gtalk

Saturday, 9 April 2011

ဂျပန်ငလျင်နှင့် ကမ္ဘာ့အရောင်းကွင်းဆက်အပြောင်းအလဲ

ဂျပန်ငလျင်နှင့် ကမ္ဘာ့အရောင်းကွင်းဆက်အပြောင်းအလဲ ယခင်နှစ်က အိုက်စလန်နိုင်ငံတွင် မီးတောင်ပေါက်ကွဲမှုကြောင့် ဥရောပတလွှားတွင် လေကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ကမောက်ကမဖြစ်ခဲ့ပြီး ကမ္ဘာပေါ်မှ ထုတ်လုပ်ရေးလုပ်ငန်းများ၏အရောင်းကွင်းဆက်သည် သမိုင်းတစ်လျှောက်တွင် ...ကုန်ပစ္စည်းအနည်းငယ်ကိုသာ သိုလှောင်ပြီး အချိန်ကိုက် ရောက်စေရန်ဆောင်ရွက်ခဲ့သည့်စနစ် ပေါ်ပေါက်လာချိန်မှစ၍အကြီးမားဆုံး စမ်းသပ်ချက်ကြီးတစ်ခုနှင့် ကြုံတွေ့ခဲ့ရသည်။ ယခုအခါ၌ ဂျပန်နိုင်ငံတွင် ငလျင်လှုပ်ခြင်း၊ ဆူနာမီရေလှိုင်းဒဏ်ကို ခံရခြင်း၊ နျူကလီးယားအထိတ်တလန့်ဖြစ်ပွားခြင်း၊ လျှပ်စစ်ဓာတ်အား လျော့နည်းပြတ်တောက်ခြင်းတို့ကြောင့်  အရောင်းကွင်းဆက်တွင် ပို၍ကြီးမားသည့်ဖိအားများနှင့် ရင်ဆိုင်နေရသည်။ ငလျင်လှုပ်ပြီး သုံးပတ်ကြာသည့်တိုင် ထိုသို့ကမောက်ကမဖြစ်နေသည့် ပြဿနာများ၏ အတိုင်းအတာနှင့် ကာလကို ခန့်မှန်း၍ မရနိုင်ကြသေးပေ။             ယခုဖြစ်ရပ်များသည် ၂၀၀၈ခုနှစ်တွင်ဖြစ်ပွားခဲ့သော ဘဏ္ဍာရေးအကြပ်အတည်းကြောင့် ဘဏ်စနစ်ဒုက္ခရောက်ခဲ့သည့်ပြဿနာနှင့် ဆင်တူရိုးမှားအဖြစ်များ များစွာကို တွေ့ရသည်။ ပြဿနာနှစ်ခုလုံး၌ အထင်ရှားဆုံးသော အထိတ်တလန့်ဖြစ်မှုနှစ်ခုရှိသည်။ ၄င်းတို့မှာ အကြပ်အတည်းကြောင့် မျှော်လင့်မထားသော ဆက်သွယ်မှုများ ပေါ်ပေါက်လာခဲ့ပြီး၊ ကူးစက်ပြန့်ပွားသည့်အတိုင်းအတာကိုလည်း သိရှိလာခဲ့ကြသည်။ ပြဿနာ၏အစ၌ ထိန်းချုပ်နိုင်ပုံရသည့် နေရာအနည်းငယ်မှ စတင်ခဲ့ခြင်းဖြစ်သည်။ ဥပမာအားဖြင့် ဘဏ္ဍာရေးလောကတွင် အဆင့်နိမ့်အပေါင်လုပ်ငန်းများမှ စတင်ခဲ့သည်။ ကုန်ချောထုတ်လုပ်မှုကဏ္ဍတွင် သဘာဝဘေးရန်တစ်ခုမှစတင်ခဲ့ပြီး ထို့နောက်လျှင်မြန်စွာ ပျံ့နှံ့သွားခဲ့ခြင်းဖြစ်သည်။ ဤအဆက်အသွယ် အဆက်အစပ်ကို တွေ့ရသည်။    ဘဏ်များ၏လက်ထဲတွင် ရုတ်တရက်ငွေပြတ်တောက်သွားမှုကို ကြုံခဲ့ရသကဲ့သို့ ယခုအခါ စက်ရုံများအနေဖြင့် စိတ်ချလက်ချရှိခဲ့သော စက်ပစ္စည်းအစိတ်အပိုင်းများပေးပို့မှု ရပ်သွားသည့်အဖြစ်နှင့် ကြုံရသည်။ ဘဏ္ဍာရေးလောကကို ထိန်းကျောင်းကြသည့်သူများက မသမာမှုများစွာကို ကောင်းကောင်းနားမလည်ခဲ့ကြောင်း နောက်ပိုင်းမှ ရှာဖွေတွေ့ရှိသကဲ့သို့ ယခုအခါ ကုန်ချောထုတ်လုပ်ငန်းများအနေဖြင့်လည်း ၄င်းတို့ကို ပစ္စည်းပေးသွင်းနေသူများသည် ဘယ်နေရာကလာသည်ကို မသိကြောင်း ရှာဖွေတွေ့ရှိသွားသည်။    လီမင်ဘရားသားစ်ဘဏ်ကြီးပြိုကွဲသည့်အခါ အခြားဘဏ်များက ၄င်းတို့၏အခြေအနေကို ပြန်လည်ဆန်းစစ်ကြပြီးနောက် အခြေအနေဆိုးနှင့်ကြုံတွေ့နေရသည်မှာ ၄င်းတို့တစ်ခုတည်းမဟုတ်ကြောင်း သဘောပေါက်သွားခဲ့ကြသည်။ ယခုအခါ၌  ကမ္ဘာတစ်ဝှမ်းမှ ရောက်ရှိလာသည့်ပစ္စည်းများကို တစ်နေရာတည်းမှ စုဝေးတပ်ဆင်သည့်လုပ်ငန်းများအနေဖြင့် အလားတူဖြစ်ရပ်မျိုးနှင့် ကြုံတွေ့နေရသည်။             အချို့ဘဏ္ဍာရေးအဖွဲ့အစည်းများက ၄င်းတို့သည်ကြီးမားလွန်းသဖြင့် လုံးဝပြိုကွဲစရာအကြောင်းမရှိဟု ဆိုခဲ့ကြသည်။ ယခုလည်း အချို့ဂျပန်ပစ္စည်းပေးသွင်းသူများက ၄င်းတို့မရှိလျှင် မဖြစ်ဟု ဆိုခဲ့ကြရာမှ ယခုပြိုကွဲသည့်အခြေအနေသို့ ရောက်ရှိလာခဲ့ကြသည်။ သာဓကအားဖြင့် လုပ်ငန်းကြီးနှစ်ခုဖြစ်သော မစ်ဆူဘီရှီ ဓာတ်ငွေ့ဓာတုဗေဒလုပ်ငန်းနှင့် ဟီတာချီ ဓာတုဗေဒလုပ်ငန်းတို့သည် ဈေးကွက်၏ တယ်လီဖုန်းနှင့် အခြားအသုံးအဆောင်များတွင်အသုံးပြုသည့် မိုက်ခရိုခြစ်များ ဆက်ရန်အသုံးပြုသည့် ကုန်ကြမ်းများ၏ ၉၀ရာခိုင်နှုန်းခန့်ကို ထိန်းချုပ်ထားခဲ့သည်။ အက်ပဲလ်ကထုတ်လုပ်သော အိုင်ပေါ့၏ဘက်ထရီသည် ယနေ့ ၇၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားခဲ့သော ကိုရီဟားကုမ္ပဏီက ထုတ်လုပ်သည့် ပိုလီမာကို အားကိုးအားထားပြုလုပ်နေရသည်။ ယခုအခါ၌  ကိုရီဟားကုမ္ပဏီသည် ပြင်းပြင်းထန်ထန်ထိခိုက်ဆုံးရှုံးခဲ့သည်။             ကမ္ဘာတစ်ဝှမ်းရှိ ထုတ်လုပ်သူများသည်ယခုအခါ အရှားပါးဆုံးသော အစိတ်အပိုင်းများကို အလုအယက် ရှာဖွေရယူနေကြသဖြင့် ဈေးနှုန်းများကို ထိုးတက်စေခဲ့သည်။ ဂျပန်နှင့် အမေရိကန်ရှိ မော်တော်ကားထုတ်လုပ်သူများသည် ထုတ်လုပ်မှုများကို လျှော့ချခဲ့ရသည်။ တိုယိုတာကုမ္ပဏီက ရာဘာ၊ ပလတ်စတစ်နှင့် အီလက်ထရောနစ် အစိတ်အပိုင်းပေါင်း ၅၀၀ခန့် ရှားပါးမည်ဟု တွက်ဆသည်။ လက်ရှိ ကုန်ကြမ်းလက်ကျန်များ ပြတ်တောက်သွားလျှင် မည်မျှအခြေအနေဆိုးသည်မှာ မရှင်းလင်းသေးပါ။ ဂျပန် ပစ္စည်းပေးသွင်းသူများအနေဖြင့် မည်သည့်အချိန်ကာလရောက်မှ ပုံမှန်နှုန်းဖြင့် ပြန်လည်ထုတ်လုပ်နိုင်မည်ကိုလည်း မသိသေးပါ။ ငလျင်လှုပ်ပြီးနောက် ထပ်လှုပ်နေသည့် ငလျင်များကြောင့် ထုတ်လုပ်မှုလုပ်ငန်းများကို ကမောက်ကမဖြစ်စေရာ၊ မူလ ငလျင်ကြီးကိုပို၍ အခြေအနေဆိုးစေသည်။ ကြီးမားသည့် နျူကလီးယားစက်ရုံကြီးကို အဆုံးရှုံးခံလိုက်ရခြင်း၊ အခြားစက်ရုံများ ပိတ်လိုက်ရခြင်းတို့ကြောင့် လျှပ်စစ်ဓာတ်အားလျော့နည်းပြတ်တောက်မှုသည် နှစ်ပေါင်းများစွာ ကြာရှည်သွားနိုင်သည်။ ကုန်ချောထုတ်လုပ်ရေးလောကတွင် ထိုသို့ကမောက်ကမဖြစ်နေသည့် ပြဿနာများ မည်မျှထိ ကြီးမားမည်ဖြစ်ကြောင်း ရှင်းလင်းမှုမရှိသေး၊   ဂျပန်နိုင်ငံ၌ဖြစ်ပွားသောအကြပ်အတည်းများသည် ကုန်ချောထုတ်လုပ်မှုလုပ်ငန်းများ၏ လုပ်ပုံကိုင်ပုံကို ရေရှည်အကျိုးသက်ရောက်မှုများ ရှိစေနိုင်သည်မှာ သေချာနေသည်။ ယခင်က လက်ကျန်အနည်းငယ်သာ ချန်ခဲ့သည့်စနစ်မှာ ယခု အတတ်နိုင်ဆုံး လက်ကျန်များများထားပါဟု အစွန်းရောက်တွေးသည့်စနစ်သို့ ရောက်ရှိလာခဲ့သည်။             လွန်ခဲ့သည့် ၁၀နှစ်ကျော်ကျော်ခန့်က အချိန်ကိုက် ပစ္စည်းရောက်၊ ပစ္စည်းထုတ်လုပ်သည့်စနစ်ကြောင့် အနားကပ်၍ ပစ္စည်းများရောက်အောင်ပေးပို့ခြင်း၊ လက်ကျန်များအနည်းငယ်သာထားခြင်း ဟူသည့်စနစ်ကို ကျင့်သုံးခဲ့သည်။ ကမ္ဘာတစ်ဝှမ်းရှိ ထုတ်လုပ်ရေးလုပ်ငန်းများကို ကွင်းဆက်သဖွယ် ဆက်ထားခဲ့သည်။ ယခုအခါ၌ ထိုကွင်းဆက်အဆင်မပြေတော့။ ထိုကွင်းဆက်ကို ကမောက်ကမ အဆင်မပြေမှုနှင့်ကြုံတွေ့ရလျှင် အရေးပေါ်ထားသည့်စနစ်တစ်ခုဖြင့် ထပ်မံအားဖြည့်ရန် လိုနေသည်။             သာဓကအားဖြင့် အရေးကြီးသည့်အစိတ်အပိုင်းများ၊ ကုန်ကြမ်းများကို လက်ဝါးကြီးအုပ်နိုင်ကြသည့် ပစ္စည်းပေးသွင်းသူများသည် ၄င်းတို့၏ထုတ်လုပ်မှုလုပ်ငန်းများကို ကမ္ဘာတစ်ဝှမ်း၌ဖြန့်ကျက်ထားရန်လိုအပ်သည်။ ၄င်းတို့၏ဖောက်သည်များသည် ကြိုတင်၍ သတိထားသည့်အနေဖြင့် ၄င်းတို့ကဲ့သို့သော လုပ်ငန်းကြီးများထံမှ မမှာဘဲပြိုင်ဘက်ငယ်များထံမှ ပြောင်းလဲမှာယူစေနိုင်သည်။ ဥပမာအားဖြင့် တရုတ်တိုင်ပေလုပ်ငန်းတစ်ခုဖြစ်သော ဟီဝင်းသည် ယခုအခါ၌ စက်ပစ္စည်းများတွင်အသုံးပြုသော ပစ္စည်းတစ်ခု၏ ၁၀ရာခိုင်နှုန်းဈေးကွက်ကို ရယူထားရာ၊ ဈေးကွက်၏ ၅၅ရာခိုင်နှုန်းကို ထိန်းချုပ်ထားသော ဂျပန် THK ကုမ္ပဏီထံမှ ဖောက်သည်အချို့ကို ရရှိသွားနိုင်သည်။ ဂျပန် THK ကုမ္ပဏီသည် ယခုအခါ၌ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများနှင့် ကြုံတွေ့နေရသည်။             ပစ္စည်းများကို စုပေါင်းတပ်ဆင်သည့်လုပ်ငန်းများအနေဖြင့်လည်း ၄င်းတို့အနေဖြင့် လက်ကျန်ပစ္စည်းများအနည်းငယ်သာ ထားရန်ခက်ခဲကာ စရိတ်တက်လာသည့် ဘဏ္ဍာရေးအကြပ်အတည်းနှင့်ကြုံတွေ့နေရသည်။ သို့ဖြစ်ရာ ဤအကြပ်အတည်းမှ လုပ်ငန်းသစ်များ တိုးတက်လာစရာအကြောင်းရှိသည်။ ကုန်ချောထုတ်လုပ်သူများအဆင်ပြေစေရန်အတွက် အခြေခံကျသည့် လက်ကျန်အချို့ထိန်းသိမ်းထားနိုင်သည် လုပ်ငန်းတချို့အောင်မြင်မှုရှိနိုင်သည်။             ကျစ်ကျစ်လစ်လစ်ဖြင့် ထုတ်လုပ်နိုင်ရန် ကြိုးပမ်းခဲ့ကြသည့်လုပ်ငန်းကြီးများအနေဖြင့် ယခုအခါ၌ မိမိတို့ထံတွင် ပစ္စည်းများပေးသွင်းသူများ၏ အပြောင်းအလဲကြောင့် ပို၍ဒုက္ခရောက်နိုင်စရာအလားအလာများကို ကြုံတွေ့ခဲ့ကြရာ ယခုအခါအခြေအနေပြောင်းပြန်ပြောင်းလဲစရာအကြောင်းရှိသည်။ ပို၍ လုံခြုံစိတ်ချရန်အတွက်စရိတ်ကုန်သက်သာသော၊ ထိရောက်သောနည်းလမ်းအချို့ကို စွန့်လွှတ်စွန့်စားစရာအကြောင်းရှိသည်။ ယခင်က ကြီးလွန်း၍ မပြိုလဲနိုင်ဟု ယူဆခဲ့ကြသည့်ဘဏ်များနှင့်စာလျှင် မရှိလျှင်မဖြစ်လောက်အောင် အရေးကြီးသည့်ပြဿနာတစ်ခုသည် ဖြေရှင်းရန်ပို၍လွယ်ကူပုံရနေသည့်အတွက် စိတ်ကျေနပ်စရာဖြစ်သည်။ (အီကောနောမစ်) By: Khin Maung Nyo

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More