င် ဖြစ်နေခြင်းကြောင့် သူတို့ကို တွေ့လျှင် ကျွန်တော် မသိမသာ ပြုံးမိတတ်သည်။

သို့သော် တစ်နေ့သော ညနေခင်းတွင်ကား ကျွန်တော်သည် အံ့ဖွယ်သူရဲ အဖြစ် တစ်ခုနှင့် ကြုံရဆုံရလေတော့သည်။ အခြားမဟုတ်ပါ။ စာရေးဆရာ ဝေလုခေါ် မင်းမှုထမ်းဟောင်း စစ်ပြန်ကြီး တစ်ဦးကို အ၀တ်အဆင် သစ်လွင် တောက်ပစွာနှင့် တွေ့လိုက်ရသောကြောင့် ဖြစ်လေသည်။ ပို၍ ကျွန်တော် အံ့သြနေသည်မှာ သူ့လက်တွင်း၌ စာပေ ဗိမာန်ထုတ် စာအုပ်များ တစ်ပွေ့တစ်ပိုက်ကြီး ၀ယ်ထားသည်ကို တွေ့ရခြင်း ပင်ဖြစ်သည်။

စာရေးဆရာ ဝေလုသည် တပ်မတော်မှာ ရှိစဉ်ကပင် စာတိုပေစလေးများ ရေးသားလေ့ ရှိသည်။ ဟိုမှာ ဒီမှာလည်း မကြာခဏ ပါလာတတ်သည်။ သူ့ကိုသူ၏ စစ်ရာထူး အခေါ်အဝေါ်ထက် “ဆရာ ဝေလု”ဟုဆိုလျှင် လွန်စွာသဘော တွေ့လေ့ရှိသည်။ ထို့ကြောင့်တပ်မှ အငြိမ်းစားယူရသည့် တိုင် ကိစ္စမရှိ။ မိမိတွင် ကလောင်တစ်ချောင်းပိုင်ပြီ ဖြစ်သည်ဟု ထင်မှတ်နေသူလည်း ဖြစ်သည်။ စာရေး စားမည်ပေါ့။

သို့သော် ဆရာဝေလု အငြိမ်းစား ယူသော အချိန်သည် သူသင်္ကန်း ၀တ်ကာမှ ၀ါထပ်နှစ်နှင့် ကြုံရသကဲ့သို့ စာအုပ်များ ဈေးကြီးကာ ပြည်သူတို့ မ၀ယ်နိုင်သော အခြေနှင့် ထုတ်ဝေသူ များကလည်း ထုတ်ဝေရန် လက်တွန့် ခြေတွန့် ဖြစ်နေသော အချိန်နှင့် ကြုံနေခဲ့ရသည်။ ဆရာဝေလု တစ်ယောက် မှန်းချက်နှင့် နှမ်းထွက်မကိုက် ဖြစ်ရတော့သည်။

ထို့ကြောင့် သူသည် အိမ်စရိတ်နှင့် ပင်စင် လစာမလောက် ငှလေသောအခါ သူ့အိမ်နောက်ဘက် ခြံထဲတွင် တဲတစ်လုံး ထိုး၍ ကြက်မွေးမြူရေးကို ပြုလုပ်သည်။ ကြက်စာအုပ်များကိုလည်း ဖတ်သည်။ တပ်ထဲတုန်းက အတွေ့အကြုံ အနည်းငယ်မျှ ရထားပြီးသားလည်း ဖြစ်ခြင်းကြောင့် အောင်မြင်ရမည်ဟု စိတ်ချယုံကြည်သည်။ သို့ကြက်မွေးမြူရင်းကပင် ၀ါသနာထုံရာ စာတို ပေစလေးများကိုလည်း ရေးမြဲပင် ရေးနေခဲ့သည်။

ကံဆိုးမ သွားလေရာ မိုးလိုက်လို့ ရွာဆိုဘိသို့ ဆရာဝေလု ကြက်မွေးသော အချိန်မှာပင် ကြက်စာက ခက်လာသည်။ ဆေး ၀ါးကလည်း ရှားလာသည်။ ကြက်ဆိုသည့် သတ္တ၀ါမှာ လွန်စွာ သိပ္ပံနည်းကျ နေတတ်သော သတ္တ၀ါများ ဖြစ်သည်။ အစာ ဘယ်လောက် ကျွေးသလဲ ကျွေးသလောက်သာ ဥပေးမည်။ အစာမကျွေးဘူးလား မကျွေးရင် မဥပါ။ ကြိုတင် ကာကွယ် ဆေးထိုးပါ။ မထိုးလျှင် နာမည်၊ သေမည်၊ ကြက်စာတွင် ထည့်ရမည့် ဆေးကို ထည့်ပါ၊ မထည့်လျှင် အကြောင်း သိစေ့မည်။

ထို့ကြောင့် ဆရာဝေလုကို အကြောင်း သိအောင် ကြက်များက အကြောင်းပြလိုက်သည်။ အခြားမဟုတ်၊ တစ်ပတ် အတွင်းနာပြ၊ သေပြလိုက်သည်။
လွန်ခဲ့သောနှစ် ကျွန်တော့်မွေးနေ့တွင် ရွှေတိဂုံဘုရားကြီး ပေါ်သို့တက်၍ ကျွန်တော် ပန်း၊ ဆီမီး ပူဇော်သည်။ ထိုစဉ် ဆရာ ဝေလုနှင့် တွေ့ရသည်။ စစ်အစိမ်းတက်ထရက် အပေါ် အင်္ကျီ အနွမ်း၊ ပုဆိုး အနွမ်း၊ တောတွင်းဆောင်း ဦးထုပ် အနွမ်းနှင့် ဖြစ်သည်။

“ငါ့ရှင် အကြောင်း ဘယ်သို့ ရှိသနည်း”ဟု ကျွန်တော်က မေးလေသော အခါ သူက ဖြစ်ကြောင်းရယ်မှ ကုန်စင်ပြခြင်းကြောင့် သူ့ဖြစ်စဉ်ကို ကျွန်တော် သိခဲ့ရသည်။
“စာရေးလို့ကလည်း မစွံပါဘူးဗျာ။ အတိုလေး တစ်ပုဒ်ပါဖို့ အရေးဟာ ဒုလ္လဘ တစ်မျိုး ကျနေတာပဲ။ လုံးချင်းရေးမယ် ဆိုတော့လည်း ထုတ်ဝေသူက မရှိဘူးဗျ”
သူသည် ကျွန်တော့်ရှေ့တွင် ချုသံပါအောင်ပင် ညည်း တွားနေခဲ့သည်။ ယခု ဆရာဝေလု၊ တောက်လို့၊ ပြောင်လို့ပါကလား။ ဘယ်ကဲ့သို့သော ရတနာပုံ ဆိုက်ခဲ့လေသနည်း။ မိုးကုတ်ဘက် တက်ပြီး ကျောက်များ အောင်ခဲ့သလော၊ မန်စီဘက်တက်ပြီး ရွှေများ ကျင်ခဲ့သလော။

“ဟာ...ခင်ဗျား ဘာတွေ လုပ်နေတာလဲ”
ကျွန်တော်က သူ့ကိုတွေ့၍ အံ့အား သင့်သလို သူက လည်း ကျွန်တော့်ကို တက္ကစီကား ယာဉ်မောင်း ထိုင်ခုံတွင် ထိုင်နေသည်ကို တွေ့ရခြင်းကြောင့် အံ့သြတကြီးပင် မေးလေ သည်။

“မြင်တဲ့အတိုင်းပဲဗျာ”

“ဘာလဲ...ခင်ဗျား တက္ကစီ ဆွဲနေတာလား”

“ဟုတ်တယ်လေ”

“နို့ ခင်ဗျား စာမရေးတော့ဘူးလား”

“ခင်ဗျားလိုပေါ့ဗျာ။ စာရေးပြီး ထမင်းစားလို့ ဘယ်ရပါ့မလဲ”

“အေးဗျ၊ ဒါတော့ ဟုတ်တယ်”

“လက်ထဲမှာလည်း စာအုပ်တွေ များလှချည်လား၊ ဘာလဲ ကျမ်းအကိုးအကားတွေနဲ့ ရေးတော့မလို့လား”

“ဟဲ...ဟဲ ကျွန်တော်က စာတော့ ရေးတယ်ဗျ။ ဒါပေမယ့် ပိုက်ဆံ မရတဲ့ စာမရေးတော့ဘူး။ ပိုက်ဆံရတဲ့ စာပဲ ရေးတော့တယ်”

“ဟာ တယ်ဟုတ်ပါလား။ ပိုက်ဆံရတဲ့ စာရေးနည်းလေး လုပ်စမ်းပါဦးဗျ။ ဘယ်လို ရေးရတာလဲ”

“ကဲပါ...လာပါ။ လက်ဖက်ရည် သောက်ရအောင်။ ဖြည်းဖြည်း ပြောပါ့မယ်”

သို့ဖြင့် ကျွန်တော် ကားပေါ်က ဆင်းပြီး ကားတံခါး သော့ခတ်ကာ သူရှေ့ဆောင်ရာသို့ လိုက်ခဲ့ရတော့သည်။ သူသည် တော်ရုံ လက်ဖက်ရည်ဆိုင်သို့ မ၀င်၊ ကျော်လွန်သွားပြီး ခမ်းနားစွာ ခင်းကျင်းထားသည့် ဆိုင်ကျမှ ၀င်သည်။ ပြီးသော် နက်စ် ကော်ဖီ နှစ်ခွက်နှင့် ကြက်သား ပေါက်စီ နှစ်လုံးကို မှာသည်။ အိတ်ထဲတွင် အသင့်ပါလာသော ဒူးယားကို ထုတ်ပြီး ကျွန်တော့်ကို တစ်လိပ် ကမ်းသည်။ ပြီးသော် လှပသော ဓာတ်ငွေ့ မီးခြစ်လေးဖြင့် မီးညှိပေးသည်။

ကျွန်တော်သည် ဘူဇွာဆန်နေသော သူ၏ လှုပ်ရှားမှု ဟန်ပန်ကိုကြည့်ကာ အားလည်းကျ၊ သဘောလည်း ကျနေမိသည်။ ထို့ကြောင့် ကျွန်တော်က စကားမစမိ။
သူပြောမည့် စကားကိုသာ နားထောင်ရန် အသင့်ပြင် ထားလိုက်ရသည်။ ယခုအခါ သူသည်သာလျှင် ဦးဆောင် ထိုက်သူ မဟုတ်ပါလော။

“ဘယ်နှယ့်လဲ၊ ခင်ဗျား တက္ကစီ ဆွဲနေတာ ကိုက်ရဲ့လား”

“ရရ စားစားပဲဗျာ၊ အဲ...ပြင်စရာရှိရင်တော့ အိတ်စိုက် ပြင်ပဲ”

“ခင်ဗျားဟာ ပင်ပန်းလှပါတယ်ဗျာ၊ ဒီအလုပ် မလုပ်ပါနဲ့”

“ကိုယ့်ဝမ်းနာ ကိုယ်သာသိတယ်ဗျာ။ ပြီးတော့ ကလေးတွေကလည်း ကျောင်းမပြီးကြသေးဘူးဗျ”

“စာကော ရေးဖြစ်သေးလား”

“ယခု တလောတော့ မရေးနိုင်ပါဘူးဗျာ။ နေ့ခင်း ကားမောင်းပြီး ညအိမ်ပြန်ရောက်တော့လည်း စားပြီးတာနဲ့ တုံးခနဲ အိပ်ပျော်သွားတာ မိုးလင်းမှ နိုးတော့တာပဲ။ ခင်ဗျားရော စာရေးနေသေးလား”

“ပြောခဲ့ပြီကောဗျ။ စာတော့ ရေးတယ်။ ဒါပေမယ့် ပိုက်ဆံရတဲ့ စာမှ ရေးတယ်လို့ ဟဲ...ဟဲ”

“အဲ့ဒီပဟေဠိကို ကျွန်တော်က သိချင်တာဗျ။ လုပ်စမ်း ပါဦး။ ခင်ဗျား စာရေးနည်းကို”

“ကဲပါလေ၊ ခင်ဗျား သိချင်ရင် ကျွန်တော့် အိမ်ကို လိုက်ကြည့်၊ အိမ်ကျတော့ ပြမယ် ဟုတ်လား၊ ခင်ဗျား တက္ကစီခလည်း ပိုပေးလိုက်ပါမယ်”

ကျွန်တော်တို့ ကြက်သားပေါက်စီတစ်လုံးစီနှင့် နက်စ် ကော်ဖီ တစ်ခွက်စီ စားသောက်ကြပြီး သူ့အိမ်ရှိရာသို့ ကျွန်တော် လိုက်ပို့ရသည်။ လမ်းတွင်သူသည် ပိုက်ဆံရသော သူ့စာရေး နည်းအကြောင်းကို မပြော၊ ယခင် တပ်ထဲတွင် နေခဲ့ကြစဉ်က အကြောင်း ရှေးဟောင်းနှောင်းဖြစ်များကိုသာ ရယ်မောပြောဆို လာခဲ့သည်။ သို့ သူ့စာရေးနည်းအကြောင်းကို သူက မပြော လေသောအခါ ကျွန်တော်အမျိုးမျိုး အတွေးစုံလာခဲ့သည်။ ရှဲဒိုး စာရေးဆရာလော၊ ရုပ်ပြ သမားလော၊ အညှစ်အသတ်နှင့် အပစ်အခတ် သမားလော၊ အင်းလျားလိတ် ကရ၀ိက်နှင့် တိုယိုတာ ကရိုလာသမား လောလော ပေါင်းစုံလာခဲ့ရသည်။
သို့ဖြင့် သူ့အိမ်ရှေ့သို့ရောက်၍ ကားရပ်ပြီး သူ့အိမ်ပေါ် တက်သောအခါ ကျွန်တော်ပို၍ အံ့သြသွားခဲ့ရ ပြန်သည်။ သူ့အိမ်တွင် ချိတ်ဆွဲထားသော ဆိုင်းဘုတ်ကို တွေ့လိုက်ရသော ကြောင့်ပင်။
ဆရာဝေလု
နက္ခတ္တဗေဒပညာရှိ

“ခင်ဗျားဗေဒင်ဟောနေတာ တော်တော်ကြာပြီလား”
ကျွန်တော် ဆိုင်းဘုတ်ကိုဖတ်ပြီး သူ့ကိုမေးလိုက်ရသည်။

“ကျွန်တော် မဟောပါဘူး။ ကျွန်တော်က ဟောစာတမ်းသာ ရေးတာပါ”

“နို့ ဘယ်သူက ဟောတာလဲဗျ”

“တွေ့ရမယ်လေ”

ကျွန်တော်တို့ အိမ်ပေါ်ရောက်သောအခါ အတွင်းဘက် အခန်းထဲမှ လူတစ်ယောက်ထွက်လာပြီး လက်ထဲမှ စာရွက် များကို အိမ်ရှေ့ရှိ စားပွဲပေါ်တွင် တင်သည်။ ဆရာဝေလုက ကျွန်တော့်ကို ထိုင်ဖို့ နေရာပေးပြီး ထိုသူ့ကို မေးလိုက်သည်။
“ဆရာ ဒီနေ့ ဘယ်နှယောက်ပြီးသလဲ”

“ဆယ်ယောက်”

“မော်လမြိုင်ဘက်ကဟာ ပါရဲ့လား ဆရာ။ အဲဒါက နည်းနည်း ကြာသွားပြီ”

“ ပါပါတယ်လေ”

“ကောင်းပြီလေ။ ဒါဖြင့် ဆရာပြန်တော့မလား”

ဆရာဝေလုက ပြောပြောဆိုဆိုဖြင့် အိတ်ထဲမှ ဆယ်တန် အချို့ကို ထုတ်ပေးသည်။ ထိုသူက ခေါင်းညိတ်ပြကာ ပိုက်ဆံများ ယူလျက် အိမ်ပေါ်က ဆင်းသည်။ ထိုသူ့ကို ကျွန်တော် အကဲခတ်ကြည့်ရာ မန္တလေးတွင် ကျွန်တော်မြင်ဖူး သော ကသည်းရပ်မှ လူများနှင့်တူသည်ဟု ထင်သည်။ ကျွန်တော်က ဘာမှ နားမလည်ဟန်ဖြင့် ဆရာဝေလုကို ကြည့် နေသည်။ ဆရာဝေလုက အိမ်ပေါ်မှ ဆင်းသွားသူကို မေးထိုး ပြပြီး
“သူက ဗေဒင်ဆရာလေ။ ပုဏ္ဏားလူမျိုးပဲ”

“ကျွန်တော် နားလည်အောင် ရှင်းပြပါဦးဗျာ”

“ဒီလိုဗျာ”

ပြီးခဲ့သောနှစ် ကျွန်တော့် မွေးနေ့တွင် ရွှေတိဂုံဘုရားကြီး ပေါ်၌ ဆရာ ဝေလုနှင့် ကျွန်တော် တွေ့ရသောအချိန်သည် ဆရာ ဝေလု အဖို့ ဗေဒင်စကားနှင့်ဆိုသော် ခွေးဖင် သက်ရောက်ကိန်း ဆိုက်နေသော အချိန်ပင်ဖြစ်လေသည်။ တပ်မှရသော လုပ်သက်ဆုငွေ ကလေးဖြင့် ကြက်မွေးမြူရေးလုပ်ခဲ့ရာ ပြုတ်ပြုတ် ပြုန်းခဲ့သောအခါ ဟိုဟာမလုပ်တတ်၊ ဒီဟာ မလုပ်တတ်ဖြင့် ယောင်ချာ လိုက်နေခဲ့ရသည်။ မိမိကိုယ်မိမိ ကလောင် တစ်ချောင်း ပိုင်သည်ဟု အထင်ကြီးခဲ့သည်မှာလည်း တက်တက်စင် အောင်ပင် လွဲခဲ့ရသည်။ သို့ဖြင့် စိတ်ညစ်သည်နှင့် ဘုရားပေါ် တက်ကာ ဘုရားရှိခိုး အမျိုးမျိုးဖြင့် စိတ်ကို ဖြေသိမ့်နေရသည်။

လူတို့ ဘုရားပေါ် တက်ကြသည် ဆိုခြင်းမှာ သဒ္ဓါနှင့် ဘယာ တစ်ခုခုကြောင့်သာ တက်ကြခြင်း ဖြစ်သည်။ သို့သော် ကြည်ညို သဒ္ဓါတရားဖြင့် တက်သူထက်၊ လက်ရှိစားဝတ်နေရေးနှင့် ရာထူး ကိစ္စစသည့် ဘေးဘယာ ကိစ္စများကြောင့်သာ တက်သူက များနေတတ်လေသည်။ သူတို့သည် ထိုကဲ့သို့ စားဝတ်နေရေးနှင့် ဘေးဘယာ ကိစ္စများ ဖြစ်ပေါ်လာသောအခါ ဘုရားကို ဖက်ရုံနှင့် ကျေနပ်တတ်သည် မဟုတ်၊ ဓာတ်ရိုက်၊ ဓာတ်ဆင်၊ ယတြာ ဗေဒင် ဆရာများ ဆီသို့လည်း သွားတတ်ကြသည်။ အမှန်ကိုဆိုရသော် ထိုဓာတ်ရိုက် ဓာတ်ဆင် ယတြာ ဗေဒင်ဆရာများဆီသို့ အရင် သွားပြီးမှသာ ထိုဆရာများ၏ ဓာတ်ရိုက် ဓာတ်ဆင် ညွှန်ကြား ချက်အရ ဘုရားပေါ်သို့ တက်ပြီး ဓာတ်ရိုက် ဓာတ်ဆင် အမှုကို ပြုကြခြင်း ဖြစ်သည်။ ထို့ကြောင့် ဗေဒဒင်ဆရာက အရင် ဘုရားကား နောက်ဖြစ်လေသည်။

ယခုအခါ လူတို့သည် ဗေဒင်ယတြာ အမှုကို ဘယ်မျှ ပြုကြသနည်းဆိုသော် ယခင်က မရှိဖူး၊ မတွေ့ဖူးသော နေရာမျိုးတွင် ဗေဒင်ဆရာများကို ဟိုမှာ၊ ဒီမှာ၊ အချို့နေရာများတွင် ၂၅ ပေတွင် တစ်ယောက်နှုန်းဖြင့်ပင် ရှိနေတတ်ကြသည်။ ရန်ကုန်နှင့် နယ်ဘုရားပွဲ အသီးသီးတို့တွင်လည်း ဗေဒင်ဆရာများကို ကျူထရံကာ အခန်းများနှင့် တစ်တန်းကြီး တွေ့နေရလေပြီ။

ဘုရားပွဲဈေးတန်း ဆိုသည်မှာ အခွန်အခနှင့်သာ ငှားရမ်း တည်ခင်းရသည့် နေရာမျိုး ဖြစ်သည်။ ဗေဒင်မေးမည့်သူ မရှိလျှင် ထိုဗေဒင်ဆရာတို့ ရှုံးကြပေတော့မည်။ သို့သော် ဗေဒင် ဆရာတို့ကလည်း သူတို့ ရှုံးမည့် ကိစ္စကို ဘယ်သူက အမိုက်ခံ၍ လုပ်ကြလေမည်နည်း။ သို့ဖြစ်လျှင် လူတို့သည် ပျော်ပွဲရွှင်ပွဲ၊ ဘုရားပွဲသို့ သွား ရောက်ကြသည့်တိုင် ကြည့်ချင်ပွဲ၊ ရုံပွဲ၊ ဆပ်ကပ်၊ မျက်လှည့် စသည်များကို ပျော်ပျော်ပါးပါး လွတ်လွတ်လပ်လပ်ကြည့်ရှု ကြသော အချိန်မှာပင်လျှင် မိမိတို့၏ စီးပွားရေး၊ ဘယာရေး၊ နောင်ရေးတို့ အတွက် တစ်ဖက်ကလည်း ဓာတ်ရိုက် ဓာတ်ဆင် ယတြာနှင့် ဗေဒင် မေးနေကြလေသည် တကား။

ဆရာဝေလုမှာလည်း လူတိုင်းထဲက လူပင်ဖြစ်ခြင်းကြောင့် သူ၏ စီးပွားရေး အခြေအနေကို ပြေလည်စေရန် အတွက် ဗေဒင် ဆရာများထံ ချဉ်းကပ် မေးမြန်းရသည်သာ ဖြစ်သည်။ သို့သော် ကြေးကြီးသော ဆရာကြီးများထံသို့ကား မသွားနိုင်ပါလေ။ နှစ်ကျပ် တစ်မတ်၊ သုံးကျပ် တစ်မတ်စသော ဈေးပေါသည့် လမ်းဘေး ဗေဒင် ဆရာကလေးများထံသို့သာ ချဉ်းကပ် မေးမြန်းနိုင်လေသည်။

သို့ မေးမြန်းဖန်များလတ်သော် ဆရာဝေလု၏ ဦးနှောက် ထဲတွင် အသိဥာဏ်တစ်ချက် ၀င်းခနဲ လက်ခဲ့သည်။ အခြား မဟုတ်။ ရန်ကုန်မြို့လယ်ခေါင် ပန်းခြံကြီးဘေးတွင် ဗေဒင် ဆရာတို့ ၂၅ ပေလျှင် တစ်ယောက်နှုန်းမျှစီ နေကြသည်။ အနည်းဆုံး တစ်နေ့ လုပ်ခကြေးငွေ သို့မဟုတ် အိမ်စရိတ်မျှ မရရှိဘဲ မည်သူသည် အလကား လာထိုင်နေနိုင်ပါမည်နည်း။

ထိုနည်းတူစွာပင် ဘုရားပွဲ အသီးသီးတွင်လည်း ဗေဒင် ဆရာများမှာ ဈေးတန်းကြီးသဖွယ် အခန်းများတန်းလျက် သီးခြားပေးထားရသည်။ ဘယ်ဗေဒင်ဆရာသည်အရှုံးခံလျက် ဤပွဲဈေးတန်းတွင် လာ၍ ငှားရမ်းဟောပြောပါမည်နည်း။
တွက်ခြေကိုက်လို့သာပေါ့။ တွက်ခြေမကိုက်လျှင် ဤ အလုပ်ကို မည်သူက လုပ်နိုင်မည်နည်း။

သို့ဖြစ်လျှင် ဤအလုပ်ကို ငါလုပ်လျှင်ကော မဖြစ်နိုင် ဘူးလား။ သို့သော် ခက်သည်မှာ မိမိတွင် ဗေဒင်ပညာ ဆို၍ စန်းလည်း မသိ၊ လဂ်လည်း မသိ။ ယုတ်စွအဆုံး မဟာဘုတ် တိုင်နှင့် သက်ရောက်ဂြိုလ်စားမျှပင် နားလည်သူမဟုတ်။ သို့သော် လူကြံလျှင် ရနိုင်မည်ပေါ့။
သို့ဖြင့် သူသည် ပန်းခြံကြီးဘေးရှိ ပုဏ္ဏားဗေဒင်ဆရာ တစ်ယောက်ထံ သွားသည်။

“ဆရာ တစ်ခါမေး ဘယ်လောက်လဲ”

“နှစ်ကျပ် တစ်မတ်ပါ”

“ဟောစာတမ်း သဘောမျိုး ရေးပေးရရင်ကော”

“ဒါဆိုရင်တော့ ငါးကျပ်လောက်မှ ရမယ်”

“ဆရာ ဒီနေ့တစ်နေ့ကို လူဘယ်နှယောက်လောက် ဟောရလဲ”

“ဆယ်ယောက်လောက်ပေါ့”

“ကောင်းပြီ။ ဒီလိုဆိုရင် ဆရာ ကျွန်တော်နဲ့ အလုပ် လုပ်မလား။ ဒီမှာက လမ်းဘေးမှာ သိက္ခာ မရှိပါဘူး။ ကျွန်တော့် အိမ်မှာ လာလုပ်ပါ။ ဟောစာတမ်း ရေးပေးပါ။ ဆရာရေးပေး သလောက် ကျွန်တော် ငါးကျပ်နှုန်းနဲ့ ချေမယ်။ ဘယ်နှယ့်လဲ”

သို့ဖြင့် ဆရာဝေလုသည် ဗေဒင်ဆရာ ပုဏ္ဏားနှင့် အလုပ် တည့်သွားလေတော့သည်။ အလုပ် တည့်သည်နှင့် သူသည် သူ၏ဇနီး လက်ကောက် တစ်ဖက်ကို အပေါင်ဆိုင်သို့ ပို့ခိုင်း လိုက်သည်။ ရသောငွေဖြင့် သတင်းစာများတွင် ကြော်ငြာ ထည့်လိုက်သည်။
သင့်မှာ ဘာအခက်အခဲများ ရှိနေပါသလဲ။
မြန်မာ့ရိုးရာ ရှေးနက္ခတ္တဗေဒပညာဖြင့် ဖြေရှင်းပါ။
မွေးနှစ်၊ လ၊ ရက်၊ နေ့၊ အချိန်တို့ကို ရေးပို့လိုက်ပါ။
ဟောစာတမ်း တစ်စောင်ကျပ် ၁၀၊ ကျပ် ၂၀၊ ကျပ် ၃၀၊ ကျပ် ၄၀၊ ကျပ် ၅၀ ဖြင့် ပေးပို့ပေးမည်။
ပြန်ကြား စေလိုသော ဟောစာတမ်း အမျိုးအစား လိုက်၍ ငွေကို ကြိုတင်ပေးပို့ရပါမည်။
ဆရာဝေလု နက္ခတ္တဗေဒပညာရှိ။
(လိပ်စာ)

“ဒါပဲဗျ ကျွန်တော့်အလုပ်က အနယ်နယ် အရပ်ရပ်က မေးလာတဲ့ စာတွေကို ပုဏ္ဏား ဆရာက တွက်ချက်ပေးတယ်။ အဲဒီ ဟောစာတမ်းကို ကျွန်တော်က အချောကူးပြီး ပြန်ပို့ပေးတာပဲ”

“ခင်ဗျားက ဘယ်လောက်ရသလဲ”

သူ့ကို တစ်စောင်ငါးကျပ်ပေးတယ်လေဗျာ။ ကျန်တာ ကျွန်တော် ရတာပေါ့။ တစ်ဆယ်တန်မှာရင် ငါးကျန်ကျန်တာပေါ့။ ပိုမှာရင် ပိုကျန်တာပေါ့”

“ဟာ...တယ်ဟုတ်ပါလားဗျာ။ နေပါဦး ခင်ဗျား အိမ်ရှေ့မှာ ခင်ဗျား နာမည်နဲ့ ဗေဒင် ဆိုင်းဘုတ်ချိတ်ထားတော့ လူ ကိုယ်တိုင် ကြည့်ဖို့လာတဲ့ လူတွေကျတော့ ဘယ်လိုလုပ်မလဲ”

“လူတွေ့ မဟောဘူးလေဗျာ။ ကြည့်ချင်ရင် မွေးနှစ်၊ လ၊ ရက် ရေး ပေးထားခဲ့။ နောက်နေ့ ဟောစာတမ်း လာယူ။ ဒါပဲ”

“တယ်ကောင်းတဲ့ နည်းပဲဗျာ။ ဒါနဲ့နေပါဦး။ ခင်ဗျား ကြော်ငြာခရော တော်တော် ကုန်သွားသလား။ ကြော်ငြာခရော ကျေပြီလား”

“ဆယ်ခါကျေပြီ ပေါ့ဗျာ။ စကြော်ငြာတာကတော့ ငါးရာလောက်တော့ ကုန်တယ်ဗျ။ အရင်းက ငါးရာပေါ့ဗျာ။ ဟဲ... ပထမ ကြော်ငြာခ ကျေရင် နောက်အဆက် မပြတ်အောင် တစ်ရာ ဖိုးစ၊ နှစ်ရာဖိုးစ ထည့်ပေးရတယ်ဗျ။ ဒီလုပ်ငန်းက ကြော်ငြာ ခနှမြောလို့ မရဘူး။ သူ့အသက်က ကြော်ငြာပဲ”

ဆရာဝေလုသည် တက္ကစီခ ကျသင့်ငွေထက်ပိုကာ ကျွန်တော့်အား ပေးရင်း သူ့မျက်နှာထားရော၊ လေသံကိုပါ လေးနက်စေလျက်။
“ဒီမှာ ဒီကိစ္စတော့ ထိပ်တန်း လျှို့ဝှက်နော”

“ခင်ဗျား ဟောစာတမ်းရေးတာဟာ ပိုက်ဆံရတဲ့ စာရေး နည်းဆို”

“ဒါပေါ့”

“ကျွန်တော်လည်း ပိုက်ဆံတော့လိုချင်တာပေါ့ဗျ။ ကိုယ့်နည်းနဲ့ ကိုယ်ပေါ့”

“ဟေ့လူ ခင်ဗျား မလုပ်နဲ့နော်”

“ဒါက ခင်ဗျားလည်း စာရေးဆရာပဲဗျာ”

ကျွန်တော် ပြောပြောဆိုဆိုဖြင့် ကားမောင်းထွက်လိုက်သည်။ ပြီးသော် ပြုံးလိုက်သည်။ ကျွန်တော်လည်း ပိုက်ဆံတော့ လိုချင်တဲ့သူ မဟုတ်လား။


တပ်ကြပ်မောင်ထူး 

Twitter Delicious Facebook Digg Stumbleupon Favorites More