gtalk

Tuesday, 12 April 2011

မစောင့်စားတတ်သူတို့နေ့ရက်များ

ကျွန်တော် ငယ်ငယ်က တောမြို့ လေး တစ်မြို့ မှာ ခဏတာ ကြီးပြင်းခဲ့ရ ဖူးပါသည်။ ကျွန်တော့်ကို မွေးဖွားခဲ့သည့် ရွာကလေးက တောမြို့ ကလေးမှ နေ၍ လှမ်းခေါ်လိုက်လျှင်ပင် ကြားရလောက်သည့် ပွတ်သီး ပွတ်သပ် ရွာကလေး ဖြစ်ရာ ကျွန်တော့် ငယ်ဘ၀ ပညာသင်ကြားရာ နှစ်ကာလ တချို့ ကို အဲသည် တောမြို့ ကလေးမှာ ကုန်လွန်ခဲ့ရ ဖူးပါသည်။ နောက်တော့ ကျွန်တော်တို့ နိုင်ငံ၏ အထွန်းကား ဆုံးသော မြို့ ကြီးရှိရာသို့ ရောက်ရှိသွားခဲ့ကာ ကျွန်တော်နှင့် ကျွန်တော့် အရွယ်မတိုင်မီ တောမြို့ ကလေးတို့ တစ်စတစ်စ ဝေးကွာ သွားခဲ့ကြရပါသည်။ ခပ်စောစောပိုင်း နှစ်တွေ တုန်းကတော့ မြို့ကလေး ရှိရာဆီ မကြာခဏ ဆိုသလို ကျွန်တော် ရောက်ရောက်သွား တတ်ခဲ့ ပါသည်။ တစ်နှစ်ကို သုံးလေး ခေါက်လောက်။ နောက်တော့ တစ်နှစ် နေလို့ တစ်ခေါက်ရောက် ဖြစ်အောင် မနည်း ကြိုးစားလာခဲ့ရပြီး နောက်ပိုင်းတွင် ကား မသွားဖြစ်တော့ သလောက်ဟု ဆိုရ လောက်အောင်ကို ကျွန်တော်နှင့် ကျွန်တော့် ဇာတိရပ်ရွာတို့ စိမ်းသွား ကြပါတော့သည်။

မကြာခင် ရက်ပိုင်းတွေတုန်း ကတော့ အမှတ်မထင် လူမှုရေး ကိစ္စ ကလေးများနှင့် ကျွန်တော့် ဇာတိမြေ တောမြို့ကလေးရှိရာဆီ ကျွန်တော် ပြန် ရောက်သွားဖြစ်သည်။ အုန်းပင်တွေ၊ ဓနိပင်တွေ၊ လတာပြင်တွေ၊ ငါးဖျံတွေ၊ ဒီရေ အတက်အကျတွေ၊ ဘုတ်ငှက် အီသံတွေ၊ အုန်းမောင်း ခေါက်သံတွေနှင့် တောမြို့ကလေး။ မြို့လယ်ကို ဖြတ်သွားသည့် ချောင်းကူး တံတားဆီ ကျွန်တော် ရောက်တော့ တံတား ခြေရင်း တစ်နေရာဆီ မျက်လုံး ရောက်သွားမိသည်။ နယူး ဖက်ရှင်တဲ့။ ဓာတ်ပုံဆိုင် ကလေး။ ကျွန်တော်တို့ ငယ်ဘ၀ ပုံရိပ်တွေကို မှတ်တမ်းတင် ပေးခဲ့ဖူးသည့် ရှင်သန်ဆဲ ဓာတ်ပုံ ဆိုင်ကလေးကို ကြည့်ကာ ကျွန်တော် ဘာကို လွမ်းရမှန်း မသိ လွမ်းလွမ်းကြီး ရပ်ကြည့်နေမိသည်။

အဆောက်အအုံ မျက်နှာစာ ကလေးကို ခေတ်နှင့် လိုက်လျောညီထွေ ရှိအောင် နည်းနည်းပါးပါး ဖီးလိမ်းပြင် ဆင်ထားသည်က လွဲလျှင် အပြောင်း အလဲ သိပ်ပြီး ကြီးကြီးမားမား မရှိလှ။ နယူးဖက်ရှင်ဆိုသည့် ဆိုင်နာမည်စာလုံး ဒီဇိုင်းကလည်း သည်အတိုင်း။ ဆိုင်ရှေ့ မန်ကျည်းပင်ကြီးက အပွင့် ၀ါဝါကလေးတွေ အနှေးကြွေ ကြွေကျနေသည်ကလည်း သည်အတိုင်း။ မိသားစု လက်ဆင့်ကမ်းခဲ့ကြရာ ဓာတ်ပုံဆိုင် ကလေး ဖြစ်သဖြင့် အခု သည်ဆိုင်ကို ဦးဆောင် လှုပ်ရှား နေပုံရသည့် မျက်နှာတွေက ကျွန်တော်တို့ ကလေးဘ၀က သက်တူ ရွယ်တူတို့၏ မျက်နှာတွေဆိုတာကို ကျွန်တော် မှတ်မိနေသည်။

ခုရိုက် ခုယူတဲ့။ ဒါကတော့ ကျွန်တော်တို့ ငယ်ငယ်က မရှိခဲ့သော ဖော်ပြမှု အသစ်ပဲ ဖြစ်ပါသည်။ ကျွန်တော့် ဇာတိရပ်ရွာ တောမြို့ကလေးနှင့် သူ့ပတ်ဝန်းကျင်က ကျေးလက် တောရွာတွေက လည်း စောင့်စားချင်ကြပုံ မရတော့။ သူတို့၏ အမှတ်တရ ပုံရိပ်တွေကို ချက်ချင်း ရယူလိုသည့် ဆန္ဒကို နည်းပညာ ခေတ်ကြီးက အလိုလိုက်ခဲ့ရပုံရပါသည်။ သြော်... တစ်ခါက စောင့်စားခဲ့ရ ပုံတွေကို ကျွန်တော့် စိတ်ထဲ လွမ်းသွားမိသည်။

ကျွန်တော်တို့ ခေတ်က စောင့်စားခဲ့ ရသော ခေတ်ဖြစ်ပါသည်။ ငယ်ငယ်က အမေ့လက်ကို ဆွဲပြီးသည် နယူးဖက်ရှင် ဆိုင်ကလေးထဲ ၀င်ခဲ့ရပုံတွေကို ကျွန်တော် အမှတ်ရမိသည်။ ပိတ်စအနက်ကြီးနှင့် အုပ်ထားသည့် ရှေးကင်မရာအိုကြီး။ မီးဆလိုက်ကြီးများ၏ အောက်မှာ အသက်၀၀ မရှူရဲသည့် ကလေး ဘ၀။ ဓာတ်ပုံဆိုင်ရှင်က ဓာတ်ပုံရမည့် ရက်ကို တစ်ပတ် ဆယ်ရက် ခွာပြီးချိန်းလိုက်သည့် အခါတွင်ကား ကျွန်တော်တို့ ခေတ်က လူတွေ သိပ်အလိုမကျချင်။ ကိုယ့်ဓာတ်ပုံကို ကိုယ်ပြန်ပြီး မြန်မြန် ကြည့်ချင်လှသည်မှာ ကျွန်တော်တို့၏ ပြင်းပြသည့် ချင်ခြင်းပင်ဖြစ်ပါသည်။ သို့သော် ကျွန်တော်တို့ အလို မပြည့်ခဲ့ ကြ။ နှေးကွေးသော နည်းပညာ၏ ခေတ်က ကျွန်တော်တို့ကို စောင့်စားခိုင်းခဲ့ပါသည်။ အလင်းအမှောင်၊ မျက်နှာ အနေအထား၊ ကိုယ့်အပြုံး၊ ကိုယ့်အက်တင်၊ ကိုယ့်ဝတ်ပုံစားပုံ ဓာတ်ပုံထဲမှာ ဘယ်လို ပုံရိပ် ထင်နေမှာပါလိမ့် ဆိုသည့် စိတ်ကူးနှင့် စောင့်စားရခြင်း၏ အလုပ်ထဲမှာ လူ့ဘ၀ အရသာတစ်မျိုး ပါဝင်နေသည်ဟု ကျွန်တော် ထင်ပါသည်။ တစ်ခါ တစ်ခါကျပြန်တော့ ချိန်းဆိုထားသည့် ရက်အတိုင်း သွားခဲ့ပါလျက် နယူးဖက် ရှင်ဘက်က တစ်ခုခု အဆင်မပြေ သဖြင့် နောက်ထပ် တစ်ရက်၊ နှစ်ရက် စသည်ဖြင့် ထပ်ပြီး ရက်ချိန်းပေးသည်မျိုး ရှိ တတ်ပါသည်။ ကျွန်တော်တို့ ဘယ်လိုမှ နေလို့ ထိုင်လို့ မထိတော့။ သွားလည်း သည်စိတ်၊ စားလည်းသည် စိတ်နှင့် ကိုယ့်ဓာတ်ပုံ ကိုယ်စိတ်ကူးနှင့် ပုံရိပ် ဖော်ကြည့်နေရသည့် စိတ်အခွင့်အရေးကို စောင့်စားနေရသည့် ခေတ်က ကျွန်တော် တို့ကို ပေးခဲ့ပုံရပါသည်။

အခု ကျွန်တော့် တောမြို့ကလေးက နယူး ဖက်ရှင်ဆိုသည့် ဓာတ်ပုံဆိုင် ကလေးကပါ ခုရိုက် ခုယူဟု ဆိုခဲ့လေသော အခါ ခေတ်ကို ဆောင့်ကြီး အောင့်ကြီး နိုင်သည့် လေသံများလားဟု ကျွန်တော် တွေးလိုက်မိပြီး မအံ့သြမိသော်လည်း ကမ္ဘာကြီး တစ်ခုလုံး အချိန် မရှိ၊ အချိန် ရှားပါး၊ အချိန် မပေးနိုင် ဖြစ်နေပုံကို ကြည့်ကာ မစောင့်စားနိုင် သူတို့၏ ခေတ်ကို ကျွန်တော် ငေးနေမိသည်။

ဓာတ်ပုံကိုမှ ကျွန်တော်တို့ မစောင့် စားချင်တာ မဟုတ်။ သည်ကနေ့ခေတ် နည်းပညာနှင့် သည်ကနေ့ခေတ် လူ့အဖွဲ့ အစည်းကပါ တတ်နိုင်သမျှ ချက်ချင်း နှင့် တတ်နိုင်သမျှ မြန်မြန် ကျွန်တော်တို့ ကို တွန်းလွှတ်လိုက်ခြင်း ဖြစ်ပါသည်။ သစ်ပင်တို့ ပွင့်ကြ၊ သီးကြတာကို ကျွန်တော်တို့ ကြာကြာမစောင့်ချင်ကြ။ မြန်မြန်ဖူး၊ မြန်မြန်ပွင့်၊ မြန်မြန်သီးအောင် ဟော်မုန်းတွေထိုးကာ ရုက္ခဗေဒကို မြန် နှုန်း မြှင့်ခဲ့ကြသည်။ သဘာဝရေမြေ တောတောင် ရှုမျှော်ခင်းတို့ကို မမြင်ရ လျှင်လည်း ရှိပါစေ။ ကျွန်တော်တို့ အခု သွား၊ အခုရောက်ဖို့ အသံထက်မြန်သည့် အလျင်ကို ရှာဖွေခဲ့ကြသည်။

သုံးနှစ် သုံးမိုးကို ကျွန်တော်တို့ မသိ။ ချစ်ခြင်းကို ဖြစ်စေ၊ မုန်းခြင်းကိုဖြစ်စေ သွက် လက်သောအဖြေအဖြစ် ကျွန်တော်တို့ ရယူလိုကြသည်။ ဈာပနအခမ်းအနား တစ်ခုတွင် မိသားစု ဆွေမျိုးသားချင်းတွေ ငိုကြွေးလို့ အားမရတတ်ကြသေး။ တာဝန်ရှိသူ တစ်ဦးက သင်္ဂြိုဟ်ဖို့ အချိန် ရောက်ပြီဖြစ်ကြောင်း လာသတိပေး သည်။ လူ၏ သောကကို ခေတ်က စောင့်မနေနိုင်။ နောက်ထပ် ဈာပန တစ်ခုက သည်ခန်းမမှာ ခင်းကျင်းဖို့ အဆင်သင့်။ သည်တော့ မြန်မြန်ငို၊ မြန် မြန်မီးရှို့။ မင်္ဂလာဆောင်အခမ်းအနား တွေမှာလည်း သည်အတိုင်းပဲ ဖြစ်ပါ သည်။ တစ်မင်္ဂလာပြီး တစ်မင်္ဂလာဆက် နေသည့် ဟိုတယ် ခန်းမကြီးများ ဖြစ်ရာ အချိန်မရှိ။ မြန်မြန်ပန်းကြဲ၊ မြန်မြန်အခါ တော်ပေး၊ မြန်မြန် သြဘာစာဖတ်၊ မြန်မြန်လက်ဖွဲ့၊ မြန်မြန် နှုတ်ဆက်။ ကော်ဖီ တွေက ချက်ချင်း ကော်ဖီ။ ခေါက်ဆွဲ ပြုတ်က ချက်ချင်း ခေါက်ဆွဲပြုတ်။

သွက်လက် မြန်ဆန်လာသော ခေတ်ကြီးနှင့် အတူ အချိန် မရှိတော့သော လူတွေ၏ နေ့စဉ် ဘ၀ထဲမှာ အေးအေး ဆေးဆေး စောင့်စောင့် ဆိုင်းဆိုင်းနှင့် ဘ၀ကို အရသာခံဖို့ ဒါမှမဟုတ် စိတ်ကူး စိတ်သန်း ကွန့်မြူးဖို့ ဒါမှမဟုတ် ကိုယ့် အလိုဆန္ဒကို ကိုယ်အသာ နားချဖို့ဆိုသည်များကို ကျွန်တော်တို့ အားလုံး တစ်စတစ်စ လက်မြှောက် အရှုံးပေးလာကြပုံ ရပါသည်။ ခုရိုက် ခုယူဆိုသည့် နယူးဖက်ရှင် ဓာတ်ပုံဆိုင် ကလေးကို လှမ်းကြည့်ကာ မစောင့်စားချင် တော့သည့် ကျွန်တော့် ဇာတိ တောမြို့ကလေး တစ်နေရာမှာ တစ်ခဏ ရပ်ငေး နေမိခဲ့ သည်မှာကား အမှန်ပင် ဖြစ်ပါသည်။


မောင်သာချို

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More