gtalk

Sunday, 24 April 2011

မျဉ်းပြိုင်တို့ရဲ့ ဆုံမှတ်

ငိမ့်ညောင်းသော အနောက်တိုင်း တေးသံ တိုးတိုးညင်ညင် ပျံ့လွင့်နေ၏။ အာရုံ စူးစိုက်မှုသာ မရှိပါက ဟိုးဝေးဝေးမှ တေးသံသဲ့သဲဟု ထင်စရာ ရှိလေမည်။ အခန်းကျယ်ကြီး တစ်ခုလုံးမှာ စားပွဲတွေ ပြည့်လျက်၊ စားပွဲ တစ်လုံးနှင့် တစ်လုံးက သိပ်မကွာလှ။ အရှေ့တိုင်း၊ အနောက်တိုင်း အစားအစာ အစုံ ရနိုင်သည်ဟု နာမည်ကြီးသော၊ သည်စားသောက်ဆိုင် ခန်းမကြီးထဲမှာ နိုင်ငံခြားသားတွေ အများစု လာရောက် စားသောက်တတ်ကြသည်။

“တို့ ဒီမှာ ထိုင်ကြရအောင်”

အန်ကယ်ဂျော့ခ်ျက သူ့ကိုကြည့်ရင်း ပြောသည်။ အန်ကယ်ဂျော့ခ်ျသည် အသက် ရှစ်ဆယ့်ငါးလောက် ရှိပြီ ဖြစ်သော်လည်း တောင့်တင်းခိုင်မာ ဖျတ်လတ်ဆဲဟု ထင်ရ၏။ အသက်အရွယ်နှင့် နှိုင်းယှဉ်ပါက ကျန်းမာရေး ကောင်းပြီး အသက်ခုနှစ်ဆယ် အရွယ်ဟု ထင်ရအောင် လှုပ်ရှား သွားလာနိုင်သေးသည်။ သူ့အဘိုး၏ မိတ်ဆွေ ဖြစ်သဖြင့် အန်ကယ်ဟု ခေါ်ရန် မသင့်သော်လည်း သူနှင့် စကားပြောတိုင်း၊ အန်ကယ်ကဟု ပြောလေ့ ရှိသဖြင့် သူက အန်ကယ်ဂျော့ခ်ျဟု လည်းကောင်း၊ အန်ကယ်ဟု လည်းကောင်း ခေါ်ဖြစ်တော့သည်။

“မင်း ဘာမှာချင်သေးလဲ”

မီနူးကတ်ကို ကြည့်ရင်း အန်ကယ်ဂျော့ခ်ျက မေး၏။သူတို့နှင့် ကပ်လျက် စားပွဲဝိုင်းဆီ အကြည့် ဝေ့နေရာမှ အန်ကယ် ဂျော့ခ်ျကို မျက်နှာချင်း ဆုံလိုက်သည်။
“အန်ကယ် ကြိုက်တာသာ မှာပါ ခင်ဗျာ၊ ကျွန်တော့်အတွက် ဘာမှ အထွေအထူး မလိုပါဘူး”

ခပ်ပြုံးပြုံး ပြန်ပြောလိုက်မိ၏။ သူ့အဘိုးမှာ အန်ကယ် ဂျော့ခ်ျနှင့် မတိမ်းမယိမ်း အသက် ရှိသော်လည်း အန်ကယ် ဂျော့ခ်ျလို ကျန်းမာရေး မကောင်းသဖြင့် အဘိုးကိုယ်စား သည်ညစာကို သူကလိုက်ပြီး ဧည့်ခံ ကျွေးမွေးရခြင်းပင်။ သူနိုင်ငံခြားမှာ အလုပ် သွားလုပ်စဉ်ကပင် အန်ကယ် ဂျော့ခ်ျတို့ အိမ်ကို အ၀င်အထွက် ရှိပြီး သူနှင့်က ရင်းနှီး ကျွမ်းဝင်ပြီးသား။ အန်ကယ်ဂျော့က သူ ကြိုက်သည့် အစားအစာများကို စားပွဲထိုးလေးအား မှာကြားနေစဉ်မှာ မျက်စောင်းထိုး မြင်နေရသော ကပ်လျက် စားပွဲဆီ သူက အကြည့် ရောက်နေ၏။ ဂျပန် အဘိုးကြီး အဘွားကြီး စုံတွဲကို ဧည့်ခံစကား ပြောနေသော ကောင်မလေး၏ နုမွတ် ဖြူညက်သော မျက်နှာလေးက ချစ်စရာ။ ဂျပန် ဘာသာဖြင့် ပြောဆို နေကြသဖြင့် ဘာတွေ ပြောမှန်းတော့ သူမသိ။ ဧည့်လမ်းညွှန် မိန်းကလေး ဖြစ်နိုင်သလို သူကဲ့သို့ ရင်းနှီး ကျွမ်းဝင်သော မိတ်ဆွေလည်း ဖြစ်နိုင်သည်။

“မင်း အရင်က မြစ်ကြီးနားကို ရောက်ဖူးလား”အန်ကယ်ဂျော့ခ်ျက မြစ်ကြီးနား သွားရန် သည်တစ်ခေါက် မြန်မာပြည် ရောက်လာခြင်းပင်။
“ရောက်တော့ ရောက်ဖူးပါတယ် အန်ကယ်။ ဒါပေမယ့် မနှံ့စပ်ပါဘူး။ သေသေချာချာတော့မသိပါဘူး”

မြစ်ကြီးနားနှင့် ပတ်သက်၍ သူ သေသေချာချာ မသိကြောင်း ကြိုပြီး ပြောထားလိုက်မိသည်။
“မြစ်ကြီးနား တိုက်ပွဲ အကြောင်းရော မင်း ကြားဖူးလား”

သူ ခေါင်းယမ်း ပြလိုက်မိ၏။ အန်ကယ်ဂျော့ခ်ျက ဒုတိယ ကမ္ဘာစစ်ကြီး အတွင်းက မဟာမိတ်တပ်မှာ အမှုထမ်းရင်း မြန်မာပြည် စစ်မြေပြင်မှာ ကျင်လည်ခဲ့ဖူးသူ။ သူ့အဘိုးက အိုင်စီအက်စ် ၀န်ထမ်း ဖြစ်ခဲ့ပြီး ရင်းနှီးခဲ့ကြသူတွေ။
“ငါက မြစ်ကြီးနား တိုက်ပွဲမှာ ကိုယ်တိုင် ပါခဲ့ဖူးတယ်ကွ။ မြစ်ကြီးနား တိုက်ပွဲအကြောင်း မင်းကို ပြောပြမယ်။ မင်း စိတ် ၀င်စားမလား”

“ပြောပါ အန်ကယ်၊ စိတ်ဝင်စားပါတယ်”
အန်ကယ်ဂျော့ခ်ျက လည်ချောင်းရှင်းသည်။ ပြီးတော့ စကားစ၏။

“ဒီလိုကွ မြစ်ကြီးနားက မင်းတို့ မြန်မာပြည်ရဲ့ မြောက်ပိုင်း မီးရထား လမ်းဆုံးကွ။ ရန်ကုန် မန္တလေးနဲ့ တိုက်ရိုက် ဆက်သွယ်နိုင် တဲ့ လမ်းကြောင်း။ပြီးတော့ လေယာဉ်ကွင်းကလည်း ရှိနေသေးတော့ စစ်ရေးအရ အရေးကြီးတယ်လို့ ငါတို့ရဲ့ ဗိုလ်ချုပ်-ဂျင်နရယ်စတီ တစီက ယူဆတယ်။ မြစ်ကြီးနားကိုသာ သိမ်းပိုက်နိုင်ခဲရင် ဂျပန်တွေ မြန်မာပြည် မြောက်ပိုင်းကို အခြေစိုက်ထားတာ ပြိုကွဲသွား နိုင်တယ်။ ပြီးတော့ မဟာမိတ်တွေက တရုတ်ပြည်ကို ပိုပြီးနီးနီး ကပ်ကပ် ထောက်ပံ့နိုင်မယ်ကွ။ နောက်တစ်ခုကလည်း လားရှိုးနဲ့ ဆက်ထားတဲ့ လမ်းကြောင်း ပိတ်ထားတာကို ပြန်ပြီး ဖွင့်နိုင်လာမယ်။ ဒါကြောင့် မြစ်ကြီးနားကို တိုက်ဖို့က သိပ်အရေးကြီးတယ်ကွ” အန်ကယ်ဂျော့ခ်ျ၏ မျက်နှာမှာ ဟိုးနှစ်ပေါင်း များစွာကို ပြန်ပြီးအောက်မေ့ သတိရနေသလို။

(၂)
“၁၉၄၄ မေလဆန်းမှာ အမေရိကန်စစ်သား ၁၄၀၀လောက်နဲ့ တရုတ်တပ်နှစ်တပ် ကချင်တိုင်း ရင်းသားတွေရဲ့ အကူအညီနဲ့ တောင်ကုန်းတွေ၊ တော တောင်တွေကို ခဲရာခဲဆစ် ဖြတ်ပြီးမှ မြစ်ကြီးနား ဆီကို ဦးတည်ပြီး ငါတို့ ချီတက်ခဲ့ကြတာပေါ့။ ဂျပန် တွေက ခဲရာခဲဆစ် တောတွေ၊ တောင်တွေကို ကျော်ဖြတ်ပြီး လာမယ်လို့ ဘယ်ထင် ထားပါ့မလဲကွာ။ ဒါကြောင့်ဒီကောင်တွေ အငိုက်မိ ခံလိုက်ရတာပေါ့”

“ဂျပန်တွေက ထင်မထားဘူးပေါ့”

“ဟုတ်တယ် ထင်မထားဘဲနဲ့ မေလ ၁၇ရက်နေ့မှာ ငါတို့က မြစ်ကြီးနား လေဆိပ်ကို ၀င်သိမ်းလိုက်တယ်”

“မြို့ကို ဆက်မသိမ်းဘူးလား အန်ကယ်”

“ဟာ ဘယ်နေမလဲ၊ နောက်နေ့ကျတော့ တရုတ်တပ်တွေရယ်၊ကချင်တိုင်းရင်းသားတွေရယ်၊မဟာမိတ်တပ်တွေရယ်၊အင်အား လေးထောင်လောက်နဲ့ မြစ်ကြီးနားကို သဲသဲမဲမဲ ၀င်တိုက်တော့တာပေါ့”

“ဂျပန်ဘက်က အင်အားကရော ဘယ်လောက်များလဲ အန်ကယ်”

“စပြီး တိုက်စ အချိန်မှာ ဂျပန်ဘက်က အင်အား(၇၀၀) လောက်ပဲ ရှိမယ်တဲ့ကွ။ ဒါပေမယ့် ဂျပန်တွေက ရွတ်ရွတ်ချွံချွံနဲ့ ခုခံတော့ တိုက်ပွဲက ချက်ချင်း နာရီပိုင်း အတွင်း မပြတ်တော့ဘူး။ တစ်ဖက်နဲ့ တစ်ဖက် အခြေအနေ ဆိုးသထက် ဆိုးလာပေမယ့် ဘယ်သူ့ ဘယ်သူမှ အနိုင် မတိုက်နိုင်ကြဘူး။ ဒီလိုနဲ့ တို့ဘက်ကို လေယာဉ်နဲ့ လေယာဉ်ကွင်း အရောက် စစ်ကူတွေ ထပ်ဖြည့်ပေးသလို ဂျပန်ဘက်ကိုလည်း တစ်ဘက်ကမ်းက ဂျပန် စစ်ကူတွေ တဖွဲဖွဲ ရောက်လာတော့တာပဲ။ နောက်ဆုံးဂျပန် ဘက်မှာ အင်အား သုံးထောင့် ငါးရာကျော်လောက် ရှိလာတယ်ကွ။ တို့ဘက်မှာလည်း အင်အား သုံးသောင်းကျော် အထိ ရှိလာတော့တယ်”

“ဟာ အင်အားချင်းက ဆယ်ဆနီးပါး ကွာတာပဲ”

သူ့စကားကြောင့် အန်ကယ်ဂျော့ခ်ျက ပြုံးသည်။
“ဂျပန်တွေက တကယ် သတ္တိ ကောင်းတယ်ဟေ့ အင်အား မမျှပေမယ့် ဇွဲမလျော့ဘူး။ မဟာမိတ်တွေ ကျဆုံးလိုက်တာ ဘယ်နည်းလိမ့်မလဲ။ ဒဏ်ရာရတဲ့ သူတွေကို ဒေါက်တာဆီးဂရေ့စ်နဲ့ သူနာပြု အဖွဲ့တွေ ရောက်လာပြီး ဂျပန်ကျည်ဆန်တွေ ကြားမှာ လိုက်ကောက်၊သယ်၊ ပြုစု- လုပ်ရတာ ပေါ့ကွာ”
ရက်ပိုင်းအတွင်း တိုက်ပွဲက မပြတ်တော့ဘူးပေါ့”

“ဟာ ဘယ်ရက်ပိုင်း ဟုတ်မလဲကွာ တစ်လ အတွင်းတောင် မပြတ်ဘူး။ ဇူလိုင်လကုန် လောက်ရောက်မှ မဟာမိတ်တွေက တစ်စတစ်စနဲ့ အသာရ လာခဲ့တာ”

“ဇူလိုင်အထိ တိုက်ရတုန်း ဟုတ်လား အန်ကယ်”

“ဟုတ်တယ် သြဂုတ်လ (၃) ရက်နေ့ရောက်မှ ဂျပန်တွေက ဧရာဝတီမြစ်ကို ဖြတ်ကူးပြီး ဆုတ်ပေးလိုက်တာကွ”

“တော်တော် တိုက်ယူ ရတာပဲနော်”

“အေး အဲဒီစစ်ပွဲမှာ ကျဆုံးသွားတဲ့ မဟာမိတ်ဦး ရေစာရင်းက ငါးထောင် ကျော်တယ်ကွ။ ဂျပန်ဘက်က သုံးထောင်ကျော် ကျဆုံးပြီး ခုနှစ်ရာကျော် လွတ် မြောက်သွားကြတယ်။ မြစ်ကြီးနား တစ်ဝိုက်မှာ အလောင်းတွေ ဆိုတာ မြင်မကောင်း ရှုမကောင်းပေါ့ကွာ”

“မြစ်ကြီးနားမြို့ကို ရလိုက်ပေမယ့် လူတွေအများကြီး စတေး လိုက်ရတာပေါ့နော် အန်ကယ်”

“ဒါပေါ့ကွ၊ ဒီတိုက်ပွဲမှာ ငါတို့ မဟာမိတ်တွေ အနိုင် ရလိုက်ပေမယ့် တကယ်တမ်း ချီးကျူးစရာ မဟုတ်ပါဘူး။ကိုယ့်ထက် အင်အား အလွန်နည်းတဲ့ ဂျပန်တွေရဲ့ ဇွဲနဲ့ တိုက်ရည်ခိုက်ရည် အစွမ်းသတ္တိကိုပဲ တကယ်တမ်း ချီးကျူးရမှာကွ”

အမေရိကန် လူမျိုးတစ်ဦးက ရန်သူဖြစ်သော ဂျပန်ကို ချီးကျူး စကား ဆိုလာသဖြင့်သူ အတော်အံ့သြ သွားမိသည်။ အန်ကယ် ဂျော့ခ်ျ၏ မျက်နှာကို သူ စူးစိုက်ကြည့်လိုက်မိ၏။
“ဘာလဲကွ ငါ ဒီလိုပြောလိုက်လို့ မင်းအံ့သြသွားတာလား”

သူ စကားမပြန်မိဘဲ ပြုံးနေလိုက်မိသည်။
“မိတ်ဆွေပဲ ဖြစ်ဖြစ်၊ ဆွေမျိုးသားချင်းပဲ ဖြစ်ဖြစ်၊ ညံ့တာကို ညံ့တယ်လို့ ပြောရဲရမယ်ကွ၊ ရန်သူပဲဖြစ်ဖြစ်၊ ကိုယ်နဲ့ သဘောထား မတိုက်ဆိုင်တဲ့ သူပဲဖြစ်ဖြစ်၊ တော်တာ၊ ကောင်းတာ တွေ့ရင်လည်း တော်တယ် ကောင်းတယ်ဆိုတာ ချီးကျူး ရဲရမှာပေါ့ကွ”
သူက လေးစားစွာ ခေါင်းညိတ်ပြလိုက်မိသည်။

“အိပ်စ်ကျူးခ်မီ”

မမျှော်လင့်ဘဲ ကြားလိုက်ရသော အသံကြောင့် သူရော အန်ကယ်ဂျော့ခ်ျပါ အသံလာလို့ လှည့်ကြည့်မိကြ၏။

(၃)
ကပ်လျက် စားပွဲဝိုင်းမှ ဂျပန်အဘိုးကြီး သူတို့ဝိုင်းဆီ လျှောက်လာတာ တွေ့သည်။ ဂျပန် အဘိုးကြီး နှုတ်မှ ထွက်လာသည့် အသံက တုန်ခါ လှိုက်မောနေသလို။
“အိပ်စ်ကျူးစ်မီ”

အနားရောက်တော့ ဂျပန်အဘိုးကြီးက နှုတ်မှခွင်တောင်း စကားကို ထပ်မံပြောရင်း လက်ကိုကမ်းသည်။ အန်ကယ်ဂျော့ခ်ျက ရုတ်တရက် ထရပ်လိုက်ကာ ဂျပန် အဘိုးကြီး ကမ်းပေးလိုက်သော လက်ကိုဆွဲရင်း နှုတ်ဆက်လိုက်၏။ သူလည်း ထရပ်ရင်း အဘိုးကြီး နှစ်ယောက်ကို စူးစိုက်ကြည့်နေမိသည်။

“ကျွန်တော့်နာမည် မစ္စတာ ယိုရှီတာပါ”

“ကျွန်တော့် နာမည်က မစ္စတာ ဂျော့ခ်ျစတီဗင်ဆင်ပါ”

“စောစောက ခင်ဗျားတို့ စကားဝိုင်းက စကားတွေ တစ်စွန်းတစ်စ ကြားရပါတယ်။ မြစ်ကြီးနားတိုက်ပွဲ အကြောင်းမှန်းသိလို့ စိတ်ဝင်စား နားထောင်မိပါတယ်”

“ဟုတ်ပါတယ် မြစ်ကြီးနား တိုက်ပွဲအကြောင်း ပြောပြနေ တာပါ”

မစ္စတာယိုရှီတာသည် အင်္ဂလိပ် စကားကို ကျွမ်းကျင်စွာ ပြောတတ်သော်လည်း ဂျပန် လေယူလေသိမ်းမို့ သူနားစိုက်ထောင် နေရသည်။
“ဘာဖြစ်လို့ပါလဲ ခင်ဗျာ”
ဟု အန်ကယ်ဂျော့ခ်ျက မေးလိုက်၏။

“အော် အဲဒီမြစ်ကြီးနား တိုက်ပွဲမှာတုန်းက ကျွန်တော်လည်း ပါခဲ့ပါတယ် မစ္စတာဂျော့ခ်ျ။ ခင်ဗျား နောက်ဆုံး ပြောလိုက်တဲ့ စကားကြောင့် ကျွန်တော် ခင်ဗျားကို ထပြီး နှုတ်မဆက်ဘဲ မနေနိုင်အောင် ဖြစ်သွားရတာပါ။ ဒီတိုက်ပွဲမှာ မဟာမိတ်တွေ နိုင်လိုက်တယ် ဆိုပေမယ့် ချီးကျူးစရာ မဟုတ်ဘူး။ အင်အား နည်းနည်းလေးနဲ့ သတ္တိ ပြောင်မြောက်စွာ ခုခံနိုင်ခဲ့တဲ့ ဂျပန်တွေကိုသာ ချီးကျူးရမယ်လို့ ခင်ဗျား ပြောလိုက်တာလေ။ ရန်သူဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ် ချီးကျူးစရာ ရှိရင် ချီးကျူးရတယ် ဆိုတဲ့ ခင်ဗျားရဲ့ စိတ်ကို သဘောကျ လွန်းလို့ပါ”

“ဒါ သဘောထား အမှန်ပါပဲ။ မစ္စတာ ယိုရှီတာ”

“တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ ကျွန်တော်တို့ စစ်မြေပြင်မှာ ဆုံခဲ့ကြဖူးပြီး မသေဘဲ အခုလို ပြန်တွေ့ခွင့် ရတာ ၀မ်းသာပါတယ်။ ကျွန်တော်လည်း မြစ်ကြီးနားကို အရိုးကောက်သွားဖို့ ရောက်လာတာပါပဲ”

“ကျွန်တော်လည်း မြစ်ကြီးနား သွားချင်လို့ ဒီတစ်ခေါက် ရောက်လာခဲ့တာ”

“အေးဗျာ အရင်က တိုက်ပွဲမှာ ဆုံခဲ့ရတဲ့ ရန်သူတွေ အခုတော့ စားပွဲဝိုင်း တစ်ခုထဲမှာ ဆုံနိုင်ကြတဲ့ မိတ်ဆွေတွေ ဖြစ်အောင်လို့ ကျွန်တော်တို့ ၀ိုင်းမှာ လာထိုင်စေချင်ပါတယ်ဗျာ”

မစ္စတာ ယိုရှီတာက လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်လိုက်၏။
အန်ကယ်ဂျော့ခ်ျက သူ့မျက်နှာကို လှမ်းကြည့်ရင်း
“ငါတို့ ၀ိုင်းပြောင်းပြီး စကား ပြောရအောင်ကွာ။ အင်း တစ်ချိန်တုန်းကတော့ ရန်သူတွေပေါ့။ အခုတော့ မိတ်ဆွေတွေပေါ့ကွာ”

“သိပ်ကောင်းတဲ့ အစီအစဉ်ပါပဲ အန်ကယ်။ ဟိုးတုန်းက ကျည်ဆန်တွေနဲ့ စကားပြောခဲ့ဖူးကြသူ နှစ်ဦး၊ အခုတော့ အသည်းနှလုံးတွေနဲ့ စကားပြောခွင့် ရကြတာ၊ ကျွန်တော် အရမ်းကြည်နူး မိပါတယ်”

မစ္စတာ ယိုရှိတာက သူ့စကားကို သဘောကျစွာ ပြုံးပြီး သူ့ပခုံးပေါ် လက်တင်ရင်း လှုပ်ယမ်းသည်။
ခဏလေး အတွင်းမှာ သူတို့ စားပွဲ တစ်ဝိုင်းတည်း ထိုင်လိုက် မိတော့၏။
မောင်စိန်ဝင်း (ပုတီးကုန်း)
(ပေဖူးလွှာ မဂ္ဂဇင်း၊ အောက်တိုဘာလ ၂၀၁၀)

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More