ဟဲမင်းဝေးက “ဘယ်သူ့အတွက်ခေါင်းလောင်းထိုးတာလဲ” ဟူသော ၀တ္ထုတစ်ပုဒ်ရေးခဲ့ဖူးသည်။ ၂၁ရာစုအ၀င်တွင်တော့ အာရှတွင် ခေါင်းလောင်းသံတွေညံ လှသည်။ အာရှရာစု၊ အာစီယံနိုင်ငံများလက်နက်အပြိုင်တပ်ဆင်ခြင်း၊ တရုတ်အင်အားကြီးမားလာခြင်း၊ တောင်တရုတ်ပင်လယ်အငြင်းပွားမှု စသည့်ခေါင်းလောင်းသံများ။
အာရှဆူညံသံများသည် တနည်းအားဖြင့် တရုတ်နှင့် ဆက်သွယ်နေသည်သာဖြစ်သည်။ ယခုလည်း အင်အားကြီးလာသော တရုတ်ကို ကာပြန်ရင်ဖြစ်စေ၊ ကျဆင်းနေသော စီးပွားရေးကို အဖက်ဆယ်ရန်ပင်ဖြစ်စေ ယခုဂျပန်က အစိုးရသစ်တက်ပြီး မကြာခင်ပင် နိုင်ငံခြားရေးပေါ်လစီ အပြောင်းလဲများကို တွေ့လာရသည်။ တရုတ်လက်ဦးမှုရယူထားသော ဈေးကွက်များကိုသာမက၊ ပထ၀ီနိုင်ငံရေးအတွက်ပင် ဂျပန်က ခြေလှမ်းခပ်သွက်သွက် ခပ်ကျဲကျဲ လှမ်းလာသည်ကို တွေ့ရသည်။
ပင်ကိုအားဖြင့် ဂျပန်နိုင်ငံသည် ပြည်ပအရေးကိစ္စများနှင့် ခပ်ရှင်းရှင်းနေရင်း၊ ပြည်ပသို့ သူ၏သြဇာမချဲ့သည်မှာ ဆယ်စုနှစ် ၅စုနီးပါးရှိနေပြီဖြစ်သည်။ ယခု တက်လာသော ဂျပန်အစိုးရသစ် ၀န်ကြီးချုပ်ရှင်ဇိုအဘေး က တာဝန်ယူပြီး ၃ ပတ်အကြာတွင် အရှေ့တောင်အာရှနိုင်ငံများဖြစ်သော ထိုင်း၊ ဗီယက်နမ်နှင့် အင်ဒိုနီရှားတို့ကို ယခုအပတ်တွင်း သွားရောက်မည်ဖြစ်သည်။ ဒုတိယ၀န်ကြီးချုပ် တာရိုအဆို၏ မြန်မာပြည်ခရီးစဉ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဖူမီရို ကီရှီဒါတို့၏ ဖိလစ်ပိုင်၊စင်ကာပူနှင့် ဘရူနိုင်း ခရီးစဉ်တို့ ကလည်း ဂျပန်နိုင်ငံသည် အာရှကို တရုတ်လက်ထဲတွင် လွှတ်မထားတော့ကြောင်း အချက်ပြခေါင်းလောင်းသံဖြစ်နိုင်သည်။
နှစ်ပေါင်းများစွာ ဂျပန်သည် အာစီယံနိုင်ငံများနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိခဲ့သည်။ ၁၉၇၇ခုနှစ်ကတည်း ဂျပန်သည် အာစီယံ၏ မိတ်ဖက်အဖြစ်ဆက်ဆံခဲ့သော်၊ အလွန်ကောင်းမွန်သော ဆက်ဆံရေးတို့မရှိခဲ့ပေ။ ဂျပန်သည် နိုင်ငံရေးနှင့် စီးပွားရေးအကျိုးစီးပွားအတွက် အမေရိကန်အပေါ်တွင်သာ အားပြုခဲ့ပြီး၊ အာစီယံနိုင်ငံများနှင့် မဟာဗျုဟာ ဆက်ဆံရေးအားနည်းခဲ့ခြင်းကြောင့်ဖြစ်သည်။ ၁၉၇၇ခုနှစ်က ဂျပန်ဝန်ကြီးချုပ် တာကီရိုဖူကူဒါ၏ မနီလာမြို့တွင်ပြောကြားခဲ့သော သမိုင်းဝင် မိန့်ခွန်းက ဒုတိယကမ္ဘာစစ်ပြီးကာလတွင် အာရှတွင် ဂျပန်အနေဖြင့် နိုင်ငံရေးနှင့် စီးပွားရေးတွင် တက်ကြွစွာပါဝင်သော်လည်း စစ်ရေးကဏ္ဍတွင် ပါဝင်ရန်ဆန္ဒမရှိခဲ့ပေ။ စစ်ရေးပူးပေါင်းမှု မရှိခြင်း၊ ယုံကြည်မှုအပြန်လှန်တည်ဆောက်ရေး၊ ငြိမ်းချမ်းရေးနှင့် ကြွယ်ဝမှုတည်ဆောက်ရေးတို့သည်အာစီယံနိုင်ငံများနှင့် ဂျပန်နိုင်ငံ၏အဓိက ဆက်ဆံရေးဖြစ်ခဲ့သည်။ ၀န်ကြီးချုပ် ဖူကူဒါ၏ နိုင်ငံခြားရေးပေါ်လစီသည် ပြောင်းလဲနေသောဒေသတွင်း အခြေနေများနှင့် ကိုက်ညီမှုမရှိခြင်းကြောင့် ၂၀၀၈ခုနှစ်တွင် ၀န်ကြီးချုပ်ဖြစ်လာသော သူ၏သား ယာဆူအို ဖူကူဒါလက်ထက်တွင် “inland Sea” အယူဆဖြင့် နိုင်ငံခြားရေးမူဝါဒကို ပြုပြင်ခဲ့ရသည်။ “ဖူကူဒါ မူဝါဒ” ၏ အဓိက အားနည်းချက်မှာ အင်အားကြီးလာသော တရုတ်ကို ထိန်းချုပ်ရန် နည်းလမ်းများ မပါခြင်းဖြစ်သည်။
၁၉၇၉ခုနှစ် တိန့်ရှောင်ပင်၏ လေးမျိုးခေတ်မီရေးနောက်ပိုင်း အရှိန်ဟုန်ဖြင့် တိုးတက်လာသော တရုတ်ပြည်သည် ဒေသတွင်း အင်အားကြီးနိုင်ငံဖြစ်လာခဲ့သည်။ ထို့အပြင် အမေရိကန်သမ္မတဟောင်း ဂျော့လ်ဘု၏ အရှေ့အလယ်ပိုင်းဦးစားပေးမူဝါဒနှင့် အာရှကို အလေးပေးမှုလျော.နည်းခြင်းက အာရှတွင် အမေရိကန်၏ သြဇာကျဆင်းလာပြီး တရုတ်၏ သြဇာပိုမိုကြီးထွားလာခဲ့သည်။ ထို့ကြောင့်တရုတ်အနေဖြင့် ဒေသတွင်ပိုမို တန်ခိုးထွားလာပြီး ပိုမို ရန်လိုလာခဲ့သည်။တရုတ်သည် ဖိလစ်ပင်၊ဂျပန်၊ဗီယက်နမ်စသည့်နိုင်ငံများနှင့် ဒေသတွင်း ပိုင်နက်အငြင်းပွားမှုများဖြစ်လာခဲ့ပြီး ပိုမို ရန်လိုလာ နေသည်။ ထိုအခြေနေကို ဂျပန်အနေဖြင့် လက်ခံနိုင်ဖွယ်မရှိပေ။ အရှေ့တောင်အာရှရှိ ဂျပန်၏ အကျိုးစီးပွားများကို ကာကွယ်ရန် ဂျပန်အနေဖြင့် နိုင်ငံခြားရေးမူဝါဒကို ပြန်လည် သုံးသပ်ရန်လိုအပ်လာခဲ့သည်။
ဆယ်စုနှစ်များစွာ ဂျပန်သည် ပြည်တွင်းစီးပွားရေးတိုးတက်မှုကို ဇောင်းပေးခြင်းကို ကျင့်သုံးရာမှ ပြည်ပသို့ မျက်နှာမူသော နိုင်ငံခြားရေးမူဝါဒကို ယခုအခါ ပြန်လည် ကျင့်သုံးလာခြင်းဖြစ်သည်။ ၀န်ကြီးချုပ်အဘေး အနေဖြင့် နိုင်ငံခြားရေးမူဝါ၏ အားနည်းချက်၊ အားကောင်းချက်များကို ကောင်းစွာ သဘောပေါက်သူဖြစ်သည်။ သူပထမဆုံးအကြိမ် ၀န်ကြီးချုပ်အဖြစ်တာဝန်ယူစဉ် (၂၀၀၆-၂၀၀၇)က ဂျပန်သည် ကမ္ဘာတွင် စီးပွားရေးအရ ဒုတိယအကြီးဆုံးနိုင်ငံဖြစ်သည်။ လွန်ခဲ့သော ၆နှစ်အတွင်း ဂျပန်စီးပွားရေးသည် ဆက်တိုက် ကျဆင်းနေပြီး ၂၀၁၂ခုနှစ် ဘဏ္ဍာရေးတတိယအပတ်တွင် GDP သည် ၀.၉၀ ထိကျုံ့ဝင်နေသည်။ ၂၀၁၂ခုနှစ် ဒီဇင်ဘာလဖြစ်ပွားခဲ့သော ငလျင်အပါဝင်၊ ဆူနာမီဂယက်များကလည်း ဂျပန်နိုင်ငံ၏ စီးပွားးရေးကို ဘူးလေးရာ ဖရုံဆင့်စေသည်။
ဤသို့သော အခက်ခဲများကြားမှ ၀န်ကြီးချုပ်ဖြစ်လာသော အဘေးအနေဖြင့် ပြည်သူတို့၏ ယုံကြည်မှုမြင့်တက်စေရန်နှင့် ဂျပန်နိုင်ငံ၏ စီးပွားရေးပြန်လည် ဦးမော့လာစေရန် ပြည်ပသို့ မျက်နှာမူခြင်းလည်းဖြစ်နိုင်သည်။ ရန်လိုအကဲဆက်လာသော တရုတ်ပြည်ကြောင့် တရုတ်ပြည်တွင်းရှိ ဂျပန်စက်ရုံများ မကြာခဏ ပိတ်ရခြင်း၊ ဂျပန်စီးပွားရေးလုပ်ငန်းများ တရုတ်ပြည်အတွင်း လုံခြုံရေးအားနည်းလားခြင်းအပါဝင် အာရှတွင် တဖြည်းဖြည်း ကြီးထွားလာသော သြဇာအတွက် ဂျပန်အနေဖြင့် နိုင်ငံခြားမူဝါဒများကို ပြင်လည်ပြုပြင်ပြီး ပြင်ပနိုင်ငံများ အထူးသဖြင့် အာရှနိုင်ငံများသို့ သြဇာချဲ့ရန်ဖြစ်လာ စေခဲ့သည်။ ၂၀၁၂ခုနှစ်၊ စက်တင်ဘာလက ဒိုင်းယု/စန်ကာခုကျွန်း အရေးကြောင့် တရုတ်-ဂျပန်ဆက်ဆံရေးစွန်းထင်းခဲ့ပြီး၊ တရုတ်-ဂျပန်ဆက်ဆံရေးတင်းမာလာမှုကြောင့် နစ်ဆန်း၊တိုရိုတာကားစက်ရုံများထုတ်လုပ်မှု ထက်ဝက်လျော့ချခဲ့ရပြီး ဂျပန်စက်ရုံအများပြားပိတ်ခဲ့ရသည်။ တိုယာတာ ကားကုမ္ပဏီအနေဖြင့် တစ်နှစ်လျှင် ကားတစ်စင်းရေ တစ်သန်းခန့်ထုတ်ရာမှ ဆက်ဆံရေးတင်းမာလာ၍ ၀ယ်လိုအားကျဆင်းလာခြင်းကြောင်း ထက်ဝက်ချ လျော့ချခဲ့ရသည်။ မြို့ကြီး ၅၀ တွင်ဖြစ်ပွားခဲ့သော ဂျပန်စက်ရုံများကို ဆန္ဒပြမှုများကြောင့် ဂျပန်များအနေဖြင့် စက်ရုံများပိတ်ပစ်ရခြင်း၊ ဂျပန်ဝန်ထမ်းများအား တရုတ်ပြည်မှ ပြန်လည်ခေါ်ခြင်းများပြုလုပ်ခဲ့ရပြီး စီးပွားရေးအရ နစ်နာဆုံးရှုံးမှုများစွာ ရှိခဲ့ရသည်။ ထို့အတွက်မြန်မာအပါဝင်၊ တခြားနိုင်ငံများသည် ဂျပန်ဈေးကွက်အတွက်နှင့် တရုတ်၏တနေ့တခြားကြီးမားလာသော သြဇာလျော့ချဖို့အတွက် ဖြစ်လာရသည်။
ဝန်ကြီးချုပ် အဘေးအနေဖြင့် သူပထမအကြိမ် ၀န်ကြီးချုပ် တာဝန်ထမ်းဆောင်စဉ်က အိန္ဒိယနှင့် နိုင်ငံရေး၊ စီးပွားရေးတိုးမြှင့်အောင် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့သည်။ ယခုအကြိမ်တွင်လည်း အင်ဒို-ပိစိဖိတ်ဒေသတွင် ဂျပန်သည် အိန္ဒိယနှင့် ပူးတွဲပြီး တရုတ်၏ တစ်ဦးတည်း ကြီးစိုးလက်ဝါးကြီးအုပ်မှုကို ထိန်းချုပ်လာနိုင်သည်။ “ကျယ်ပြောသော အာရှ” စီမံကိန်းအရ ဂျပန် “လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ(LDP)သည် မကြာသေးခင်က ပြုလုပ်သော ရွေးကောက်ပွဲမဲဆွယ်မှုများတွင် ဂျပန်အနေဖြင့် အိန္ဒိယနှင့် ပူးပေါင်းပြီး အမျိုးသားလုံခြုံရေးနှင့် စွမ်းအင်ပြဿနာများကို လက်တွဲဖြေရှင်းသွားမည်ကြောင်း ကတိပြုခြင်းက ၀န်ကြီးချုပ်အဘေးအနေဖြင့် ဂျပန်သည် ဒေသတွင် လှုပ်ရှားမှုများ၌ အိန္ဒိယကို မိတ်ဖက်အဖြစ် မျှော်ကြည့်ထားကြောင်းထင်ရှားလှသည်။
ထို့အပြင် ဂျပန် ဒုဝန်ကြီးချုပ် တာရိုအဆို၏ မြန်မာပြည်ခရီးစဉ်ကလည်း ဂျပန်အနေဖြင့် အာရှဒေသတွင် သံတမန်ဆက်ဆံရေးပြန်လည် အသက်သွင်းလာခြင်း၏ ပြယုဂ်တစ်ခုဖြစ်ကြောင်း ဂျပန်သတင်းစာများကဆိုကြသည်။ ဂျပန် ဒုဝန်ကြီးချုပ် တာရိုအဆို၏ မြန်မာပြည်ခရီးစဉ်ကလည်းက ဂျပန်လူမျိုးများကို အံ့သြသင့်စေခဲ့သည်။ ထိုခရီးစဉ်က အမေရိကန်၏ “အာရှ မဏ္ဍိုင်(Asia Pivot)”ကို မဟာမိတ် ဂျပန်အနေဖြင့် အားဖြင့်ခြင်းလည်းဖြစ်သည်။ အထူးသဖြင့် မြန်မာနိုင်ငံလို အလားလာရှိသော ဈေးကွက်များကို လက်ဦးမှုရယူခြင်းနှင့် တရုတ်၏ အခန်းကဏ္ဍကို လျော့ချရန်လည်း ဖြစ်သည်။ နှစ်ပေါင်းများစွာ အနောက်နိုင်ငံများက မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့ခဲ့သော်လည်း ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံကို စီးပွားရေးဆက်ဆံမှုနှင့် အကူညီပေးမှုများအထောက်အလျောက်ရှိခဲ့သည်။ ယခု ဒုဝန်ကြီးချုပ်ခရီးစဉ်အတွင်း စတုရန်းဟက်တာ ၂၄၀၀ကျယ်ဝန်းသော သီလ၀ါ အထူးစီးပွားရေးဇုန်စီမံကိန်းအတွက် ဂျပန်က အခြေခံအဆောက်အဦများ တည်ဆောက်ရန် ဂျပန်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၆ ဘီလျံ ထောက်ပံ့ရန်စီစဉ်ထားကြောင်းပြီး၊ အလုပ်ကိုင်အခွင့်လမ်းပေါင်း ၃၃၀၀၀မှ ၄၅၀၀၀ထိရရှိမည့် ယင်း သီလ၀ါအထူးစီးပွားရေးဇုန်တွင် လုပ်ကိုင်ရန် ကိုရီးယား၊ ထိုင်းအပါအ၀င် နိုင်ငံတကာမှ ရင်းနှီးတည်ဆောက်သူ Developer များ လာရောက်လေ့လာ ဆွေးနွေးလျက်ရှိသော်လည်း ပထမအဆင့် ဟက်တာ ၄၅၀ ကိုမူ ဂျပန်နှင့် မြန်မာကုမ္ပဏီများ ပူးပေါင်းအကောင်အထည်ဖော်မည် ဖြစ်သည်။ ဂျပန်အနေဖြင့် မြန်မာနိုင်ငံတွင် တင်ရှိနေသော ကြွေးမီ အမေရိကန်ဒေါ်လာ ၆ဘီလျံအား ပယ်ဖျက်ပေးခဲ့ပြီး ၊ နောက်ထပ် အမေရိကန်ဒေါ်လာ သန်း၆၀၀ ထုတ်ချေးမည်ဖြစ်ကြောင်း ဂျပန်ဒုဝန်ကြီးချုပ်ခရီးစဉ်တွင်းပြောကြားခဲ့သည်။ ယင်းသည်တို့က ဂျပန်သည် မြန်မာနိုင်ငံတွင် ကြီးထွားလာနေသော တရုတ်သြဇာလျော့ချရန်နှင့် စီးပွားရေးတွင်လက်ဦးမှု ရယူထားသော တရုတ်ရန် ကာပြန်ရန်အတွက်ဖြစ်သည်။ ထို့အတွက်လည်း တရုတ်အစိုးရအာဘော် ဂလိုဘယ်တိုင်းသတင်းစာက မြန်မာနိုင်ငံအနောက်နိုင်ငံများနှင့် ပြန်လည်သင့်မြတ်လာခြင်း၊ ဂျပန်နိုင်ငံက အင်တိုက်အားတိုက်ပါဝင်လာခြင်းကို တရုတ်နောက်ဘက်ပိုင်းမှ မတည်ငြိမ်အောင်ဖန်တီးခြင်းဟု စွပ်စွဲခြင်းဖြစ်သည်။ ထို့အပြင် အဘေး၏ ကာကွယ်ရေးသုံးစရိတ် တိုးမြှင့်ရန်တိုက်တွန်းခြင်း၊ စစ်တပ်နှင့် ပတ်သတ်ပြီး ဖွဲ့စည်းပုံအရ တင်းကျပ်ထားသည်များကို ဖြေလျော့ပေးရန်၊ မြို့စောင့် တပ်သာသာရှိသော ဂျပန်စစ်တပ်အား အပြည့်ဝစစ်တပ်အဖြစ် တိုးမြှင့်ခြင်းက အရှေ့အာရှတည်ငြိမ်ရေးကို ထိခိုက်မည်ဖြစ်ကြောင်း လွန်ခဲ့သည့်အပတ်က “တရုတ်ပြည်သူ” နေစဉ်သတင်းစာက ဖော်ပြခဲ့သည်။မည်သို့ပင်ဆိုစေ ဂျပန်အနေဖြင့် အာစီယံနှင့် မြန်မာနိုင်ငံရှိ ၎င်း၏ အကျိုးစီးပွားများကို ကာကွယ်ရန် တရုတ်နှင့် ထိပ်တိုက်တွေ့ရမည်ပင်ဖြစ်သည်။ ခြေကုတ်ရယူပြီဖြစ်သော တရုတ်ကို ယှဉ်ပြိုင်နိုင်ရန် ဂျပန်နိုင်ငံအနေဖြင့် အကန့်သတ်များရှိနေသည်။ ပြည်တွင်းစီးပွားရေးကျဆင်းနေခြင်းကလည်း ဂျပန်နိုင်ငံခြားရေးမူဝါအသစ်ကို အကောင်ထည်ဖော်ရာတွင် အဓိက အတားဆီးဖြစ်နိုင်သည်။ ၀န်ကြီးချုပ်သစ် အဘေးအနေဖြင့် အရှေ့တောင်အာရှကို ဦးဆောင်ရန် တရုတ်နှင့် ထိပ်တိုက်တွေ့နိုင်မည်လား မေးခွန်းကို တော့ လူသိရှင်ကြားဖြေရန်လိုအပ်နေသည်။
0 comments:
Post a Comment