မြစ်ရေစစ်ချိန်ဆိုတော့ ဧရာဝတီ ရေပါးသည် သူ့မြစ်ကမ်းပါးကို သူကိုယ်တိုင် မော့ကြည့်နေရသည်။ မြစ်ရေက ခဲသားရောင်ဖြင့် တငြိမ့်ငြိမ့် စီးဆင်းနေသည်။ မြစ်ထဲမှာ တံငါဂျော်ဂျက် လှေကလေး နှစ်စင်းသုံးစင်း။ မြစ်တစ်ဘက် ကမ်းကိုင်းပင်တောကို ကျော်ကြည့်လျှင် ဝေးဝေးက ရွာတွေကို မြူထဲမှာ မြင်ရသည်။ ကျွန်တော်တို့ လှည်းစီးလာခဲ့သည့် ဆမိတ်ခုံနှင့် တည့်တည့် တစ်ဘက်ကမ်း ရွာတွေကတော့ လှည်းနောက်မှာ ကျန်ရစ်ခဲ့ကြပြီ။ သာဒွန်း မင်းတန်းကူးတို့တဲ။
လှည်းလမ်းက မြစ်ရိုး ခြေကုန်းမြင့်တွင် ရှိနေသဖြင့် အောက်ဘက် မြစ်မကို တစ်လျှောက်လုံး မြင်နေရသည်။ မြစ်နဖူးတွင် ရှိနေသည့် တဲကလေးတွေကတော့ တံငါ တဲကလေးတွေ ဖြစ်လိမ့်မည်။ တချို့တဲက ၀ါးတဲ ၀ါးထရံကာ သပ်သပ်ယပ်ယပ် ရှိသော်လည်း အများစုကတော့ ထန်းလက်ကာ နေဖြစ်ရုံ တဲကလေးတွေ။ တဲနောက် မီးဖိုမှာတော့ အငွေ့တွေ အူထွက်နေသော တည်လက်စ အိုးတစ်လုံးနှင့် ခွေအိပ်နေသော ခွေးတစ်ကောင်သာ ရှိသည်။
ကပ်လျက် တဲတစ်တဲမှာ ကလေးတွေ တပြုံတောင်။ အချို့က ကိုယ်တုံးလုံး၊ အချို့က အင်္ကျီ ၀တ်ထားသော်လည်း ရွှေပန်းငေါက် တောက်။ ဖအေတွေက မြစ်လယ်က လှေကလေးတွေထဲမှာ ရှိကြရော့မည်။ မအေ တွေကကော။ သည်တဲကလေးတွေထဲမှာပဲ သားသမီး ရတနာတို့ ပွားစီးကြဟန် တူသည်။
ကွင်းတစ်ကွင်းလုံး တိတ်ဆိတ်ခြင်း ရှိသော်လည်း ငြိမ်သက်နေသည် မဟုတ်။ စိုက်ခင်းတွေက ထရေးခွဲ ထားတာတွေလည်း ရှိသည်။ ရေစို နူးနူးတွေလည်း ရှိသည်။ ရေမရောက် အခင်းခြောက်တွေလည်း ရှိသည်။ ကြက်သွန်ခင်းတွေကတော့ မနှုတ် ရသေးတာ များသည်။ ပဲတွေရိတ်ပြီး အလုံး အလုံးပြုကာ လှည်းတိုက် စောင့်သည့် အခင်းတွေလည်း ရှိသည်။ အလှဆုံးကတော့ စိုက်ခင်း ကျယ်ကြီးထဲမှာ ပြောက်ထိုးနေသည့် လက်ပံပင် အိုကြီးတွေ၊ ပေါက်ပင်တွေ၊ ထန်းနှင့် ကန္တာရပင်တွေ။ မြူရိပ် ပါးပါး၊ နေရောင်နုနု အခါရာသီ ကလေး ရောက်တော့မှာ ဆိုတော့ လေကလည်း မှုန်ချင်သည်။
ချိုင့်ဝင်နေသော လှည်းလမ်းက မြစ်နှင့် ယှဉ်ကာ ရှိနေသည်။ ဟိုတုန်း ဟိုအခါကတော့ မြစ်နှင့် ဝေးပုံရသော်လည်း မြစ်ကမ်းပါးတွေ ပြိုတော့ လှည်းလမ်းနှင့် ကမ်းပါးစောက် တစ်တောင်ပင် မကွာချင်တော့။ တစ်ခါတစ်ရံ မြစ်ကမ်းပါးအောက်များ၊ လူရော လှည်းပါ ကျတော့မလား အသည်း အေးမိရသည်။ လှည်းသမားက ကိုတောကျော်။ ဆမိတ်ခုံသား။ နွားကြီးတွေက ဖိန့်ဖိန့်ဖီးဖီး ရှိသည်။
“နွားကြီးတွေ ကောင်းလှချည့်လား ဦးတောရဲ့ တန်ဖိုး မသေးလောက်ဘူး”
မထူးက လှည်းသမား သည်းခြေကြိုက်လောက်သည့် စကားကို ဆိုသည်။ လှည်းသမား၊ နွားသမားများ နွားတွေ လှကြောင်း၊ ကြော့ကြောင်း၊ ရွကြောင်း၊ ဆတ်ကြောင်း ပြောလျှင် ၀မ်းသာတတ်ကြသည် မဟုတ်လော။
“ကျုပ်တို့ဘက်က နဇာ(နွားစာ) ပေါသကိုးဗျ။ ကျုပ်က ၀၀လင်လင် ကျွေးသာရယ်။ ကျုပ်က နညိုထသီး (နွားညိုထန်းသီး) မကြိုက်ဘူး။ နညိုထသီး ၀န်ကြီး မတင်နဲ့၊ ၀န်ကြီးတင်ရင် ရွာစဉ် မ၀င်နဲ့။ ရွာစဉ်ဝင်ရင် ခရီး မဝေးစေနဲ့။ ရွာစဉ်ဝေးရင် ကလေး မပါစေနဲ့ ဆိုသာ။ ကျုပ်က စံပယ်ဖြူ ဆတ်မွဲမွေးတို မွေးကြမ်း ထမ်းပိုးထမ်း ဆိုသာမှ ကြိုက်သာ၊ နွားဈေးကောင်းတော့ နခိုးက ပူရသေး။ နွားသော့ခတ် အိပ်ရသာပါဗျာ”
ဦးတောကျော်က သိပ္ပံမောင်ဝ၏ လှည်းသမားထက် သာလောက်သည်။ စိုက်ခင်း အရှေ့ဘက် ရွာတွေကို နကန်နှင့် လှမ်းပြကာ ကာလရွာ (ကုလရွာ) လှိုင်းတက်နှင့် ကတော သိမ်ရွာတွေဘက်ကို ပြသည်။ သိမ်တော်ရှင် ဘုရားခြေကတောင်ဘက် ဖောက်သည့်လမ်း မြင်းခြံ တောက်လျှောက် ပေါက်တာလည်း ပါသည်။
လှည်းက တအီအီ။လှည်းပေါ်မှာ ကျွန်တော်တို့ သားအဖ သုံးယောက်သာ ပါသည်။ အကယ်ဆိုလျှင် ဆမိတ်ခုံ ဆိပ်ကမ်းက ပဲ့ထောင့်ကလေး စက်လှေကလေး စီးလျှင်ပင် ကျွန်တော်တို့ သွားမည့် ပေါက်အို အလယ် ရွာ၊ စားကြူး၊ ကျီရွာ၊ ဥဒယကို ရောက်နိုင်သည်။ မြစ်ဆိပ်ရွာတွေ ဆိုတော့ စက်လှေထိုး ဆိုက်လိုက်ရုံ။ မြစ်ကမ်းပါးက တက်လျှင် ရွာဝင်ရုံ။ ကျွန်တော်တို့ မိသားစုက သစ်ခင်း စိုက်ခင်းတွေကို ဖြတ်ချင်သည်။ တောနံ့ တောင်နံ့ ရှုချင်သည်။ လူသံသူသံ ကြား ချင်သည်။ သည်တော့ လှည်းခရီးကို ရွေးရသည်။ မြစ်ကမ်းတစ်လျှောက် တလုပ် မန်ကျည်း ခေါ်ကြသည့် သင်္ဘော မန်ကျည်းပင်တွေ များလှသည်။ သီးမှည့်ကောက်ကောက် ကွေးကွေးတွေက နီနီထွေးထွေး။ မထူးက သီးမှည့်တွေ အက်ကွဲနေသော အပင်တစ် ပင်အောက် လှည်းဖြတ်တော့ လှည်းဆရာကို ခဏ ရပ်ပေးပါဦး တောင်းပန်သည်။ လှည်းပေါ်ကပဲ မတ်တပ်ရပ် ခူးတော့ တစ်ဆုပ်တစ်ခဲ ခဏကလေးနှင့် ရသည်။
“ကျွန်မတို့ ငယ်ငယ်က တလုပ် မန်ကျည်းသီး အကောင်း လုပ်စားကြရတာ။ ချူတဲ့လူက ချူ၊ လုကောက် သူကကောက်၊ အချင်းချင်း နပမ်း လုံးကြရသေးတာ သတိရတယ်။ ထမိန် ခါးပိုက်လုပ်ပြီး သွားလေရာ ယူသွားတာပဲ။ ပါးစပ်တွေများ ဖန်တွတ်လို့”
သမီးကတော့ ထူးဆန်းသော တောသီး တောဆံကို စားတော့ကြည့်သည်။ ကြိုက်ပုံမရ။ ကျွန်တော်က မအေနှင့် သမီး ငယ်ဘ၀ချင်း ခြားတော့ အာရုံ ခံစားမှု ခြားရတာကို သတိ ထားမိလိုက်သည်။ ကျွန်တော်တို့ ငယ်ငယ်ကလည်း ရွာမှာ ကြီးပြင်းခဲ့ရသည်။ ငှက်ပျောတော သီးပင်တော ဂွေးပင်တောမှာ တောသီး တောစာနှင့် ကြီးခဲ့ရသည်။ ခံသီး၊ ဘောက်သီး၊ ကဆစ်သီးနှင့် လူလား မြောက်ခဲ့ရသည်။ ဆီးချဉ်သီး၊ မန်ကျည်းချဉ်သီး၊ သရက်ချဉ်သီးနှင့် အာသာ ပြေခဲ့ရသည်။ မထူးက လှည်းဆရာကို မေးပြန်သည်။
“မနှစ်က ရေ၀င်သလား”
“မ၀င်ပေါင်ဗျာ။ အထက်က ဆည်ခံ ဆိုသလိုလို ပြောကြသာပဲ။ အခင်းတွေ ကြည့်ပါလား။ရေ၀င်တဲ့ နှစ်များ နုန်းနှစ်တွေ ကျန်ရစ်တော့ မြေဆီဆိုသာ အပွေးကို တက်နေတော့သာ၊ အသီးကလည်း ဖြစ်လိုက်စမ်းဆို တောင်သူတွေ အသီးအနှံ ရသာများဗျာ။ ခက်သာက အသီးရတဲ့နှစ် ဈေးက ကျပြန် ရော။ အခုကျတော့ ဘယ့်နှယ့် ဖြစ်တုန်းဆိုတော့ မြစ်က ရေမ၀င်တော့ဘူး။ မြစ်ရေတိုး သယ်ဆိုသယ် စတုတ် မတိုက်နိုင်ဘူး။ မြစ်ရေက နောက်ပြန် လန်ကျသာနဲ့ပဲ ရှေ့ မရောက်တော့ဘူး”
မနှစ်က ရေ၀င်သလား ဆိုသည့် မေးခွန်းက တိုတောင်းသော်လည်း အဖြေက များလှသည်။ အမေးတော်ဖြေ ကျမ်းတစ်ဆူလောက်တော့ မေးခွန်းလေးငါး ဆယ်ခွန်း မေးရုံလောက်နှင့် ရနိုင်သည်။ ကျွန်တော်က ဦးတောကျော်နှင့် ကပ်လျက် လှည်းဦးမှာ ထိုင်သည်ဆိုတော့ အသာလှည့် အကဲခတ်ရသည်။ အသက်က ကျွန်တော်နှင့် မတိမ်းမယိမ်း။ အသားညိုညို၊ ကွမ်းပလုပ် ကလေးနှင့် ဖြစ်သည်။ သူ့ဘေးမှာကွမ်းထုပ် ကလေးရှိသည်။ ပလပ်စတစ်အိတ်ထဲမှာ ကွမ်းလေးငါးရွက်၊ ထုံးဘူးတစ်ဘူး၊ ဆေး ရွက်ကြီးတစ်ဆုပ်ဖြဲ၊ ကွမ်းသီးအနည်းငယ်ပါသည်။ ကျွန်တော်က ကွမ်းဆိုင်က ၀ယ်လာသော ယာကွမ်းတစ် ယာကမ်းတော့ ယူတော့စားသည်။ သူက ဗမာဆေးရွက် ကြီးထည့်စားသူဆိုတော့ကျွန်တော်ပေးသည့်ကွမ်းက ပေါ့ပုံရ၏။ လှည်းဘေး ကွမ်းပြင်ရည် ဖွမ်းခနဲ ထွေးလေသည်။
“ဆရာကြီးတို့ ကွမ်းက ပေါ့သယ်။ ကျုပ်တို့နဲ့ မကိုက်ဘူး။ ကျုပ်တို့က ဂျမ်း တွေရယ်၊ လူကလည်း ဂျမ်း၊ အလုပ်ကလည်း ဂျမ်း၊ ကွမ်းကျတော့လည်း ဂျမ်းမှ ဆရာကြီးတို့ လူနုနဲ့ ကွမ်းနုနဲ့တော့ ကိုက်ပါ့ဗျား။ ကျုပ်တို့က ဆေးရွက်ကြီးနဲ့ ကွမ်းသီးရောပြီး ၀ါးချင်ဝါးနေသာ၊ သည်နှစ် ကျုပ်တို့ ရွာဦးတင့်တယ် ဘုရားပွဲ ငမြာဘက် မြောင်ဘက်က လာရောင်းကြ သယ့်ဗမာ ဆေးရွက်ကြီးတွေများ အပွေးကြီးတွေက အကွက်ကြီးတွေလည်း ကောင်းချက်များ”
“ဦးတင့်တယ် ပွဲက ပြီးပြီပေါ့”
“ဦးတင့်တယ်ပွဲ တော်တော် စည်လိုက်သယ်၊ ပြီးပြီ ပြောပါတော့။ မတွေ့ခဲ့ဘူးလား အဝေးဈေးသည် တချို့ဆိုင်တောင် မဖြုတ်ကြသေးဘူး။ ဇဂျူးနတ်ပွဲလည်း မလိုတော့ဘူး။ ဟောသည်လမ်များ လဲမှို့ကျစရာ မရှိဘူး။ ဆိုင်ကယ်စက်ဘီး နွားလှည်း ရှောင် မဖြစ်ဘူး။ စည်ချက် ကမ်းကုန်သယ်”
ဇဂျူး ဆိုတာက စားကြူးရေးထုံး ရှိသော ရွာအမည်ဖြစ်သည်။ ဇဂျူးနတ်ပွဲက ဘာနတ်တုန်းဆိုတော့ ဇဂျူးနတ်ဟု ဆို လေသည်။ ကြက်သွန်ခင်းအချို့ လှည်း လမ်းဘေးမှာ ရှိသဖြင့် နကန်ဖြင့် ထိုးပြသည်။ နတ်ပွဲက စောပြီး ကြက်သွန်က နောက်ကျတော့ တောင်သူတွေ နတ်ပွဲဈေး ငွေမသုံးရဘူး ဆိုတာလည်း ပါသည်။ တစ်နေရာ ရောက်တော့ ဦးတောကျော်၏ နကန်က မိုးပေါ် ထိုးပြသည်။ ကျွန်တော်တို့ မိသားစုလည်း နကန်ဖျားကို မော့ကြည့်ကြရသည်။ မဟာဓာတ်ကြိုး လိုင်းကြိုးများကို ပြခြင်းဖြစ်သည်။ ဘာကို ပြောချင်တာပါလိမ့်။
“ကျုပ်တို့ ရွာပေါ် ဖြတ်သွားသာလေ။ ဓာတ်ကြိုးတစ်ချောင်း လူ့လက်မောင်း လောက်ရှိသာ၊ မြစ်သည်ဘက်မှာ တစ်တိုင်၊ မြစ်ဟိုဘက်မှာ တစ်တိုင်။ သည်တော့မှ သူပြောချင်တာကို သဘော ပေါက်ရသည်။ လှည်းလမ်းက ကောက်တိကောက်ကွေး။ တစ်ခါတစ်ခါ လမ်းတစ်ဘက် သစ်ခင်းထဲ ဖဲ့ဆင်းရတာ လည်း ရှိသည်။ မြစ်ရေကြောင့် ကမ်းပါးတွေ ပြိုပြီဆိုလျှင် မြစ်နီးကမ်းနီးတောင် သူအခင်းတွေက လှည်းလမ်း ပေးကြရ သည်။လှမ်းလေးပေးရင်းက ယာခင်းကလေး ကျုံ့ရသူတွေ အပုံ။ တောင်သူ ဆိုတော့လည်း ပဲချိန်ပဲ၊ ကြက်သွန်ချိန် ကြက်သွန်၊ နှမ်းချိန်နှမ်း ကိုက်သော်ရှိ မကိုက်သော်ရှိ စိုက်လိုက်ရမှ ကျောလုံကြသူတွေ ဖြစ်သည်။ သစ်ခင်းကလေး ကြဲထားသတဲ့ ဆိုမှ ငွေရှင်က ငွေချေးသည်။ ဦးတောကျော် မှာလည်း နှစ်ဧက မူးတင်း မြေကွက်ရှိသည် ဆို၏။ မြစ်ရေတင် စီမံကိန်းရှိသည့် အရပ် ဆိုသော်လည်း အဖျားခင်းတွေဆီ ရေမရောက်သည့် နှစ်တွေ ရှိသည်။ ကိုယ့်စက်နှင့် ကိုယ်တင်ပြန်တော့ စရိတ်ကြီးသည်။ ကောင်းကင်က ကျလာမည့် မိုးရေဆိုတာကလည်း သေချာတာ မဟုတ်။
လမ်းမှာ ဆမိတ်ခုံ သင်္ဘောဆိပ်ကို တွေ့ရပြီ။ ရွာနှင့်တော့ လှမ်းသား။ ဧရာဝတီ သင်္ဘောတွေက ဆမိတ်ခုံဆိပ်မှာ ကပ်လေ့ရှိသည်။ ဆမိတ်ခုံပြီးလျှင် ကြား ရွာတွေမှာ မကပ်တော့ဘဲ ဂင့်ဂဲ ရွာဆိပ်မှာ တစ်ထောက်ဆိုက်သည်။ ကြားရွာတွေက သင်္ဘော စီးချင်လျှင် ဆမိတ်ခုံကို ရောက်အောင် လာချင်လာ၊ ဂင့်ဂဲကို သွားချင် သွား။ အခုတော့ ကတောရွာ၊ ရရှည် ရွာ (ရွာရှည်ရွာ)၊ သိမ်ရွာတွေက မော်တော် ကားတွေ ထွက်ကြပြီဆိုတော့ မသေချာသည့် သင်္ဘောကို စိတ်မရှည်နိုင်ကြတော့ပြီ။
တစ်နေရာ ရောက်တော့ စက်ဘီး ကယ်ရီယာပေါ် ဆီပုံးနှစ်ပုံး ခွတင်လာသည့် ကလေးတစ်ယောက်နှင့် ဆုံသည်။ ကလေးက စက်ဘီးကို စီးမဖြစ်။ လှည်း လမ်းဆိုတော့ ကျင်းကြီး ချိုင့်ကြီးတွေ ရှိသည်။ သည်တော့ စက်ဘီးကို တွန်းရတော့သည်။ ဆီပုံး နှစ်ပုံးကလေးတော့သူ့ စက်ဘီးသူ မထိန်းနိုင်။ တစ်နေရာမှာ တော့ လှည်းရှောင်ရင်း ဗိုင်းခနဲလဲသည်။ ဦးတောကျော်က လှည်းခဏ တောင့်ကာ ဆင်းထူလေ၏။
“ငါက မင်းမရိုက်ချင်ဘူး။ မင်းမိဘများ နကန်နဲ့ ရိုက်ချင်တော့သာ။ ဘယ့်နှာဗျာ ကလေးကို ဆီပုံးကြီးတွေ သယ်ခိုင်း ရသယ်လို့ နေဦး မင်းဟာက ဘာဆီ တွေတုန်း”
“ဒီဇယ်”
“ဘာလုပ်သာတုန်း”
“စက်မောင်းဖို့ရယ်”
“မင်းအဖေက ဘာလုပ်နေလို့တုန်း၊ ကလေး ခိုင်းရတယ်လို့”
“အဖေ မရှိတော့ဘူးဗျ”သည် အင်တာဗျူးကို ကျွန်တော်တို့ပါ ကြားနေရသည်။ ဦးတောကျော်ပင် စကား မဟနိုင်တော့ဘဲ လှည်းပေါ် ပြန်ရောက်လာသည်။
“ဖြစ်ရလေဗျာ”
သည်နောက်တော့ ဦးတောကျော် နှုတ်ဆိတ် သွားခဲ့သည်။ ကျုပ်တို့က ဂျမ် တွေ ဆိုသူမှာလည်း နှလုံးသား ရှိသည်။ ဂျမ်းဆိုတာက ရွာသုံးဖြစ်၍ စိတ်ကြမ်း ကိုယ်ကြမ်းကို ပြောခြင်းဖြစ်သည်။ လှည်းမောင်းရင်း သူ့ဂျမ်း ကွမ်းယာအုပ်ကို ဖြည်ကာ တစ်ယာ ယာစားသည်။ ခဏနေတော့ ဖွီခနဲ ကွမ်းတစ်ချက် ထွေးလေ၏။
“သည်ကလေးနဲ့ ကျုပ်နဲ့ ဘ၀တူ သကောဗျာ။ကျုပ်လည်း ငယ်ငယ်ကတည်းက အဖေ မရှိဘူး။ အမေကလည်း ဆုံးတော့ ဘကြီးများနဲ့ နေခဲ့ရသာရယ်။ မြေကလေး လှည်းကလေး ပိုင်တဲ့သည်ဘ၀ ရောက်ဖို့ နှစ်ပေါင်းလေးဆယ်လောက် ကျုံးရုန်း လုပ်ခဲ့ရသာ”

ကျွန်တော်တို့ကို ပြောနေတာနှင့် မတူ။ တစ်ယောက်တည်း ရေရွတ် နေသည့်နှင့်ပင် တူတော့သည်။ လက်ပံပင်ပေါ်က မှိုပွင့်တွေ ၀ဲလွင့်ကျနေကြသည်။ လေမှုန် မှုန် မြူမှုန်မှုန်ခင်း ပြန့်ထဲမှာ လှည်းတစ်စီး တစ်လေ၊ လူတစ်ယောက်စ နှစ်ယောက်စ ဝေးဝေးမှာ လှမ်းမြင်နေရသည်။ မြစ်ကတော့ လှည်းက ကြိုးနှင့် ဆွဲလာသလို ကျွန်တော်တို့နောက် ကောက်ကောက်ပါ လာခဲ့သည်။ တံငါတဲ တစ်တဲက မြစ်ပုဇွန် ထုတ်ယူကြဦးမလား လှမ်းမေးသည်။ လင် တံငါသည်ခမျာ မြစ်ပုဇွန် တစ်တွဲနှင့်သည် တစ်ခါတော့ အိမ်ပြန်လှပုံ ပေါ်သည်။ တစ်နေရာမှာတော့ ဆီးချဉ်ပင် အပင်များများ တွေ့ရသည်။ ဆီးချဉ်သီး ခြောက်တွေ လှမ်း ထားသည့် တဲတစ်တဲကိုလည်း မြင်ရသည်။ သည်နှစ်ဆီးချဉ်တွေ တစ်တင်း နှစ်ထောင်ရသယ်လို့ လှည်းဆရာက ဆီးချဉ်သီး ဈေးနှုန်း ပြောပြနေသည်။
“သည်ဘက်ရွာတွေ သည်နှစ် အလှူအတန်းတွေကော ဖြစ်ကဲ့လား”
“ဖြစ်တဲ့ရွာ ဖြစ်သယ်၊ အလှူကလည်း ပိုက်ဆံ ရှိသူများ ကျတော့ အပြိုင်အဆိုင် ပါဗျာ။ ဒါန မပြိုင်ကြဘူး။ ဆိုင်းပြိုင်ကြသာ။ အဆိုတော် ပြိုင်ကြသာ ကျုပ်ကတော့ လှည်းလိုက်ရင် တစ်ပွဲ ခုနှစ်ထောင်ပါပဲ။ ချမ်းသာတဲ့ အလှူဖြစ်ဖြစ်၊ ဆင်းရဲတဲ့ အလှူဖြစ်ဖြစ်၊ ချူကုံး ကကြိုးတန်ဆာ လေးနွားစွပ်ပြီး လိုက်ရသာ”
လမ်းခရီး တစ်လျှောက် ဇနီးသည်၏ ဆွေတွေ မျိုးတွေကို တွေ့ရသည်။ရွာဘက် ရောက်ဦးမှာလား မေးကြသည်။တချို့က စက်ဘီး၊ တချို့က ဆိုင်ကယ်တွေနှင့် ဖြစ်သည်။ ကျွန်တော်တို့ မိသားစုက ရွာအထိ (ဥဒယရွာ) အထိ မရောက်နိုင်တော့ပါ။ ပုထိုးမနိုင် ညောင်မနိုင် ဘုရား အထိသာ ဖြစ်သည်။ ဇနီးသည်ဘက်က ရိုးရာအဖြစ် အိမ်ထောင်မှာ လူသစ်တိုးလျှင် ပေါက်အို နတ်ကွန်းလူ အရောက် ပြရသည့်ဓလေ့ ရှိသည်။ သမီး ခြောက်နှစ်ရှိပြီ။ ပေါက်အို နတ်မပြရသေး တော့ဆမိတ်ခုံ ရောက်တုန်း ရောက်သခိုက် နတ်ပြ ထွက်လာကြခြင်းဖြစ်သည်။ ဘိုးဘွားတို့၏ ယုံကြည်မှု ဆိုတော့လည်း အကြေး မလှန်သာ။“ရွာမရောက်တော့ဘူး။ ပေါက်အို တင်ရယ် ကျီရွာက ဘကြီးပိုက်တို့ အမေအုန်းဆိုင်တို့ ဇဂျူးက ဦးချစ်လှိုင်တို့ ပြောလိုက်စမ်းပါ။ မ၀င်နိုင်တော့ဘူးလို့နှော။ ဥဒယ ရောက်ရင် ကြီးတော်တို့အိမ် ၀င်လိုက်စမ်းပါ။ မ၀င်ဖြစ်တော့ဘူးလို့”
ကြုံရာ ခရီးကြုံကို အမှာ ဆင့်နေရသည်။ ဦးတောကျော်က မေးသည်။
“ကျုပ်တို့ ပေါက်အိုနတ်က ရွာခံ မကိုင်ဘူး။ သူစိမ်းကို ကိုင်သာ။ ကျုပ်တို့လည်း နှစ်စဉ် လာရသာပဲ။ နေပါဦး ခင်ဗျားတို့က ဘယ်က လာကြသာတုံး”
“ကျွန်မတို့က မန္တလေးမှာ နေတာ၊ ကျွန်မက ဥဒယသူ၊ သမီး မရောက်ရသေးလို့ ဦးတောရေ၊ ခုတစ်ခေါက် လာပြရသာ၊ အပ်ရတာပေါ့လေ”
“အပ်ရမှာပေါ့ဗျာ။ နတ်များပေါ့ပေါ့ မှတ်လို့”
ရွာနတ်က ရွာခံကိုမကိုင် သူစိမ်းကိုင်သာ ဆိုလို့ တော်ပါသေးရဲ့ အောင်းမေ့ရသည်။ ရွာသူရွာသား နယ်ခံပယ်ခံကို ဒုက္ခမပေး။မရိုမသေ ရှိလျှင် ထိုရွာသူ ရွာသားနှင့် အကြောင်း ပါကြသည့် လူစိမ်း သူစိမ်းတွေကို မညှာဟု ဆိုနေပြီ မဟုတ်လော။ ပေါက်အို အလယ်ရွာဘက် နီးပြီ။ သည်ဘက်မှာတော့ စပါးခင်း စိမ်းစိမ်းတွေ မြင်ရပြီ။ မြင်းခြံ မြောက်လက်ရွာတွေက မြစ်နီးလျှင် နီး၊မနီးလျှင် ကုန်းခြောက် ခေါင်ခေါင် ရွာ တွေများသည်။ သည်ဘက် နှစ်တွေမှာတော့ ပဲကြည်းနှမ်းကြည်း(ပဲကြဲနှမ်းကြဲ) ရွာတွေ မှာ စပါးစိုက်နေ တာတွေ ရှိပြီ။ သို့သော် ရေရမှ မြက်တင်သည်ဆိုသလို ရေရဖို့ သေချာမှ စပါး စိုက်နိုင်ကြသည်။
ပုထိုးမနိုင် ညောင်မနိုင်။ ဘုရားဝင်း ကြီးကျယ်လှသည်။ ဘုရား ပုရ၀ုဏ်ထဲမှာ အခြားလူသူလေးပါး မရှိ။ ကျွန်တော်တို့ မိသားစုသာ ရှိသည်။ ဦးတောကျော်က လှည်းချွတ်ပြီး နွားနှစ်ကောင် တစ်နေရာစီ ချည်ထားလိုက်သည်။ အနားက ကွပ်ပျစ် ပေါ်မှာထိုင်ရင်း သူ့ဂျမ်း ကွမ်းယာထုပ်ကို ဖြည်ကာ ကွမ်းယာသည်။ သူ့တာဝန်ကျေ ပြီဆိုသည့် ပုံဖြင့် အေးအေးလူလူ ရှိလေသည်။ ကျွန်တော်တို့ အောက်ဘက် ခပ်နိမ့်နိမ့်မှာ ဧရာဝတီ။ လှေကလေး နှစ်စင်း တွဲချည်ထားသော်လည်း ကူတို့ ဆရာမရှိ။
“ပထမ အင်္ဂလိပ်မြန်မာ စစ်ပွဲနဲ့ တတိယ အင်္ဂလိပ်မြန်မာ စစ်ပွဲစလုံးမှာ သည်နေရာက သမိုင်းရဲ့ အထင်ကရ နေရာ ဖြစ်ခဲ့တယ်။ သမိုင်းမှာ ရန္တပိုစာချုပ် ချုပ်ခဲ့တာလည်း သည်နားမှာပဲ။ ပထမ အင်္ဂလိပ် မြန်မာစစ်ပွဲနဲ့ တတိယ အင်္ဂလိပ်မြန်မာ စစ်ပွဲမှာ မြန်မာတပ်တွေ ဆုတ်တော့လည်း ဆမိတ်ခုံမှာ စစ်ခံကြတာ တွေ့ရတယ်”
ကျွန်တော်က အထက်မှ ဆီးမြင် နေရသော မြစ်ကိုကြည့်ရင်း ဇနီးသည်ကို ပြောပြ သည်။ ဘုရားဝင်းက အေးချမ်း တိတ်ဆိတ်လှသည်။ ရွက်ကြွေတွေ တသောသော ကြွေနေကြသော်လည်း ရှင်းသန့်လှသည်။ ပေါက်အိုနှင့် တည့်တည့် အနောက်ဘက် ကမ်းက နဂါးပေါက်ရွာ။ လှေတစ်ခေတ် ကောင်းစားစဉ်က မြစ်ရိုး ကျော်ပြိုင် လှေကြီးများ ထွက်ရာရွာကြီး ဖြစ်သည်။ သမိုင်းဆရာ တစ်ဦးကတော့ ပထမမြန်မာ အင်္ဂလိပ်စစ် စစ်ပြေငြိမ်း စာချုပ်ကို ရန္တပိုရွာ အထက် နှစ်မိုင် တစ်ဘက်ကမ်း နားပေါက် ရွာနှင့် တည့်တည့် ညောင်ပင်ကြီးအောက်တွင် ချုပ်ဆိုသည်ဟု ဆိုသည်။ ကုန်းဘောင်ဆက် မဟာ ရာဇ၀င်ကြီးမှာတော့ ရန္တပိုရွာဟုသာ ပြသည်။
“နဂါးပေါက်နဲ့ တည့်တည့်ညောင်ပင် ဆိုရင်တော့ ဇဂျူး ညောင်ပင်နေမှာပဲ။ ကျွန်မတို့ ငယ်ငယ်က ဇဂျူးက အမျိုးတွေဆီ လာရင် သည်ညောင်ပင်အောက်မှာ ကစားကြတာ”
ဇဂျူးညောင်ပင်က ပေါက်အိုနှင့်မဝေး ပါ။ သွားချင်လှသော်လည်း မရောက်နိုင်။ ဆွေတွေမျိုးတွေက ညောင်ပင်တော့ လာကြည့်ကြသတဲ့။ တို့ဆီတော့ မရောက် လေ ထင်ကြရော့မည်။ ရန္တပို ရွာသည်လည်း ဝေးလှသည် မဟုတ်။ ဇဂျူးကျော်တော့ကျီရွာ၊ ဥဒယ၊ ကိုင်းရွာ၊ ပြီးလျှင် ရန္တပို ရွာ။ ဘုရား ကုန်းတော်ပေါ်မှာလည်း လူသူ မရှိ။ ကျွန်တော်တို့ မိသားစုသာ ရှိသည်။ ပေါက်အိုနတ်ကို ရည်ကာ သမီးကို အပ်ရသည်။
ဤသို့ဖြင့် ရိုးရာ မိဆိုင်ဖဆိုင် နတ်ပြခြင်း ကိစ္စပြီးလေသည်။
အပြန် ခရီးမှာတော့ နေလုံးရင့်ပြီ။ မြူ နှင့်မြစ်ငွေ့တွေတော့ မစင်ချင်သေး။ တောနံ့တောင်နံ့၊ နွေမြေသင်းနံ့။ သစ်ခင်းစိမ်း စိမ်း စပါးစိမ်းစိမ်း။ ရောက်ချင်သည့် နေရာ ရောက်ခဲ့ရပြီ။ လှည်းစီစဉ်ပေးသည့် ကိုအောင်မင်း (ကြံတိုင်းအောင်)၊ မိသားစု တွေကို ကျေးဇူးတင်ရပါသည်။လှည်းဆရာ ဦးတောကျော်ကို ကျေးဇူးတင်ရသည်။
“ရော်ဗျာ။ ကောင်လေး ဒီဇယ်ဆီတွေ နှစ်ပုံးစလုံး ဖိတ်ခဲ့ပြီ ထင်တယ်။ အရိုက်တော့ ခံရတော့မှာပဲဗျာ။ ထင်တော့ထင်သား မနိုင်မနင်းနဲ့”
လှည်းဆရာကပြတော့ကန်သင်း ဘေးမှာ ဆီတွေအိုင်ထွန်းနေသည်။ စက် ဘီးရော ကလေးငယ်ပါ မရှိကြတော့။ သည်နားမှာပဲ စက်ဘီး လဲဟန်တူသည်။ ကျွန်တော့် ဇနီးကို အင်္ဂလိပ်မြန်မာ စစ်ပွဲ နှစ်ပွဲအကြောင်း ပြောပြတုန်းက ဦးတော ကျော်လည်း ကြားသည်။ ဘာခံစားမှုမှ မရှိ။ ဒီဇယ်ဆီတွေ ဖိတ်နေတာ တွေ့တော့မှ ၀မ်းပမ်းတနည်း ရှိလေခြင်း။ အပြန် ခရီးမှာတော့ လှည်းက ဆမိတ်ခုံ ရွာဘက်ကို ဆုတ်ခွာသည်နှင့်ပင် တူတော့သည်။

နေ၀င်းမြင့်
0 comments:
Post a Comment