gtalk

Sunday, 3 April 2011

နေ၀င်းမြင့်

ဆရာ မြေလတ်မောင်မြင့်သူနှင့် ကျွန်တော်ခင်မင်စက သူသည် ကဗျာဆရာ သက်သက်ဖြစ်သည်။ သူကိုယ်တိုင်က နူးညံ့သော ကဗျာဓာတ်ဖြင့် ကဗျာဖြစ်နေသူပင်။ သူ၏ ကဗျာငွေ့ ပါသော အပြုံးသည် နှစ်လိုဖွယ် ကောင်းသည်။ စိတ်နှလုံးထဲက လာသော အပြုံးမှန်း သိသာပါသည်။

များသောအားဖြင့် သူ့ ကဗျာတွေက မြန်မာ ရနံ့ကဲသည်။ သည့်အတွက် ကျွန်တော့် အတွက်တော့ “ပေကုန်သလောက် စာကျ”သည်။ တစ်ခါ တလေတော့လည်း ကလေးကဗျာတွေ ဖတ်ရသည်။ ရင်နူးစရာ ကောင်းသည်။ သည့်နောက်တော့ ကာလ တစ်ခုမှာ ရေးဟန်တွေ ပြောင်း သွားသည်ဟု ထင်သည်။ (ကျွန်တော့် အထင်သာ ဖြစ်၍ မှားလျှင်လည်း ခွင့်လွှတ်ပါ) ကာလ ဒေသ ပယောဂ ဖိစီးမှုကြောင့်များ လားလို့လည်း တွေးပါသည်။ သူသည် ကဗျာအရာ၌ အတတ်ပညာ အားဖြင့် ထုဆစ်နိုင်စွမ်းသော သဘောကြောင့်လည်း ဖြစ်နိုင်ပါ၏။ သူဝတ်နေကျ “နွေဆိုလျှင် ကျားပါးစပ်၊ မိုးဆိုလျှင် တိုက်ပုံကျ” မဟုတ်တော့သလို ခံစားရသည်။ ကျွန်တော် နားလည်နိုင်ပါသည်။ ကဗျာသည် စီးဆင်းမှု ဖြစ်၍ ထိုစီးဆင်းမှု၌ ကဗျာဆရာသည် ကိုယ်ဖော့ထားရန် ခက်ပါလိမ့်မည်။ ရေစီးသန်သည့် အလျောက် မျောချင်လည်း မျောသွားနိုင်သည်။
ကျွန်တော်တို့သည် ကဗျာတစ်ပုဒ် စာတစ်ပုဒ်ကို ဖတ်လျှင် ထိုစာ ထိုကဗျာ၌ နစ်ဝင်နေသော ၀ိညာဉ်ကို လက်ကုန် နှိုက်ခြင်းသာ ဖြစ်၍ အရာအားလုံးကို လက်တွင်းဆုပ်မိဖို့ ခက်ပါသည်။ တစ်နည်းအားဖြင့် ကဗျာနာခြင်း၊ စာနာခြင်းသည် ထိုကဗျာ ထိုစာနှင့် မနောချင်း တိုက်ကြရခြင်း သာဖြစ်ရာ၊ ထိုကဗျာထိုစာ၏ ၀ိညာဉ်ကို ဆုပ်ဖမ်းမိတန်သလောက် မိလိုက်ခြင်းသည်ပင် ပထမ ကိစ္စပြီး ရသည်။ တစ်ဆက်တည်း ဖြစ်ရသော ဒုတိယ ကိစ္စကတော့ ကဗျာနာသူ စာနာသူ၏ ကိစ္စဖြစ်တော့သည်။ သဘောညီသည်လည်း ရှိသည်။ သဘော မကြိုက်သည်လည်း ရှိသည်။ ရေးသူနှင့် နာသူ အစဉ် တူနိုင်စရာ မရှိလေ။ မမြင်ကွယ်ရာတွင် ငြင်းခုံရခြင်းမျိုး ဖြစ်၍ အာလယပြေခြင်း မပြေခြင်းသည် ကျန်ရစ်ခဲ့သော ဝေဒနာဖြစ်သည်။ သည်ဝေဒနာသည်ပင် စာကဗျာ၏ အရသာဖြစ်သည်။
ဆရာမြေလတ် မောင်မြင့်သူ ဆိုသူ ကဗျာဆရာ၏ ကဗျာတွေကို ဖတ်ရတိုင်း ကဗျာဆရာကို ကျွန်တော် မြင်ယောင်နေ တတ်ပါသည်။
 ထိုမြင်ရခြင်း၌ သူ့အပြုံးသည်လည်း တွဲလျက်ပါသည်ဖြစ်ရာ ထိုအပြုံးတွေကတော့ အဆင်ကွဲ အပြုံးတွေ ဖြစ်သည်။ ခနဲ့ပြုံး၊ မဲ့ပြုံး၊ သာပြုံးနာပြုံး၊ ကျဉ်ပြုံး မင်ပြုံး။ နောက်တော့ အက်ဆေးတွေ ရေးလာတာ သတိပြုမိပါသည်။ ဘယ်စာကို ဘယ်နှဝါကျအောင် မောင်သင်မလို့တုန်းလို့ ကျွန်တော် မမေးချင်ပါ။ မမေးကောင်းပါ။ သူ့ကို ဘယ်အရာ ဘယ်စာကစေ့ဆော် သလဲဆိုတာတော့ သူမှ သိပေလိမ့်မည်။ ဒါလည်း ကိစ္စဆိုးမဟုတ်ပါ။ ကဗျာဆရာသည် လှပသော စကားပြေကို အုတ်စီ အုတ်နင်းကျွမ်းကျင်သော ပန်းရံကောင်းကဲ့သို့ အုတ်တစ် ချပ်ချင်းကို ဆင့်ကာပင့်ကာ မြို့ရိုးတံတိုင်း တည်ဆောက်နိုင်သည် ဖြစ်၍ ထူးဆန်း လှချည့်လို့တော့ မဆိုသာ။ အက်ဆေးတွေ ရေးတော့လည်း ကဗျာဓာတ်တွေ ရိုးရိုးရိပ်ရိပ်ပါနေတာ သတိထားမိသည်။ ကဗျာနှင့် စကားပြေကို လောလောနယ်နယ် ပြုရာ၌ သူသည် လက်ဆိပ်ကောင်းသူဖြစ်သည်။ 
သို့သော် အက်ဆေး စကားပြေသည် အခါခပ်သိမ်း ကဗျာရနံ့ ကဲနေလျှင် စာညွန့်ဖြစ်သွား နိုင်သည်။ သမုဒယအားဖြင့် တပေလျင်းလျင်း တစ်ညှင်းဆိုးဆိုး ဖြစ်သွားနိုင်သည်။ သည်အချက်ကို ဆရာမြေလတ်မောင်မြင့် သူကိုယ်တိုင်လည်း သတိထားမိပုံ ရပါသည်။ သူ့အက်ဆေးတွေမှာ “ဇက်ခွံ့”တာကို သတိထားလျှင် တွေ့နိုင်ပါသည်။ ကျွန်တော်ပြော ချင်တာတွေ ကျန်ပါသေးသည်။ ထားတော့။
 အခုတော့ ထိုကဗျာဆရာ ထိုအက်ဆေးဆရာကို မေးခွန်း အချို့ မေးပေးပါရန် ပေဖူးလွှာ မဂ္ဂဇင်း အယ်ဒီတာ ခုံမင်းက မေတ္တာ ရပ်သည်ဖြစ်၍ ကျွန်တော့်မှာ တောသစ်ပွင့်ကို တောတံချူနှင့် ချူရတော့မည့်နှယ် ရှိလေသည်။
ဆရာမြေလတ် မောင်မြင့်သူ၏ စာဂုဏ်၊ ကဗျာဂုဏ်ကို လေးစားခြင်း အကြောင်းခံဖြင့် သိချင်သမျှ မေးသည်ဟု ခံယူစေချင်ပါသည်။
_ _ _
နေ။ ။ ဆရာ့ အက်ဆေးတွေ ကျွန်တော် ဖတ်ဖြစ်ပါတယ်။ ကျွန်တော် သတိထား မိသလောက်ပေါ့လေ။ ဆရာ့ အက်ဆေး တွေမှာ လောကကို ဘ၀ကို ခနိုးခနဲ့ သရော်ချင်တဲ့ အမြင် ကလေးတွေ ပါတယ်လို့ ထင်တယ်။ ဆိုပါတော့။ “ငှက်ကလေး ကို ရှက်လို့ပါ” အက်ဆေးမှာ ကျီးကန်းကိုပြတဲ့ အပြမျိုးပေါ့။ ဆရာက ပြရုံတင် အားမရဘူးနဲ့ တူပါရဲ့။ ၀င်တောင် ပြောလိုက်တာ တွေ့တယ်။ ကျွန်တော်လည်း အဲသလို လောဘကြီးမိတာ ရှိတာပါပဲ။ တကယ်တော့ အက်ဆေးရဲ့ တရား ကိုယ်သဘောဟာ ဘယ်လို ဖြစ်သင့်ပါသလဲ။
 မြေလတ်။ ။ မင်္ဂလာပါဆရာ ကိုနေ၀င်းမြင့်ရေ။ ကျွန်တော်တို့ အချင်းချင်းမှာလည်း ကိုယ့်ဘ၀နဲ့ ကိုယ့်အကြောင်းတွေနဲ့မို့ လူချင်း မတွေ့ဖြစ်ကြတာ ကြာပါပြီဗျာ။ ခုလို ပေဖူးလွှာမဂ္ဂဇင်းရဲ့ စီစဉ်ပေးမှုကြောင့် ကျွန်တော်တို့ချင်း အပြန်အလှန် စကား ပြောခွင့်ရလို့ ပေဖူးလွှာကို ဦးစွာကျေးဇူးတင်ပါတယ်ဗျာ။
ဒါတောင်မှ ဆရာ ကိုနေ၀င်းမြင့်က မေးသူ၊ ကျွန်တော်က ဖြေရသူလာဖြစ်နေသေးတယ်။ တကယ်ဆို ခုလိုအက်ဆေး အကြောင်း စကားစမြည်ကဏ္ဍမှာ ကျွန်တော်က မေးပြီး ဆရာနေ ကသာ ဖြေရမှာဗျ။ အမေးနွားကျောင်းသား၊ အဖြေ ဘုရားလောင်း ဆိုတဲ့ စကားလည်း ရှိသားမို့လား။ ခုတော့ ပြောင်းပြန်ကြီးဗျာ။
ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ။ စီစဉ်သူတွေရဲ့ စေတနာနဲ့ ဆန္ဒကို လေးစားသော အားဖြင့် ဆရာနေ မေးသမျှတွေကို အတတ်နိုင်ဆုံး ခံစားမှုရင်ဘတ်နဲ့ ထင်ဟပ်ပြီး ကြိုးစား ဖြေပါ့မယ်။
 ကျွန်တော့် အက်ဆေးတွေကို ဖတ်ဖြစ်တယ်ဆိုလို့ ကျေးဇူး တင်ပါတယ်ဗျာ။ အမှန်တော့ အက်ဆေးတွေဆိုတဲ့ “တွေ” နဲ့ လိုက်ဖက်အောင် ကျွန်တော် ရေးသားခဲ့သမျှ အက်ဆေးထဲမှာ အရေ အတွက်ရော အရည်အချင်းပါ သိပ်များများစားစား မရှိသေးပါ ဘူးဗျာ။ ပြောရရင် ၅ နှစ်၊ ၆ နှစ်အတွင်းမှာမှ အက်ဆေးလေး ၂၅ ပုဒ်လောက်ပဲ ရေးဖြစ်ခဲ့ပါသေးတယ်။ အက်ဆေးသမားစဉ် အရ ဆိုရင်တော့ နုပါသေးတယ် ဆရာရယ်။
 ဆရာနေ ပြောသလိုပဲ ကျွန်တော့် အက်ဆေး အချို့မှာ ဘ၀ကို လောကကို ခနိုးခနဲ့ သရော်ချင်တဲ့ အမြင်လေးတွေ ပါတယ်လို့ ထင်တာ မမှားပါဘူး ဆရာ။ ဘာကြောင့်လဲ ဆိုတော့ စာရေးဆရာ တစ်ယောက်ရဲ့ စာဟာ သူဖြတ်သန်း ကျင်လည် ခဲ့ရတဲ့ ဘ၀ရဲ့ အရိပ်နဲ့ လွတ်ကင်းပြီး မဖြစ်ထွန်းနိုင်ပါဘူး ဆရာ။ ကျွန်တော့် ငယ်ဘ၀တွေဟာ ခက်ခဲပင်ပန်းခဲ့ပါတယ် ဆရာ။ အထူးသဖြင့် ကျောင်းသား ဘ၀တွေမှာ လူတကာ့ မျက်နှာ မော့ကြည့်ပြီး ဖြတ်သန်းခဲ့ရလို့ ခါးသီးလှပါတယ်။ အဲဒီကတည်းက လောကဓံ ငါ့ကိုပေးတာ ဒါပဲလားလို့ ကိုယ့်ဘာသာ ကိုယ်ပြုံးမိတဲ့ အပြုံးဟာ ကျေနပ်ပြုံး၊ ပီတိပြုံးဖြစ်နိုင်ပါ့မလားဆရာရယ်။ ဒါကြောင့် လောကကို အလိုမကျတဲ့ စိတ်နဲ့ ကျွန်တော် သရော်ချင်ခဲ့ပါတယ်။ ဒီစိတ်ခံစား မှုတွေက ကျွန်တော့်စာတွေ ကဗျာတွေ အပေါ်မှာ ရိုက်ခတ်တာ ဖြစ်မှာပါ။
 အဲဒီ စိတ် အဲဒီ နိမိတ်ပုံတွေကို “ငှက်ကလေးကို ရှက်လို့ပါ” မှာ တွေ့လိုက်တာ မှန်ပါတယ်။ ဆရာ ပြောသလိုပဲ အဲဒီအက်ဆေးမှာ အပြနဲ့ တင်အားမရဘဲ ကိုယ်တိုင် ၀င်ပြောလိုက်မိတဲ့ လောဘကိုလည်း ဆရာပြလို့ တွေ့လိုက်မိပါရဲ့။ ခုလို ဆရာနေ ထောက်ပြတာလေးကို သိခွင့်ရလို့ ကျေးဇူးလည်းတင်တယ်။ ရလိုက်တာလေးကလည်း အတော်လှတယ်။ ဒါပေမယ့် ဆရာရယ် ဘ၀မှာ ဘာမှ “အားရစရာ” မရှိခဲ့လို့ “အားမရ” ဖြစ်သွား မိတာကိုတော့ ဆရာနေနားလည်ပေးပါ။
တစ်ခုတော့ ပြန်ဆွေးနွေး ကြည့်ချင်တယ်ဗျာ။ အဲဒါဟာ ဘာလဲဆိုတော့ ဆရာမောင်ခင်မင် (ဓနုဖြူ)ရဲ့ စာပေဗိမာန်ထုတ် စာတမ်းငယ် စာပေစာတမ်းမှာ “စာတမ်းငယ်တွင်မူ စာရေးသူ သည် ပေးသည့်အကြောင်းအရာကို ကျော်ဖြတ်ပြီးစာရေးသူကို ထင်းခနဲ မြင်နေရတတ်သည်။ စာရေးသူ၏ ကိုယ်ရည်ကိုယ်သွေးဟု ခေါ်ရမည့် သဘောစရိုက်သွင်ပြင်လက္ခဏာများ ပေါ်လွင်နေတတ်ပါ သည်” လို့ ဆိုထားပြန်တော့ အက်ဆေးမှာ အက်ဆေးဆရာ ၀င်ပြောတာဟာ သိပ်တော့ မလွန်လှဘူးလားလို့ပါ ဆရာ။ ကျွန်တော့် အထင် ပြောရရင်တော့ အက်ဆေးထဲမှာ အက်ဆေး ဆရာဝင် ပြောခွင့်ဟာ အက်ဆေးဆရာရဲ့ လိုင်စင် တစ်ခုများလားဗျာ။ အဲဒီတော့ အက်ဆေးမှာ အက်ဆေးဆရာ ၀င်ပြောခြင်းနှင့် ကိုယ်ရည် ကိုယ်သွေး ပြခွင့်ရခြင်းဟာ အက်ဆေးရဲ့ တရားကိုယ် သဘောတစ်ခု ဖြစ်လေမလားလို့ တွေးမိပါတယ်။
 ဘာပဲဖြစ်ဖြစ် ဆရာနေ ထောက်ပြလိုက်တာလေးကို သေသေချာချာ ပြန်စဉ်းစားတော့ အက်ဆေးဆရာက ကိုယ်တိုင် ၀င်ပြောတဲ့ နည်းနဲ့ သွယ်ဝိုက်ပြီး တစ်ဆင့်ခံ ပြောတဲ့ နည်းနှစ်ခု အနက် ထိရောက်မှုချင်း အဓိပ္ပာယ်တူရင် သွယ်ဝိုက်ပြီး ပြောတဲ့ နည်းက အတတ်ပညာအရ အက်ဆေးကိုပိုလှ စေလေမလားလို့ ထောင့်အသစ်က တွေးမိတာဟာ အမြတ်လို့တော့ ကျွန်တော် ထင်မိပါတယ် ဆရာ။
 နေ။ ။ သည်ဖက်နှစ်ကာလတွေမှာ အက်ဆေးတွေ ဖတ်ရပါတယ်။ အက်ဆေးရေး ကြသူတွေလည်း သိပ်ကို ဝေေ၀ဆာဆာ ရှိလာပါတယ်။ ၀မ်းသာစရာပါ။ တချို့ကလည်း အက်ဆေး ခေတ်ဆန်းချိန်လိုလိုတောင် ပြောကြပါရဲ့။ မြန်မာ စာပေခန်းဆောင်မှာ အက်ဆေးဟာ ပြောသလောက် ဆန်းပေရဲ့။ တောပိ တောက်ပန်းဖြစ်နေပြီလို့ ပြောနိုင်ပြီလား ဆရာ။
 မြေလတ်။ ။ အက်ဆေး ရေးကြသူတွေလည်း သိပ်ကို ဝေေ၀ဆာ ဆာရှိလာတယ်ဆိုတာလည်း မှန်သင့်သလောက် မှန်ပါတယ်။ ဘာပြုလို့လဲဆိုတော့ အများစုက တစ်ပုဒ်စ နှစ်ပုဒ်စ ရေးကြတဲ့ သူတွေ၊ ဆရာနေတို့၊ဆရာမောင်ခိုင်လတ်တို့၊ ဆရာမောင်ရင့်မာ(ကျောင်းကုန်း)တို့၊ ဆရာကြည်နိုင်တို့၊ ဆရာမင်းလူတို့၊ ဆရာ မင်းချမ်းမွန်တို့လို တစ်ခုတ်တရ စိုက်လိုက် မတ်တတ် အားထုတ်ပြီး စာတစ်အုပ်ပေ တစ်အုပ်ဖြစ်တဲ့ အထိ အားသွန်ခွန်စိုက် လုပ်တဲ့သူ အရေအတွက်ကျတော့ လက်ချိုးဖို့ရာ အတော် နည်းသေး တယ်လို့ ထင်မိတယ်ဗျာ။
 ဒါကြောင့် ဒီဘက် ခေတ်ကျမှ အက်ဆေး ခေတ်ဆန်းချိန်လို့ ပြောရမှာနည်းနည်း လောဘကြီးရာ ရောက်မလားလို့ ထင်မိပါ တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ ရှေ့က ဆရာ့ဆရာ ကြီးတွေလည်း သူတို့ ခေတ်နဲ့ သူတို့ လမ်းဖောက်ပြခဲ့တဲ့ ကျေးဇူးနဲ့ လုပ်ရပ်တွေအပေါ်ကိုတော့ ကျော်လွှားဖို့ မသင့်ဘူးလို့ ခံစားမိတယ်ဗျာ။ ဒီဘက်ခေတ် မတိုင်မီ ကြားကာလမှာ အက်ဆေးတွေ အနည်းငယ်မှေးမှိန်သွားတယ်လို့ ထင်ရတဲ့ အဖြစ်တွေကလည်း တစ်စုံတစ်ရာ ကာလရဲ့ ရိုက်ခတ်မှုပယောဂတို့ မကင်းလို့ပဲ ယူဆ မိတယ်ဗျာ။ ကြည့်စရာ၊ ရှုစရာ၊ အားကျစရာ အသစ်တွေနဲ့ ခဏဝေးကွာ သွားတာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။
 ဘာပဲဖြစ်ဖြစ် ဒီဘက်ခေတ်မှာ အက်ဆေးကို၊ စိတ်ဝင်စား လာကြတာ၊ အက်ဆေးတွေ ဝေဆာစပြုလာတာကိုတော့ ၀မ်းသာ ရမှာ အမှန်ပါပဲ။ ကျွန်တော့် တစ်ကိုယ်စာ အမြင် ပြောရရင်တော့ အက်ဆေးမှာ အအေးဓာတ် ရှိတယ်ဗျာ။ အကြည်ဓာတ် ရှိတယ်ဗျာ။ ဒါကြောင့် အက်ဆေး ယဉ်ကျေးမှု ထွန်းကားလာတာဟာ စိတ်ယဉ်ကျေးမှု ထွန်းကားလာတာ ဖြစ်တယ်လို့ ပြောချင်ပါတယ်။
 ဒီနေရာမှာ အျဉ်းသင့်လို့ ထည့်ပြောချင်တာက ခုလို အက်ဆေးတွေ ဝေဆာလာအောင် ဖြစ်ပေါ်လာတဲ့ နေရာမှာ၊ စိတ်ကူးချိုချိုက ထုတ်ခဲ့တဲ့ အက်ဆေးတစ်ရာတို့၊ ရွှေအမြုတေ မဂ္ဂဇင်းက ပြုလုပ်ခဲ့တဲ့ ရွှေအမြုတေ အက်ဆေးဆုနဲ့ ဒီကနေ့ မဂ္ဂဇင်း အတော်များများရဲ့ တစ်ခုတ်တရ နေရာပေး ဖော်ပြလာမှုတို့ရဲ့ကျေးဇူးတွေ မကင်းဘူးလို့ ပြောချင်တယ်ဗျာ။ ဒါပေမယ့် မြန်မာပြည်မှာ နာရီတွေက များဆိုသလို မြန်မာပြည်မှာ အယ်ဒီတာတွေ ကများဆိုတဲ့ ခေတ်ရောက်နေတော့ တချို့ အယ်ဒီတာတွေကိုယ် တိုင်က အက်ဆေးဆိုတာကိုေ၀၀ါးနေကြသေးတော့ ဒီကနေ့ မဂ္ဂဇင်း အချို့မှာ ပါနေတဲ့ အက်ဆေးဆိုတာတွေဟာ အက်ဆေးစစ်ရဲ့လားလို့ စဉ်းစားစရာတော့ ဖြစ်နေပါသေးတယ်။ အနည်မကျ သေးတာလည်း ပါမှာပေါ့။ ဒါကြောင့် မြန်မာစာပေ ဧည့်ခန်းဆောင်မှာ အက်ဆေးဟာ ပြောသလောက် ဆန်းပေရဲ့ တောပိတောက်ပန်း ဖြစ်နေပြီလို့တော့ ပြောဖို့ နည်းနည်း စောဦးမယ် ထင်ပါတယ်။
တစ်ခုတော့ ရှိပါတယ်ဗျာ။ မဂ္ဂဇင်းတွေရဲ့ မိုးလေ၀သကလည်း ကောင်းတယ်။ အယ်ဒီတာတွေဘက်ကလည်း စိတ်ဝင် တစား ကြိုးစားကြမယ်။ အက်ဆေးချစ်သူတွေကလည်း အရှိန် မပျက် ဆက်လက်ချီတက်ကြမယ်ဆိုရင်တော့ ဆရာနေ ပြောတဲ့ ပြောသလောက်ဆန်းအောင် တောပိတောက်ပန်းတွေ ဝေလာမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။
 နေ။ ။ အက်ဆေးလို့ ပြောရင် နွေကို လွမ်းတယ်။ ရာသီကို လွမ်းတယ်။ တမာနဲ့ ထနောင်းကိုလွမ်းတယ်။ လတာနဲ့ ဒီကို လွမ်းတယ်။ အမေနဲ့ ရွာကို လွမ်းတယ်။ ငယ်ဘ၀နဲ့ ကြီးဘ၀ကို လွမ်းတယ်။ ရေချမ်းစင်နဲ့မောင်းစင်ကို လွမ်းတယ်။ ဖုန်းဆိုး တောနဲ့ ယာတောကို လွမ်းတယ်။ ထွေးလေးနဲ့ အရီးကို လွမ်းတယ်။ တောရိပ်တောင်ရိပ်ကို လွမ်းတယ်။ ပြောရရင် ရွာသံ ရပ်သံတွေ များများကြားရတယ်။ ကျွန်တော်လည်း သည်အထဲမှာ ပါပါတယ်။ မျက်မှောက် ကမ္ဘာ့ ပြဿနာတွေ၊ သဘာဝ ပတ်ဝန်းကျင်ကိစ္စတွေ၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွား ရေးတွေ ဘ၀နဲ့ တစ်ပါတည်း ကပ်ပါနေတဲ့ မြို့ပြ အဆင်မပြေမှု တွေတော့ ရေးကြတာ နည်းသလားလို့ပဲ။ ဆရာဘယ်လို ထင်သလဲ။
 မြေလတ်။ ။ ကျွန်တော်တို့ နိုင်ငံရဲ့ ရေခံမြေခံကိုက တောသံ တောင်သံ၊ ရပ်သံ ရွာသံတို့မှာ အခြေခံထားတာမို့လား။
ရပ်သံရွာသံ တောသံ တောင်သံ ဆိုတာကတော့ ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှု ဓလေ့ဖြစ်သလို၊ကျွန်တော်တို့ အဖို့ ဘယ်အခါ တွေးတွေး ရိုးသားမှုတွေနဲ့ အေးချမ်းမှုအရသာတွေက လွမ်းစရာ တွေချည်းပဲလေ။ ၀ါဝင်တော့လည်း ၀ါဝင်မို့၊ သီတင်းကျွတ်တော့လည်း သီတင်းကျွတ်မို့၊ သင်္ကြန်ကျတော့ သင်္ကြန်အခါမို့ ကိုယ့်ရွာဓလေ့ ကိုယ့်အငွေ့နဲ့ ကိုယ်ပျော်မွေ့ခဲ့ ကြတာပဲ မဟုတ်လား။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More