မူလတန်းကနေ တက္ကသိုလ်အထိ အခမဲ့ ပညာရေး၊ အခမဲ့ ကျောင်းကား စီစဉ်ပေးမှုနဲ့ နှလုံးခွဲစိတ်မှု အပါအ၀င် အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှု တွေကို နိုင်ငံသားအားလုံးအတွက် လုပ်ဆောင်ပေးနေတဲ့
နိုင်ငံငယ်လေး တစ်နိုငံ ရှိတယ် ဆိုပါစို့။ ဒီလိုပြောရင် အားလုံးက ချမ်းသာတဲ့ ဥရောပ တစ်နိုင်ငံထဲကပဲ ဖြစ်မယ်လို့ တွေးလိုက်ကြမှာပါ။တကယ်တော့ ချမ်းသာတဲ့ ဥရောပတိုင်းပြည်တွေမှာ အခမဲ့ တက္ကသိုလ်ပညာရေး မလုပ်နိုင်တော့တဲ့အပြင် အစိုးရတွေက လူငယ်တွေနဲ့ သူတို့ မိသားစု တွေဆီကနေ တက္ကသိုလ်စရိတ် ကိုယ့်ဘာသာ ကျခံဖို့ ပိုတောင်းလာနေကြပါတယ်။
နောက် အမေရိကန် ပြည်ထောင်စုမှာလည်း အခမဲ့ ကောလိပ်တက်ရောက်နိုင်ခွင့်ဆိုတာ ဘယ်တုန်းကမှ လုပ်ခဲ့တာ မရှိပါဘူး။ မကြာခင်က အမေရိကန် ဆင်းရဲသားတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှု ရဖို့တောင် အပြင်းအထန်ပြောဆို ငြင်းခုံကြရပါတယ်။ အမေရိကမှာ ၀ဲလ်ဖဲယား စနစ်တွေ ဘယ်တော့မှ လုပ်မပေးဖို့ ဆုံးဖြတ်ထားတဲ့ ရီပတ်ဗလင်ကန် ပါတီကလည်း အဲဒီစနစ်ကို ပြန်တွန်းလှန်ပစ်ဖို့ ကြိုးစားနေပါတယ်။
ဒါပေမဲ့ အခုပြောမယ့် အရှေ့အာဖရိက ကျွန်းနိုင်ငံလေး ဖြစ်တဲ့ မောရေးရှ ကတော့ ချမ်းသာတဲ့ နိုင်ငံလည်း မဟုတ်သလို၊ ဘတ်ဂျက် ချွတ်ခြုံကျနေတဲ့ နိုင်ငံလည်း မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ကောင်းမွန်တဲ့ စီးပွားရေး၊ ဒီမိုကရက်တစ် နိုင်ငံရေးနဲ့ ခိုင်မာတဲ့ လူမှု့ ကာကွယ်စောင့်ရှောက်မှုစနစ် အောင်မြင်စွာ တည်ဆောက်ဖို့ အတွက် ဘတ်ဂျက်ကို အကျိုးရှိရှိ အသုံးပြုနိုင်ခဲ့ကြပါတယ်။ ဒါကြောင့် ဘတ်ဂျက် ပြဿနာ တက်နေတဲ့ အမေရိကရော အခြား ကမ္ဘာ့ တိုင်းပြည်တွေပါ မောရေးရှ ရဲ့ အတွေ့အကြုံကနေ သင်ခန်းစာ ယူစရာတွေ ရှိလာပါတယ်။ ပြီးခဲ့တဲ့ လပိုင်းက လူဦးရေ ၁.၃ သန်း ရှိတဲ့ အဲဒီ အပူပိုင်း ကျွန်းစုနိုင်ငံလေးဆီ ကျနော် အလည်သွားခဲ့ပါတယ်။ အမေရိက နဲ့ အခြားနိုင်ငံတွေမှာ အချေအတင် ဒီဘိတ် လုပ်နေရတဲ့ ပြဿနာတွေကို မောရေးရှမှာ အံဩဖွယ် ကောင်းအောင် အောင်မြင်မှု ရနေတာ မြင်တွေ့ခဲ့ရ ပါတယ်။
အိမ်ပိုင်ဆိုင်မှု ကိစ္စကိုပဲ စဉ်းစားကြည့်ပါ။ အမေရိကန် လူဦးရေ ၇၀ ရာခိုင်နှုန်း အိမ်ပိုင်ဆိုင်ရေး အတွက် အစိုးရရဲ့ တိုးချဲ့ လုပ်ဆောင်မှုကြောင့် စီးပွားရေးနဲ့ ဘဏ္ဍာရေး အကျပ်အတည်း ဖြစ်ခဲ့ရတယ်လို့ အမေရိကန် ကွန်ဆာဗေးတစ်တွေ ပြောနေစဉ်မှာပဲ၊ မောရေးရှ မှာတော့ အိမ်မြေ ဈေးကွက် ဘာပြဿနာမှ မရှိဘဲ နိုင်ငံသား ၈၇ ရာခိုင်နှုန်း အိမ်ပိုင်ဖြစ်အောင် စီစဉ်ကြ ပါတယ်။
နောက် မောရေးရှ ရဲ့ ဂျီဒီပီက တစ်နှစ် ၅ ရာခိုင်နှုန်းနဲ့ နှစ် ၃၀ နီးပါး ပုံမှန် တိုးတက်နေခဲ့ပါတယ်။ ဒါဟာ ထူးဆန်းတဲ့ အောင်မြင်မှုမျိုးပါ။ တကယ်က မောရေးရှမှာ စိန်၊ ရေနံနဲ့ အဖိုးတန်ပစ္စည်းအချို့ ရှိတယ်ဆိုပေမဲ့၊ နိုင်ငံခြားကို တင်ပို့ ရောင်းချရလောက်အောင် တူးဖော်ရမယ့် သဘာဝရင်းမြစ်တွေ မရှိပါဘူး။ အဲဒီ စိတ်ပျက်ဖွယ် အခြေအနေကို မျှော်လင့်ချက်နဲ့ အလားအလာတွေ အဖြစ် ပြောင်းပစ်နိုင်ခဲ့ပါတယ်။
၁၉၆၈ ခုနှစ် ဗြိတိန်ထံက လွတ်လပ်ရေးရပြီးချိန်မှာ မောရေးရှရဲ့ တစ်ဦးချင်းဝင်ငွေက ဒေါ်လာ ၄၀၀ အောက်မှာသာ ရှိခဲ့ပြီး၊ ကနေ့ ဒေါ်လာ ၆,၇၀၀ အထက် ရောက်လာပါတယ်။ လွန်ခဲ့တဲ့ နှစ် ၅၀ မှာ သကြားချက် လုပ်ငန်းလောက် ရှိရာကနေ နိုင်ငံခြား ခရီးသွားလုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ အဆင့်မြင့် နည်းပညာလုပ်ငန်း၊ ချည်မြှင်နဲ့ အထည်လုပ်ငန်း၊ နိုင်ငံခြားတင်ပို့တဲ့ သီးနှံ စိုက်ပျိုးရေးလုပ်ငန်းတွေ ရှိလာပါတယ်။
ခရီးစဉ်အတွင်း ကျနော်စိတ်ဝင်စားတာက ‘မောရေးရှ ပဉ္စလက်’ လို့ လူအချို့ ချီးကျူး ပြောဆိုနေကြတဲ့ဟာကို နားလည်ဖို့နဲ့ အခြား နိုင်ငံတွေ မောရေးရှကနေ သင်ယူနိုင်မယ့် အရာကို လေ့လာကြည့်ဖို့ ဖြစ်ပါတယ်။ တကယ်လည်း အမေရိကန် ပြည်ထောင်စုက နိုင်ငံရေးသမားတွေနဲ့ ဘတ်ဂျက် ပြဿနာ ငြင်းခုံနေရတဲ့ အခြားတိုင်းပြည်တွေက အစိုးရတွေအတွက် မောရေးရှ ကနေ လေ့လာသင်ယူစရာ သင်ခန်းစာတွေ အများကြီး ရှိနေပါတယ်။
ပထမ။ မေးခွန်းက အခမဲ့ ပညာရေး၊ အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ အိမ်ယာပိုင်ဆိုင်ခွင့် အများအပြား မောရေးရှ အစိုးရက သူ့လူထုကို လုပ်ဆောင်ပေးသလို ကျနော်တို့ လုပ်နိုင်မလား ဆိုတဲ့ဟာမဟုတ်။ မောရေးရှတွေ တတ်နိုင်ရင် သူတို့ထက် အဆပေါင်းများစွာ ချမ်းသာတဲ့ အမေရိကနဲ့ ဥရောပ က လုပ်နိုင်ရမှာပဲ ဖြစ်ပါတယ်။
ဒီတော့ မေးရမယ့် မေးခွန်းက လူ့အဖွဲ့အစည်းကို သူတို့ ဘယ်လို စုစည်းကြသလဲ။ လှုမှု့ သဟာဇတဖြစ်ဖို့၊ ၀ဲလ်ဖဲယား ဆောင်ရွက်ဖို့၊ စီးပွားရေး တိုးတက်မှု လုပ်ဆောင်ဖို့၊ ဆင်းရဲချမ်းသာ မညီမျှမှု လျှော့ချဖို့ မောရေးရှတွေ ဘယ်လို နည်းလမ်း နဲ့ ဆောင်ရွက်ကြသလဲဆိုတာ မေးဖို့ အဓိက ဖြစ်လာပါတယ်။
ဒုတိယ။ အခြားနိုင်ငံလေးတွေနဲ့ မတူတဲ့အချက်က မောရေးရှ က စစ်ရေး အသုံးစရိတ်ဆိုတာကို ဖြုန်းတီးမှု သက်သက်ပဲလို့ ဆုံးဖြတ်ထားတဲ့ အချက်ပါ။ ဒီအချက်က ဘာဖော်ပြသလဲဆိုရင် အမေရိကန်အစိုးရအနေနဲ့ မရှိတဲ့ ရန်သူအပေါ် သုံးစွဲလိုက်တဲ့ စစ်လက်နက် ငွေကြေးတိုင်းကို ပညာရေး ကျန်းမာရေး မတတ်နိုင်ရှာသူတွေ အတွက် အသုံးပြုပြီး ပိုမို လူသားဆန်တဲ့ လူ့အဖွဲ့အစည်း ဖန်တီးဖို့ လိုပြီဆိုတာကို မော်ရေးရှက သင်ပြနေပါတယ်။
တတိယ။ မောရေးရှ က သဘာဝရင်းမြစ်တွေကို အဓိကမထားဘဲ လူသားရင်းမြစ်ကို ထူးထူးခြားခြား အလေးပေးပါတယ်။ အဲဒီ လူသားရင်းမြစ် တန်ဖိုးထားမှုက တိုင်းပြည်ရဲ့ ဘာသာရေး၊ လူမျိုးရေး၊ မတူကွဲပြားတဲ့ နိုင်ငံရေး၊ အားလုံးအတွက် ပညာရေး ဆိုတာတွေမှာ လူ့မှုညီညွတ်မှု ဖြစ်ထွန်းဖို့ အတွက် အရေးပါလာပါတယ်။ အစိုးရ၊ အလုပ်သမားနဲ့ အလုပ်ရှင်များကြားမှာ ပူးပေါင်းဆောင်ရွက်မှု ဖြစ်လာပြီး ဒီမိုကရက်တစ် အင်စတီကျူးရှင်း ပေါ်ထွန်းဖို့ ကတိက၀တ်တွေ ဖြစ်လာပါတယ်။
မောရေးရှမှာ ဘာပြဿနာမှ မရှိဘူးလို့ ပြောနေတာတော့ မဟုတ်ပါ။ အခြား အောင်မြင်တဲ့ ဈေးကွက် တိုင်းပြည် အများစုလိုပဲ ငွေကြေး လဲလှယ်မှုနှုန်းမှာ ပြဿနာ ရှိတယ်။ ပြင်ပက တင်ပို့တဲ့ စားသောက်ကုန် ပြဿနာနဲ့ လောင်စာစွမ်းအင် ဈေးတက်တာတွေ ရှိနေတယ်။ ငွေကြေး ဖောင်းပွလာတာနဲ့အမျှ အလုပ်လက်မဲ့ အတော်အတန် ပါလာပါတယ်။ ဒီတော့ ငွေကြေးစီးဆင်းမှု ထိန်းချုပ်ဖို့၊ ချမ်းသာသူတွေဆီက ၀င်ငွေခွန် တိုးမြှင့်ကောက်ဖို့၊ ဘဏ်စနစ် ပြုပြင်ဖို့တွေကို အစိုးရ ကိုယ်တိုင် ဈေးကွက်ထဲ ၀င်ရောက် ထိန်းညှိပေးရမယ့် အခြေအနေတွေ ရှိနေပါတယ်။
အစိုးရအတွက် ရင်ဆိုင်ဖြေရှင်းဖို့ ဘယ်လိုအခက်အခဲရှိရှိ လက်ရှိ မောရေးရှဟာ စီးပွားရေး နိုင်ငံရေး ငြိမ်းချမ်းရေး တည်ငြိမ် တိုးတက်မှုတွေနဲ့အတူ အံ့ဖွယ်ပဉ္စလက် ကျွန်းနိုင်ငံလေး ဖြစ်နေပါတယ်။ သူ့ရဲ့ အောင်မြင်မှုတွေကို အများငေးကြည့်လာရပေမဲ့ တကယ်တော့ မောရေးရှ ဟာ လွတ်လပ်ရေး နေ့ရက်များ ကတည်းက ကိုလိုနီ ဆိုးမွေတွေ နဲ့အတူ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။
ကိုလိုနီအမွေဆိုးအဖြစ် မြေယာနဲ့ ဓန မညီမျှမှုတွေ၊ ကမ္ဘာ့ နိုင်ငံရေးအကြား မြေဇာပင် ဖြစ်ခံရမှုတွေ ရှိခဲ့ပါတယ်။ ဒီရေဂို ဂါစီယာ ဆိုတဲ့ မောရေးရှ ကမ်းလွန်ကျွန်းကို အမေရိကန်က ဗြိတိသျှထံက ယူပြီး ရေတပ် အခြေစိုက်စခန်း လုပ်ထားပေမယ့် ဘာလျှော်ကြေးမှ မပေးပါဘူး။ ဗြိတိန်ကလည်း ကုလသမဂ္ဂနဲ့ နိုင်ငံတကာ ဥပဒေ ချိုးဖောက်ရင်း မော်ရေးရှ ရဲ့ ချာဂိုးစ် ကျွန်းတွေကို ဆက်ထိန်းထားဆဲ ဖြစ်ပြီး ကျွန်းသူ ကျွန်းသားတွေကို မောင်း ထုတ်ခဲ့ပါတယ်။
အခု အမေရိကန် အနေနဲ့ ငြိမ်းချမ်းတဲ့ ဒီမိုကရက်တစ် နိုင်ငံတစ်နိုင်ငံ လုပ်ပေးချင်သပဆိုရင် မောရေးရှ နိုင်ငံက ဒီရေဂို ဂါစီယာကျွန်း ပိုင်ဆိုင်မှုအပေါ် အသိအမှတ်ပြု ပေးသင့်ပါတယ်။ မောရေးရှ ဆီက တရားဝင် ငှားရမ်းမှုမျိုးကိုပဲ လုပ်သင့်ပါတယ်။ ဆယ်စုနှစ် များစွာ တရားမ၀င် သိမ်းပိုက် ရေတပ်စွဲ ထားတာအတွက် ထိုက်တန်တဲ့ လျော်ကြေးငွေ ပေးသင့်ပါတယ်။
ရဲနွယ်မိုး မောက္ခမှ ကူးယူဖော်ပြပါသည်။
ရည်ညွှန်း Project Syndicate
(Joseph E. Stiglitz မှာ ကိုလံဘီယာ တက္ကသိုလ်မှ နိုဘယ်ဆုရ စီးပွားရေး ပညာရှင် ဖြစ်သည်။
0 comments:
Post a Comment