gtalk

This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Saturday, 14 May 2011

ယာမာဂူချီခင်ဆွေရီသို့ (အောင်ဝေး)

“အိမ်ထောင်ရေးဆိုတာ
မိန်းမတကာရဲ့
မဟာစီးပွားရေးအလုပ်ပဲ”
ငါ့ရင်ထဲမှာ ကွဲကြေရတဲ့အခါ
“မမထား” ဝတ္ထုထဲမှာပါတဲ့
ဗန်းမော်တင်အောင်ရဲ့စကား
မင်းခံစားစေချင်မိတယ်။
မင်းနားလည်ဖို့ကိုလဲ
ငါ့မယ်အလိုရှိတယ်။
ဒါပေမဲ့
ကဗျာဆရာ
ငါ့အဖို့မှာတော့
ဒါဟာ တကယ့်အမှား
ဖြစ်ခဲ့ပြီ။
ခင်ဆွေရီ ရဲ့
ဒီမှာ
ငါဟာ ဘာကောင်လဲ
ရင်ထဲမောနွမ်း
မင်းမုန်းစတမ်းဆိုရင်လေ
ပန်းတွေ ကလဲ
ငါ့အဖို့မလှပဲနေလိမ့်မယ်။
ငှက်ကလေးတွေကလဲ
ငါ့လက်ထဲက
ခွဲထွက် ပျံပြေးသွားလိမ့်မယ်။
ဇော်ဂျီ ရဲ့
မောင်သစ်ဆင်းကဗျာတွေ
မင်းသုဝဏ်ရဲ့
မောင်ခွေးဖို့ကဗျာတွေ
မင်းမရှိတဲ့အခါ
ငါဘာလုပ်ရမလဲကွယ်။
တစ်ရံရောအခါ
မင်းနဲ့ငါ
ကိုယ်ပိုင် ကဗျာရွတ်ဆိုပွဲလေး
ဖိုနွေးရင်ခုံကြ
လရောင် မှုံပျပျနဲ့
ညထဲကအလွမ်း
ဒဂုန်တာရာ ရဲ့
“ငွေလှေပေါ်က အနမ်း”
ငြိမ်းချမ်းခဲ့ကြရာ
ရွေးမြစ်ပြာကြီးလဲ
မစီးဆင်းပဲနေတော့မယ်။
မိုးရေထဲမှာကျေးလက်ဟာချစ်စရာ
မင်းမရှိတဲ့အခါ
လယ်ယာမြေနိုးထ
အဖိုးအဘနဲ့
ရိုးအတဲ့သွေးချင်းသားချင်းတွေ
ဝေးရင်းခြားရင်း
စကားကင်းမဲ့
ကောက်သင်းနံ့မဲ့
သက်တံရောင်မဲ့
ဝါခေါင်ပျောက်ဆုံး
တန်ဆောင်မုန်းမဲ့
ထွန်တုံးပိတ်ပွဲမဲ့
ရိုးထဲကချောင်းကလေးလည်း
တေးမဆိုပဲနေမယ်။
မိုးမခတော
ရိုးအသောတဲ့
ဟောဟိုက
မိုးစိုစိုနဲ့
လဲလဲပြိုပြို
တဲအိုအိုလေးတွေ
တေးမဆိုပဲနေမယ်။
ကဗျာထဲမှာ ကာရန်ရှာညှိတဲ့အခါ
အနာဂတ်ဟာ
ငါဘယ်လိုပဲဖွဲ့ဖွဲ့
မင်းမုန်းတဲ့ရင်
ဖွဲ့စည်းမွှေးရီ
ဒီရေမြင့်သစ်
ဖြစ်မလာနိုင်ဘူး။
ခင်ဆွေရီရဲ့
နှင်းစီတဲ့ဆောင်း
တွဲဖက်ကျောင်းမှာ
ခေါင်းလောင်းထိုးသံ
ညိုးညိုးညံတွေ
ပြန်လို့များကြားယောင်
မုန်းဟန်ဆောင်ရင်
နေရောင်ကျဲကျဲ
ပန်းခင်းထဲမှာ
လွမ်းရဲဖို့
တို့ချစ်လာတာ
လမ်းခွဲဖို့ မှ မဟုတ်ပဲကွယ်။
မနက်ခင်းဆိုရင်
လယ်ကွင်းတွေမှာလည်း
သီချင်းတွေလှပနေမယ်။
မိုနေးရဲ့ ပန်းရောင်နှင်း
ဗန်ဂိုးရဲ့ နေကြာခင်း
မီးတွင်းမှာ
မင်းဝါဝင်းသလို
အလင်းရောင်စိုစိုနဲ့
အို
ဘာပြောကောင်းမလဲ
ငါ့ရင်ထဲ
နှင်းခဲရွှေရောင်
လွမ်းအောင်လှပ
အဲဒီရသ
ခုကဗျာရေးတဲ့ည
ပြန်လို့ရတယ် အချစ်ရယ်။
ကောက်ရိတ်ရင်း
စပါးနယ်ရင်း
တလင်းပြင်ရှေ့
ရင်ငွေ့လှုံနွေး
သံမဏိချွေးစက်
အိပ်မက်ပွင့်တွေ
ရင့်ဝေလို့ပဲမကြွေ
ဝေလို့ပဲမဆုံး
ရိုမန်တစ်အပြုံးတွေနဲ့
ဟိုတုန်းက
မင်းပြုံးခဲ့တာတွေ
ငါအမှတ်ရနေတယ်။
ကြားယောင်သေးရင်
မင်းနားထောင်နော်
“ပတ္တမြားရောင်ဝါ
ကံ့ကော်ဦးတွေနဲ့” တဲ့
“ခင်နဲ့သာအတူတွဲကာ
ဘယ်ကမ္ဘာရွေ့စေ
ဖုန်းမသွေပါ
မမုန်းလေနဲ့အချစ်ဦးညှာ”
ဘာဖြစ်လို့များ
ချစ်ပြီးမှ
လမ်းခွဲချင်ရတာလဲ
ဝမ်းနည်းစရာပါ
ခင်ဆွေရီ။
ပိတောင်ဦးတွေနဲ့
ငါမူးဝေတုန်း
တို့လယ်မြေရိုးပြတ်ကုန်းမှာ
မင်းမုန်းမှာငါစိုးခဲ့
ငါမုန်းမှာမင်းစိုးခဲ့
ဒါနဲ့များ
ခွဲသွားဖို့လမ်း
ရှာချင်စမ်းတာလဲ
ငါ့ရင်ထဲက ခင်ဆွေရီ။
လောကကမ်းပါးမှာ
ငြိမ်းချမ်းရေးပို
လွမ်းရေးချို
ခေတ်ကိုဖြတ်သန်းရမယ်လေ။
ကျေးလက်ဟာ
ငါ့ကဗျာရဲ့
ရာဇဝင်ရုပ်ပုံ
ရွေးမြစ်ပြင်လှိုင်းလှုပ်ခုန်
လွန်းတောင်ပေါ်ကမုတ်သုံ
အားလုံးဟာယုံတတ်ရင်
ရင်ခုန် လွတ်လပ်
ချစ်မြတ်စရာပါ။
ခင်ဆွေရီရဲ့
မင်းနဲ့ငါနဲ့
ဘဝရဲ့ ပထမခြေလှမ်း
မိုးစိုစိုနဲ့လှမ်းတော့
ရင်ဖိုဖိုနဲ့ ချမ်းခဲ့တာပဲ
ခရီးအလွမ်း
ကြမ်းခဲ့တာပဲမဟုတ်လား။
အဲဒီတုန်းက
ငါရွတ်ပြခဲ့တဲ့
မာယာကော့ဖ်စကီးရဲ့ ကဗျာ
မင်းအခုပြန်နားထောင်ပါ။
“ချစ်တတ်ဖို့ နှလုံးသားတစ်စုံရယ်
ရင်အခုန်မှန်စေဖို့
ကုန်ထုတ်လုပ်မယ့်လက်နှစ်ဖက်ရယ်
ဒီနှစ်ခုပြည့်စုံရင်
ငါတို့လက်ထပ်ကြပါစို့” တဲ့။
မှတ်မှတ်ရရ
ရွေးမြစ်ပေါ်က
ပဲ့ထောင်ပေါ်မှာ
မင်းကို ငါခေါ်လာခဲ့တာပဲ။
မိုးရေထဲက
ရဲရင့်ရတဲ့
ဇူလိုင်လ ၁၃ရက်
ဘဝစာမျက်နှာ
၁၉၈၁ မှာ။
ငါကျောင်းဆရာ
မင်းကျောင်းဆရာကတော်
အရပ်ကခေါ်ရင်
ငါလေမင်းကို
ပျော်စေချင်ခဲ့တယ်။
မင်းရင်ထဲမှာ
ဘယ်လိုရှိမလဲ
ငါဝေခွဲကြည့်
သံစဉ်ညှိရင်း
ချိုသင်းကြိုင်လှောက်
ခဲ့တယ်လေ။
ဒါပေမဲ့
ငါဝန်ခံပါတယ် ခင်ဆွေရီ။
၂၃ ဇူလိုင် ၁၉၈၄ မှာ
ငါအသက်သုံးဆယ်
ပြည့်တဲ့အခါ
“ရွေးမြစ်ကမ်းက
ငါ့မိန်းမခင်ဆွေရီ
ငါ့ဂီတဟာ
မလှသေးဘူးကွယ်” လို့
ငါရေးခဲ့သေးပါတယ်။
“ရင်ခုန်သံ နှစ်ကာလများ”
ဆိုတဲ့
အဲ့ဒီကဗျာ
လူငယ်တဦးရဲ့ အတ္တရုပ်ပုံလွှာ
မင်းပြန်ရှာဖတ်နော်
“ငါ့ဘဝဟာ
ငါ့သား လရောင်ဝေး
ကြီးလာရင်ကဗျာရေးဖို့
ရိုးဟေးငြာသံ
ဒါမှမဟုတ် ရစ်သမ်
စံဖြစ်ရမယ်”
ငါ့ရဲ့ရင်ကို
မင်းမြင်မှာလား
မယားအသက်နဲ့
အားတက်စရာ
သားဟာ
ဓားတစ်လက်ပါကွယ်။
တကယ်လည်း
ငါစွဲမြဲယုံကြည်
အမည် သညာ
ခေါ်စရာကား
မဟာ လရောင်ဝေး
တု့ရင်သွေးရဲ့
အရေးတော်ပုံ
မွေးနေ့ကြုံလာ
မယုံချင်စရာပါ။
အဲဒီနေ့ဟာ
ရုရှား မဟာအောက်တိုဘာ
တော်လှန်ရေး
၆၅ နှစ်ပြည့်
(၇ ရက်၊ ၁၁လ၊ ၈၂ ခုနှစ်)
ငါမမေ့
လွမ်း၍နေဆဲပါ
ယာမာဂူချီ ခင်ဆွေရီ။
ငါ့အတွေးနဲ့
ပေးတဲ့နာမည်
ဂျပန်ပြည်က
“တိတ်ခ်မီအဝေး”
ရင်ထဲဆွေးလို့
မွှေးတဲ့ နှင်းဆီ
ခင်ဆွေရီဟာ
“ယာမာဂူချီ ခင်ဆွေရီ” ဖြစ်
ဘာဖြစ်သလဲ
ရုပ်ရှင်ထဲက
မိုးမိုးအေးလှသလို
ငါ့ရင်ထဲက
မခင်ဆွေရီ(မြန်မာပြည်)လည်း
လှတာပါပဲ မိန်းမရယ်။
အလွမ်းတစ်စ
ငါ့ရင်ဝမှာ
လွင့်ရှထိမှန်
နာကျင်ပြန်ပြီ
မဒမ်အောင်ဝေး
သို့မဟုတ်
ခင်ဆွေရီ။
ခင်ဆွေရီရဲ့
ငါ့ဘဝကို ကဗျာဖွဲ့
ငါ့ရဲ့ ကဗျာမှာ
“ပြည်သူထဲက
ဆင်းရဲချိုမြိန်
အိပ်မက်မဟုတ်။
ကဗျာအလုပ်
မဟာရုပ်နဲ့
ကျွန်ပ်” လို့
ငါ သရုပ်ဖော်ခဲ့ပြီ။
အဲဒီကဗျာ
“အချိုမြိန်ဆုံး ငရဲ” ထဲမှာ
ငါ ဒီလိုခံစား
ငါ့ရဲ့သဘောထား
ခါးသီးပေမယ့်
ချိုမြခဲ့ပါပြီကွယ်။
“ဒုက္ခရှိမှ
ဘဝမြင့်မြတ်
လှပတတ်၏။
သိက္ခာမာန
အကျမခံ
ကံ
ကံ၏အလုပ်
ကျွန်ပ်မသိ”
မသိလို့လည်း
ငါဆင်းရဲနေတာပေါ့ကွယ်။
ငါဆင်းရဲလို့လည်း
မင်းလမ်းခွဲချင်တာပေါ့ကွယ်။
လမ်းမခွဲခင်ဝမ်းနည်းရင်လည်း
နည်းပါ
ငါရေးတဲ့စာ
ငါ့ကဗျာ
မင်းဖတ်ပါနော်။
ဘာပဲဖြစ်ဖြစ်
ငါ
မင်းကိုချစ်နေဦးမယ်။
တွယ်တာနေသမျှ
ငါ့ဘဝရဲ့
သုခတစ်ခြမ်း
မင်းယူစမ်းလေ
မင်းဘဝရဲ့
ဒုက္ခတစ်ခြမ်း
ငါ့ကိုကမ်းလေ
တစ်ခန်းမရပ်
အလွမ်းဇာတ်လည်း
ချစ်တတ်ရင် ချစ်စရာ
မောင်ခိုင်မာ ပြောသလို
“ပလူကောင်ကို
အိမ်မြှောင်ဆွဲသလိုပ
အပူရောင်
အိမ်ထောင်ထဲမှာ” နော်။
ယာမာဂူချီ
ဒီနာမည်
ပြည်သူထဲမှာ
ကဗျာဆရာ ပေးခဲ့ပြီ။
ကဗျာထဲမှာ
ငါရေးဖူးခဲ့
“နောင်လာမယ့်
နှစ်ဆယ့်တစ်ရာစုမှာ
အောင်ဝေး
လူဖြစ်သေးရင်
ကလေးတစ်ဒါဇင်
ခင်ဆွေရီ ကျမ်းစာတစ်အုပ်
အဘိုအိုကြီးရုပ်နဲ့” လို့
အဲဒီကဗျာ
၈၆ ဇန်နဝါရီ
ရုပ်ရှင်အောင်လံမှာ
မင်းပြန်ဖတ်ပါ။
အနာဂတ်မှာ
ငါဘာဖြစ်နေမလဲ
ငါမင်းကို
ဘယ်လိုသဘောထားမလဲ
မျိုးဆက်သစ်ကို
ငါဘယ်လို ပျိုးထောင်မလဲ
ငါဘယ်သူဆိုတာ
မင်းသိလာပါလိမ့်မယ်။
ပြန်ပြောပြရင်လည်း
သံယောဇဉ်ပဲ
ရင်ထဲက
ဆွဲထုတ်ရတော့မယ်။
“အောင်ဝေးခံစားမှုများ”
ဆိုပြီး ခပ်ပါးပါးကဗျာစာအုပ်
စာကူးစက်နဲ့ထုတ်တော့
ငါ့ရုပ်ပုံလွှာ
“မလင်းပြာ” ဆိုတဲ့
နာမည်နဲ့
မင်းရေးတဲ့အမှာ
ဒီလိုပါတယ်။
သူ ကဗျာရေးရင်
သားမေ့မယားမေ့ပါ။
သူ့ကဗျာတွေဟာ
တစ်နှစ်လုံးနေမှ
မဂ္ဂဇင်းမှာ
သုံးလေးပုဒ်ပါဖို့
အနိုင်နိုင်ပါ။
ပါပြန်တော့လည်း
ကဗျာတစ်ပုဒ်မှ
စာမူခ
အစိတ်သုံးဆယ်
ဒီဇယ်ဖိုး
ရေနံဆီဖိုး
ကုန်ရတာနဲ့
မကာမိပါဘူး
ငါတောင်းပန်ပါတယ်။
ယာမာဂူချီ ခင်ဆွေရီ။
မင်းရည်မှန်းတာကို
ငါ မရည်မှန်းနိုင်သေးနိုင်တာပဲ
ငါဝမ်းနည်းတယ်။
ငါယုံကြည်တာကို
မင်းမယုံကြည်နိုင်သေးတာလည်း
ငါဝမ်းနည်းတယ်။
ငါ့ရင်ထဲမှာ
ကဗျာ
ကဗျာထဲမှာ
ပြည်သူ
ပြည်သူထဲမှာ
မင်းလည်းပါတယ်။
ဒဂုန်တာရာဟာ
ငါ့ပြည်သူပဲ
လူထုဒေါ်အမာဟာ
ငါ့ပြည်သူပဲ။
ကြည်အောင် က စ
မောင်လင်းခက် အဆုံး
အားလုံးဟာ
ငါ့ပြည်သူပဲ။
ခင်ဆွေရီ
လရောင်ဝေး
နောင်သမီးလေးမွေးလို့
ကြည်အေး
နုနုရည်အင်းဝ
မွှေးကူးထုံရှ
သင်းမြခဲ့ရင်
လှတဲ့ နှင်းဆီဝေး
ဟာလည်း
ငါ့ရဲ့ပြည်သူပါပဲ။
ပြည်သူရှေ့မှာ
ကဗျာဆရာ
အိမ်ထောင့်ဦးမှာ
ကဗျာဆရာ
ထပ်တူမကျတာတော့
မင်းခွင့်လွှတ်ပါ။
ရွာမှာတုန်းက
သင်ပုန်းဟောင်းနဲ့
ကျောင်းဆရာ
မြို့မှာနေတော့
မြေဖြူမကိုင်
“ပင်မရေစီး”
စာအုပ်ဆိုင်ထိုင်တဲ့
ခေတ်ပြိုင်ကဗျာဆရာ
ငါဟာငါပါပဲ။
ပထမကျေးလက်မှာ
တွဲဖက်ဆရာသုံးနှစ် (၁၉၇၉-၈၂)
နောက်တော့
ရန်ကုန်မှာ
မဟာဝိဇ္ဖာနွံနစ်
ကဗျာဆရာဖြစ်တဲ့ တစ်နှစ်
(၈၂-၈၃)
ပြီးတော့ တွဲဖက်ဆရာ
ကျေးလက်မှာ
ဒုတိယမ္ပိနှစ်နှစ် (၈၃-၈၅)
ခုတော့ မြောင်းမြမှာ
(၈၅-၈၆)
ထမြောက်စိမ်းမျစ်
ကဗျာနဲ့ပြန်ချစ်
မိန်းမနဲ့ရန်ဖြစ်
ဒါခေတ်ထဲက
ဆင်းရဲတဲ့ အိမ်ထောင်ရေးမှာ
လွတ်လပ်ကာရန်
ပုံသဏာန်အသစ်နဲ့
ကဗျာသစ်ပဲပေါ့ကွယ်။
ဆိတ်ဖလူးရနံ့ကို
လွန်မြောက်ပြီးတဲ့နောက်
နှစ်နှစ်က ချစ်သူဘဝ
ငါးနှစ်က
အိမ်ထောင်သည်ဘဝ
ဒုက္ခချိုမြ
လှပခဲ့ပြီ ခင်ဆွေရီ။
ဒီအချိန်မှာ
ငါဟာ
အိပ်မက်နေတာလား
ဆိုတော့လည်း
မယားရယ်
သားရယ်
စားဝတ်နေရေး
ရေးသုံးရေးပဲ
အတွေးထဲမှာ
စိုင်ခဲခဲ့တယ်။
လူမှန်ရင်
တာဝန်ကြီးနှစ်ခု
မျက်မှောက်ပြုရမယ်
တစ်ခု က ကုန်ထုတ်လုပ်ရေး
နောက်တစ်ခုက
မျိုးဆက်ပြန့်ပွားရေး
အဲဒီ အရေးထဲ
ငါလည်းခိုဝင်
ရင်ခုန်ခဲ့တယ်။
ဒါပေမယ့်ကွယ်
“တိုက်ကားမရလည်း
ဆိုက်ကားခ ရှိတဲ့အခါ
ဟင်္သာတ ပေတရာ
ပျော်စရာပါ” တဲ့
မောင်နွယ်ထွဋ်ရဲ့ ကဗျာကိုပဲ
ငါ ကိုးကားရတော့မယ်။
ကဗျာဆရာနဲ့
သူရဲ့ အိမ်ထောင်ရေးမှာ
ဆင်းရဲတာ ဆန်းသလား
သင်းကွဲတာ
ဆန်းသလားကွယ်။
ငါ့အဓိက
ဘဝ အလွမ်းအမောအမြင်
သရုပ်မှန်ရင်တော့
ခင်ဆွေရီ
နာခံရမယ်။
ဘဝက
အသိကိုပြဌာန်း
လူတန်းစားတူမှ
ခံယူချက်ညီ
ယုံကြည်ခြင်းမှာပဲ
နှင်းဆီပွင့်တယ်။
“အချစ်ရေ
မြေနဲ့ကောင်းကင်
မြင်နေသမျှ
အလှခေတ်ဦး
ဖူးသစ်လာမှာပါပဲကွယ်
ယုံပါ” တဲ့
မောင်လေးအောင်ရဲ့ ကဗျာ
ခုနေမှာ
ငါ ဒါပဲရွတ်ပြနိုင်သေးတယ်။
ငါတို့အိမ်ထောင်ရေး
မလှသေးလည်း
တို့တွေးစရာ
ဘယ်ကဗျာဆရာရဲ့
အိမ်ထောင်ရေးဟာကော
လှပါသလဲ။
ကဲ
ရင်ထဲပြေရှ
နွမ်းလျစဉ်းစား
အလွမ်းအားအင်
သစ်တော့ကွယ်။
ပုသိမ်မှာ မောင်အောင်ပွင့်
ဇနီး(ဒေါ်)နန်းညွှန့်ရွှေ
ရင်ဖြင့်ရင်းနှီး
ဘဝခရီးကြမ်း
ဆူးခင်းလမ်းမှာ
သား
“မောင်ကြီးငြိမ်းချမ်း” တဲ့
သမီး
“လုံမငြိမ်းချမ်း” တဲ့
မချမ်းသာပေမယ့်
လွမ်းစရာကွယ့်။
ယာမာဂူချီရဲ့
ဒီလိုပဲ
ခေတ်ပြိုင်ထဲမှာ
ကဗျာဆရာဆိုတာ။
ခံယူတတ်ရင်
ခံယူချင်စရာ
ရင်ထဲမှာ
ဘာပဲ ပူလောင်
အမှောင်ဖြစ်ဖြစ်
တစ်ခေတ်တစ်ခါ
ကဗျာတစ်ပုဒ်
စာတစ်ပုဒ်ပဲ
ရေးထုတ်လိုက်ရ
ရေးတဲ့ခဏမှာ
နှလုံးစိတ်ဝမ်း
ခဏငြိမ်းချမ်း
ရတာပဲမဟုတ်လား။
ပူတတ်ရင်လည်း
ပူစရာပဲလေ
ကျဉ်းထဲကျပ်ထဲ
ရှောင်လွှဲမရ
အိမ်လခ
ဆိုင်ခန်းခ
မီတာခ
ရှိသမျှတွေ
လကုန်ရင်
ရင်ထဲလောင်မြိုက်
မူးမိုက်ပြိုလဲ
သေပဲသွားမလား
စားစရာမရှိ
လျော်စရာရှိနဲ့
မရှိခြင်းတွေ
မြင်းရိုင်းငါးကောင်
မီးဖိုချောင်မှာ
ခြင်ထောင်ထဲမှာ
မည်းမည်းမြင်ရင်
ရန်သူထင်စရာ
တစ်ခါတစ်ခါ
ငါလည်း
စိတ်ညစ်ရတာပါပဲကွာ။
ခင်ဆွေရီမ ရဲ့
မင်း ဘဝက
မိန်းမ လည်း မိန်းမ
ကဗျာ့ဆရာ့ မယားလည်း ကဗျာဆရာ့မယား
ငယ်ဂုဏ်ကလည်းထွားတော့
ပူများပူရင်အမှန်ပဲ
ငါ ငြူစူချင်ခဲ့တယ်။
ဒါဟာ
ငါ့ရဲ့အမှား
ငါမှားပါတယ်ကွယ်ဆိုတော့
ဟော
မင်းငိုပြန်ပါပကော။
မင်းငိုရင် ငါချော့
ငါချော့ရင် မင်းမူ
မင်းမူတော့ ငါစ
ငါစလို့မင်းစိတ်ကောက်ရင်
ဟန်ဆောင်လို့ ငါအိပ်
မီးပိတ်တော့လည်း
ညည်းစိတ်လျော့ရတာပဲ
မဟုတ်လား။
ဒီလိုပဲလေ
မင်းပဲဖြစ်ဖြစ်
ငါပဲဖြစ်ဖြစ်
ခေတ်ပြိုင်ထဲမှာ
အဲဒီ အိမ်ထောင်မှု
ချစ်လို့ထုသွန်း
လွမ်းဖို့ထူထောင်
လဲပြိုရအောင်မှ မဟုတ်တာ။
ဒါနဲ့များ
တရားလမ်းလွဲ
အားစမ်းပွဲမှာ
လမ်းခွဲဖို့စကား
မင်းနှလုံးသားက
ပြောကြားချင်ရတာလဲကွယ်။
မင်းမှာ
ကောင်းကင်မရှိပေမယ့်
ငါ့မှာ
ကဗျာ
မြေလွှာရှိတယ်။
ငါ့ကဗျာဟာ
အနာဂတ်ကို
ဖွဲ့စပ်ကြိုရင်း
မင်းကိုလည်း
“ရဲဘော်
ရဲဘော်
ရဲဘော်” လို့
အော်ရင်းဟစ်ရင်း
စည်းရုံးရင်းနဲ့
လမင်းတစ်ရာ
ထိုနေရာကို
ပန်းပေါင်းတစ်ရာ
ထိုအခါကို
ရာဇဝင်နဲ့
အချစ်နဲ့
ခေတ်ရဲ့အမှန်တရား
အသစ်ဖွဲ့ခံစား
ခေါ်ဆောင်သွားလိမ့်မယ်။
ဘဝဆိုတာ
လှပစွာ
ဆင်းရဲတတ်ဖို့ပဲလိုတယ်။
နောင်အနာဂတ်မှာ
မင်းဟာ
မျိုးဆက်တစ်ဆက်ရဲ့ မိခင်
ဖြစ်ချင်လည်းဖြစ်မယ်။
ငါ့ရင်ထဲမှာတော့
မင်းဟာ
ယာမာဂူချီလို လှပ
အေးမြရုံနဲ့
လုံလောက်ပါတယ်ကွယ်။
မင်းရယ်
ငါရယ်
သားတွေသမီးတွေ
ဖွဲ့စည်းစိမ်းသင်း
ကြီးပြင်းလာတဲ့အခါ
မောင်သာနိုး ကဗျာဖွဲ့သလို
“မင်္ဂလာပါ နံနက်ခင်း” လို့
လာမယ့်နှစ်ဆယ့်တစ်ရာစု
ချစ်သူ အိပ်မက်နှုတ်ခမ်း
လက်ဆွဲနှုတ်ဆက်နမ်းရအောင်။
ချစ်တတ်ပြီး
သတ္တိရှိမယ်ဆိုရင်
အနာဂတ်ဟာ
ထာဝစဉ် ချိုမြနေမှာပါ။
ငြိမ်းချမ်းရေးသာ
ရမယ်ဆိုရင်
ရာဇဝင်မှာ
မိန်းမမြတ်မိခင်တွေဟာ
ကောင်းကင်တစ်ခြမ်း
ပခုံးထမ်းပြီး
လမ်းကြမ်းကြမ်းလည်း
လျှောက်လှမ်းနိုင်ပါသတဲ့
ကဲ
ဘယ့်နှယ့်လဲ
ငါ့ရင်ထဲက
မခင်ဆွေရီ (မြန်မာပြည်)။ ။
အောင်ဝေး
ပေဖူးလွှာ၊ ၁၉၈၆၊ ဇူလိုင်။

သိန်းစွန်ငှက် အပြန်လမ်း (ပိုင်စိုးဝေ)

နောက်ဆုံးအခေါက်ပါပဲ
ကျွန်တော်
ရွာကိုပြန်လာခဲ့ပါတယ်
အမေ ။
ရွာဆိုတာ ………
တမာ ထနောင်း
ရှားစောင်း ပြာဿဒ်
သန်း ဒဟတ်ပင်တွေနဲ့ ၊
မိုးနှံချုံပုတ် ၊ ရှားပင်ငုတ်တို
နီညိုညို ကျောက်ခဲလုံးတွေနဲ့
ထန်းပင်မြင့်မြင့်ကြီးတွေကြားက
တဲကလေးတစ်လုံးပါ ။
အဲဒီတဲကလေးထဲ
အမေ လဲလျောင်းနေပေါ့။
အမေ …. ကျွန်တော်ရောက်လာပြီ အမေ ။
အမေ့ ခြေအစုံကို ပွေ့ဖက်
အသံမထွက်ဘဲ ကျွန်တော် ငိုတယ် ။
ထန်းပင်မြင့်မြင့်ကြီးတွေပေါ်က
ရွက်ယောင်းခြောက်တွေ
တရှဲရှဲမြည်လို့ … … … … ။
ကျွန်တော့်ကို စကားမပြောချင်လို့
အမေ့ သွားတွေ တင်းတင်းစေ့ထားသလား
ကျွန်တော့် ကို မမြင်ချင်လို့
အမေ့ မျက်လုံးတွေ မှိတ်ထားသလား
ထ ကြည့်ပါဦး
စကားပြောပါ ဦး အမေရယ် ။
ဟော .. အမေ …..
အမေ့ကို သူတို့
ဟိုးမှာ မန်ကျည်းပင်တွေ စိမ်းစိမ်းညို့ညို့နဲ့
ဇရပ် အိုအို
ကျောက်တုံးနီညိုညိုတွေ စီထားတဲ့
သင်္ချိုင်းဆိုတဲ့ နေရာကို
ပို့ကြတော့ မလို့တဲ့ ။
လှည်းဘီးကို ပြင်ဆင်ပြီးကြပေါ့
အမေ့ အလောင်းကို
ခေါင်းထဲထည့်ကြပေါ့
ကြေးစည်ကို
ရိုက်နှက်ကြပေါ့ ။
ကျွန်တော်
မငိုပါဘူး အမေ
ငိုလို့ မရတော့ဘူး အမေ
အမေ့မြေး ကလေးလေးတွေ
ကျွန်တော့်တူနဲ့ တူမလေးတွေ
သူတို့ ငိုပါစေ ။
အမေ့သား သူတို့ရဲ့အဖေ
ကျွန်တော့် အကိုကြီး
အမေ့သမီး သူတို့ရဲ့အမေ
ကျွန်တော့်အစ်မ ၊
သူတို့မောင်နှမ
အမေ့အရင် စောစောစီးစီး
ဟောသည်လောကကြီးထဲက
ထွက်ခွာသွားကြတော့
မိတဆိုး ဖတဆိုး
ဟောသည်ကလေးလေးတွေ
အမေ့အတွက် သူတို့ငိုပါစေ ။
အမေ့ အတွက်
သူတို့မျက်ရည်တွေဟာ
ထိုက်တန်ပါတယ် အမေ ။
ကျွန်တော်ကတော့
နွေဦးရက်တွေ အကြောင်း
သီချင်းမဆိုနိုင်တဲ့
ဥသြငှက်တစ်ကောင်ရဲ့ ကြေကွဲမှုလို
ယာခင်းထဲက အမေ့ဘဝကို
အဝေးကပဲ
တမ်းတပူဆွေးခဲ့သူပါ အမေ ။

” အမေ ……နေကောင်းပါစေ။
အမေ့အား ထာဝရလုပ်ကျွေးပြုစုနိုင်သည့်ကိုယ်
ဖြစ်ရပါလို၏ ”
ည အိပ်ရာဝင် ၊ ရင်ထဲလှုပ်ခတ်
ပဲ့တင်ထပ်ခဲ့တဲ့
ခွန်အားမဲ့ဆုတောင်းသံများကြား
ရှည်လျှားလွန်းတဲ့ ညတွေသာ
ခန္ဓာကိုယ်ပေါ်
တိတ်ဆိတ်စွာ ကြေပြုန်းခဲ့ရ ။
မနေ့ကတော့
” အမေ့ဆုံးပြီ ၊ အမြန်လာ ” တဲ့ ။
ကုသိုလ်ကြမ္မာ ၊ နုံချာလို့လား
ဆုတောင်းများ
မပြည့်ဝခဲ့ဘူး အမေ ။
အမေကမွေးပေမယ့်
အမေကို လုပ်မကျွေးနိုင်ခဲ့တဲ့
ဟောသည် ခန္ဓာကိုယ်ကြီးဟာ
ဘာအသုံးကျတော့မှာလဲ ။
အဲသည်လို နောင်တ တရားတွေက
နှလုံးသားကို ကုတ်ခြစ်
ဘဝ ဆိုတာကိုလည်း
မကျေမနပ်ဖြစ်မိပေါ့။
ကျွန်တော်
မငိုရဲတော့ပါဘူး အမေ
ငိုဖို့ရာ ရှက်လှပါတယ် အမေ
အမေနဲ့ အတူ
အမေကို ခြေဆုပ်လက်နယ်ပြုခဲ့တဲ့
ဟောသည် ကလေးလေးတွေ
သူတို့ ငိုပါစေ
ကြေးစည်ကို သူတို့ ရိုက်နှက်ကြပေါ့
လှည်းဘီးကို သူတို့ တွန်းကြပေါ့ ။
ဟော …….
နီညိုညိုကျောက်တုန်းတွေကြားက
ရထားတစ်စင်းဟာ
အဝေးကို ထွက်သွားပြီ ။
ဟိုး …. လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်
သည်ရွာက လူငယ်
ကျေးတောသားတစ်ယောက်
သည်ရွာကိုပြန်ရောက်မလာ
ရထားဟာ သူ့ကို
အဝေးသို့ ခေါ်ဆောင်သွားခဲ့ ။
သူနဲ့ သူစီးသွားတဲ့ ရထားအကြောင်း
လူတွေ မေ့ကြပေါ့ ။
ပြောဆိုအမှတ်ရသူ
တစုံတစ်ယောက်မျှ မရှိတော့ ။
အဲသည်လူငယ်ဟာ
အခု
အမေ့အလောင်း အမေ့ခေါင်းကို
ဖက်ဖက်ပြီး ငိုနေတဲ့
ကျွန်တော်ပဲပေါ့ အမေ ….. ။
ဟောသည်ယာခင်းတွေကြား
အမေ နေ့တိုင်းလှုပ်ရှားခဲ့တာ
ကျွန်တော် မမြင်နိုင်ခဲ့ဘူး ။
အမေ့သမီး
ကျွန်တော့်အစ်မရဲ့ ယောက်ျားက
ထန်းရည်သမား ၊ ထန်းရည်ချိုး ။
အမေ့သား
ကျွန်တော့် အကိုကြီးရဲ့ မိန်းမက
မီးယပ်ကျိုး၊ မျက်စိတစ်ဘက်ကွယ် ။
သူတို့ တစ်တွေနဲ့ ကျန်ရစ်ခဲ့တဲ့
အမေ့မြေး ကလေးတွေနဲ့ အတူ
ထန်းလျက်ကျို ၊ ထင်းခွေရေခပ်
ငတ်မသေဖို့
အမေရုန်းကန်ခဲ့တဲ့နေ့တွေမှာ
ကျွန်တော်သာ
ဟိုအဝေးမှာပေါ့ ။
ဟိုတနှစ်က
တရွာလုံး မီးလောင်ပြာကျ
အဲသည်ကတည်းက အမေဟာ
ရွာထဲကိုပြန်မရောက်
အိမ်ပြန်မဆာက်နိုင်
ထန်းပင်အောက်က ထန်းတဲမှာ
အမေ အနေကြာခဲ့ပါတယ် ။
အမေရေ ……..
အမေရေ ……..
ကြေးစည်ကို ရိုက်နှက်ကြပေါ့
လှည်းဘီးကို သူတို့တွန်းကြပေါ့ ။
ဟိုး အနောက်တောင်တောတန်းက
ထန်းပင်ရိပ်ဖျားမှာ
နေလုံးဟာ တဖြည်းဖြည်းညိုခဲ့ပေါ့ ။
တောင်သူဓလေ့
ယာမီးငွေ့တွေ လွင့်တက်လာပေါ့။
ဟိုတောင်ကမူကမ်းပါးမှာ
မြက်စားနေတဲ့ နွားမတွေက
အမေ့ကို နှုတ်ဆက်နေကြသလား ။
သိန်းစွန်ငှက်အပြန်လမ်းမှာ
ကျီးကန်းတွေ ကသုတ်ကရက်နဲ့
ရွာဘက်ဆီ ပျံပြေးကြပေါ့ ။
နေညိုချိန် အိမ်အပြန်လမ်းမှာ
တောတန်းလျှိုမြောင်
ဟို အနောက်တောင်ထဲ
မှောင်မည်းမည်းက
ကျွန်တော့်ဘဝကို မဝါးမျိုမီ
ကလေးဘဝအရွယ်
ငယ်ငယ်တုန်းကလေ
တောင်ရိပ်တောင်ကြား
သစ်ပင်ဖျားမှာ
မားမားရပ်နေ တစ္ဆေတွေလား ။
အမေရေ
တစ္ဆေဆို ကျွန်တော်ကြောက်လှချည့် ။
တညသား
ပျူစောထီးဆိုလား ရဲဘော်ဖြူဆိုလား
တံခါးကို တအားခေါက်
နွားကောက်စမ်း မြန်မြန်လုပ်
သေနတ်တွေ ထုတ်ချိန်ပြီး
အခိုင်အခံ့ လှည်းတစ်စင်း
နွားပြာညို တစ်ရှဉ်းနဲ့အတူ
” လှည်းမောင်း ပို့ ဆိုပြီး ”
အဖေ့ကို ခေါ်သွား
ရွာအနောက်ဘက်တောအုပ်ကြားက
သေနတ်သံတစ်ချက်ကြားလိုက်ရ။
အဖေရေ ……
အဖေရေ …….
ကျွန်တော်တို့ မိသားစု ဘဝ
ရာဇဝင်ကို ဖြတ်သန်းရတဲ့ညပေါ့ ။
လွတ်လပ်ရေးပြီးခါစ
သူခိုးဓားပြတွေ
တန်ခိုးပြလို့ကောင်းဆဲ
ခေတ်ကြီးထဲ လူဖြစ်ခဲ့ရတဲ့
ကျွန်တော်
အမေ့ရဲ့ကျောပေါ်မှာ
သေနတ်သံတွေကြား
ပြေးလွှားပုန်းအောင်း
ရွာတောင်စောင်း နဘူးချုံထဲ
ည တိုင်းပဲ အိပ်ခဲ့ရတယ်
ဟုတ်လား အမေ ။
စစ်စနက်မီး အကြွင်းအကျန်တွေနဲ့
ခေတ်အပျက်ကြီးကို တွန်းလှန်ရင်း
အမေရယ် တခြားအမေတွေရယ်
အမေတွေ အားလုံး
ကလေးတွေ ကို ပုခုံးပေါ်တင်ပြီး
ပြေးကြလွှားကြ ၊ ပုန်းကြအောင်းကြနဲ့
တချို့ သားသေ ၊ တချို့လင် ဆုံး
စစ်ဆိုတာကြီးးကို
မုန်းခဲ့တယ် မဟုတ်လား အမေ ။
အဖေမရှိတဲ့နောက်
အမေရယ် အကိုကြီးရယ် ၊ အမရယ်
ကျွန်တော်ရယ်လေ
လောက ကမ်းပါးမှာ
စမ်းတဝါဝါး လျှောက်ခဲ့ကြပေါ့ ။
အရွယ်ရောက်ခါစ အစ်ကိုကြီး
ထန်းလှီးသင်ရပေါ့ ။
အစ်ကိုကြီးဟာ
သာသနာ့ဘောင်မှာ အရိုးထုတ်
ဘုန်းကြီးလုပ်ဖို့ စိတ်ကူးရှိပေမယ့်
ကျွန်တော့်တို့ အတွက်
ယုံကြည်ချက်တွေ စွန့်ခဲ့ရပြီပေါ့ ။
ကျွန်တော်ကတော့
သျှောင်တစ်စောင်းနဲ့ ဘုန်းကြိးကျောင်သား
ပြီးတော့ ပြည်တော်သာကျောင်းရောက်
ကျောင်းဆင်းချိန်မှာ
သိုး ဆိတ် နွားကျောင်း ။
ကျွန်တော် တို့ တစ်တွေ
ဟိုသပြေပင်တောင် စောင်းဆီက
လက်ပြဟစ်အော်
သီချင်းတကြော်ကြော်နဲ့
ခွေးခေါ် ပတတ်တူး
ဟင်းရွက်ခူး ယုန်ရှာ
တောင်ယာလုပ်သူ ထင်းခုတ်သူတွေ
ထန်းလျက်ကျိုသူ ထန်းတက်သူတွေ
နေကပူလောင်
ကုန်းခေါင်ခေါင်မှာ
ဟိုးအနောက်တောင်မှာ
မှိုင်းပြာပြာ မြူခိုးတွေနဲ့
ပုပ္ပါးဆိုတဲ့တောင်တော်မြတ်းကြီးဆီ
မျှော်ကြည့်ငေးမော
စိမ်းလန်းတဲ့ယာတောတွေကြား ။
အစ်ကိုယ်ကြီးက ထန်းလှီး
ကျွန်တော်က ထန်းရည်အိုးသယ်
အမေရယ် အစ်မရယ်က
ထန်းလျက်ကျို ရက်ကန်းခတ် ထင်းခွေ
တစ်ခါတလေ မြေပဲကောက်
တစ်ခါတစ်လေ ဝါစိုက်
တောအလိုက်လုပ်ငန်းစုံပေါ့ ။
” မြို့ရွာနိဂုံး ၊ ပျက်ပြုန်းစေအောင်
ဓားပြကြီးကြီး မိုက်သီးအခေါင်
မီးနှင့် မြိုက်လို့ ၊ တိုက်ခိုက် ပူလောင်
ဝ သ လ ၊ မှတ်ကြ သူယုတ်ကောင် ”
“ခလောက်လေးရယ်တဲ့ ဒိုးဒိုးဒေါင်
ပျိုတို့ မောင်ယာ မလုပ်တယ်
ဝါးခုတ်တဲ့တောင်”
အဲသည်လို အကိုကြီး တတ်တဲ့
ကဗျာတွေ ၊ သံပေါက်တွေ
ကျွန်တော့် မှာ အမွေရခဲ့ပေါ့ ။
“နေညိုချိန်တိမ်တောက် ပျိုကြောက်တဲ့သည်အချိန်
ဆီးမီးကွယ်မှန်အိမ်နဲ့ …….. “
အဲသည်လို
ကျေးလက်ဘဝ သီချင်းကဗျာတွေ
ရင်ထဲ မှာ အမြစ်တွယ်ခဲ့ရပေါ့ ။
အမေရေ …….
ကြေးစည်ကိုရိုက်နှက်နေကြပေါ့
လှည်းဘီးကို သူတို့ တွန်းကြပေါ့ ။
အမေခေါင်းချခဲ့တဲ့
တဲကလေးဟာ
အမေ့ ရွာနဲ့ အလှမ်းဝေးပေမယ့်
သည်တောသည်တောင်ကြား
အမေကို
တစ်ယောက်တည်း မထားရက်ပါဘူး အမေ ။
အမေ့အမေ ကျွန်တော် အဘွား
ကျွန်တော်အဘွားရဲ့ အမေ့အမေ စတဲ့
ဆွေမျိုးတော်စပ်သူရော မတော်သူပါ
တစ်ရွာလုံးနောက်ဆုံး စုဝေးရာ
ဟောဟို ဇရပ်အိုအိုရဲ့
သုဿာန်ဆိုတဲ့ နေရာရောက်အောင်
အမေ့ကို
ကျွန်တော်တို့ ပို့ မှာပေါ့ ။
လမ်းက ကြမ်းလိုက်တာအမေ
တောင်ကမူကျတ်တီးကြား
နှစ်တွေများစွာရေတိုက်စားမှုနဲ့
ပျက်လုလု လှည်းလမ်းပေါ်မှာ
အမေ့ခေါင်းဟာ ၊ လှုပ်ယမ်းလှချည့်
ဖြည်းဖြည်း … ဖြည်းဖြည်း ……..
ဆူးကိုင်းတွေဘေးဖယ်
မျက်နှာကို ခြစ်မိကြဦးမယ်။
ဟိုသုဿာန်ကိုရောက်တဲ့ခါ
ဘုန်းကြီးတွေက
သရဏဂုံကို ရွတ်ဖတ်
ကျွန်တော့် လက်နဲ့ ရေစက်သွန်းချ အမျှဝေ
အမေ ကောင်းရာသုဂတိလားပါစေလို့
ကျွန်တော် အမျှဝေမယ်
ကျွန်တော့် ကိုယ်ပေါ်မှာ
ဖုန်တွေပေကပ်
ညစ်ပတ်နေမလားဘဲ။
မန္တလေးက မိတ္ထီလာ
မလှိုင် ပန်းအိုင်တစ်လမ်းလုံး
ဖုန်လုံးကြီးထဲ ဖြတ်ခဲ့ရ
အခုလည်းပဲ ဖုန်လုံးကြီးထဲမှာ ။
ဖုန်တွေ ပေကပ် ညစ်ပတ်နေမလားဘဲ။
ဟိုသုဿာန်ကိုရောက်လို့
ရေစက်သွန်းချ အမျှဝေတဲ့ အခါ
ငယ်ဆရာ ဘုန်းတော်ကြီး
ကျွန်တော့် ကိုကြည့်ပြီး
အံ့သြနေလိမ့်မယ် ။
ညရောက်တဲ့ အခါ
ဦးလေးဘယ်နေ့ ပြန်မှာလဲ
တစ်နှစ်တစ်ခါ ပြန်လာပါနော်
ကျွန်တော် ကျောင်းဆက်နေချင်တယ်
ညီမလေးမှာ ဝတ်စရာအင်္ကျီ မရှိတော့ဘူး ။
ဟောဒီအငယ်မ
မနှစ်က နှစ်တန်းကျတယ်
ငါ့မောင်ရယ်
ဟောဒီကျန်နေတဲ့
မျက်စိတစ်ဘက်ကလည်း
ဆရာဝန်က ခွဲရမယ်တဲ့
အစ်မလည်း ကြောက်တတ်လို့
ဆေးရုံကို
နောက်ထပ် မရောက်တော့ပါဘူး
စတဲ့ … စတဲ့ စကားလုံးတွေကြား
ကျွန်တော် ဘာများ
တာဝန်ယူနိုင်မလဲ
မင်းတို့ အတွက် ၊ ငါ့အတွက်
အနှစ်သုံးဆယ်လုံးလုံး
ဦးလေးစဉ်းစားနေတုန်းပဲ
ဦးလေးဟာ
စဉ်းစားနေတုန်းပါပဲကွယ် ။
တစ်စုံတစ်ရာ
ကတိတွေပေးထားပစ်ခဲ့ပြီး
နံနက်ခင်းတစ်ခုမှာ
ငှက်တစ်ကောင်လို ပျံပြေးသွားမယ်။
ဟိုတစ်ခါက
အမေ့ကို ထားပစ်ခဲ့သလိုမျိုး
“ဟောသည်ကမ္ဘာမြေကြီးရဲ့
နာမကျန်းမှုတွေကို ဆေးဝါးကုသဖို့
ကျွန်တော်ကဗျာဆရာ လုပ်ရမယ်
ကဗျာ ဆရာလုပ်မှ ဖြစ်မယ် အမေ”
အဲသလို ဆိုပြီး
အမေ့ကို ထားပစ်ခဲ့တုန်းက
ယာခင်းနံဘေး
တောလမ်းလေးပေါ်မှာ
မြက်ရိုင်းပင်တွေ ကိုတိုးဖြတ်
တရှပ်ရှပ်နဲ့ ကျွန်တော့် ဖိနပ်သံတွေ
ကျန်ရစ်ခဲ့တယ် ။
ယာခင်းတွေ နောက်မှာချန်
တောတန်းတွေ ကျန်ရစ်ခဲ့တယ်။
ကျောက်စရစ်ကုန်းခေါင်
တလင်းပြောင်မှာ
ယုန်ထောင် ပတတ်တူး ချိုးတည်
ငယ်ဘဝတွေ ကျန်ရစ်ခဲ့တယ် ။
လိမ်လိမ်မာမာနေဖို့
စကားလုံးတို့ တုန်ခါ
အမေ့ မျက်နှာပေါ်က
မျက်ရည်စတွေ ကျန်ရစ်ခဲ့တယ်။
သူငယ်ချင်းတွေ
လက်ပြနေဆဲ ၊ ဥသြဆွဲပေါ့ ။
တရှဲရှဲမြည်လျက် ရထားထွက် ခွာ
တုန်ခါနေတဲ့ ဓာတ်ကြိုးပေါ်မှာ
တောကျီးကန်းတစ်ကောင်
အော်မြည်ရင်း ကျန်ရစ်ခဲ့ တယ်။
မြို့ပြဘဝရဲ့
ခံစားမှုမြစ် ၊ ရသသစ်ထဲမှာ
ပလက်ဖောင်းတစ်လျှောက်
ဓာတ်တိုင်မီးတိုင်တွေ အောက်
တစ်ယောက်ကို တစ်ယောက်
ဖြတ်လျှောက်ကျော်သွားရင်း
သူစိမ်းဆန်တဲ့ လူတွေကြားမှာ
ဟို … အနောက်တောင်ဆီကို ရော်ရမ်း
တောလမ်းကလေးကို
လွမ်းခဲ့ရပေါ့ အမေ။
နေညိုချိန်အိမ် အပြန်
လမ်းဘေးတိုက်ကြား ဓာတ်တိုင်နားမှာ
မားမားရပ်နေ တစ္ဆေတွေလား
“အမေရေ”
တစ္ဆေကို ကျွန်တော်ကြောက်လှချည့်
ယောင်ရမ်း ရွတ်ဆို မိသော်လည်း
ရဲရဲတင်းတင်း
ဖြတ်သန်းရပြီ အမေ ။
လူမှုဗေဒ ဝေါဟာရနဲ့
ရသသစ်တွေက
နှလုံးသားကို တအား ကုတ်ခြစ်
ပွတ်သပ်ပြီး ဖြေသော်လည်း
ယားယံမြဲပါ အမေ ။
ဆည်းဆာရီထဲ
တိုးရှဲဖြတ်သန်း
ကိုယ်လမ်းကို သွားခဲ့ရ
စကားငြင်းဆန်
ကားဟွန်းသံတွေကြား
နှလုံးသားတိတ်ဆိတ် မသိစိတ်မှာ
ရောဂါထူပြောခဲ့ပေါ့ အမေ ။
အမေ့ထံ ကျွန်တော် ပြန်မလာနိုင်တော့ဘူး ။
ငါ့မြေးလေးတွေ
အမေ မြင်ချင်လှပြီဆို ။
ဟော …
အကြီးလေးက မသုမာတဲ့
ပိန်ပိန်သွယ်သွယ် နဖူးကျယ်ကျယ်နဲ့
သိပ်ချစ်စရာကောင်းတယ် အမေ
အငယ်လေးက မငုဝါတဲ့
အစားပုတ်ပုတ် ၊ ဝတုတ်တုတ်ကလေး
နောက်တစ်ယောက်က
သားကြိးမောင်ဖိုးကာ
ဆော့တဲ့နေရာမှာ မျောက်ရှုံးပါပဲ ။
ငယ်ငယ်လေးကတည်းက
မျောက်ကလေးလိုပဲ
ကြီးလာရင်မျောက်နဲ့တူမလားပဲ ။
သူတို့မောင်နှမတစ်တွေ
ဦးလေးတွေ အဒေါ်တွေနဲ့ တွေ့ဖို့
ကျွန်တော်လာချင်ပါရဲ့
ဒါပေမယ့် … အမေ ။
ဟော ……
ကျွန်တော်တို့ အားလုံးအတွက်
အရွယ်မရောက်ခင်
ထန်းလှီးသင်ခဲ့ရတဲ့ အကိုကြီး
ထန်းပင်ပေါ်က ဇောက်ထိုးကျ
အနိစ္စရောက်ခဲ့ရပြီ မဟုတ်လား
ကျွန်တော့် အမ
အမေ့ သမီး ပိန်တာရိုးလေး
သားသမီးခုနှစ်ယောက်မွေးတော့
ဆင်းရဲမှုဒဏ် မခံနိုင်လို့ထင်ရဲ့
အနိစ္စရောက်ခဲ့ရပြီ မဟုတ်လား အမေ ။
အမေသည်တောသည်တောင်ထဲ မှာ
အမေသားသမီးတွေနဲ့
အနေဝေး ၊ အသေဝေးခဲ့ကြရသော်လည်း
အမေ တစ်ယောက်တည်းမဟုတ်လား
အမေ့မြေးတစ်အုပ်နဲ့
ထန်းလျက်ကျို ထင်းခွေ ၊ ရေခပ်
ကျွန်တော် တစ်ပြားတစ်ချပ်မှ
မထောက်ပံ့နိုင်ပေမယ့် ၊ ငတ်မသေခဲ့ဘူး
အမေသေရတာ
ငတ်လို့ မဟုတ်ဖူး အမေ ။
မနေ့က
အမေဆုံးကြောင်း ၊ ကြေးနန်းရတော့
ခရီးသွားဖို့ ဇနီးမယားနဲ့ တိုင်ပင်
ပြင်ရဆင်ရ ငွေရှာရနဲ့ပေါ့ ။
ညရောက်တော့လည်း ရင်ထဲမအေး
ပူဆွေးနေဆဲမှာ
ကလေးတွေက တီဗီသွားကြည့်ကြသတဲ့
သြော် .. မင်းတို့ အဖွားသေတဲ့ရက်
မင်းတို့အတွက်
ဘာမှ မခံစားရပါလားနော် ။
ငယ်သေးတဲ့ ကလေးလေးတွေပဲ
ဆိုတာက တစ်ကဏ္ဍပေါ့
မြို့ပြမှာနေတဲ့ ၊ အမေ့မြေးကလေးတွေ
အမေနဲ့ တအားဝေးခဲ့ပါလားဆိုတဲ့
အတွေးတွေက
တကယ့်ကိုပါပဲ
ဘဝ ဆိုတာကိုလည်း
မကျေမနပ်ဖြစ်ရပြန်ပေါ့ အမေ ။
ခံစားရပြီပေါ့
ကျွန်တော်ခံစားရပြီပေါ့ အမေ ။
ကျွန်တော်ဟာ
အဲဘတ်ကမူးမှ မဟုတ်ဘဲ ။
ကျွန်တော်ဟာ
မာဆိုးမှ မဟုတ်ဘဲ ။
အခက်အခဲတွေ ရှိပေမယ့်
ကျွန်တော်ဟာ
ဗုဒ္ဓဘာသာ မြန်မာယဉ်ကျေးမှုထဲက
လူတစ်ယောက် အဖြစ်နဲ့ပဲ
အသက်ရှင်နေဆဲပါ အမေ ။
အမေရေ …..
အမေရေ …… အမေရေ ……
ကြေးစည်ကို ရိုက်နှက်ကြပေါ့
လှည်းဘီးကို သူတို့ တွန်းကြပေါ့
အမေ့ခေါင်းဟာ
လှည်းပေါ်မှာ ယိမ်းထိုးလို့
ရှားစောင်းပြဿာဒ်ပင်ပေါ်က
ဒေါ့ရင်းဆိုတဲ့ အကောင်တွေ
တကျည်ကျည်မြည်လို့
အမေ့မြေးကလေးလေးတွေ
အမေ့ ရဲ့ ဆွေမျိုးသားချင်းကလေးတွေ
အမေကကို ခင်မင်တဲ့ သူတွေ
မရဏတေးကို ရွတ်ဆိုငိုကြွေးလို့ ။
အမေ့ခေါင်းပေါ်
ညောင်ရွက်တွေကြွေကျ
ဒါဟာ သင်္ခါရတရားပေပဲလို့
ဆိုချင်သလား မသိပေဘူး အမေ ။
ကုန်တန်ချိန်အပြည့်နဲ့ ကားတစ်စီး
အဝေးပြေးလမ်းမကြိးပေါ်
ဖြတ်မောင်းသွားနေရဲ့
ထန်းပင်မြင့်မြင့်ကြီးတွေပေါ်က
ရွက်ယောင်းခြောက်တွေ
တရှဲရှဲမြည်လို့ …………… ။

ပိုင်စိုးဝေ ( အစိမ်းရောင်မြစ်သို့ တမ်းချင်း ကဗျာစာအုပ်မှ )

ဆွန်ယက်ဆင်

မူရင်းဆောင်းပါးရှင် ကျန်းလန်ရှင်းသည် တရုတ်နိုင်ငံသား ဖြစ်ပြီး၊ ဗဟိုပညာရေးသိပ္ပံ အင်စတီကျု၏ အယ်ဒီတာ ဘုတ်အဖွဲ့ဝင်၊ ပညာရေးသမိုင်း လေ့လာမှု တွဲဖက်ဒါရိုက်တာ၊ အကြီးတန်း သုတေသနပညာရှင်
ဖြစ်သည်။ ဆွန်ယက်ဆင်၏ ပညာရေးအမြင်များကို ပြုစုရေးသားရာတွင် ထွန်းတောက်ခဲ့သော တော်လှန်ရေး ခေါင်းဆောင်ဘ၀၊ ဒီမိုကရေစီနှင့် သိပ္ပံနည်းကျ ပညာရေး၊ ပညာရေးဆိုင်ရာ တော်လှန်ရေး အယူအဆများ၊ ပြည်ပမှ ကျောင်းသားများကို ညီညွတ်စေခြင်း၊ ပညာရေးတန်းတူညီမျှမှု၊ ပညာရေးနှင့် ဖွံ့ဖြိုးရေး၊ ဆွန်ယက်ဆင်၏ ပညာရေးရှုထောင့်စုံ ဟူ၍ ခေါင်းစဉ်ငယ်များဖြင့် တင်ပြခဲ့ပါသည်။ ဘာသာပြန်သူအနေဖြင့် လေးပိုင်းခွဲတင်ပြမည်ဖြစ်ရာ အပိုင်း ၂ အဖြစ် ဒီမိုကရေစီနှင့် သိပ္ပံနည်းကျပညာရေး၊ ပညာရေးဆိုင်ရာ တော်လှန်ရေး အယူအဆများ တို့ကို ဆက်လက်ဖော်ပြလိုက်ရပါသည်။ _ ဘာသာပြန်သူ)

ဒီမိုကရေစီနှင့် သိပ္ပံနည်းကျ ပညာရေး
နယ်ချဲ့တို့၏ ဆိုးသွမ်းသော သဘာဝကို ဖော်ထုတ်ရန်နှင့် ချင်မင်းဆက်လက်ထက်မှ မြေပိုင်ရှင် အုပ်ချုပ်ရေးသမားတို့ ကျူးလွန်ခဲ့သမျှ ရာဇ၀တ်မှုများကို ကန့်လန်ကာရှေ့သို့ ထုတ်ယူလာရန်မှာ လူမှုပညာရေး၏ အဓိက၀တ္တရားဖြစ်သည်ဟု သူယုံကြည်သည်။

အုပ်ချုပ်သူများသည် အကျင့်ပျက်ခြစားပြီး ကိုယ်ကျင့် ဖောက်ပြန်ကြကာ ကိုယ့်ပြည်သူများကို ခေါင်းပုံဖြတ်၍ နိုင်ငံခြားသားများ၏ လိုအင်ဆန္ဒကို အညံ့ခံဖြည့်ဆည်းပေးနေကြသော တိုင်းပြည်သစ္စာဖောက်များဟု သူက မြင်သည်။ သူ၏စေတနာမှာ ပြည်သူများအကြားတွင် နယ်ချဲ့နှင့် ကံကြွေးချမြေပိုင်ရှင်စနစ်တို့ကို ဆန့်ကျင်သော နိုင်ငံရေးခံစားချက်များ ပေါ်ပေါက်လာစေရန်၊ ပြည်သူများအကြားတွင် တိုင်းပြည်ကို ချစ်မြတ်နိုးစိတ် ဖြစ်ပေါ်လာပြီး နယ်ချဲ့နှင့် ကံကြွေးချမြေပိုင်ရှင်တို့အား ဆန့်ကျင်ထကြွကြစေရန် ဖြစ်သည်။

`ကျွန်ုပ်တို့တိုင်းပြည်ကို ကယ်တင်နိုင်ရေးသည် ပြည်သူတို့၏ နိုးကြားမှုတွင် တည်သည်´၊ `တော်လှန်ရေးတွင် လျှင်မြန်စွာ အောင်မြင်မှု ရရှိနိုင်ရန်မှာ ၀ါဒဖြန့်ပညာပေးမှု ၉၀ ရာခိုင်နှုန်းနှင့် လက်နက်ကိုင်စွဲမှု ၁၀ ရာခိုင်နှုန်းတို့ပေါ်တွင် တည်သည်´ဟု သူက ကြွေးကျော်သည်။

ထိုသို့သော ၀ါဒဖြန့်ပညာပေးမှုများသည် တော်လှန်ရေး၏ ပြည်သူ့မူဝါဒသုံးရပ်ကို နှလုံးသည်းပွတ်ထိအောင် စွဲမှတ်လျက် ပြည်သူများ၏ စိတ်ကူးအကြံအစည်များကို ပြောင်းလဲပေးကာ `သမ္မတနိုင်ငံတော်´စနစ်အား ပိုမိုနှစ်သက်လိုလားသော စိတ်အခံများအား အသင့်ပြင်ဆင် ထားနိုင်ကြရန် ရည်ရွယ်သည်။

ထိုသို့ ဒီမိုကရေစီသမ္မတနိုင်ငံတော်တစ်ရပ် အတွက် ဒီမိုကရေစီစံနှုန်းများကို မျက်မှောက်ပြုနိုင်ရန် ဆွန်ယက်ဆင်သည် ခနီးလှည့်လည်ကာ ပြည်တွင်းနှင့် ပြည်ပတို့တွင် ဟောပြောမှုများစွာ ပြုလုပ်ခဲ့ရသည်။ တော်လှန်ရေးအယူအဆများ ပြည့်လျမ်းနေသော ဆောင်းပါးများကို သူရေးခဲ့ပြီး `စာဖွဲ့မခံရသည့် ဆင်းရဲတွင်းထဲမှ ဘ၀များကို ကိုယ့်အားကိုယ်ကိုးကယ်တင်ပြီး နိုင်ငံအား ကိုယ့်ခြေထောက်ပေါ်တွင် ကိုယ်ရပ်တည်နိုင်အောင် ပံ့ပိုးပေးကြဖို့´ သူနှိုးဆော်ခဲ့သည်။

ဖိနှိပ်အုပ်ချုပ်သော ချင်မင်းဆက် အုပ်ချုပ်သူများကို စတင်ဖြုတ်ချကြရန် ပြည်သူလူထုအား သူ တိုက်တွန်းနှိုးဆော်ခဲ့သည်။ ပြည်တွင်းတွင်ရော ပြည်ပတွင်ပါ ၀ါဒဖြန့် ပညာပေးရေး အဓိကအင်္ဂါရပ်များအဖြစ် `မင်းပေါင်´၊ `ဆူးပေါင်´၊ `အမျိုးသားနိုင်ငံနှင့် ဒီမိုကရေစီ´ စသည့် မဂ္ဂဇင်းများ၊ စာစောင်များစွာကို ထူထောင် ထုတ်ဝေခဲ့သည်။ ဖန်းကျီးယို ပြုစုထားသည့် `ပြည်သူ့သမ္မတနိုင်ငံ မထူထောင်မီ ပြည်တွင်းနှင့် ပြည်ပတွင် ထုတ်ဝေခဲ့သည့် တော်လှန်ရေး သတင်းစာများ´စာရင်းတွင် ထိုခေတ်ကာလက ထုတ်ဝေခဲ့သော တော်လှန်ရေးသတင်းစာနှင့် စာစောင်ပေါင်း တစ်ရာထက်မနည်းသည်ကို တွေ့ရသည်။

လူငယ်တော်လှန်ရေးသမားတစ်ဦးဖြစ်သော ကျိုရုန်းရေးသားသည့် `တော်လှန်ရေးတပ်မတော်´နှင့် ချန်းရှန်းဟွာ ရေးသားသည့် `အချက်ပေးခေါင်းလောင်းသံ´ အမည်ရှိစာစောင်များသည် စောင်ရေသောင်းချီ၍ ရောင်းချခဲ့ရသည်။ အုပ်စိုးလျက်ရှိသော ချင်မင်းဆက်တို့ ကျူးလွန်သမျှ ရာဇ၀တ်မှုများကို သူတို့က အသေးစိတ် ထုတ်ဖော်နိုင်ခဲ့ကြသဖြင့် မကျေချမ်းမှု မျိုးစေ့များကို ပျိုးပေးနိုင်ခဲ့ပြီး တော်လှန်ရေး အညွန့်ထွက်လာစေခဲ့သည်။

ဝါဒဖြန့်ပညာပေးမှုများကို ဆောင်ရွက်စဉ်အတွင်း ဆွန်ယက်ဆင်သည် တော်လှန်ရေးအင်အားစုပေါင်းများစွာကို ဖွဲ့စည်းပေးခဲ့ပြီး၊ ယင်းတို့ထဲ၌ ရှင်းကျုံး၊ ထုံးမင်၊ ရိကျီ၊ ၀မ်ရှီး၊ ကုံးကျင် အဖွဲ့များလည်း အပါအ၀င်ဖြစ်သည်။ ထိုအဖွဲ့အစည်းများမှတစ်ဆင့် သူ၏`ပြည်သူ့မူဝါဒသုံးရပ်´ကို ၀ါဒဖြန့်ချိကာ ချင်မင်းဆက်အုပ်ချုပ်သူများကို ဖြုတ်ချ၍ ပြည်သူ့သမ္မတဒီမိုကရေစီနိုင်ငံတစ်ခု ထူထောင်ရန် နှိုးဆော်ပြီး၊ စာသင်ကျောင်းများ၊ နိုင်ငံရေးအစည်းအဝေးများ၊ စစ်တပ်အစိတ်အပိုင်းများထဲတွင် တော်လှန်ရေးလှုပ်ရှားမှုများကို မြှင့်တင်ပေးခဲ့သည်။

တော်လှန်ရေးသတင်းစာများ၊ စာစောင်များနှင့် တော်လှန်ရေးအဖွဲ့အစည်းများအားဖြင့် ဆွန်ယက်ဆင်သည် ကံကြွေးချ မြေပိုင်ရှင်စနစ် ပညာရေးနှင့် ယင်း၏ စာရိတ္တပိုင်းကို ပြင်းထန်စွာ ဝေဖန်နိုင်ခဲ့သည်။ ကံကြွေးချမြေပိုင်ရှင်စနစ်၏ ပညာရေးသည် အုပ်ချုပ် သူမြေပိုင်ရှင် လူတန်းစား၏ အကျိုးစီးပွားအတွက် တန်ဆာပလာတစ်ခုသဖွယ် အသုံးတော်ခံနေရခြင်းဖြစ်ကြောင်း၊ ထိုပညာရေး၏ ရည်ရွယ်ချက်မှာ ပြည်သူများအား ခေါင်းပုံဖြတ် ဖိနှိပ်မည့် အရာရှိများကို လေ့ကျင့်ပျိုးထောင်ပေးရန်သာ ဖြစ်နေကြောင်းကို -


"အစိုးရစာမေးပွဲများတွင် အောင်မြင်မှုရရှိခြင်းအား ဂုဏ်ဒြပ်တစ်ခုအဖြစ် ယူဆကြသည်။ ထိုအောင်မြင်မှုသည် အဆင့်မြင့်ရာထူးများ ရရှိစေရန် လမ်းဖွင့်ပေးသည်။ ရာထူးတစ်ခု ရရှိသည်နှင့် လာဘ်များ ရလာသည်။ သူတို့၏ လူနေမှုအဆင့်အတန်းကို ထိန်းသိမ်းထားရန် သူတို့၏ လစာများက လုံလောက်ခြင်းမရှိသောကြောင့် အထက်လူကြီးများထံ နှစ်စဉ်သွားရောက် ဂါရ၀ပြုကြရသည်။ ထိုအတွက် လာဘ်မှမယူလျှင် မည်သည့်နေရာမှ ငွေကို သူတို့ရကြမည်နည်း။ အစိုးရက သူတို့ဘက်မှ ရပ်တည်ပေးနေသည်ဖြစ်ရာ တုံးလွန်းအလွန်းသူများမှလွဲ၍ မည်သူက ခြစားမှုမှ ကင်းအောင်နေကြပါ မည်နည်း။ သူတို့အိပ်ကပ်များထဲတွင် ငွေစကြေးစများ ပြည့်လျှံသွားသည့်အခါ အချို့အ၀က်ကို ရာထူးတိုးရေးအတွက် သုံးကြရပြန်သည်။ သူတို့အသက်ရှင်နေကြသည်မှာ ထိုအတွက်သာ ဖြစ်သည်။ ထိုသို့သော သူခိုးအရာရှိများသည် လူမှုရေး၊ နိုင်ငံရေးနှင့် တရားရေးတို့တွင် ဆုံးဖြတ်ချက်တိုင်းကို ချမှတ်ရသော အမြင့်ဆုံးရာထူးများသို့ ရောက်ရှိကြပေလိမ့်မည်။"
ဟု သူကရေးသားဖော်ပြခဲ့သည်။

မြေပိုင်ရှင် အသိုင်းအ၀ိုင်းအတွင်းမှ ရာဇ၀တ်မှုမှန်သမျှသည် ရာထူးနေရာများကို ရောင်းစားခြင်း၊ လာဘ်ပေးလာဘ်ယူပြုခြင်း၊ ဥပဒေကို ထင်သလိုပြုခြင်း၊ လူအများ၏ လွတ်လပ်မှုနှင့် အတွေးအမြင် ကျယ်ပြန့်လာခြင်းကို ကန့်သတ်ခြင်း စသည်တို့ကဲ့သို့သော အမူအကျင့်များမှ ပေါ်ပေါက်လာခြင်း ဖြစ်သည်။
ဆွန်ယက်ဆင်သည် မြေပိုင်ရှင်စနစ်၏ ပညာရေးကို ကာလရှည်ကြာ ဆန့်ကျင်ခဲ့ပြီး၊ ထိုစနစ်အတွင်း ကျောင်းသားများ လေ့လာဆည်းပူးခဲ့ရသမျှမှာ အချည်းနှီးသာဖြစ်သည်ဟု ယူဆခဲ့ခြင်းကို အောက်ပါအတိုင်း ဖော်ပြခဲ့သည်။

"ကျောင်းသားများသည် လေးစောင်တွဲ၊ ဂန္ထ၀င်ငါးကျမ်းနှင့် ယင်းတို့အား အထောက်အကူပြုမည့် စာအုပ်စာတမ်းများကိုသာ လေ့လာကြရသည်။ ထိုကျမ်းများမှာလည်း လွှမ်းမိုးဆဲ အမိန့်အာဏာ၊ လမ်းစဉ်နှင့် အတွေးအခေါ်တို့နှင့် မညီလျှင်ညီအောင် ပုံပျက်ပန်းပျက် ဖွင့်ဆိုချက်များ၊ ပြင်ဆင်မှုများ ပြုလုပ်ခံထားကြရသည်။ ယင်းတို့ကြောင့် ကျောင်းသားများမှာ အမြင်ကွယ်ကြရသည်။ သာမာန်ပြည်သူများ၏ ဘ၀အကြောင်း မပါဝင်ဘဲ ထိုနည်းအတိုင်း ကျောင်းသားများအား သင်ကြားပေးခဲ့ကြသည်။ ယင်းကြောင့်ပင် ကြင်နာမြတ်နိုးစွာ အုပ်ချုပ်သည် ဖြစ်စေ၊ ကြမ်းကြုတ်ရက်စက်စွာ အုပ်ချုပ်သည်ဖြစ်စေ၊ ရိုးဖြောင့်စွာ အုပ်ချုပ်သည်ဖြစ်စေ၊ လိမ်ညာကောက်ကျစ်လျက် အုပ်ချုပ်သည်ဖြစ်စေ လူအများက အမိန့်ဥပဒေများကို  လိုက်နာနေကြခြင်း ဖြစ်သည်။"

မြေရှင်တို့၏ ပညာရေးသည် ပြည်သူများတွေးခေါ်နိုင်မှုကို ကန့်သတ်ထားခဲ့သည်။ လူများသည် အုပ်ချုပ်သူများ၏ အလိုဆန္ဒကို မည်သို့ လိုက်နာရမည်ကိုသာ သိနိုင်ကြသည်။ ထိုပညာရေးစနစ်ကြောင့်ပင် တရုတ်နိုင်ငံအား ပိုမိုမွဲတေပြီး ခေတ်နောက်ပြန်ဆွဲကာ ကိုယ့်အား ကိုယ်မကိုးနိုင်ဖြစ်စေသည်။  ဆွန်ယက်ဆင်က
"တရုတ်ပြည်သူများသည် လက်သင့်ရာစားတော်ခေါ်သောဝါဒဖြင့် နှစ်ပေါင်းထောင်ချီနေထိုင်ရှင်သန်ခဲ့ကြရပြီး နောက်၊ တိုင်းတစ်ပါးသားတို့လက်အောက်တွင် နှစ်ပေါင်း ၂၆၀ ထက်မနည်း နေထိုင်ကြရပြန်သည်။ ကျွန်ုပ်တို့တွင် ကျင့်ဝတ်ပိုင်းအရ ဂုဏ်သိက္ခာရှိမှု ပျောက်ဆုံးသည်မှာ ကြာမြင့်ပေပြီ။ ယင်းကို ပြန်ရနိုင်ရန် ယနေ့ခေတ်ကြိုးစားရာ၌ ပညာရေးဖြင့် အစပြုရမည်"
ဟု ရေးသားခဲ့သည်။

ထို့ကြောင့် အရာရှိစာမေးပွဲများအား ဖျက်သိမ်းပေးရန် သူက ညွှန်ပြခဲ့သည်။ သူ၏ ပထမဆုံးသော တော်လှန်ရေးအဖွဲ့အစည်း ဖြစ်သည့် ရှင်းကျုံးအသင်းကြီး၏ ဖွဲ့စည်းပုံစည်းမျဉ်းတွင် "လူမှုဝန်းကျင်၏ ဥတုရာသီကို ပြောင်းလဲပေးနိုင်မည့် သတင်းစာတိုက်များ ဖွင့်လှစ်ထူထောင်နိုင်ရန်နှင့် အရည်အချင်းပြည့်မီသော လူပုဂ္ဂိုလ်များကို လေ့ကျင့်ပျိုးထောင်ပေးနိုင်မည့် စာသင်ကျောင်းများ ထူထောင်နိုင်ရန်" ရည်မှန်းချက်ထားခဲ့သည်။

၁၉၁၁ ခုနှစ် တော်လှန်ရေးပြီးနောက် ထွက်ရှိခဲ့သော ပညာရေးဆိုင်ရာ အမိန့်ကြေညာစာတွင် "ကျောင်းသင်ရိုးများထဲတွင် တရုတ်ဂန္ထ၀င်စာပေများကို နည်းနိုင်သမျှနည်းပါးပြီး၊ ပညာရေး၏ ရည်ရွယ်ချက်သည် ပြည်သူ့သမ္မတနိုင်ငံအတွက် ကိုယ်ကျင့်ဆိုင်ရာ ဂုဏ်သိက္ခာရှိမှုကို မြှင့်တင်ပေးရမည်"ဟု ဖော်ပြပါရှိခဲ့သည်။ ပဒေသရာဇ်များအား သစ္စာရှိခြင်းနှင့် ကွန်ဖျူးရှပ်အား လေးစားမြတ်နိုးမှုကို ပြသခြင်းတို့ကိုသာ ပဓာနထားနေသော ချင်မင်းဆက်၏ မြေပိုင်ရှင်စနစ်ပညာရေးကို စွန်လွှတ်စေခဲ့ခြင်းပင် ဖြစ်သည်။

နိုင်ငံအား လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် ညီအစ်ကိုရင်းချာကဲ့သို့ တစ်သွေးတစ်သားတည်းဖြစ်မှုဟူသော စိတ်ဓာတ်တို့ဖြင့် အထောက်အကူပြုပြီး၊ လူတစ်ဦးချင်းစီအား ဘက်စုံထက်မြက်၍ လိုက်လျောညီထွေဖြစ်လာအောင် လေ့ကျင့်ပျိုးထောင် ပေးနိုင်မည့် နည်းလမ်းတို့ဖြင့် စစ်ပညာ၊ ပြည်သူ့နီတိ၊ ကမ္ဘာ့အမြင်နှင့် ရသအမြင်တို့အပေါ် အခြေခံသည့် မူဝါဒများကို သူဆက်လက် ညွှန်ပြခဲ့သည်။

အာဏာနှင့် ငွေကြေးရရှိရေးကိုသာ ရည်ရွယ်နေခဲ့သော မြေပိုင်ရှင်တို့၏ ပညာရေးအစား ကောင်းမွန်ပြည့်စုံသော ကျင့်ဝတ်ပိုင်း ဂုဏ်သိက္ခာကို သင်ကြားပေးနိုင်ရန် ရည်ရွယ်သည့် ဒီမိုကရေစီနည်းကျသော၊ သာတူညီမျှဖြစ်သော၊ လွှတ်လပ်သော ပညာရေးတစ်ရပ်ဖြင့် ပြောင်းလဲစေမည်ဟု သူလိုလားခဲ့သည်။
နှစ်ပေါင်း ၂၀၀၀ ကျော်ပြီဖြစ်သော မြေပိုင်ရှင်တို့၏ ပညာရေးကို ပညာရေးအသစ်ဖြင့် နိဋ္ဌိတံစေခဲ့သည်။ ထိုပညာရေးသစ်သည် တရုတ်ပြည်သူများ၏ ပညာရေးကို ဦးတည်ရာပြောင်းလဲသွားစေပြီး တိုးတက်ထွန်းကားမှုများဆီ ဦးတည်သော တရုတ်နိုင်ငံ၏ ပညာရေးစနစ်ကို ဖော်ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။ ယင်းသည် နောက်ထပ် မျိုးဆက်သစ်များပေါ်တွင် များစွာလွှမ်းမိုးမှုရှိလေသည်။

တော်လှန်ရေးနှင့် ပညာရေး ဘယ်ဟာအရင်လဲ
၂၀ ရာစုအစဦးတွင် ခန့်ယိုရွှေနှင့် လျန်ချီချောင်းတို့ ဦးစီးသော ပြုပြင်ပြောင်းလဲရေးလိုလားသူ ဘူဇွာများသည် ချင်မင်းဆက်အား ကာကွယ်ပေးသည့် သစ္စာတော်ခံများအဖြစ် သူတို့ကိုယ်သူတို့ ပြောင်းလဲပစ်လိုက်ကြသည်။ တော်လှန်ရေးနှင့် စည်းမျဉ်းခံပဒေသရာဇ် စနစ်သို့ ရောက်ရှိစေနိုင်သည့် မည်သည့်ကြိုးပမ်းမှုမျိုးကိုမဆို သူတို့ ဆန့်ကျင်ခဲ့ကြသည်။ တော်လှန်ရေးသမားများကို တန်ပြန်ဆန့်ကျင်နေသော ယင်းတို့အုပ်စု၏ အဆန်းထွင်ချက်များသည် ချင်မင်းဆက်၏ အုပ်ချုပ်မှုအောက် ပြန်ရောက်အောင် ပြုရာသာရောက်ကြောင်း ဆွန်ယက်ဆင်က ညွှန်းပြပြောဆိုခဲ့သည်။

"ဝေကျောင်ပေါင်၏ ပိုင်ရှင်ထံသို့ ပေးပို့သောစာထဲမှ ပညာရေးအယူအဆ" ကို ရေးသားသူ ယန်ဖူက "ကျွန်ုပ်တို့ ပြည်သူများ၏ ဆင်းရဲဒုက္ခမှာ သူတို့၏ မသိမှုအ၀ိဇ္ဇာတွင်ပင် တည်နေသည်။ အကယ်၍ တော်လှန်ရေးဖြစ်လာဦးတော့ ကိုယ်ကျင့်တရား နိမ့်ကျနေပြီး အသိဥာဏ်နုံနဲ့သော တရုတ်ပြည်သူများသည် အရေးပါသော အပြောင်းအလဲများ ပေါ်ပေါက်လာအောင် ဦးဆောင်နိုင်ခြင်း ရှိမည်မဟုတ်။ လက်ရှိကာလ၏ ပရိယာယ်တွင် တိုးတက်မှုရှိသော အကူးအပြောင်းကာလတစ်ခု ဖြစ်ပေါ်လာစေရန် ပညာရေးမှပင် စတင်ရမည်"ဟု ဖော်ပြခဲ့သည်။

ထိုသို့သော ပြုပြင်ပြောင်းလဲရေးသမားများ၏ အယူအဆကို ဆွန်ယက်ဆင်က ပြင်းပြင်းထန်ထန် ဆန့်ကျင်ခြေပသည်။ ဆန့်ကျင်ဘက်အားဖြင့် လူမှုရေးပြဿနာများသည် များမြောင်ပွေလီလှသည်ဖြစ်ရာ ပြည်သူများသည် မလောက်မငဖြင့် အသက်မွေးနေကြရသည်။ နိုင်ငံအား နိမ့်ပါးနေရခြင်းမှ ဆယ်တင်၍ သေချာစွာ ဆက်လက်ရပ်တည်နိုင်ရေးအတွက် တစ်ခုတည်းသော နည်းလမ်းမှန်မှာ ပြည်သူများ၏ အသိဥာဏ်ကို ဖွံ့ဖြိုးအောင် ပြုလုပ်ပေးခြင်းနှင့် ပညာရေးကို လူမှန်သမျှ ရရှိနိုင်စေရန် ဆောင်ရွက်ပေးခြင်း ဟု သူယူဆသည်။ တစ်ချိန်တည်းတွင်ပင် ချင်မင်းဆက်အား ဖြုတ်ချရေးကို ပြည်သူများ သတိမူနေရမည်လည်း ဖြစ်သည်။

ထို့ကြောင့်ပင် ပညာရေးကို တော်လှန်ရေးထက် အရင်ပြုရမည်ဟူသော ပြုပြင်ပြောင်းလဲရေးသမားများကို သူဆန့်ကျင်ခဲ့သည်။ ချင်မင်းဆက်ကို ဖြုတ်ချနိုင်မှသာ ပညာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်နိုင်မည်ဟုလည်း သူယုံကြည်ခဲ့သည်။ တရုတ်နိုင်ငံကို ပြောင်းလဲပြုပြင်ရေးတွင် ပညာရေးသည် အရေးကြီးသော နည်းလမ်းတစ်ခု ဖြစ်သည်ဟူသော အမြင်အပေါ် သူသံသယ မထားသော်လည်း ပထမခြေလှမ်းအဖြစ်မူ အစမပြုသင့်ကြောင်း သူထုတ်ဖော်ခဲ့သည်။ ပထမခြေလှမ်းသည် တော်လှန်ရေးမှအပ အခြားမည်သည့်အရာမှ မဖြစ်နိုင်ဟူ၍…။

ဝဏ္ဏစိုး
Ref: Sun Yat-sen by Zhang Lanxin, from Thinkers on Education Part 4, UNESCO Publication

Tuesday, 10 May 2011

ကိုက်လမ်း

ငါဟာ
ကမ္ဘာကြီးကို နားစွင့်ထားသူ ယုန်ကလေးပါ
နေ့စဉ် နေ့စဉ်
ငါ့ဝပ်ကျင်းကလေးကနေ ငါ အစာရှာထွက်တိုင်း
သစ်ပင်မြက်ပင်လေးတွေ ကိုက်ကိုက်ပြီး
ငါထွက်လာခဲ့မြဲ
ခု...
လူနဲ့ခွေးများ တောခြောက်ကြ
အပြေးအမြန် ငါ့ကိုက်လမ်းလေးအတိုင်း ပြန်လာခဲ့ရာ
ပိုက်ထဲ...
ငါ့သစ္စာတရားဟာ ငါ့အသက်ကိုယူသွားကြပေါ့။ ။

မောင်ချောနွယ်။

Sunday, 8 May 2011

တူနှစ်ကိုယ်တိုင်းပြည်ကမိန်းကလေး

နီဘာရန်း၏ ဘ၀သည် တော်တော်လက်တွေ့ကျသော ဘ၀ဖြစ်၏။ စိတ်ကူးယဉ်စခန်းဆို၍ တစ်ချက်ကလေးမျှပင် မရှိ။ လူတိုင်း၏ဘ၀တွင် ချဉ်ချဉ်စပ်စပ် အရသာကလေးတွေ ရှိတတ်သည်ဆိုသည့် အချက်ကိုလည်း သူ မစဉ်းစားမိသေး။ ခြေအစုံသည် ဖိနပ်ဟောင်းတစ်ရံကို စီးသည့်အခါတွင် သက်သာချောင်ချိစွာ ရှိသကဲ့သို့ နီဘာရန်းသည်လည်းသူ့ဘ၀တွင် အေးအေးဆေးဆေးနှင့် အချိန်ကုန်သည်။ အချစ်ကိစ္စကို ယောင်၍မျှပင် စိတ်ကူးခြင်း မပြုမိ၊ ယောင်၍မျှပင် မပြောမိ။

သူသည် အိပ်ရာမှစောစောစီးစီးထပြီး လမ်းသွယ်ကလေးကို မျက်နှာမူနေသည့် အိမ်ရှေ့တံခါးပေါက်တွင် ထိုင်ကာ တမာကူအိုးကို ရှူသည်။ လမ်းပေါ်တွင် လူတွေဥဒဟိုသွားလာနေကြသည်။ သူတောင်းစားများက သီချင်းဆိုသွားကြသည်။ အထမ်းသည်တစ်ယောက်က ပုလင်းဟောင်းများကို အော်ဝယ်နေသည်။ ထိုသို့အမျိုးမျိုးပြောင်းလဲနေသော ရှုခင်းတို့သည်သူ့ကို ဆွဲဆောင်ခြင်းငှာ မတတ်နိုင်ကျကုန်။ သရက်သီးသည်တို့၊ ငါးသည်တို့လာသည့်နေ့မျိုးကျမှသာလျှင် နီဘာရန်းသည် အချိန်ကြာမြင့်စွာ ဈေးဆစ်ပြီးနောက် နည်းနည်းပါးပါး ၀ယ်လိုက်သည်။ ယင်းမှာ ညနေစာကို ကောင်းကောင်းစားတော့မည်ဆိုသည့် သဘောဖြစ်သည်။ အချိန်ကျသည်နှင့် သူသည် ကိုယ်ကိုဆီလိမ်းပြီးနောက် ရေချိုးသည်။ နံနက်စာကို စားသည်။ ကြိုးတန်းပေါ်တွင် လွှားတင်ထားသည့် အပေါ်အင်္ကျီကို ၀တ်သည်။ တမာကူကို တစ်ရှူ၊ နှစ်ရှူသည်။ ကွမ်းယာ နောက်တစ်ယာကို ပါးစပ်ထဲငုံပြီး ရုံးသို့ ထွက်လာခဲ့သည်။ ညနေဆိုလျှင် အိမ်နီးချင်းဖြစ်သည့် ဂို့ရှ်၏ အိမ်တွင် ထွေရာလေးပါး ပြောသည်။ ညနေမိုးချုပ်အိမ်ပြန်ရောက်လျှင် ထမင်းစားသည်။ ထို့နောက် ဇနီးသည် ဟာရာရှန္ဒရီနှင့်အတူ အိပ်ရာသို့ဝင်သည်။

လင်မယားနှစ်ယောက် အိပ်ရာထဲတွင် ပြောသည့်စကားများမှာလည်း ကဗျာမဆန်လှပါ။ ထိုသို့ကဗျာမဆန်သည့်အတွက်လည်း နီဘာရန်း ၀မ်းမနည်းလှပါ။ သူတို့လင်မားပြောသည့် အကြောင်းအရာများမှာ မစ်ထရာ၏မင်္ဂလာဆောင်သို့ မည်သည့်လက်ဖွဲ့မျိုး ပို့သင့်ကြောင်း၊ နောက်ရောက်သည့် အိမ်ဖော်မလေးမည်မျှ ထောင့်မကျိုးကြောင်း၊ မည်သည့်ဟင်းတွင် မည်သည့်အမွှေးအကြိုင်ကို ခတ်သည့်အကြောင်း စသည့်အကြောင်းများ ဖြစ်သည်။

ထို့နောက် တပို့တွဲ-တပေါင်းလောက်တွင် ဟာရာရှန္ဒရီ အကြီးအကျယ်နာမကျန်းဖြစ်သည်။ အဖျားမှာ ကျသည်ဟူ၍ မရှိ ဆရာဝန်က ကွီနိုင်တွေကို များများ တိုက်လေလေ အဖျားမှာလည်း တက်သည်ထက် တက်လာလေ ဖြစ်နေသည်။ အချိန်ပြင်းစွာ စီးဆင်းလာသည့် ချောင်းကြီးတစ်ခုကို ဆီး၍တမံတုတ်လိုက်သည်နှင့် တူတော့သည်။ ရက်ပေါင်းလေးဆယ်လုံးလုံး စိုးရိမ်ရသော အခြေအနေတွေ ရှိနေသည်။

နီဘာရန်းသည် ရုံးကိုလည်းမသွားတော့ပြီ။ ဂို့ရှ် အိမ်က ညနေစကားဝိုင်းသို့လည်း မရောက်တော့ပြီ။ နီဘာရန်းသည် ဘာလုပ်၍ ဘာကိုင်ရမည်မသိဘဲ ဖြစ်နေသည်။ ဇနီးသည်၏ အိပ်ရာနားသို့လာကာ လူမမာအခြေအနေကို အကဲခတ်လိုက် ၀ရန်တာက ကုလားထိုင်တွင် ထိုင်ပြီး စိတ်ညစ်ညစ်နှင့် တမာကူကို ရှူလိုက်ဖြင့်သာ အချိန်ကုန်နေသည်။ သူသည် သမားတော်များကို တစ်နေ့လျှင် နှစ်ကြိမ်လဲပြီး အများသူငါပြောကြားသည့် ဆေးဝါးအမျိုးမျိုးတို့ကိုလည်း ရေလဲနှင့်တိုက်၏။ ရက်လေးဆယ် မြောက်သည့်နေ့တွင်မူ ထိုသို့ ဂရုတစိုက်ဖြင့် ကုထုံးမျိုးစုံလက်တန်းစမ်းပြီး သည့်တိုင် လူမမာမှာ မသေမပျောက်ဘဲ နာလန်ထလာခဲ့သည်။ သို့ရာတွင် လူရုပ်မပီတော့။ အိမ်သားများအား အဝေးက ခြောက်ပြနေသော တစ္ဆေတစ်ကောင်နှင့်သာ တူတော့သည်။

ထို့နောက် နွေဦးပေါက်သို့ ရောက်လာခဲ့သည်။ တောင်လေ တိုက်စပြုလာလေသည်။ ပူအိုက်သည့် ထိုညများတွင် လရောင်သည် ဇနီးမောင်နှံတို့၏ အိပ်ခန်းဆောင်များ၊ ကြင်စဦးတို့၏ အိပ်စက်ရာများပေါ်သို့ ဖြာကျစပြုလာလေသည်။

ဟာရာရှန္ဒရီ လဲလျောင်းနေသည့် ကုတင်အနီးရှိ ပြတင်းပေါက်မှ လှမ်းကြည့်လိုက်လျှင် ကျောချင်းကပ် အိမ်၏နောက်ဘေး ပန်းခြံကလေးကို လှမ်းမြင်ရသည်။ ပန်းခြံဆိုသော်လည်း များစွာ သာယာလှသည်ဟု မဆိုနိုင်ပါ။ စိတ်ကူးရတုန်း ကောက်စိုက်ထားပြီး ပြစ်ထားသည့် အပင်ကလေးများသာ ရှိပါသည်။ ဖရုံနွယ်များသည် သစ်ငုတ်တိုကြီးတစ်ခုကို တွယ်တက်နေကြသည်။ သစ်ပင်ပတ်လည်တွင် ပေါင်းပင်များသည် တောထအောင် ပေါက်နေကြသည်။ မီးဖိုအနီးမှ အုတ်ဝန်းထရံမှာလည်း ပြိုကကျပျက်စီးနေပြီး နေ့စဉ်နှင့်အမျှ လာ၍ မီးသွေးမှုများ၊ ပြာမှုန်များ လောင်းထားသဖြင့် အပုံကြီး ဖြစ်နေသည်။

သို့တိုင်အောင် ဟာရာရှန္ဒရီသည် ထိုရှုခင်းကလေးကို ငေးကြည့်ရင်း ကျဉ်းမြောင်းလှသော သူ့ဘ၀တစ်သက်တာတွင် ယခင်က တစ်ခါမျှ မခံစားဖူးခဲ့ရသော ပီတိတစ်မျိုးကို ခံစားနေရသည်။ သူ့စိတ်သည် နွေတွင် ခန်းခြောက်စပြုနေကာ သဲပြင်ပေါ်တွင် စီးဆင်းနေသည့် စမ်းချောင်းကလေးတစ်ခုလို ဖြစ်နေရသည်။ ချောင်းကလေးသည် သေးမျှင်သည့်ရေစီးကြောင်းကလေးတစ်ခုလို ဖြစ်သွားကာ ကြည်လင်နေသည်။ မနက်ခင်းနေခြည်များသည် ချောင်းကလေးပေါ်သို့ ဖြာကျလာသည်။ လေညင်းက ရေပြင်ကို ပွတ်သပ်ပေးနေသည်။ ညဆိုလျှင် ကြယ်ပွင့်များသည် ကြည်နူးစရာကောင်းသော အတိတ်အဖြစ်အပျက်များ အရိပ်ထင်သည့်ပမာ ရေထဲတွင် လာ၍ အရိပ်ထင်ကျသည်။ မမြင်ရသော လက်ချောင်းများသည် သူ့ရင်ထဲရှိ သေးမျှင်သော စောင်းကြိုးလေးများကို လာ၍ တီးခတ်သည့်နယ်ရှိကာ ပြောမပြတတ်သော ဂီတသံတစ်မျိုးကို ကြားရသည်ဟု စိတ်တွင် ထင်မိသည်။

ထိုသို့သောအခါမျိုးတွင် အနီးရှိ ခင်ပွန်းဖြစ်သူက ဘယ်နှယ့်နေသေးသလဲ၊ သက်သာရဲ့လားဟု မေးလိုက်လျှင် သူ့မျက်လုံးများထဲတွင် မျက်ရည်များသည်အလိုလိုပဲ လာတတ်ကြသည်။ သေးသွယ်ချောင်ကျနေသည့် မျက်နှာပေါ်တွင် မျက်ရည်ပေါက်များသည် ပြည့်လျှံလျက်ရှိသည်ဟု ထင်ရကာ ဖျော့တော့သည့် သူ့လက်ကိုကိုင်ထားသည့် သူ့ယောက်ျား၏မျက်နှာကို မော့ကြည့်လိုက်ရင်း ကျေးဇူးတင်ခြင်း၊ ချစ်ခင်ခြင်း စသည့် ခံစားချက်များသည် ရင်ထဲတွင် အလျှိုလျှိုပေါ်လာကြသည်။ ထိုအခါတွင် ခင်ပွန်းဖြစ်သူ နီဘာရန်း ရင်ထဲတွင် ယခင်က ခံစားရခဲ့ဖူးသော ကြည်နူးဝမ်းသာမှုတစ်မျိုးသည် အလိုလိုပေါ်ပေါက်တတ်သည်။

ထိုသို့သော ကြည်နူးမျိုးသည် အချိန်တန်ကြာသည့်အထိ ရှိနေတတ်သည်။

တစ်ည၌ လပြည့်ဝန်းကြီးသည် အုတ်နံရံအနီးတွင် ပေါက်နေသော တည်ပင်ခြောက်ကြီးနောက်မှ တငြိမ့်ငြိမ့် ထွက်ပေါ်လာစဉ် လေရူးကလေးသည် တသုန်သုန် တိုက်ခတ်နေသည်။ တိတ်ဆိတ်နေသော ညတွင် သစ်ကိုင်းများသည် သက်ပြင်းချနေကြသည်။

ဟာရာရှန္ဒရီသည် ခင်ပွန်းဖြစ်သူ၏ ဆံပင်များကို လက်ချောင်းများဖြင့် အသာဖွပေးရင်း .....

“ကျွန်မမှာ သားသမီးမရနိုင်တော့ဘူး။ ရှင်လဲ နောက်တစ်ယောက် ထပ်ယူပါလား”ဟု ပြောသည်။

ဟာရာရှန္ဒရီသည် ထိုစကားကို မကြာခဏပြောတတ်သည်။ စိတ်သည် ပျော့ပျောင်းကြည်နူးကာ အချစ်ဝင်နေသည့်အချိန်၌ အရာရာကို လုပ်နိုင်သည်ဟု ထင်တတ်ကြသည်မှာ ဓမ္မတာ ဖြစ်သည်။ ထိုအချိန်က ဟာရာရှန္ဒရီ၏ စိတ်ထဲတွင် အနစ်နာခံလိုစိတ်သည် အရှိန်ကြီးမားနေသည်။ လှိုင်းလုံးသည် ကျောက်ဆောင်ကျောက်ကမ်းပါးတို့ကို အဆက်မပြတ်ရိုက်ခတ်သကဲ့သို့ စိတ်နှလုံးနူးညံ့ခြင်း၊ ကြည်နူးခြင်း၊ အနစ်နာခံခြင်းစသည့် စိတ်ဓာတ်တို့သည်လည်း စုပေါင်းကာ စွန့်လွှတ် အနစ်နာခံသောကိစ္စကို ပြုလုပ်ရန် တိုက်တွန်းနှိုးဆော်လျက်ရှိသည်။

ဟာရာရှန္ဒရီ၏ စိတ်ထဲ၌ ငါ သူ့ကို လေးစားတယ်။ ကြည်ညိုတယ်။ ဒါကြောင့် သူ့အတွက် တစ်ခုခုတော့ လုပ်ပေးသင့်တယ်ဟု ဆုံးဖြတ်လိုက်သည်။ သို့ရာတွင် စိတ်ကူးနှင့် လက်တွေ့ကြားတွင် ကြီးမားသည့် ကွာဟချက်ကြီးရှိတတ်စမြဲ မဟုတ်လော။ မိမိသည် သူ့အတွက် ဘာများထိထိရောက်ရောက် လုပ်ပေးနိုင်ပါသနည်း၊ မိမိတွင် ဥစ္စာပစ္စည်းမရှိ။ သြဇာတိက္ကမမရှိ၊ ပညာမရှိ၊ အသက်တစ်ချောင်းသာလျှင် ရှိသည်။ ထိုအသက်တစ်ချောင်းကို သူ့အတွက် စွန့်လွှတ်ပေးနိုင်လျှင် မည်မျှကောင်းမည်နည်း။

ဟာရာရှန္ဒရီသည် သူ့ယောက်ျားအတွက် ကလေးတစ်ယောက်လောက်တော့ မွေးပေးချင်သည်။ ထိုကလေးသည် ယမင်းရုပ်ကလေး တစ်ရုပ်လို လှပနေရမည်။ ညှစ်ပြီးစနို့လို လတ်ဆတ်နေရမည်။ နို့နှစ်လို နူးညံ့နေရမည်။ မြားနတ်မောင်ကလေးလို ချစ်စရာကောင်းနေရမည်။ သို့ရာတွင် သူ့အသက်ကို စွန့်လွှတ်သည့်တိုင် ထိုသို့သော ကလေးငယ်မျိုးကို သူ မွေးဖွားနိုင်စွမ်းမရှိတော့ပြီ။ ထိုသို့ စဉ်းစားမိသည့်အခါတွင် သူ့ယောက်ျားသည် မိန်းမတစ်ယောက် ထပ်ယူမှ ဖြစ်တော့မည်ဟု သူ သဘောပေါက်လာခဲ့သည်။

မိန်းမများသည် ကိုယ့်ယောက်ျားနောက် မိန်းမယူမည့်အရေးကို ဘာကြောင့်များသည်လောက် စိုးရွံ့ထိတ်လန့် နေကြရသနည်း။ ဘာကြောင့်လောက် ခက်ခဲနေကြရသနည်း။ ကိုယ့်ယောက်ျားကို ကိုယ်ချစ်သည်ဆိုလျှင် က်ုယ့်ယောကျာ်း၏နောက်မယားကိုကော မချစ်နိုင်တော့ပြီလော။

ဟာရာရှန္ဒရီသည် ထိုအတွေးဖြင့် ပျော်နေသည်။

သူ့ဇနီးထံ ထိုစကားမျိုးကို ပထမဆုံး စတင် ကြားရသည့်အခါတွင် နီဘာရန်းသည် ရယ်စရာဟု သဘောထားလိုက်၏။ ဒုတိယနှင့် တတိယ အကြိမ် ကြားရသည့်အခါတွင်လည်း လျစ်လျူရှုလိုက်၏။ သူ့ယောက်ျားက ဆုတ်ဆိုင်းဆိုင်းဖြစ်ကာ လျစ်လျူရှုလေလေ၊ ဟာရာရှန္ဒရီ၏ ယုံကြည်မှုနှင့် ပိုင်းဖြတ်မှုသည်လည်း ကြီးမားလာလေလေ ဖြစ်လာခဲ့သည်။ နီဘာရန်းအဖို့လည်း ထိုစကားကို ကြားရလေလေ ဖြစ်နိုင်သည်ဟု ထင်လာလေလေ ဖြစ်လာခဲ့သည်။ ၀ရန်တာတွင် တမာကူကို ရှူရင်း ကလေးတွေဖြင့် ဆူညံနေသော အိမ်ကလေးကို မြင်ယောင်ကာ ကြည်နူးနေတတ်သည်။

နောင်တွင် နီဘာရန်းသည် ထိုအကြောင်းကို သူကပင် စတင်ပြောလာတတ်သည်။

“အသက်လဲ ကြီးပါပြီကွယ် ... ၊ ဒီအရွယ်ကြီးရောက်မှ မိန်းမငယ်ငယ်ကလေးကို ယူလို့ ဘယ်ဖြစ်မလဲ”ဟု သူက ပြောတတ်သည်။

ဟာရာရှန္ဒရီက သူ့ကို အားပေးသည်။

“အမယ်လေးတော်၊ ဒါအတွက်တော့ ဒီလောက်စိတ်မညစ်ပါနဲ့၊ သူ့ကို ကျွန်မကပဲ သွန်သင်ဆုံးမရမှာပေါ့၊ ကျွန်မ တာဝန်ထားလိုက်ပါ”ဟု ပြောတတ်သည်။

သားသမီး မရှိသည့် ဟာရာရှန္ဒရီသည် အမိရင်ခွင်မှ လွတ်ကာစ ရှက်ရွံ့ရွံ့ အပျိုပေါက်သတို့သမီးကလေးကို မြင်ယောင်ကာ စိတ်ထဲတွင် ကြည်နူးနေသည်။

“ငါ့မှာ ရုံးအလုပ်ရှိသေးတယ်ကွ၊ ပြီးတော့ ဗာဟီရတွေကလည်း တစ်ပုံကြီး၊ မဖြစ်ပါဘူးကွာ၊ ကောင်မလေး နွဲ့ဆိုးဆိုးတာ၊ ပူဆာတာတွေကို ငါ မခံနိုင်ပါဘူး၊ အချိန်ကုန်ပါတယ်”
နီဘာရန်းက ပြောသည်။

“ဘာဖြစ်လို့ အချိန်ကုန်ရမှာလဲရှင့်။ အခု ကျွန်မ မသေနိုင်သေးတာ တခြားကြောင့် မဟုတ်ဘူးရှင့်။ ရှင့်ကို စိတ်မချလို့၊ ရှင့်အလုပ်တွေ ရှင့်အပေါင်းအသင်းတွေနဲ့ ဘယ်လိုနေကြထိုင်ကြမလဲဆိုတာကို မြင်ပြီးမှ ကျွန်မသေမှာ”

ဟာရာရှန္ဒရီက နောက်တရွှတ်ရွှတ် ပြောသည်။ နီဘာရန်းက အပြစ်ဆိုသည့်ဟန်ဖြင့် ဇနီးသည်၏ ပါးပြင်ကို လက်ချောင်းကလေးဖြင့် အသာအယာ တောက်နေသည်။

နီဘာရန်းသည် နောက်မိန်းမတစ်ယောက် ယူဖြစ်သွားသည်။ ကောင်မလေးက နုနုနယ်နယ်ကလေး ပါးပြင်တွင် မျက်ရည်စကလေးတွေနှင့် နှာခေါင်းပေါ်တွင် ရွှေကွင်းကလေးတွေနှင့် ကောင်မလေး၏အမည်မှာ ရှေလဘာလာ ဖြစ်သည်။ နီဘာရန်းသည် ထိုအမည်ကလေးကို သဘောကျသည်။ ပျိုမြစ်နုနယ်ခြင်းကို နှစ်သက်သည်။ သူ့ခန္ဒာကိုယ်ကလေးကို တစိမ့်စိမ့်ကြည့်နေချင်သည်။ သူ့မျက်နှာကလေးပေါ်က အမူအရာတွေကို မြင်နေချင်သည်။ သူ့လှုပ်ရှားဟန်ကလေးတွေကို ကြည့်နေချင်သည်။ သို့ရာတွင် နီဘာရန်းတွင် အခွင့်မရရှာ၊ ထိုအစား သည်ကောင်မလေးကြောင့် ကြီးတောင့်ကြီးမားအရွယ် ရောက်မှ ဒုက္ခရောက်ရလေဟန်။ “လွဲမရှောင်သာ၍ သည်ကောင်မလေးကို ယူရလေဟန်။ ကောင်မလေးထက် အခြားသောကိစ္စများကို ဂရုစိုက်နေလေဟန်ဆောင်၍ နေရလေသည်။

ဟာရာရှန္ဒရီသည် သူ့ယောက်ျား နီဘာရန်း၏ ဖြစ်ပုံကို သတိပြုမိသည်။ ထိုအဖြစ်ကိုကြည့်၍ စိတ်ထဲက ကျိတ်၍ ၀မ်းသာမိသည်။ တစ်ခါတစ်ရံတွင် ဟာရာရှန္ဒရီသည် သူ့ယောက်ျားလက်ကို လှမ်းဆွဲလိုက်ပြီး “ရှင်က ဘာဖြစ်လို့ ခပ်ရှောင်ရှောင် လုပ်နေရတာလဲ၊ ကောင်မလေးက ရှင့်ကိုကိုက်စားမှာ မို့လို့လား”ဟု မေးတတ်သည်။

ထိုအခါမျိုးတွင် နီဘာရန်းသည် ခပ်ရှက်ရှက်ဖြင့် “မင်းကလဲ ဘာတွေ လျှောက်ပြောနေတာလဲ၊ ငါ့မှာ အလုပ်ကိစ္စတွေ တစ်ပုံကြီး ရှိနေတယ်”ဟု ဆိုသည်။

နီဘာရန်းသည် ထောင်ချောက်ထဲရောက်နေသူလို ဖြစ်နေသည်။ သူ့ မိန်းမက ရယ်၍ တံခါးကို ပိတ်လိုက်ကာ “ကဲ ... ရှင် ဘယ်ထွက်ပြေးဦးလဲ” ဟု မေးတတ်သည်။ သနားစရာ နီဘာရန်းသည် ရှောင်ပြေး၍ မရတော့ဘဲ သူ့ဇနီးအနားတွင် ၀င်ထိုင်လိုက်ရတော့သည်။ ဟာရာရှန္ဒရီက သူ့ယောက်ျားနားနားသို့ ကပ်ကာ ...

“ရှင် ကောင်မလေးကို မိသားဖသားပီပီ တောင်းရမ်းယူခဲ့ပြီးပြီနော်။ သူများ သားသမီးကို အိမ်ခေါ်လာပြီး ပစ်မထားနဲ့”ဟု ပြောတတ်သည်။ ထို့နောက် ရှေလဘာလာ၏လက်ကိုဆွဲပြီး နီဘာရန်း ဘယ်ဘက်တွင် အထိုင်ခိုင်းသည်။ ရှေလဘာလာကိုလည်း မျက်နှာဖုံးကိုဖွင့်၍ ခေါင်းကို အမော့ခိုင်းသည်။

“ကြည့်စမ်း ကောင်မလေးရဲ့မျက်နှာ၊ ဘယ်လောက်လှသလဲ၊ လမင်းကြီး ကျနေတာပဲ”ဟု နီဘာရန်းကို ပြောတတ်သည်။ သို့မဟုတ်လျှင်လည်း အလုပ်ရှိသည်ဟု အကြောင်းပြကာ သူတို့အနားမှထပြီး အပြင်ဘက်မှ အခန်းတံခါးကို ကြားလောက်အောင် ပိတ်သွားတတ်သည်။ သို့ရာတွင် နီဘာရန်းစိတ်၌ မျက်လုံးတစ်စုံသည် နံရံကြားတစ်နေရာမှ ချောင်းကြည့်နေလိမ့်မည်ဟု ထင်သည်။ ထို့ကြောင့် နီဘာရန်းသည် အားတင်းကာ ဥပေက္ခာပြုလုက်ပြီး တစ်ဖက်သို့လှည့်၍ အိပ်ငိုက်နေတတ်သည်။ ရှေလဘာလာကလည်း သူ့မျက်နှာဖုံးကို ပြန်ဖုံးကာ ခပ်ကုပ်ကုပ်ဖြင့် ချောင်ကလေးတစ်ချောင်ထဲသို့ ပျောက်ကွယ်သွားတတ်သည်။

နောက်ဆုံးတွင် ဟာရာရှန္ဒရီသည် ခရီးမရောက်သည့်အတွက် သူ့အကြံကို လက်လျှော့လိုက်သည်။ ထိုအခါတွင်မူ နီဘာရန်းအဖို့ သူကိုယ်တိုင် အားထုတ်ရန် အခွင့်အလမ်း ရသွားလေပြီ။ စူးစမ်းလိုစိတ်၊ လျှို့ဝှက်ကြံစည်လိုစိတ်သည် သူ့ကို စေ့ဆော်တိုက်တွန်းလျက်ရှိလေပြီ။ နီဘာရန်းသည် လက်ထဲတွင် စိန်ကောင်းကျောက်ကောင်းတစ်လုံးကို ကိုင်ကာ လုံးစေ့ပတ်စေ့ကြည့်သကဲ့သို့ ရှေလဘာလာကို စေ့စေ့စပ်စပ် အကဲခတ်သည်။ ထိုရတနာကို သူ ကိုယ်တိုင် စမ်းသပ်ကြည့်လိုသည်။ ယုယပိုက်ထွေးလိုသည်။ လူသူမသိအောင် ကြည့်လိုသည်။ ရှေလဘာလာ၏ နားဆွဲကလေးများ လှုပ်ယမ်းနေပုံ၊ မျက်နှာဖုံးပုဝါလေး နောက်သို့ လျှောကျသွားသပုံ မျက်နှာဖုံးပုဝါကလေးအောက်မှ သူ့မျက်နှာကလေးကို လှစ်ခနဲ မြင်လိုက်ရပုံ၊ ကြယ်ပွင့်တို့ကို ငေးကြည့်သကဲ့သို့ သူ့မျက်နှာကလေးကို စိုက်ကြည့်လိုက်ရပုံ စသည်တို့သည် သူ့အိပ်မက်နယ်မြေထဲသို့ ဆွဲခေါ်သွားသကဲ့သို့ ရှိသည်။

မက်မိုရန်ကုမ္ပဏီမှ စာရေးကြီး မစ္စတာနီဘာရန်းချန္ဒရာသည် သူ့တစ်သက်တွင် တစ်ခါမျှ မခံစားရဖူးသော အဖြစ်မျိုးကို ကြုံနေရလေပြီ။ သူလက်ထပ်ခဲ့တုန်းက သူသည် သူငယ်ကလေးသာသာမျှသာ ရှိသေးသည်။ သူ လူရွယ်ဘ၀သို့ရောက်လာသည့်အခါတွင်ကား သူ့ဇနီးသည်ကိုငြီးငွေ့စပြုနေလေပြီ။ သူ့အဖို့ လက်ထပ်ထိမ်းမြားသည့်ကိစ္စသည် ထုံးတမ်းစဉ်လာတစ်ခုသာဖြစ်ခဲ့သည်။ သူသည် ဇနီးသည် ဟာရာရှန္ဒရီကို ချစ်ပါ၏။ သို့ရာတွင် ထိုအချစ်မျိုးသည် သူ့စိတ်ထဲတွင် ဘာမျှ အမှတ်ထင်ထင်မရှိခဲ့။

သရက်သီးထဲတွင် မွေးလာသည့် သရက်ပိုးသည် ဘယ်အခါမျှ အဆီအနှစ် ကုန်ခမ်းမည်ကို မစိုးရိမ်ရ။ သို့ရာတွင် သရက်ပိုးသည် သရက်သီးအဆီအနှစ်၏ အရသာမှလွဲ၍ အခြားသော သစ်သီးတို့၏ အဆီအနှစ်အရသာကို မသိနိုင်။ သရက်ပိုးကို သရက်သီးထဲမှ အပြင်ဘက်သို့ လွှတ်လိုက်လျှင် ထိုသရက်ပိုးသည် နွေဦးပန်းပွင့်တို့၏ အရသာကို ရှာကြည့်လိမ့်မည်။ ပွင့်ခါစ နှင်းဆီပွင့်များကြားတွင် တစ်ပွင့်မှတစ်ပွင့်သို့ လူးလားပျံဝဲကာ ၀တ်ရည်ကို မြည်းစမ်းသောက်သုံး လိုက်ရသည်ဆိုလျှင်ပင် ထိုပိုးသည် မြူးထူးကခုန်နေပေလိမ့်မည်။

နီဘာရန်းသည် ဂါဝန်ဝတ်ထားသည့် ယမင်းရုပ်ကလေးတစ်ရုပ်၊ ရေမွှေးတစ်ပုလင်းနှင့် သကြားလုံးကလေးများကို ရှေလဘာလာအတွက် တိတ်တိတ်ဝယ်ပေးသည်။ ထိုသို့ ၀ယ်ပေးခြင်းကြောင့် သူတို့နှစ်ယောက်သည် ပို၍ ရင်းနှီးလာကြသည်။ တစ်နေ့တွင် ဟာရာရှန္ဒရီသည် အိမ်မှုကိစ္စတွေ အားချိန်တွင် တံခါးမှ ချောင်းကြည့်လိုက်ရာ နီဘာရန်းနှင့် ရေလဘာလာတို့ နှစ်ယောက် ခရုခွံကလေးတွေဖြင့် ကလေးတွေ ကစားသလို ကစားနေသည်ကို မြင်ရ၏။

လူကြီးတန်မဲ့ ကလေးကစားသလို ကစားနေသည်ကို မြင်ရသည်မှာ တော်တော် ထူးဆန်းနေသည်။ ထိုနေ့ နံနက်စာစားပြီးသည့်အခါ၌ နီဘာရန်းသည် ရုံးသွားချင်ယောင်ဆောင်ပြီးနောက် ရှေလဘာလာ၏ အခန်းထဲသို့ ၀င်သွားသည်။

အဘယ်ကြောင့် လိမ်လည်လှည့်ဖြား နေရသနည်း ...

ဟာရာရှန္ဒရီသည် မျက်လုံးကို သံပူဖြင့် အထိုးခံရသကဲ့သို့ ဖြစ်ကာ ပူလောင်သည့် မျက်ရည်ပေါက်များသည် စီးကျလာကြသည်။ မိမိသည် ကောင်မလေးကို အိမ်သို့ခေါ်လာခဲ့ပြီး သူတို့နှစ်ယောက်ကို နေရာချ ပေးထားပါလျက် အဘယ်ကြောင့် ဤသို့ခိုးကြောင်ခိုးဝှက် တွေ့နေကြရသနည်း .........

မိမိသည် သူတို့ကြားထဲတွင် ဆူးငြောင့်ခလုတ်ဖြစ်နေပြီလောဟု ဟာရာရှန္ဒရီ တွေးမိသည်။

သူသည် မကြာသေးမီက ရှေလဘာလာကို အိမ်မှုကိစ္စတွေကို လုပ်တတ်အောင် သင်ပေးခဲ့သည်။ တစ်ခါတွင်မူ နီဘာရန်းသည် မဖုံးနိုင် မဖိနိုင် ပေါက်ကွဲတော့သည်။

“ကောင်မလေးက ကလေးပဲ ရှိသေးတာပဲကွ။ ဒီလောက်ခိုင်းရင် သေရောပေါ့”

ဟာရာရှန္ဒရီက တစ်စုံတစ်ရာပြန်ပြောမည် လုပ်သေးသည်။ သို့ရာတွင် ချုပ်တည်းကာ အသာပင်နေလိုက်သည်။

ထို့နောက်တွင်မူ ဒုတိယမယားသည် ဘာမျှမလုပ်ရတော့။ ဟာရာရှန္ဒရီသည် အိမ်မှုကိစ္စတွေ၊ အချက်အပြုတ်လုပ်ငန်းတွေကို သူ ကိုယ်တိုင်သာ လုပ်တော့သည်။

ရှေလဘာလာမှာ ဘာကိုမျှမလုပ်ရတော့။ ဟာရာရှန္ဒရီသာလျှင် ကျေးကျွန်တစ်ယောက်သဖွယ် သူ့ကို ပြုစုစောင့်ရှောက်ရသည်။ နီဘာရန်းမှာလည်း အထိန်းတော်တစ်ယောက်ပမာ သူ့ကို အပျင်းဖြေရသည်။ အိမ်တွင်းမှုလုပ်ငန်းများကို လုပ်ခြင်း၊ အခြားသူများအား ပြုစုစောင့်ရှောက်ခြင်း စသည့်ဘ၀တွင် အရေးကြီးသော အလုပ်ဟူသမျှတို့ကို ရှေလဘာလာ ဘာမျှမပတ်သက်တော့။ ဟာရာရှန္ဒရီသာလျှင် အိမ်မှုကိစ္စတို့ကို သိမ်းကျုံး၍ လုပ်နေရသည်။ သို့ရာတွင် ဟာရာရှန္ဒရီသည် ထိုသို့လုပ်ရသည့်အတွက် ၀မ်းမနည်း၊ အားမငယ် ဂုဏ်ပင်ယူလိုက်သေးသည်။ သူ့ယောက်ျားနှင့် ရှေလဘာလာတို့ကိုလည်း “သွား ..... သွား၊ ကစားချေကြ။ တစ်အိမ်လုံး အလုပ်ကို ဒီက ဒိုင်ခံလုပ်မယ်”ဟု ပြောတတ်သည်။

ဟာရာရှန္ဒရီသည် ယခင်တုန်းက သူ့ယောက်ျား၏အချစ်ကို ဝေမျှပေးမည်ဟု သဘောထားကြီးကြီးထားနိုင်ခဲ့ပါ၏။ သို့ရာတွင် ယခုမူ ထိုသဘောထားကြီးမှုတို့သည် ဘယ်ဆီသို့ ရောက်ကုန်ကြပြီနည်း ......

လပြည့်တွင် ကမ်းပြည့်လျှံတတ်သော ဒီရေလို ထိုသို့သော သဘောထားမှုမျိုးတွင် ရင်နှင့်အမျှ ရှိခဲ့စဉ်ကမူ သူ့ကိုယ်သူ အရာရာကို လုပ်နိုင်သည်။ ဘာမဆိုဖြစ်နိုင်သည်ဟု သူထင်ခဲ့သည်။ ထိုစဉ်တုန်းကတော့ ဒီရေအရှိန်က ပြင်းနေသဖြင့် ဆုံးဖြတ်ချက်ကြီးတွေကို ချနိုင်ခဲ့သည်။ ကိုယ့်မှာ စည်းစိမ်ဥစ္စာပေါများတုန်းက ပစ္စည်းဥစ္စာတို့ကို လွယ်လွယ်ဖြင့် ပေးမည်ဟု ကတိပေးခဲ့သော်လည်း ကိုယ်တွင် ဆင်းရဲဒုက္ခရောက်ပြီဆိုသည့်အခါ၌ကား ကတိမတည်နိုင်တော့ဘဲ မူးစပဲစဖြင့် တတိတတိ ဆပ်နေရကာ မသ္ဓရေစာဖြစ်လာခဲ့သည်။ ထိုအခါမျိုးကျမှပင် လူ့စိတ်ဆိုသည်မှာ မည်မျှတွန့်တိုတတ်ကြောင်း၊ လူ့နှလုံးသားသည် မည်မျှမနာလိုတိုရှည်ဖြစ်တတ်ကြောင်း၊ လူသည် မည်မျှသဘောထား ကျဉ်းမြောင်းတတ်ကြောင်း သိလာကြရသည် မဟုတ်လော။

ဟာရာရှန္ဒရီသည် နာလန်ထလာသည့်တိုင် ရင်းစားပြန်ရသည်ဟူ၍ မရှိသေး။ အားနည်းမောပန်းနေပြီး သူ့အသားမှာလည်း ဆန်းစစ်လကလေးအရောင်ကဲ့သို့ ၀ါဖျော့ဖြူလျော်လျက်ရှိသည်။ ထိုစဉ်တုန်းကတော့ သူ့အဖို့ ဘာမျှလိုချင်တောင့်တမရှိခဲ့။ သို့ရာတွင် တဖြည်းဖြည်းဖြင့် ကျန်းမာလာကာ ခွန်အားပြည့်ဖြိုးလာသည့်အခါတွင်မူ သူ့စိတ်ထဲမှ အတွေများသည် အော်ဟစ်ဆန္ဒပြလာခဲ့ကြသည်။

“ခင်ဗျားကတော့ တစ်ချက်လွှတ် အမိန့်ထုတ်လိုက်တာပဲ။ ဒါပေမယ့် ကျုပ်တို့က ကျုပ်တို့ပိုင်ခွင့်တွေကို အဆုံးရှုံးမခံနိုင်ဘူးဗျ”ဟု ထိုအတွေးများက ပြောနေသကဲ့သို့ ရှိသည်။

ဟာရာရှန္ဒရီသည် သူ့အခက်အခဲကို သဘောပေါက်လာသည့်အခါ၌ သူ့အခန်းကို နီဘာရန်းနှင့် ရှေလဘာလာတို့ကို ပေးပြီးနောက် တခြားအခန်းတစ်ခန်းသို့ သွားပြီးတစ်ယောက်တည်း အိပ်သည်။ သူသည် ရှစ်နှစ်သမီးကတည်းက ထိုအခန်းကလေးထဲတွင် အိပ်ခဲ့သည်။ လက်ထပ်သည့်ညတုန်းကလည်း ထိုအခန်းလေးထဲမှာပင် အိပ်ခဲ့သည်။ နောက် နှစ်ပေါင်းနှစ်ဆယ့်ခုနစ်နှစ်တိုင်တိုင်ပင် ထိုအခန်းကလေးထဲမှာပင် အိပ်ခဲ့သည်။ ယခုမူ သူအိပ်ခဲ့သည့်အခန်းကလေးကို စွန့်လွှတ်ခဲ့လေပြီ။

ဟာရာရှန္ဒရီသည် မီးအိမ်ကို ငြိမ်းလိုက်ပြီးနောက် အိပ်ရာပေါ်သို့ လှဲလိုက်သည်။ ထိုစဉ် လမ်းမဆီမှ သီချင်းသံတစ်သံကို ကြားလိုက်ရသည်။ သီချင်းဆိုသံမှာ တော်တော်ကောင်းပြီး တာပလာဗုံကလေးကလည်း နောက်မှ အချက်ကျကျလိုက်တီးလျက်ရှိ၏။ သီချင်းဆုံးသွားတိုင်း သူငယ်ချင်းများက သြဘာပေးနေကြသံများကိုလည်း ကြားနေရသည်။

ထိုသီချင်းသံသည် ဟာရာရှန္ဒရီ၏ ဟာလာဟင်းလင်းဖြစ်နေသော ရင်ထဲက အပူကို နှိုးဆွပေးနေသကဲ့သို့ ရှိသည့်တိုင် သူ့အခန်းနှင့် ကပ်လျက်တွင် ရှိနေသူတို့ကိုမူ ချော့မြူသိပ်ပေးနေသကဲ့သို့ ရှိ၏။ ထိုအခန်းထဲတွင်မူ ရှေလဘာလာ မျက်လုံးများသည် အိပ်ချင်စိတ်ဖြင့် မှေးစင်းလျက်ရှိကာ နီဘာရန်း၏ နှုတ်ခမ်းများမှာမူ သူ့နားသို့ ကပ်လျက်ကာ တွတ်တီးတွတ်တာ ပြောဆိုလျက်ရှိ၏။

ထိုအချိန်၌ နီဘာရန်းသည် ဘန်ကင်ကျန္ဒရ၏ “ကျန္ဒရရှိကာ” ၀တ္ထုကိုဖတ်ပြီးနောက် ရှေလဘာလာအား ခေတ်ပေါ်ကဗျာများကို ဖတ်ပြနေသည်။ မေ့လျော့ပစ်ထားခဲ့သည့် နုပျိုမှုရေပန်းရေမြွှာတို့သည် စိမ့်ယိုစီးထွက်လာကာ သူ မမျှော်လင့်သည့်အချိန်တွင် အရှိန်ဟုန်ပြင်းစွာဖြင့် ပန်းထွက်လာကြသည်။ ထိုသို့သောအဖြစ်မျိုးကို မည်သူမျှ မျှော်လင့်ထားခြင်းမရှိကြ။ ထိုအဖြစ်ကြောင့် နီဘာရန်း၏ စိတ်ထားသည် တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားကာ အိမ်တွင်းရေးသည်လည်း ကပြောင်းကပြန် ဖြစ်သွားခဲ့သည်။ လူ့စိတ်သည် ထိုမျှပြောင်းလဲတတ်သော သဘော၊ ထိုမျှ သောင်းကျန်းတတ်သော သဘောရှိသည်ကို နီဘာရန်းတစ်ခါမျှ မစဉ်းစားမိခဲ့။ ထိုစိတ်မျိုးကာ ဆင်ရိုင်းကဲ့သို့ သောင်းကျန်းလေစွ။ စနစ်တကျရှိ၍ သာယာသော ဘ၀တစ်ခုကို ဖရိုဖရဲဖြစ်အောင် ဖျက်ဆီးတတ်လေစွ။

နီဘာရန်းသာလျှင် စိတ်ဆင်းရဲရသည် မဟုတ်။ ဟာရာရှန္ဒရီမှာလည်း စိတ်ဒုက္ခရောက်ရသည်။ မိမိသည် အဘယ့်ကြောင့် နေမထိထိုင်မသာ ဖြစ်နေရသနည်း။

အဘယ့်ကြောင့် ထိုမျှဆင်းရဲဒုက္ခရောက်နေရသနည်း ...

ယခု သူတောင့်တနေသောအရာကို ယခင်က သူတစ်ခါမျှ ဂရုထားမိခြင်း မရှိ။ တစ်ခါမျှ အရေးထားခဲ့မိခြင်း မရှိ။ အလျင်တုန်းက နီဘာရန်း ရုံးသွားစဉ် သူနှင့်အတူ အိပ်ရာဝင်ချိန်တုန်းဆိုလျှင် သူတို့နှစ်ယောက်သည် နွားနို့ဖိုး၊ အိမ်စရိတ်၊ ကုန်ဈေးနှုန်း၊ သာရေးနာရေး ကိစ္စစသည်တို့ကို ဆွေးနွေးကြသည်။

ထိုစဉ်တုန်းကမှ ယခုလို ရင်ထဲမှာ ဗလောင်ဆူသည့် အဖြစ်မျိုးကို မကြုံစဖူး။ သူတို့ လင်မယားသည် တစ်ဦးကို တစ်ဦး ချစ်ခဲ့ကြသည့်တိုင် ထိုစဉ်က ရမ္ကက်မီးလျှံဟူ၍ မရှိခဲ့။ ထိုစဉ်က သူတို့အချစ်သည် မီးမညှိရသေးသည့် မီးစာပုံ အစုအထွေးကဲ့သို့ ဖြစ်ခဲ့သည်။

ယခုမူ တစ်စုံတစ်ယောက်သည် ၀င်ရောက်လာကာ သူ့ထံမှ အထွတ်အမြတ်ထားသည့်အရာကို လုယူသွားသည်ဟု ဟာရာရှန္ဒရီ ထင်သည်။ သူ့မိန်းမဘ၀သည် ထာဝရခန်းခြောက်သွားကာ ညှိုးရော်ကြွေကျသွားခဲ့ပြီဟု ထင်နေသည်။ သူသည် ချက်ရေးပြုတ်ရေးကိစ္စ၊ စာရေးသောက်ရေးကိစ္စ၊ ကွမ်းဆေးကိစ္စတို့ဖြင့် နှစ်ဆယ့်ခုနစ်နှစ်လုံးလုံး အစေခံမကြီးသဖွယ် အချိန်ကုန်ခဲ့ရပြီးနောက် ဘ၀တွင် အမြင့်ဆုံးရောက်နေသည့် အချိန်၌ကာ အပျိုပေါက်စ ကောင်မလေးတစ်ယောက်သည် တစ်ဖက်ခန်းတွင် ရောက်နေကာ ရတနာသိုက်ကို သော့ရိုက်ဖွင့်၍ အိမ်ကြီးရှင်မအဖြစ်ကို ယူနေလေပြီ။

မိန်းမဆိုသည်မှာ အိမ်ဦးနတ်ကို အလုပ်အကျွေးပြုရမည်ဆိုသည်မှာ မှန်ပါ၏၊ သို့ရာတွင် ထိုမျှမကသေးပါ။ အိမ်ကို အုပ်စိုးရန်လည်း ဖြစ်ပါသည်။ သို့ရာတွင် ယခုမိန်းမတစ်ယောက်က အစေခံဖြစ်နေပြီး အခြားမိန်းမတစ်ယောက်က မဟေသီဖြစ်နေလေပြီ။ အစေခံသည် ဂုဏ်သိက္ခာကို ဆုံးရှုံးထားခဲ့ကာ မဟေသီမှာမူ စည်းစိမ်ချမ်းသာကို ရနေလေပြီ။

အမှန်မှာ ရှေလဘာလာကိုယ်တိုင်လည်း ပျော်ပိုက်ခြင်း မရှိပါ။ သူ့ကို နီဘာရန်းက အလေးပေးဂရုစိုက်လွန်းသဖြင့် ရှေလဘာလာတွင် အချစ်အတွက် အချိန်မရှိတော့ပါ။ မြစ်သည် မြစ်ကြောင်းအတိုင်း စီးဆင်းသွားကာ ပင်လယ်နှင့်ပေါင်းဆုံသည့်အခါတွင် မြစ်ဖြစ်ရခြင်း ရည်ရွယ်ချက်သည်လည်း ပြီမြောက်ပါသည်။ သို့ရာတွင် ပင်လယ်သည် ဒီရေကြော့် အမြဲတစေ မြစ်ထဲသို့ ၀င်လာသည့်အခါတွင်မူ မြစ်သည်လည်း ဖောက်လှဲဖောက်ပြန်ဖြစ်ကာ ရေလျှံတတ်ပါသည်။

နီဘာရန်း၏ အိမ်မှာလည်း ထိုအတိုင်းပင် ဖြစ်နေပါသည်။ နီဘာရန်းမှအစ တစ်အိမ်လုံးက သူ့ကို ဖူးဖူးဖှုတ်ထားကြသည့်အတွက် ဘ၀င်မြင့်ခဲ့ပါသည်။ လောကကြီးတစ်ခုလုံးသည် သူ့စိတ်တိုင်းကျဖို့ ပေါ်ပေါက်လာရခြင်း ဖြစ်ပြီး သူကမူ မည်သူစိတ်တိုင်းကျဖြစ်အောင် လုပ်ဖို့မလိုဟု ထင်ခဲ့ပါသည်။ ထိုသို့အထင်သည် ဘ၀င်ကို ပင့်ပေးပါသည်။ ဤတွင် တွေ့သမျှ မြင်သမျှကို ဘ၀င်မကျ ဖြစ်လာတတ်သည်။

တစ်နေ့တ၊ွင်မူ ကောင်းကင်သည် မိုးတိမ်တို့ဖြင့် မည်းမှောင်လျက်ရှိ၏။ အိမ်ထဲတွင်လည်း မှောင်လျက်ရှိသဖြင့် အလုပ်ကိုပင် ကောင်းကောင်းလုပ်၍မရ။ မိုးသည် သဲသဲမဲမဲ ရွာချနေ၏။ သပြေပင်ကြီး အောက်မှ ပေါင်းပင်မြက်ပင်များမှာ ရေအောက်တွင် ရောက်နေသည်။ ပြိုကျနေသော အုတ်နံရံအနီးတ၀ိုက်တွင် ညစ်ပတ်နောက်ကျိနေသော ရေများသည် တဝေါဝေါစီးဆင်းနေကြသည်။ ဟာရာရှဒ္ဒရီသည် သူ့အိပ်ခန်းသစ်ပြတင်းပေါက်အနီးတွင် ထိုင်နေသည်။

နီဘာရန်းသည် အခန်းဝသို့ တိတ်တဆိတ်ရောက်လာကာ အခန်းထဲဝင်ရမည်လားဟု စဉ်းစားနေသည်။ ဟာရာရှန္ဒရီသည် အခန်းဝတွင် နီဘာရန်းရောက်နေသည်ကို သတိပြုမိသည်။ သို့ရာတွင် စကားတစ်လုံးမျှ မပြော။ နီဘာရန်းသည် အခန်းထဲသို့ ရုတ်တရက် ၀င်ရောက်လာကာ အမောတကော ပြောသည်။

“မင်းလက်ဝတ်လက်စားတွေ ပေးစမ်းကွာ။ ငါ့မှာ အကြွေးသိပ်များနေတယ်။ ကြွေးရှင်တွေကလည်း တကျည်ကျည် လုပ်နေကြတယ်။ ငါ ပေါင်ပြီး ဆပ်လိုက်ချင်တယ်။ ငါ ပြန်ရွေးပေးပါ့မယ်၊ မကြာပါဘူး”

ဟာရာရှန္ဒရီက မည်သို့မျှမဖြေ။ နီဘာရန်းသည် ရာဇ၀တ်သားတစ်ဦးလို ရပ်နေသည်။ အတန်ကြာသည့်အခါမှ သူက ခပ်တိုးတိုးမေးသည်။

“ဘယ့်နှယ့်လဲ ... မပေးနိုင်ဘူးလား”
“ဟင့်အင်း ......... မပေးနိုင်ဘူး”

အခန်းထဲသို့ ၀င်လာရသည်မှာ လွယ်သလောက် ပြန်ထွက်သွားရသည်မှာ ခက်နေသည်။ နီဘာရန်းသည် တောင်ကြည့် မြောက်ကြည့်လုပ်နေပြီး “ဒီလိုဆိုရင်လည်း တခြားက ရှာရမှာပေါ့”ဟု ဆိုကာ ခပ်သုတ်သုတ် ပြန်ထွက်သွားသည်။

နီဘာရန်းတွင် ကြွေးရှိနေကြောင်း တစ်နေ့နေ့တွင် သူ့လက်ဝတ်လက်စားများကို ပေါင်မည်ဖြစ်ကြောင်းကို ဟာရာရှန္ဒရီ သိပြီးသား ဖြစ်သည်။ မနေ့ညတုန်းကပင် အပိုးကျိုးနေသော သူ့ယောက်ျားကို ရှေလဘာလာ ပူဆာခဲ့သေးသည်။

“အစ်မကြီးတို့မှာတော့ စိန်တွေရွှေတွေကို ညွတ်နေတာပဲ။ ကျွန်မမှာတော့ ဘာမှမရှိဘူး” ဟု ပြောသံကို ကြားရသည်။

ဟာရာရှန္ဒရီသည် ဖြည်းညင်းစွာထကာ မီးခံသေတ္တာကို ဖွင့်သည်။ အထဲမှ လက်ဝတ်ရတနာများအားလုံးကို တစ်ခုပြီးတစ်ခု ထုတ်သည်။ ရှေလဘာလာကို ခေါ်ပြီးနောက် သူလက်ထပ်တုန်းက ၀တ်သည့် ဗာရာဏသီဆာရီကို ခြုံပေးသည်။ ထုတ်ထားသည့် လက်ဝတ်ရတနာများ အားလုံးကိုလည်း သူကိုယ်တိုင် ဆင်ပေးသည်။ ထို့နောက် မီးအိမ်ကို ထွန်းပြီး မိန်းကလေး၏ မျက်နှာကို ကြည့်သည်။ မျက်နှာကလေးက ချိုမြရွှန်းလဲ့နေသည်။ မှည့်၍ မွှေးနေသော သစ်သီးတစ်လုံးလို ရွှန်းဆို အပြစ်ကင်းနေသည်။ ရှေလဘာလာ ပြန်ထွက်သွားသည့်အခါ၌ တချွင်ချွင်မြည်နေသော လက်ဝတ်ရတနာတို့၏ အသံများသည် ဟာရာရှန္ဒရီ၏ သွေးထဲတွင် အတန်ကြာမျှ မြည်ဟည်းပဲ့ထပ်နေကြသည်။ ယနေ့တွင်မူ မိမိနှင့် ရှေလဘာလာတို့သည်အကွာကြီး ကွာခြားသွားခဲ့ကြပြီး သို့ရာတွင် သူငယ်ငယ်တုန်းကမူ သူလည်း ထို့အတူ နုပျိုမှုဖြင့် ရွှန်းသစ်နေခဲ့သည်။ ထိုစဉ်တုန်းက သူ့ကို မည်သူကမျှ သူ့အကြောင်းကို ရှင်းလင်းမပြခဲ့ကြ။

သူ့ အလှကျက်သရေဖြိုးဝေချိန်သည် ကုန်လွန်သွားခဲ့ပြီ။ ထိုစဉ်တုန်းကမူ သူ သတိမထားမိခဲ့။ ယခုနုပျိုမှုဖြင့် ဂုဏ်မောက်နေသော ရှေလဘာလာကိုမြင်မှ သူ သတိပြုမိတော့သည်။ ရှေလဘာလာသည် လှိုင်းလုံးကလေးတစ်လုံးကို လှုပ်ရှားနေသည်။

ဟာရာရှန္ဒရီသည် အိမ်မှုကိစ္စလောက်ကိုသာ အလေးထားနေသဖြင့် သူအဖို့ ထိုလက်ဝတ်ရတနာများသည် ဘာအဓိပ္ပယ်မျှ မရှိ၊ လက်ဝတ်ရတနာများကို တစ်ခဏအတွင်း စွန့်လွှတ်ပစ်လိုက်ခြင်းမှာ မိုက်မဲရာတော့ ရောက်ကောင်းရောက်မည်။ သို့ရာတွင် ဟာရာရှန္ဒရီသည် အိမ်မှုကိစ္စထက် အရေးကြီးသည့်ကိစ္စတစ်ခုကို သိခဲ့သည့်အတွက် ထိုသို့သော လက်ဝတ်ရတနာများ၊ အိမ်မှုကိစ္စများသည် သူ့အဖို့ အသေးအဖွဲများ ဖြစ်သွားခဲ့လေပြီ။

ပြိုးပြက်တောက်သော လက်ဝတ်ရတနာတို့ကို ဆင်မြန်း၍ အိပ်ခန်းဆီသို့ ပြန်လာသော ရှေလဘာလာမှာမူ ထိုရတနာများသည် မည်မျှ တန်ဖိုးရှိသည် မရှိသည်ကို တစ်ချက်ကလေးမှ မစဉ်းစားမိ။ သူသိသည်မှာ အချိန်တန်သည်နှင့် ထိုရွှေ၊ ထိုဂုဏ်သိက္ခာ၊ ထိုစည်းစိမ်ဥစ္စာ ဟူသမျှတို့သည် သူ့လက်ထဲသို့ မုချဆတ်ဆတ်ရောက်လာမည် ဆိုသည့်အချက်သာ ဖြစ်သည်။ အကြောင်းမူ သူသည် ရှေလဘာလာဖြစ်သောကြောင့်ဖြစ်သည်။ တစ်အိမ်လုံး၏ အချစ်တော်ဖြစ်သောကြောင့် ဖြစ်သည်။

အိပ်မက်ထဲတွင် သူသူကိုယ်ကိုယ် အကြောက်အရွံ့မရှိ လမ်းလျှောက်နိုင်ကြသည်။ မည်မျှကြောက်စရာကောင်းသော လမ်းမျိုးကို ဖြစ်စေ ဆုတ်ဆိုင်းခြင်းမရှိ။ အိပ်ပျော်ခြင်းမရှိသည့် အချိန်များတွင်လည်း ထိုသို့အကြောက်အရွံ့မရှိ။ အဆင်အခြင်မရှိ လမ်းလျှောက်သူတွေ ရှိတတ်သည်။ သူတို့မှာ ဘေးဒုက္ခကို လှလှကြီး ကြုံတွေ့သည့်အခါမှပင် အိပ်ရာမှ နိုးလာကြသည်။

မက်မိုရန်ကုမ္ပဏီမှ စာရေးကြီး နီဘာရန်းသည်လည်း ထို့အတူပင်။ ရှေလဘာလာဆိုသည့် မိန်းကလေးသည် သူ့ဘ၀ကို ၀င်ရောက်မွှေနှောက်သွားသည့် လေဆင်နှာမောင်းနှင့်တူသည်။ သူသည် သူနှင့် ဘာမျှမသက်ဆိုင်သော အဖိုးတန်ပစ္စည်းများကို စုပ်ယူ သယ်ဆောင်သွားသည်။ ထိုပစ္စည်းများထဲတွင် နီဘာရန်း၏ ဆင်ခြင်တုံတရား၊ နီဘာရန်း၏ ဂုဏ်သိက္ခာ၊ နီဘာရန်း၏လခ၊ ဟာရာရှန္ဒရီ၏ ပျော်ရွှင်မှုနှင့် လက်ဝတ်ရတနာများလည်း ပါသည်။ နီဘာရန်းသည် မက်မိုရန်ကုမ္ပဏီမှ ငွေများကို တိတ်တဆိတ် ထုတ်သုံးသည်။ တစ်ခါတစ်ရံ ငွေစက္ကူတွေကို တစ်ဝက်ချင်းယူသည်။ တစ်ခါတစ်ရံတွင်လည်း အထုပ်လိုက်ယူသည်။ နောက်လခထုတ်သည့်အခါတွင် ပြန်ထည့်မည်ဟု စိတ်ကူး၍ ယူခြင်းဖြစ်သည်။ သို့ရာတွင် နောက်လခမှာလည်း လေဆင်နှာမောင်း၏ ဗဟိုချက်ထဲတွင် စုံးစုံးမြုပ်သွားသည်။ ခဏမျှ ပြိုးပြက်နေသော မူးစေ့တစ်စေ့ပင် မချန်။ လေဆင်နှာမောင်းထဲတွင် ပျောက်ကွယ်သွားတော့သည်။

နောက်ဆုံးတွင် နီဘာရန်း၏ကိစ္စသည် ဘူးပေါ်သလို ပေါ်သွားသည်။ သူ့ရာထူးမှာ မိဘအစဥင်္်အဆက်ကြောင့် ရသော ရာထူးဖြစ်သည်။ အထက်လူကြီးက သူ့ကို သနားသဖြင့် ငွေရှာပြီး ပြန်သွင်းရန် နှစ်ရက် အချိန်ပေးသည်။ သူ ယူသုံးသည့် ငွေမှာ နှစ်ထောင့်ငါးရာရှိသည်ကို တွေ့ရသည့်အခါတွင် အံ့သြနေသည်။ သည်မျှလောက်များသည့် ငွေကို ဘယ်လိုလုပ် ကုန်သွားသည်ကို စဉ်းစားမရအောင် ဖြစ်နေသည်။ “ငါတော့ ခွေးဖြစ်ပြီ”ဟု ဟာရာရှန္ဒရီ၏ ရှေ့တွင် အရူးသဖွယ် ညည်းမိသည်။

ဟာရာရှန္ဒရီမှာလည်း အဖြစ်အပျက်တစ်ခုလုံးကို နားထောင်ပြီးနောက် မျက်နှာဖြူဖပ်ဖြူလျော် ဖြစ်နေသည်။

“မင်း လက်ဝတ်လက်စားတွေပေးပါဦး”ဟု တောင်းသည်။

“ဘယ်မှာ ရှိတော့လို့လဲ။ ကောင်မလေးကို အကုန်ပေးလိုက်ပြီ“

နီဘာရန်းသည် ကလေးတစ်ယောက်လို ဖြစ်နေသည်။

“ခက်တာပဲကွာ။ ဘာဖြစ်လို့ အကုန်ပေးလိုက်ရတာလဲ။ မင်းကို ဘယ်သူက အပေးခိုင်းလို့လဲ”

“ပေးလိုက်တော့ ဘာဖြစ်သလဲရှင် ရေထဲ ပစ်ချတာမှ မဟုတ်တာ”

သတ္တိကြောင်သော နီဘာရန်းသည် ဆုတ်ဆိုင်းဆိုင်းဖြင့်

“သွားကွာ အကြောင်းတစ်ခုခုပြပြီး ပြန်တောင်းချေ။ ငါက အတောင်းခိုင်း လိုက်တာလို့တော့ မပြောနဲ့နော်။ အကြောင်းကိုလည်း မပြောနဲ့”

ဟာရာရှန္ဒရီသည် သူ့ယောက်ျား၏ ဖြစ်ပုံကိုမြင်သည့်အခါတွင် စက်လည်း စက်ဆုပ်သည်။ ဒေါသလည်း ထွက်သည်။

“ဘာ ဟန်ဆောင်ပြီး အကြောင်း ပြရမှာလည်း ရှင့်။ အမှန်အတိုင်း ဖွင့်ပြောရမှာပေါ့။ ဒီလောက်ကိစ္စများနေတဲ့အထဲမှာ ဟန်ဆောင်ပန်ဆောင်တွေ ဘာလုပ်နေစရာရှိသလဲ။ လာလိုက်ခဲ့”

ဟာရာရှန္ဒရီသည် သူ့ကို ဒုတိယမယား၏ အခန်းထဲသို့ ခေါ်သွားသည်။

ရှေလဘာလာသည် အကျိုးအကြောင်းပြောပြသည်ကို လက်မခံ၊ ဘာတွေပြောပြော ဘယ်လိုနားချချ “ဒါဟာ ကျွန်မ ဘယ်သိမလဲ”ဟူသော စကားဖြင့်သာ တုံ့ပြန်သည်။

သူ့နောက်ကို လိုက်လာခဲ့စဉ်က အိမ်တွင်းရေးကိစ္စများတွင် အခြားသူများနှင့်အတူ အေးအတူပူအမျှ ခံမည်ဟု သူမပြောဖူးခဲ့။ လူတိုင်း ကိုယ့်ကိစ္စကို ကိုယ်ဘာသာ ကိုယ်ဖြေရှင်းရမည် မဟုတ်လော။ မိမိသည် ဤအိမ်တွင် ခြေမွေးမီးမလောင် လက်မွေးမီးမလောင် နေရန် ရောက်လာခြင်း မဟုတ်လော။ ယခုမှ အိမ်သားတွေနဲ့အတူ အေးအတူ ပူအမျှ ခွဲဝေခံစးရမည်ဟု ဆိုလာခြင်းမှာ နည်းနည်းမျှ မတရားဟု သူထင်သည်။

နီဘာရန်းသည် ရှေလဘာလာ၏ ခြေရင်းတွင်ထိုင်၍ ငိုနေသည်။ ရှေလဘာလာကမူ “ဒါတွေ ကျွန်မ မသိဘူးလေ။ ကျွန်မနဲ့ ဘာဆိုင်တာ မှတ်လို့၊ ဒီပစ္စည်းတွေကို ဘယ်နှယ့်လုပ်ပေးလို့ ဖြစ်မလဲ”ဟုသာ တွင်တွင် ပြောနေသည်။

နူးညံ့ပျော့ပြောင်း၍ ကြင်နာသနားတတ်ဟန်ရှိသော ရှေလဘာလာသည် မီးခံသေတ္တာကြီးထက် ခိုင်ခန့်ကြောင်း နီဘာရန်း သဘောပေါက်သွားသည်။ ဟာရာရှန္ဒရီမှာ ထိုကိစ္စတွင် သူ့ယောက်ျား ပျော့ညံ့သည့်အဖြစ်ကို မျက်ဝါးထင်ထင် မြင်သွားကာ စက်ဆုပ်ရွံရှာခြင်း ဖြစ်မိသည်။ ဟာရာရှန္ဒရီသည် ရှေလဘာလာ၏လက်မှ သော့ကို ၀င်လုသည်။ ရှေလဘာလာက သော့တွဲကို အုတ်တံတိုင်းအပြင်ဘက် ကန်ကလေးထဲသို့ လွှင့်ပစ်လိုက်သည်။

“ဒီလိုဆို သော့ခလောက်ကို ဖျက်”ဟု ဟာရာရှန္ဒရီက ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေသော သူ့ယောက်ျားကို ပြောသည်။

“ဖျက်ရဲဖျက်ကြည့်လေ။ ဒီကောင်မက ဆွဲကြိုးချသေပစ်လိုက်မယ်”ဟု ရှေလဘာလာက တည်ငြိမ်စွာ ပြောသည်။

“နေကွာ၊ ဒီလိုဆိုရင်လဲ အမေ့ဆီသွားပြီး လှည့်ရမှာပဲ” ဟုဆိုကာ နီဘာရန်းသည် အခန်းထဲမှ ပြေးထွက်သွားသည်။ နှစ်နာရီအတွင်း၌ကာ နီဘာရန်းသည် ဘိုးဘွားများနေထိုင်ခဲ့သော သူတို့အိမ်ကို နှစ်ထောင့်ငါးရာနှင့် ရောင်းပြီးခဲ့လေပြီ။

ဤသို့ဖြင့် လက်ထိပ်နှင့် သီသီကလေး လွဲခဲ့သည်။ သို့ရာတွင် အလုပ်မှ ပြုတ်လာခဲ့သည်။ သူသည်ပြောင်းရွှေ့နိုင်သော ပစ္စည်း၊ မပြောင်းရွှေ့နိုင်သော ပစ္စည်းဟူသမျှတို့အနက် မယားနှစ်ယောက်သာ ကျန်ရစ်ခဲ့သည်။ ထိုမယားနှစ်ယောက်အနက် ဂြိုဟ်မွှေသည့် မယားငယ်ကလေးမှာ ကိုယ်ဝန်ရှိလာသဖြင့် မရွှေ့ပြောင်းနိုင်သော အသွင်အပြင်ကို ပို၍ဆောင်လာသည်။ သူတို့အိမ်ထောင်သည် လမ်းကြားကလေးတစ်ခုထဲရှိ အိမ်အိုကလေးတစ်လုံးသို့ပြောင်းလဲလာခဲ့ကြသည်။

ရှေလဘာလာ၏ ဆင်းရဲဒုက္ခတို့မှ ဤတွင်မရပ်ဝေး။ သူ့ယောက်ျားသည် သူတို့ကို တင့်တောင့်တင့်တယ် မထားနိုင်ဆိုသည့် အချက်ကို လက်မခံ။ ဤသို့တင့်တောင့်တင့်တယ် မထားနိုင်လျှင် အဘယ့်ကြောင့် မယားနစ်ယောက် ယူခဲ့သေးသနည်း။

သူတို့အိမ်ကလေးမှာ အပေါ်ထပ်တွင် ရှိပြီး အခန်းနှစ်ခန်းသာ ရှိသည်။ တစ်ခန်းမှာ သူနှင့် နီဘာရန်းတို့ အိပ်ော အခန်းဖြစ်သည်။ “နေ့ရောညရော အိပ်ခန်းထဲ အောင်းနေရတော့မှာလားရှင့်”ဟု ရှေလဘာလာက ညည်းသည်။ ထိုအခါတွင် နီဘာရန်းကလည်း “ငါအိမ်ရှာနေပါတယ်ကွာ။ မကြာခင်ရတော့မှာပါ”ဟု ချွေးသိပ်တတ်သည်။

“ဟိုဘက်အိမ် အားနေတာပဲ အဲဒီအိမ်ကို ပြောင်းပါလား”

ရှေလဘာလာသည် နေရာဟောင်းတွင် မနေချင်။ အိမ်နီးချင်းဟောင်းများနှင့် မျက်နှာချင်း မဆိုင်ချင်။ အိမ်နီးချင်းများသည် နီဘာရန်း၏ အကြောင်းကို ကြားသိရသည့်အခါတွင် စိတ်မကောင်းဖြစ်ကာ လာရောက်မေးမြန်းကြသည်။ ထိုအခါမျိုးတွင် ရှေလဘာလာသည် အခန်းတံခါးကိုပိတ်ပြီး အခန်းအောင်းနေသည်။ ခေါ်လျှင်လည်း ထွက်မလာ။ ဧည့်သည်တွေ ပြန်သွားသည်နှင့် ရှေလဘာလာသည် အော်လားဟစ်လား လုပ်သည်။ ငိုလားယိုလား လုပ်သည်။ စိတ်ကောက်ပြီး ထမင်းမစားဘဲ နေသည်။ သူစိတ်ဆိုးနေကြောင်းကို အရှေ့ခုနစ်အိမ် အနောက်ရှစ်အိမ် သိအောင် လုပ်သည်။ ဤသည်မှာ တစ်ခါမဟုတ်၊ အခါခါဖြစ်သည်။

နောက်ဆုံးတွင် ရှေလဘာလာသည် အကြီးအကျယ်နာမကျန်းဖြစ်ကာ ကိုယ်ဝန်ပျက်ကျတော့မလို ဖြစ်နေသည်။ နီဘာရန်းက မယားကြီး၏ လက်ကို ဆုပ်ကိုင်ကာ “မင်း မကယ်နိုင်တော့ဘူးလားကွာ”ဟု မေးသည်။

ဟာရာရှန္ဒရီသည် နေ့ရောညပါ ပြုစုစောင့်ရှောက်၏။ တစ်ခုခုကို စိတ်တိုင်းမကျလျှင် ရှေလဘာလာသည် သူ့ကို ဆဲရေးတိုင်းထွာခြင်း ပြုသည့်တိုင် ခွန်းတုံ့ပြန်ခြင်း မပြု။ ရှေလဘာလာသည် ဘာလီရည်ကို မသောက်။ အဖျားတက်နေစဉ်တွင် ထမင်းနှင့်သရက်သီးသနပ်ကို စားမည်ဟု တဖွဖွတောင်းနေသည်။ တောင်းသည်ကို မရလျှင် အော်ကြီး ဟစ်ကျယ်လုပ်ပြီး သောင်းကျန်းတော့သည်။ သို့ရာတွင် ဟာရာရှန္ဒရီသည် သူ့ကို ကလေးငယ်တစ်ယောက်လို ချော့မော့ဖျောင်းဖျသည်။ ကလေးမရယ်။ ညီမရယ်စသည်ဖြင့် ချိုသာစွာ ခေါ်သည်။

ရှေလဘာလာသည် သက်ဆိုးမရှည်ရှာပါ။ သူ့ကို ချစ်ခင်ယုယသည့် ပတ်ဝန်းကျင်တွင် ကျင်လည်ပြီးနောက် တိုတောင်း၍ အချည်းအနှီးဖြစ်သော ဆူပူသောင်းကျန်းသည့်ဘ၀ကို စွန့်လွှတ်သွားခဲ့ပါသည်။

ပထမတွင် နီဘာရန်းသည် ဆောက်တည်မရဖြစ်သည်။ သို့ရာတွင် သံခြေကျင်းကြီးတစ်ခု ကျိုးပဲ့သွားပြီဆိုသည်ကို မကြာမီတွင် သဘောပေါက်လာသည်။ ပူဆွေးသောကဖြစ်သည့်တိုင် လွတ်မြောက်မှု ရသွားသည်ဟု ခံစားရသည်။ နီဘာရန်းသည် ရွှန်လန်းတက်ကြွနေလေသည်။ တစ်ခါတစ်ရံတွင်လည်း သူ့ ဘ၀တွင် နွယ်တစ်ခုလို ရစ်ပတ်နေသော ကြိုးတစ်ချောင်း ပြတ်သွားလေပြီ။ သူချစ်ရသော ရှေလဘာလာ တစ်ယောက် မရှိတော့ပြီဟု တွေးမိပြန်ကာ သက်ပြင်းကြီးတစ်ချက်ကို ချမိသည်။ သို့ရာတွင် သေသေချာချာ စဉ်းစားကြည့်သည့်အခါတွင် အမှန်ကို သူမြင်ပါသည်။ ရှေလဘာလာသည် သူ့အဖို့ ကြိုးစင်မှ ကြိုးကွင်းတစ်ကွင်းနှင့် အတူတူပင် ဖြစ်ပါသည်။

သူ့တစ်က်လုံး ပေါင်းခဲ့သည့် ဟာရာရှန္ဒရီကကော။ တကယ်စဉ်းစားကြည့်သည့်အခါတွင် ဟာရာရှန္ဒရီတစ်ယောက်သာလျှင် သူ့အတိတ်ဝတ်ကျောင်းတွင် ဂုဏ်ကျက်သရေရှိသည့် နေရာကို ရထိုက်သူ၊ သူသာလျှင် သူ့ဘ၀တွင် ၀မ်းသာစရာ၊ ၀မ်းနည်းစရာတို့ကို မျှဝေခံစားသူဖြစ်ကြောင်းကို ပို၍သဘောပေါက်လာသည်။ သို့တိုင်အောင် သူတို့နှစ်ဦးကြားတွင် ကွာဟချက်ရှိနေသေးသည်ဟု ထင်နေသည်။ တောက်ပြောင်၍ အကြင်နာကင်းမဲ့သည့် ဓားသွားကလေးတစ်ချောင်းသည် သူ့နှလုံးသားကို ထက်ပိုင်းဖြတ်သွားခဲ့ပြီး အလယ်ခေါင်တွင် ဒဏ်ရာဟတ်တက် ထားပစ်ခဲ့သည့်နှယ် ဖြစ်သည်။

သီတင်းပတ်များစွာအကြာ မြို့ကြီးတစ်မြို့လုံး အိပ်ပျော်နေသည့် ညတစ်ည၌ နီဘာရန်းသည် တစ်ယောက်တည်း အိပ်နေသော သူ့ဇနးသည် ဟာရာရှန္ဒရီ၏ အိပ်ခန်းထဲသို့ တိတ်တဆိတ် ၀င်လာခဲ့သည်။ သူသည် အလျင်တုန်းကလို သူ့ဇနီး၏ ညာဘက်တွင် အသာဝင်အိပ်လိုက်၏။ သို့ရာတွင် တစ်ခါက သူ့နယ်ပယ်ဖြစ်ခဲ့သော ထိုနေရာ၌ သူသည် လူစိမ်းတစ်ယောက်လို ဖြစ်န်ေသည်။

သူတို့နှစ်ယောက်စလုံး စကားတစ်ခွန်းမှ မပြောကြ။ သူတို့နှစ်ယောက်သည် အလျင်တုန်းကလိုပင် ဘေးချင်းယှဉ်၍ လှဲနေကြသည်။ သို့ရာတွင် ကွယ်လွန်သွားသည့် မိန်းကလေးသည် သူတို့ကြားထဲသို့ ရုတ်တရက် ရောက်လာခဲ့သည်။

သူတို့နှစ်ယောက်စလုံးသည် မိန်းကလေး၏ အရိပ်ကို မကျော်နိုင်ဘဲ ဖြစ်နေကြသည်။

(Rabindranath Tagore ၏ The Girl Between ကို ပြန်ဆိုသည်။)
မြသန်းတင့်
ရင်ခုန်ပွင့်၊ ၁၉၉၃ ခုနှစ်၊ မတ်လ။

Saturday, 7 May 2011

မေ့လျော့တတ်သည်

ကျွန်မလက်ထဲမှာ ကိုင်ထားသည့် စာရွက်ပိုင်းလေးမှာ မိုးရေဖြင့် စိုရွှဲနေပြီ။ စာလုံးတွေကတော့ မင်ဖြင့်ရေးထားတာမဟုတ်လို့ ဖတ်လို့ရနေလိမ့်ဦးမည်။ အခုနေ မိုးသဲသဲမှာ ဖြန့်မဖတ်လိုက်နှင့်ဦး။ ရေနူးနေသည့်စာရွက်သည် မိုးရေအရှိန်ဖြင့် စုတ်ပြဲသွားနိုင် သည်။ မတ်စောက်စွာ မြင့်တက်သွားသည့် အဆောက်အဦအ၀င် ကွန်ကရစ်ကားလမ်းကို မိုးစက်များအကြား ကိုယ်ကို ရုန်းလျက် တက်ရသည်။ ဒီအဆောက်အဦမှာ နေသူတွေသည် ကိုယ်ပိုင်ကားရှိသူတွေချည်း ဖြစ်လေသလား။ အဆောက်အဦဆီသို့ လူသွား လမ်း လုံးဝမရှိ။ ကားသွားရာ ကွန်ကရစ်လမ်းကိုပဲ အသုံးပြုရတော့မည်။
အမှတ်(၇၀၆) ပင်လယ်ပြာကွန်ဒို။
လာရင်းကိစ္စ မေ့လျော့ခြင်းသီအိုရီ စာအုပ်ယူရန်။
အောက်ဘက်က စူပါမားကတ်တွင် အိပ်ရာခင်းဝယ်ရန်။
နေ့လည်(၂)နာရီ၊ အိမ်အရောက်ပြန်ရန်။
ကား-ခရေလမ်း တစ်ဖက်မှာ။
ကောင်းပြီ။ ပထမဆုံးစာကြောင်းက ပထမဆုံး ဆောင်ရွက်ရမည့်အလုပ်ပေါ့။ အမှတ်(၇၀၆) ပင်လယ်ပြာကွန်ဒိုတိုက်ခန်း။ ရှေ့ အတက်မှာ မြင်နေရသော အပြာရင့်ရင့် အတွဲလိုက် အထပ်မြင့်တိုက်ခန်းစုကြီးသည် မိုးသဲသဲအောက်မှာ ပိုပြီး မှိုင်းမှောင်နေသည်။ မျက်နှာကို ပက်နေသည့် မိုးပေါက်တွေက ကြမ်းတမ်းအေးစက်သည်။ မိုးရေတွေက တစ်ကိုယ်လုံးကို ရွှဲစိုသွားအောင် လေးလံစွာ သွန်ချနေသည်။
ကားကို သည်အထိ မောင်းမလာခဲ့မိတာ ဆိုးတယ်။ ကားတက်ရမည့် ကွန်ကရစ်လမ်းသည် ခြေလျင်တက်ရတော့ တမျှော် တခေါ်ကြီး မြင့်မတ်ကွေ့ကောက်လေသည်။ အို ဒါပေမယ့် ထိုအမြင့်ကြီးကို ကားဖြင့်တက်လျှင် ကားစက်သေပြီးေ နာက်ပြန်လန်ကျ မှာ စိုးရိမ်စရာ။
အိပ်မက်တွေထဲမှာ ကျွန်မ ကားမောင်းတိုင်း ကားက စက်ရပ်ပြီး နောက်ဘက်အနိမ့်ပိုင်းသို့ ပြန်လိမ့်တာတို့ စက်နိုးမရတာတို့၊ စုံနေတာပဲ။ ကျွန်မကားကလည်း တကယ်ပဲ စက်သိပ်ကောင်းသည့် အသစ်စက်စက်ကားမှမဟုတ်ဘဲ။ ဆန်ဖရန်ဆစ်စ်ကိုလို နေရာ မျိုး၊ ဆိုးလ်လို နေရာမျိုးမှာများ မောင်းရလျှင် ပြီးပါလေရော။ အင်းလေ အဲသည်မြို့တွေမှာ နေရလျှင်လည်း ကျွန်မကားအတွက် ယခု ပေးရသည့်ငွေနှင့်ဆို ငါးဆပိုကောင်းသည့်ကားကို စီးနိုင်လောက်ပေပြီ။ အဲဒါတွေ မတွေးပါနဲ့။
ကားစက်ကောင်းသည်ပဲထားပါဦး။ တက်ရမည့်လမ်းက ကျဉ်းကျဉ်း၊ ဟိုဘက်ဒီဘက် တံတိုင်းနိမ့်နိမ့်ဖြင့် ကာထားသေးသည်။ ကားကိုယ်ထည် သို့မဟုတ် ဘန်ပါနှင့် တံတိုင်းနှင့် ပွတ်မိဖို့များသည်။ မယူတာဘဲ ကောင်းပါတယ်။ ကားပတ်ကင်အ၀င်ဝရှိ အပြာ ရောင်ဝတ်စုံဝတ် လုံခြုံရေးအစောင့်နှစ်ဦးက ကျွန်မကို အထူးအဆန်းသတ္တ၀ါကို ကြည့်သလို ကြည့်နေ၏။
အို ကားတက်တဲ့လမ်းကို လူမတက်ရဘူးလို့ ဘယ်သူပြောလဲ။
ဘယ်သူမှတော့ မပြောပါဘူး။ သို့သော် သူတို့ အံ့သြမှာပေါ့။ ဒီ အဆောက်အဦတွေဆီသွားဖို့လည်း စူပါမားကတ်ထဲကနေ ဖြတ်ပြီး ဓာတ်လှေကားစီးလျှင် ရောက်တာပဲ။ ဒါပေမယ့် သူတို့မသိတာက ကျွန်မက ဈေးဝယ်စင်တာကနေ ဒီကိုလာသည့် ဓာတ်လှေ ကားကို မရှာတတ်။
ကားပတ်ကင်အဆောက်အဦအောက်ရောက်တော့ ရုတ်တရက် မိုးဒဏ်မှလွတ်သွားသဖြင့် နွေးသွားသည်။ မိုးရေရွှဲနေတာတော့ ခဏနေလျှင် ခြောက်သွေ့သွားမှာပေါ့။
ကားရပ်ရာနေရာတွေကို သူ့အမှတ်အသားနှင့်သူ အကန့်လေးတွေ လုပ်ထား၏။ ကားတွေ အပြည့်မရှိ။ တချို့နေရာမှာ ကွက်လပ်တွေ ဖြစ်သည်။ ကားတော်တော်များများသည် အဖြူရောင်ဖြစ်သည်။ ကားရပ်ရာ အဆောက်အဦ၏ ဟိုဘက်က အပြာရောင် ရင့်ရင့် အဆောက်အဦမြင့်ကြီးဆီသို့ အကူးမှာ တစ်ချက် မိုးရွဲှ့ရဦးမည်။ မိုးမရွှဲသေးခင် ဒီမှာ စာရွက်လေးကို ထုတ်ကြည့်လိုက်ရမည် လား။ မဖြစ်သေးပါဘူး။ ဒီနေရာကို ကိုယ်လာနေကျမဟုတ်မှန်း အစောင့်တွေ သိကုန်လိမ့်မည်။ ဓာတ်လှေကားထဲရောက်တော့မှ ထုတ်ကြည့်ပြီး အခန်းနံပါတ် ဖတ်လျှင်လည်း ရတာပဲ။ အင် နေပါဦး ဓာတ်လှေကားက မီးရောင်ရှိရဲ့လား။ အို ရှိရမှာပေါ့။ ထားလိုက် စမ်းပါ။
ကျွန်မ သည်ဘက်အဆောက်အဦမှ ဟိုဘက်သို့ ကူးဖြတ်ပြေးလိုက်သည်။ ကွန်ကရစ်တွေချည်း အပြည့်မို့ ခြေထောက်ကို ရွှံ့ဗွက်တို့ ရေအိုင်ရေတို့ စဉ်မှာ မစိုးရိမ်ရသော်လည်း အထက်မှာက မိုးက သဲသဲမဲမဲ ရွာနေတုန်းကိုး။
ဖြတ်သွားဖြတ်လာလူ တစ်ယောက်မှ မဆုံတွေ့ရ။ အစောင့်နှစ်ယောက်ကလွဲလျှင် ကျွန်မသည် တစ်ဦးတည်းသော လှုပ်ရှား သွားလာနေသည့် သက်ရှိဖြစ်သည်။ ခွေးတစ်ကောင် ကြောင်တစ်မြီးမှလည်း မတွေ့ရ။ လူတွေ အပြင် မထွက်ကြဘူးလား။ ထွက်စရာ အကြောင်း မရှိကြဘူးလား။ ဒါဖြင့် ကျွန်မကတော့ ဘာအကြောင်းကြောင့် သည်နေရာမှာ ရောက်နေရတာလဲ။ ကားတွေကို ခပ်စောင်း စောင်း အနေအထားဖြင့် ရပ်ဖို့ နေရာသတ်မှတ်ပေးထားခြင်းဖြစ်သော်လည်း ကားတစ်စီးက သတ်မှတ်မျဉ်းဝါကို မလိုက်နာဘဲ တည့် တည့်ကြီး ရပ်ထားသည်။ ကားကတော့ အကောင်းစား အဖိုးမနည်းထိုက်သည့်ကား ဖြစ်သည်။ သို့သော် စည်းမျဉ်းလိုက်နာမှုတော့ သုညပဲ။ သူ့ကားရပ်ပုံကြောင့် သူ့ ဘေးနှစ်ဘက်က ကားတွေ နေရာပျက်ယွင်းရလိမ့်မည်။ အစောင့်တွေက ကားတစ်စီးစီး ရပ်နားဖို့ နေရာယူလျှင် ကူညီပေးနေကျ မဟုတ်ဘူးလား။ ဒီကားကို ဘာဖြစ်လို့ မကူညီလိုက်ကြသလဲ။ ကားမောင်းသူက ဘယ်လိုလူမို့လဲ။ အင်းလေ အဲဒါ ကျွန်မနှင့် ဘာဆိုင်လဲ။
ကျွန်မ ကွန်ဒို အဆောက်အဦအောက်သို့ ရောက်သည့်အခါ ခပ်လှမ်းလှမ်းမှာ လူတစ်ယောက် လျှောက်လာနေသည်ကို မြင်ရ သည်။ သူ ကြွပ်ကြွပ်အိတ်ဟောင်း တစ်လုံးအပြည့် ခပ်လေးလေးအရာဝတ္ထုတွေကို ဆွဲလာသည်။ ကျွန်မတို့ရောက်နေသည့်နေရာ သည် တိုက်ခန်းများ၏အောက် ကားရပ်နားရန်နေရာဖြစ်သဖြင့် လူသွားလူလာမရှိ။ မေးမြန်းစရာလူဆိုလို့ ဟိုဘက်အဆောက်အဦမှာ ကျန်ရစ်ခဲ့သော လုံခြုံရေးအစောင့်တွေသာ ရှိသဖြင့် ကိုယ့်အားကိုယ့်ကိုးကာ ကိုယ်သွားရမည့်တိုက်ခန်းကို ရှာဖွေရန် ရှိတော့၏။ စောစောတုန်းက အစောင့်တွေကို မေးမြန်းခဲ့မိရင် အကောင်းသား။
ထိုလူသည် ကျွန်မနှင့် တည့်တည့်လျှောက်လာနေ၏။ သူ ကျွန်မကို လှမ်းကြည့်သည့်အကြည့်မှာ စူးစူးရဲရဲနိုင်လှသည်။ အခု အချိန်မှာ စာရွက်လေးကို ထုတ်ကြည့်လိုက်လျှင် ဒီလူက ကျွန်မလည်း ဧည့်သည်မှန်း သိသွားမည်။ အဲဒါ ကောင်းပါ့မလား။ ကျွန်မ၏ ညာဘက်ခပ်လှမ်းလှမ်းမှာ ဓာတ်လှေခါးကို တွေ့ရပြီ။ ဓာတ်လှေကား၏ဘေးမှာ ရိုးရိုးအုတ်လှေကားကိုပါ မြင်လိုက်ရသည်။ ထိုနေရာ သို့ ခပ်သွက်သွက် လျှောက်သွားစဉ် ထိုလူကလည်း ထိုနေရာသို့ ဦးတည်ကာ ခပ်သွက်သွက် လျှောက်လာနေသည်။ ကျွန်မသာ သူ့ကို ကြည့်နေလျှင် သူနှင့် အကြည့်ချင်း ထပ်ဆုံမှာ သေချာသည်။ ထိုကြောင့် သူ့ကို မကြည့်ဘဲ ဓာတ်လှေကားပေါက်ကိုသာ ကြည့်လျက် လျှောက်သွားလိုက်ရသည်။ လူပြတ်လပ်သော ကွန်ဒိုတိုက်ကြီး၏အောက်ခြေတွင် သူစိမ်းတစ်ယောက်ကို ကျွန်မအား တစ်ခုခု အန္တရာယ်မပြုဘူးဟု ယုံကြည်စိတ်ချမထားနိုင်ပါ။
ဓာတ်လှေကားခလုပ်ကို နှိပ်ပြီး ခေါ်လိုက်သည့်အချိန်တွင် သူက ကျွန်မနောက်သို့ ရောက်လာပြီ။ လှည့်မကြည့်ပေမယ့် သူက ကျွန်မနောက်သို့ ရောက်လာပြီ။ လှည့်မကြည့်ပေမယ့် သူ့ လှုပ်ရှားမှုနှင့် သူ့ကိုယ်မှ အနံ့အသက်ကြောင့် သူရောက်လာပြီဟု သိလိုက်သည်။ ဘုရားရေ ဓာတ်လှေကားကို သူလည်း အသုံးပြုမှာပါပဲလား။ ကျွန်မနှင့် သူနှင့် ဓာတ်လှေကား၏ အခန်းကျဉ်းကျဉ်း လေးတစ်ခန်းတည်းအတူသွားရမည်။ ဟင့်အင်း မဖြစ်သေးဘူး။ ဓာတ်လှေကားခလုပ်၏ လင်းနေသည့်မီးနီလေးအရ လှေကားသည် ငါးထပ်တွင်ရှိနေသည်။ ငါးထပ်မှ အောက်သို့ ဆင်းလာနေသည်။ ကျွန်မကိုယ်ကို အနည်းငယ်ကျုံ့ယူလိုက်ပြီး ဓာတ်လှေကား၏ ပြောင်လက်နေသော တံခါးမျက်နှာပြင်မှတစ်ဆင့် နောက်က လူ၏အရိပ်ကို အကဲခတ်ကြည့်လိုက်သည်။ အို သူကလည်း ထို တံခါး မျက်နှာပြင်မှတဆင့် ကျွန်မကို အကဲခတ်နေပါလား။ သူ့မျက်နှာမှာ ခပ်နွမ်းနွမ်း ပါးရေနားရေ ချောင်ကျနေသည်။ မိန်းမတစ်ယောက် ကို အန္တရာယ်ပြုဖို့ အားထုတ်မည့်သူ မဟုတ်နိုင်။ ဟင့်အင်း အဲဒါကို ဘယ်လိုလုပ်ပြီး ကျွန်မက အသေအချာ သိနိုင်မှာလဲ။
ဓာတ်လှေကား ဆင်းလာပြီ။ လေးထပ်မှာရောက်ပြီ။ သုံးထပ်မှာရောက်ပြီ။ သုံးထပ်မှာ ခဏနားနေသေးသည်။ အချိန်ရသေး သည်။ အခုအချိန်မှာ နောက်ထပ် ဓာတ်လှေကားစီးမည့်သူ ရောက်မလာရင် ရိုးရိုးလှေကားကနေ တက်သွားဖို့ စိတ်ပြောင်းပစ်နိုင် သည်။ ဓာတ်လှေကားကို စောင့်ရတာ စိတ်မရှည်သလိုဟန်မျိုးနှင့်ပေါ့။ သူ့ကို မသင်္ကာရာ မရောက်အောင်ပေါ့။ သို့သော် ကျွန်မပေ တေပြီး ရပ်နေမိသည်။ ဦးတည်ရာတစ်ခုမှ နောက်တစ်ခုသို့ ချက်ချင်းပြောင်းလဲသည့်စိတ်မျိုး ကျွန်မကျင့်သားမရသေးလို့ ဖြစ်နိုင်ပါ သည်။
ဓာတ်လှေကားပွင့်လာသည့်အခါ ကျွန်မဖြစ်စေချင်သလို အထဲမှ လူတစ်ယောက်မှ ထွက်မလာပါ။ နောက်ထပ်လူလည်း ကျွန်မ တို့နားသို့ ရောက်မလာပါ။ သည်လိုနှင့်ပင် ကျွန်မနှင့် ထိုလူနှစ်ယောက်တည်း ဓာတ်လှေကားကို စီးရသည်။ ထိုလူက လေးထပ်သို့ သွားမည်။ ကျွန်မက ခုနစ်ထပ်သို့ သွားမည်။ ခလုပ်လေးကို နံပတ်(၇)ဟု နှိပ်လိုက်ပြီးမှ ဟုတ်ရဲ့လား။ ကျွန်မသွားရမည့်နေရာက ခုနစ်ထပ် ဟုတ်ရဲ့လားဟု မသေမချာဖြစ်သွားသည်။ ငါ့နှယ်နော် မေ့တတ်လွန်းလှပါလား။ ကျွန်မ စာရွက်လေးကို ပြန်ဖတ်ဖို့ အားထုတ်ရင်း အန္တရာယ်အတွက် သတိလက်လွတ်ဖြစ် မသွားချင်။ ထိုလူ၏ အမူအရာကို မျက်စိထောင့်မှ အကဲခတ်နေရမည် မဟုတ် လား။ ထိုလူ တကယ်ပဲ လေးထပ်မှာ အပြင်ထွက်သွားတော့ ကျွန်မစိတ်တွေ ပေါ့ပါးသွားသည်။ အားတော့နာမိပါသည်။ သို့သော် ကျွန်မ ကြောက်တတ်ပါသည်။ အရာရာကို မယုံသင်္ကာစိတ်နှင့် စိုးရိမ်ကြောက်လန့်စိတ် ဘယ်တုန်းက စပြီး ၀င်လာမှန်း မသိတော့ပါ။
ကျွန်မ စာရွက်လေးကို ထုတ်ကြည့်လိုက်သည်။ (၇၀၈) ပင်လယ်ပြာကွန်ဒို။ အမယ် ဘယ်ဆိုးလို့လဲ ကျွန်မ၏ မှတ်ဥာဏ်က ယုတ်လျော့မသွားပါ။ စိတ်သက်သာရာရမိ၏။ ကျွန်မရောဂါ ပိုဆိုးမလာသေးပါ။ အနည်းအကျဉ်းတော့ မှတ်မိနေသေးသည်။
မှတ်ဥာဏ်ယုတ်လျော့လာသည့်အဖြစ်ကို ကျွန်မ တောင်းတခဲ့ဖူးသည်။ သို့သော် ကျွန်မ မေ့ချင်သည် ကိစ္စတွေက နှစ်ကာလ တော်တော်ကြာမြင့်သည့် အချိန်တွေက ဖြစ်ခဲ့သည့် ကိစ္စတွေကိုပါ။ အခု ဒီကနေ့မနက်ကကိစ္စ မနေ့ကိစ္စ ဒါတွေကို မမေ့ချင်ပါ။ အခုတော့ ကျွန်မ မှတ်ဥာဏ်တွေသည် မေ့ချင်သည့်အရာကို မမေ့ဘဲ မေ့လို့မဖြစ်သည့်လတ်တလောကိစ္စတွေကို မေ့ကုန်သည်။ လူ့အလို နတ်မလိုက်နိုင်ဆိုသည့် စကား တကယ်ပဲ မှန်ပါသည်။
ကျွန်မ မေ့ချင်သည့်အရာတွေ ရှိသည်။
ဥပမာ- လွန်ခဲ့သည့် နှစ်ပေါင်းများစွာတုန်းက ကျွန်မ ချစ်ခဲ့ဖူးသည့် လူတစ်ယောက်ကို မေ့ချင်သည်။ အဲ မဟုတ်ပါ။ သူ့ကို မေ့ချင်တာမဟုတ်။ သူ့ကို ချစ်ခဲ့မိသည်ဆိုသည့် အဖြစ်အပျက် အခြေအနေကို မေ့ချင်တာ။
“ငါနှယ့်နော် ဘာဖြစ်လို့များ . . ”
အဲသည်လို ပြန်ပြန်သတိရတိုင်း ကိုယ့်ကိုကိုယ် ရယ်လည်း ရယ်ချင် စိတ်လည်းပျက်၊ အံ့လည်း အံ့သြမိ၏။
အချိန်ကာလကို ပြင်ယူလို့ရလျှင်၊ အဖြစ်အပျက်ကို ခဲဖျက်နှင့် ပြန်ဖျက်ပြီး ပြင်လို့ရလျှင် ပြင်လိုက်ချင်သည့်အရာတွေ အိုး အများကြီးရှိခဲ့သည်။ ရယ်စရာကောင်းသည့် နောင်တတွေကို မမေ့ရလျှင် အရေးမကြီးပါ။ နာကျင်စရာ ထိတ်လန့်စရာ ကောင်းသည့် နောင်တတွေကို မမေ့တာက ငရဲတစ်ခုပဲ။
ဆရာဝန်ဘ၀က အလွန်ကောင်းသည်ဟု ဘယ်သူပဲပြောပြော။ မကောင်းသည့်အချက်တွေရှိသည်။ မမှားသောရှေ့နေ မသေ သောဆေးသမား ဆိုသည့်စကားပုံက အလကားထားခဲ့တာမဟုတ်။ သို့သော် ကိုယ်ကုသလို့ မရလို့ သေရတာကတစ်မျိုး၊ ငါပေးလိုက်သည့် ဆေးကြောင့်များလားဟု ကိုယ့်ကို သံသယ၀င်ရမည့် အခြေအနေတွေဖြင့် လူနာ သေသွားသွားရတာက တစ်မျိုးဖြစ် သည်။
ဥပမာ ကျွန်မ မေ့ချင်သည်။ အိပ်မရလို့ဟု ညည်းညူလာသော ကျွန်မ လူနာအဘွားကြီး တစ်ယောက်ကို အဆုပ်နှင့် အသက် ရှူလမ်းကြောင်း သိပ်မကောင်းသေးမှန်း သိပေမဲ့ ဒါလောက်နဲ့ တော့ ဘာမှ မဖြစ်တန်ကောင်းသေးမှန်း သိပေမဲ့ ဒါလောက်နဲ့တော့ ဘာမှမဖြစ်တန်ကောင်းပါဟု ဒိုင်ယာဇီပမ် ငါးမီလီဂရမ်ကို ထက်ခြမ်းခြမ်းပြီး သောက်ဖို့ ပေးခဲ့သည့် အဖြစ် ကိုကျွန်မမေ့ချင်သည်။ မေ့ချင်ပါသည်။ နောက်တစ်ရက်နှစ်ရက်ကြာတော့ အဘွားကြီး ဆုံးသွားသည်။ ကျွန်မပေးခဲ့သည့် ဆေးကြောင့်များလား။
ဥပမာ ကျွန်မ မေ့ချင်သည်။ ဆေးမှားသောက်သော ကလေးတစ်ယောက်ကို ဆေးရုံတင်ခိုင်းသည့်အခါ ဆေးရုံသို့ မသွားနိုင်ပါ။ ဆရာမပဲ ကုပေးပါဟု လူနာရှင်တွေ ခေါင်းမာနေစဉ်က ကျွန်မ အတင်းအကြပ် မြင်းလှည်း သွားခေါ်ခိုင်းသော်လည်း အခြေအနေတွေ ရှုပ်ထွေးလျက် မြင်းလှည်းလည်း မရောက်လာ။ ဆေးသောက်တာက နေ့လည်ပိုင်း ကျွန်မကို သူတို့လာခေါ်တာက ညနေပိုင်း မှောင်ရီပျိုးစ။
“ရင်ထဲက ပူတယ်။ ကယ်ပါဦးဆရာမရဲ့”
လူနာကလေး၏ တုန်တုန်ရီရီကူကယ်ရာမဲ့ ငိုကြွေးသံ။
အဲသည်တုန်းက ဒီဝေဒနာကို ကျွန်မ ကုလို့မရဘူး။ ဆေးရုံသွားမှရမှာဟု ပြောခဲ့ပါ၏။ သို့သော်
“ဆေးရုံမှာ ပါးစပ်ထဲ ပိုက်ထည့်ပြီး အစာအိမ်ကို ဆေးပစ်ရမှာ။ ဒါမှ အထဲက ဆေးတွေ ထွက်ကုန်မှာ။ မရဘူး။ သွားကို သွားရ မယ်” ဟု ကျွန်မ ဆေးအိတ်ပြန်ကောက်ဆွဲပြီး ဇွတ်ထွက်လာခဲ့ဖို့ကောင်းသည်။ သူတို့ကို ကျွန်မ အတင်းအကြပ် မတိုက်တွန်းခဲ့မိလို့ ကိုယ့်မျက်စိ ရှေ့မှောက်မှာပင် ကလေး အသက်ဆုံးခဲ့ရတာ။ အဲဒါကို ကျွန်မ မေ့ချင်သည်။ လူတစ်ယောက်ရဲ့ကံကြမ္မာဟာ တော်တော် ကြောက်စရာကောင်းပါလား။ တကယ်လို့ အဲဒီကလေးဟာ ဆုံးဖြတ်ချက် မှန်ကန်သော မိဘဆီမှာ ဖွားမြင်ခဲ့လျှင်၊ ဆေးရုံ ဆိုတာကို မကြောက်လန့်ရသော အသိုင်းအ၀ိုင်းမှာ ဖွားမြင်ခဲ့လျှင်၊ ပြတ်သားသော ဆရာဝန်ဆီမှာ ဆေးကုသခံယူခွင့် ရခဲ့လျှင် . . ကျွန်မ အဲဒီ အဖြစ်တွေကို မေ့ချင်သည်။
သို့သော် ကျွန်မ မမေ့ခဲ့။ အဲသည်လို အဖြစ်တွေ အဖြစ်တွေ၊ မေ့ချင်တာတွေ အများကြီး။ ကျွန်မကိုယ်ကျွန်မလည်း သံသယ ဖြစ်နေရပြီ။ ကျွန်မသည် အကောင်းတွေထက် အဆိုးတွေကို ဘာဖြစ်လို့ သတိရနေတာလဲ။
ဥပမာ ကဗျာစာဆို နတ်သျှင်နောင်၏ ကဗျာတွေကို ကျွန်မဖတ်သည့်အခါ နတ်သျှင်နောင်၏ စကားလုံးအလှအပ အတွေး အခေါ် အယူအဆကိုပဲ လေးစားချီးကျူးပေါ့။ ဘာဖြစ်လို့ နတ်သျှင်နောင် အသေဆိုးဖြင့် သေဆုံးခဲ့ရတာကို သတိရနေလဲ။ အဲဒါ ပုံမှန် မဟုတ်ဘူး။ နတ်သျှင်နောင်၏ကဗျာကို ဖတ်သူတိုင်းကို မေးကြည့်စမ်းပါ။ ကဗျာကို ယစ်မူးရသည့်အချိန်မှာ နတ်သျှင်နောင်၏ အကြောင်းမလှသော မချိမဆန့် နိဂုံးကို ဘယ်သူများ သတိရနေလဲ။ ဟင့်အင်း ဘယ်သူမှ မရှိနိုင်။ ကျွန်မက အဲဒါတွေကို ဘာဖြစ်လို့ မမေ့တာလဲ။
ဂျပန်တို့က တရုတ်တွေအပေါ် ရက်စက်ခဲ့သည့် နန်ကင်းတိုက်ပွဲကို ကျွန်မနှင့် ဘာဆိုင်လို့ အခုထိ ရင်ထဲမှာ နာကျင်စွာ ခံစား ကြောက်ရွံ့နေရတာလဲ။ မေ့ပစ်လိုက်ပါလား။ ဂျပန်ဇာတ်ကားတွေ၊ ဂျပန်သီချင်းတွေကိုပဲ ခံစားပေါ့။ မဟုတ်ဘူး။ ကျွန်မက ဆိုးယုတ်မှု တွေကို မမေ့နိုင်။
သမိုင်းကိုလည်း မေ့ချင်သည်။ သင်ခဲ့ရသည် သမိုင်းက အသေးအဖွဲပါ။ ဖတ်ခဲ့ရသည့် ဖတ်နေသည့် သမိုင်းတွေက အကြီး အကျယ် ထိခိုက်မှုတွေ ရက်စက်မှုတွေ အဲဒါတွေကို မေ့ပစ်လိုက်ပါတော့လား။ ဘာဖြစ်လို့ ကျွန်မ သွားရမည့်အခန်းဟာ ခုနစ်ထပ် လား ရှစ်ထပ်လား ဆိုသည့်အချက်ကို မေ့ရတာလဲ။ ဟော အခုကိုပဲ ကျွန်မ ဆင်းရမည့်အထပ်က ဘယ်အထပ်မှန်းမသိတော့။ အချက်ပြမီးနီလေးက ခုနစ်ဂဏန်းမှာ။ ဒါဖြင့် ကျွန်မ နှိပ်ခဲ့တာ (၇)ဂဏန်းပေါ့။ ကျွန်မ သွားရမှာ (၇)ထပ်ပေါ့။ အခန်းနံပါတ် ဘယ်လောက်လဲ။ ကျွန်မ စာရွက်ကို ပြန်ကြည့်ရပြန်တယ်။ (၇၀၈) တော်ပါသေးရဲ့။ မှတ်စုမှတ်သားခြင်းဖြင့် ကျွန်မကိုယ်ကျွန်မ အခြေမပျက်အောင် ထိန်းနိုင်ပေလို့။
အခန်း(၇၀၈)မှာ မေ့လျော့ခြင်း သီအိုရီစာအုပ်ကို ယူရန်တဲ့။ တံခါးခေါက်တော့ လာဖွင့်သူက သူငယ်ချင်း။ နှစ်ပေါင်းများစွာက ခင်မင်ရင်းနှီးခဲ့သော သူငယ်ချင်း။ ဆရာဝန်အလုပ်ဖြင့် အလွန်အောင်မြင်ကျော်ကြားသူ၊ သူ့အမျိုးသားက အင်ဂျင်နီယာက ကန်ထရိုက်လုပ်ငန်းဖြင့် အောင်မြင်ကြီးပွားသူ။
“လာလာ မရွှေမိ။ ထိုင်ဦး”
ကျွန်မ ကြာရှည်မထိုင်နိုင်ပါ။ ကျွန်မ နှစ်နာရီ အရောက်ပြန်ရမည်။ သို့သော် ခဏတော့ထိုင်ပါမည်။ သူငယ်ချင်းကလည်း တကယ်တော့ ကျွန်မကို အေးအေးဆေးဆေး ဧည့်ခံနိုင်မှာမဟုတ်ပါ။ သူငယ်ချင်းတိုက်သော ဖျော်ရည်ကိုသောက်ပြီး ဧည့်ခန်းမှာ ဟိုဟိုသည်သည် စူးစမ်းကြည့်ဖြင့် ကြည့်ရင်း သူငယ်ချင်း၏သားသမီးများအကြောင်းကို နားထောင်ရင်း ဆယ့်ငါးမိနစ်လောက်တော့ အချိန်ယူလိုက်သည်။
သူ့မိသားစုအကြောင်း ကိုယ့်မိသားစုအကြောင်း ပြောရတာက အခက်အခဲမရှိ။ ကိုယ်ကလည်း ကိုယ့်အဖြစ်တွေကို ပြောပြနိုင် သည်။ ခက်ခဲရတာက သူမေးလာသည့် မေးခွန်းတစ်ခု “ဒီကပြီးရင် နင်ဘယ်သွားမှာလဲ” တဲ့။ အဲဒါကမှ အခက်အခဲ။ ကျွန်မ မမှတ်မိပါ။ မမှတ်မိတာကို သူငယ်ချင်းကို ပြောပြလျှင်လည်း ခဏခဏ တွေ့နေ့ကျမဟုတ်သော သူငယ်ချင်းက နားလည်နိုင်မှာမဟုတ်။ အထူး အဆန်းတွေဖြစ်နေမည်။ ဒီအခါ သူ့ကို ပြန်ရှင်းရမည်။ ဒါကြောင့် ပြောစရာစကားတစ်ခုခုကို အစားထိုးပြီး ပြောလိုက်သည်။
“ပန်းပင်လေးနှစ်ပင်လောက် သွားဝယ်မလို့”
“ဘာပန်းပင်လဲ”
“နွယ်သာကီ”
“နွယ်သာကီဆိုရင် ငါ့ညီမ ၀ယ်နေကျဆိုင်ရှိတယ်။ မင်္ဂလာဒုံ ဆယ်မိုင်နားမှာ။ ဒီကနေ သွားရင်”
ကဲ။ နားထောင်လိုက်ပါ။ ခဏကြာလျှင် အဲဒီနေရာဟာ ဘယ်နေရာလဲဟု ကျွန်မ မေ့တော့မှာကို သူငယ်ချင်း မရိပ်ပါစေနဲ့။
သူငယ်ချင်းက ဆိုင်နာမည်ကို လမ်းညွှန်သည်။ ဆိုင်တွင်းမှ အပင်များ၏ လှပပုံကို ရှင်းပြသည်။ ဆိုင်ရှင်၏ ပညာကို ချီးကျူး သည်။ ကျွန်မ ခေါင်းတညိတ်ညိတ်နှင့် နားထောင်နေခဲ့သည်။ နားထောင်ရင်းနှင့် တကယ်ပဲ အဲဒီကို သွားချင်စိတ်ပေါ်လာသည်။ နွယ်သာကီပန်းပင်ကို ပါးစပ်က ပြောလိုက်သော်လည်း တကယ် ကျွန်မ၀ယ်ချင်တာက နှင်းဆီပင်ဖြစ်နိုင်ပါသည်။ နှုတ်ဆက်ပြီး ပြန် ထွက်သည့်အခါ သူငယ်ချင်းဆီမှ စာအုပ်ယူဖို့ မေ့၏။ သူငယ်ချင်းက မေ့တတ်သူမဟုတ်။
“ဟဲ့ ရွှေမိ နင်လာတာ စာအုပ်ယူဖို့လေ”
“အော် အေးအေး ဟုတ်ပါ့ဟယ်။ အာရုံတွေများနေတာနဲ့ပဲ”
တကယ်တော့ အာရုံကို လွှဲမချသင့်ပါ။
“အာရုံနဲ့ မဆိုင်ဘူးလေဟာ။ ငါတို့အသက် (၄၀)ကျော်လာလို့ မှတ်ဥာဏ်ဆိုင်ရာ ဦးနှောက်ဆဲလ်တွေ ပျက်စီးကုန်ပြီကိုး”
သူ့ဆဲလ်တွေ ပျက်စီးပုံနှင့် ကျွန်မဆဲလ်တွေ ပျက်စီးပုံကတော့ တူနိုင်မည်မထင်ပါ။
ကျွန်မ အပြင်ထွက်တော့ သူငယ်ချင်းက အပြင်ကို ဇွတ်လိုက်သည်။ ဓာတ်လှေကားဆီ ဇွတ်ပို့သည်။ ထိုအခါ ကျွန်မသည် ဘယ်ကို သွားရမှာလဲဟု ရေးထားသည့် စာရွက်ကို သူ့ရှေ့မှာ ထုတ်မကြည့်ဖြစ်တော့ပေ။ ဓာတ်လှေကားအတွင်း ၀င်သည့်အခါကျမှ စာရွက်လေးကို ရှာရသည်။ သို့သော် စာရွက်က ကျွန်မ၏လက်ပွေ့အိတ်ထဲမှာ မတွေ့။ အထပ်ထပ်ရှာတော့လည်း မတွေ့။ ဘယ်များ ရောက်သွားပါလိမ့်။ သူငယ်ချင်းအိမ်မှာများ ကျကျန်ခဲ့လား။ မဖြစ်နိုင်။ သူငယ်ချင်းအိမ်မှာ စာရွက်ကို ထုတ်မှမကြည့်ဘဲ။ မကြည့်ဘူး မဟုတ်လား။ မသေချာပါ။ ကြည့်ဖြစ်ချင်လည်း ကြည့်ဖြစ်မည်။ ကျွန်မ အဲသည်လောက်ကို မမှတ်မိပါ။ ဓာတ်လှေကားထဲ ကျန်ခဲလျှင် တော့ အခု ကျွန်မ ရပ်နေသည့် ဓာတ်လှေကားကြမ်းပြင်မှာ တွေ့ရမှာပေါ့။ အခု မတွေ့ဘူးလေ။ ဒါဖြင့်
ကျွန်မ ဓာတ်လှေကား၏အောက်ဆုံးကို ရောက်လာသည်။ မြေညီထပ်တဲ့။ ဓာတ်လှေကားတံခါး ပွင့်သွားသောအခါ အပြင်မှာ အမျိုးသမီးငယ်တစ်ယောက် မတ်တပ်ရပ်စောင့်နေသည်ကို မြင်ရသည်။ ကျွန်မအထွက် သူက အ၀င်။ ကျွန်မ ထွက်လာပြီးတော့ စိတ် မကျေနပ်သဖြင့် ဓာတ်လှေကား အခန်းလေး၏ကြမ်းခင်းကို နောက်တစ်ကြိမ်လှည့်ကြည့်မိသည်။ စာရွက်အရိပ်အယောင်ဆိုလို့ စက္ကူ စုပ်လေးတစ်ခုမျှတောင် မတွေ့။
ကျွန်မ ဆက်လျှောက်လာခဲ့သည်။ ကျွန်မ ကားမောင်းလာသည်ကိုတော့ အလေ့အကျင့်အရ ဖြစ်နိုင်ချေအရ မှတ်မိသည်။ သို့သော် ကားကို ကျွန်မ ဘယ်မှာ ရပ်ထားသလဲ။ ကျွန်မ မမှတ်မိတော့ပါ။ ကျွန်မ ဘေးပတ်လည်က ကားရပ်စခန်းမှာ ရပ်ထားသည့် ကားတွေကို ကျွန်မ လိုက်ကြည့်သည်။ ကျွန်မ၏ ကားနံပါတ်ကိုတော့ နှစ်ကာလကြာမြင့်စွာ မောင်းလာခဲ့သော ကားဖြစ်လို့ မှတ်မိ သည်။ အရောင်ကိုလည်း မှတ်မိတာပေါ့။ သို့သော် ဘယ်မှာရပ်ခဲ့တာလဲ။
ကဲပါလေ။ ဒီနားတစ်ဝိုက်မှာပဲ ရှိမှာပေါ့။ ရှာရတာ ဘာများ ပင်ပန်းမှာလဲ။ ရှာပါ။
ဟိုသွား ဒီသွား အရှေ့လျှောက်လိုက် အနောက်လျှောက်လိုက် လုပ်နေသော ကျွန်မကို လုံခြုံရေးအစောင့်တွေက ကူညီချင်ပုံ ဖြင့် အနားရောက်လာသည်။
“ဘာကူညီရမလဲ” တဲ့။
ဟုတ်ပါရဲ့။ ကျွန်မ အကူအညီလိုနေတာတော့ အမှန်ပါပဲ။ ဘာအကူအညီပါလိမ့်။
ကျွန်မ ရုတ်တရက် မဖြေနိုင်။ စဉ်းစားနေရသည်။ ဒါကို သူတို့က မသင်္ကာဖြစ်ချင်ဟန်ရှိသည်။
“ဘာဖြစ်လို့လဲရှင်”
“အော် အစ်မက ဟိုဟိုဒီဒီလိုက်ရှာနေပုံပေါ်လို့ ကားများ ပျောက်နေသလားလို့”
အော် ဟုတ်ပါရဲ့။ ကျွန်မ ကားရှာနေခဲ့တာပဲ။
“ဟုတ်တယ်ရှင့် ကျွန်မကားကို ဘယ်မှာ ထားခဲ့မိမှန်း မသိဘူး”
“အစ်မလာတုန်းက ဒီကုန်းတက်အတိုင်း ခြေလျင်တက်လာတာ။ ကားကို ဒီမှာရပ်တာတော့ မဖြစ်နိုင်ဘူး။ အောက်ဘက်တစ်နေ ရာရာမှာဖြစ်မယ်ဗျ”
သူတို့ ကျွန်မကို ဒီနေရာမှာ မမြင်ရက်တော့တာလား။ သို့မဟုတ် မသင်္ကာတာလား။
“ကျေးဇူးပါနော်”
ကျွန်မထွက်လာခဲ့သည်။
ကုန်းဆင်းကားလမ်းကျဉ်းကျဉ်းမှာ ကျွန်မ ဘေးသို့ တတ်နိုင်သမျှ ကပ်ပြီးဆင်းလာသော်လည်း ကားတစ်စီးစာသာ နေရာမရှိ သဖြင့် ရှေ့မှ တက်လာသောကားက ကျွန်မကို မရှောင်သာ။ ကျွန်မက ဘေးသို့ကပ်ရပ် အုတ်တံတိုင်းနှင့် ကျောကိုကပ် ကိုယ်ကိုပြား နိုင်သမျှ ပြားနေအောင် ကပ်ရပ်ပေးလိုက်တော့မှ ကားက ရှေ့ဆက်တက်လာသည်။ ကားမောင်းသူ လူငယ်က ကျွန်မကို ဂြိုဟ်ကြည့် ကြည့်သွားသည်။
ကျွန်မတို့ တစ်ဦးနှင့်တစ်ဦး အခုလို မကျေနပ်စိတ်တွေ မသင်္ကာစိတ်တွေနှင့်နေရသော လူ့အသိုင်းအ၀ိုင်းမှာ မကျဉ်းကြပ် လွန်းဘူးလား။ ဒါကြောင့် ရှေးရှေးတုန်းက လူတွေက လူဦးရေ တစ်ရာ တစ်ရာ့ငါးဆယ်လောက်ပဲ အသိုင်းအ၀ိုင်းလုပ်ကြတာ။ ခပ်ကျဉ်းကျဉ်းလေးပေါ့။ အကျယ်ပြန့်ကြီးမဟုတ်တော့ ကိုယ်လည်း သူသိ။ သူလည်း ကိုယ်သိ။
လူ့အဖွဲ့အစည်းမှာ လူတစ်ဦးချင်း အပြန်အလှန် အဝေတည့်နေမည့် လူဦးရေက (၁၅၀)ပဲ။ ဒီ့ထက်မပိုဘူးဟု ဖတ်ဖူးပါသည်။ လူ(၁၅၀)ကျော်လာပြီဆိုတာနဲ့ အဲဒီလူဦးရေဟာ အစုလေးတွေ သေးသေးလေးတွေ ထပ်ကွဲသွားပါတော့တယ်တဲ့။ ရှေးဟောင်း ကျောက်ဂူခေတ်က လူသားအုပ်စုတွေကို ကြည့်ရင်လည်း ကိုယ့်မျိုးဆက်ကနေ ပေါက်ပွားပြီး စုစည်းနေထိုင်ခဲ့ကြတာ နောက် မျိုးဆက် တစ်ခုပြီးတစ်ခု (၄)ဆက်မြောက်အထိ လူဦးရေ (၁၅၀)ပတ်ဝန်းကျင်လောက်ပဲဟု ဆိုသည်။ တစ်နည်းပြောရလျှင် လူဦးရေ (၁၅၀)ဆိုတာ ကိုယ့်အသိုင်းအ၀ိုင်းအတွက် ခိုင်ရန်ဒေါသမရှိ၊ မကျေနပ်မှုမရှိ။ အေးအေးချမ်းချမ်းနေလို့ရမဲ့ လူဦးရေ အရေအတွက်ပဲ။ ဒါကြောင့် ပထမကမ္ဘာစစ်မှာ မဟာမိတ်တွေရဲ့ တပ်မှာ လူ(၁၅၀)ထက် မပိုဘူးတဲ့။ လူတစ်ယောက်မှာ ကိုယ့်မိတ်ဆွေတွေရဲ့ လိပ်စာ နဲ့ ဖုန်းနံပါတ်တွေ သိမ်းဆည်းရေးမှတ်တဲ့စာအုပ်ဆိုရင် အဲဒီထဲမှာပါတဲ့ လူဦးရေက (၁၅၀)လောက်ပဲတဲ့။ အင်းဒါတော့ နည်းနည်းများ သွားပြီထင်၏။ ကျွန်မမှာတော့ လိပ်စာကဒ် (၁၅၀)စာ မိတ်ဆွေမရှိပါ။ ကျွန်မမိတ်ဆွေက လွန်ရောကျွံရော (၅၀)ပေါ့။ ကိုယ်နဲ့အတူ တစ်ဆိုင်တည်းမှာ ဘီယာ လက်ဘက်ရည်အတူ ရောက်လာသောက်ရင် စိတ်ကသိကအောင့်မဖြစ်ဘဲ ခံနိုင်တယ်ဆိုသည့် လူအရေ အတွက်က (၁၅၀)လောက်ပဲတဲ့။ အော် ဘယ်လိုများ သုတေသနလုပ်ပြီး ရှာထားပါလိမ့်။ စိတ်ဝင်စားစရာတော့ ကောင်းပါသည်။ ဒါဆိုလည်း (၁၅၀)စီပဲ အသိုင်းအ၀ိုင်း သေးသေးလေးတွေနဲ့ နေကြရင် မကောင်းဘူးလား။ ဒါဆို အာဏာဆိုတာကို လုစရာလိုဦးမှာ လား။ သူများအကျိုး စီးပွားပျက်အောင် ဖန်တီးဖို့ လိုဦးမှာလား။
နေပါဦး ဒါတွေကျတော့ ကျွန်မ ဖတ်တာတွေ မှတ်တာတွေ မှတ်မိနေပြီး အခု ကျွန်မ ကားရပ်ရာနေရာကိုကျတော့ ဘာဖြစ်လို့ မမှတ်မိရတာလဲ။ ကျွန်မ တစ်ခုခုတော့ မှားနေပြီ။
ပျော်စရာတွေကို သတိမရဘဲ ဆိုးရွားမှုတွေ စိတ်ညစ်စရာတွေ ကြောက်လန့်စရာတွေကိုချည်း သတိရနေတာ အဲဒါလည်း ကျွန်မ တစ်ခုခုတော့ မှားနေပြီ။
ကျွန်မကို တစ်ယောက်ယောက်က အကူအညီပေးနိုင်မလား။ အဲဒီပုဂိုလ်ဟာ ဘယ်လိုလူမျိုးဖြစ်နိုင်မလဲ။ သိပံပညာရှင်ဖြစ်မ လား။ ဦးနှောက်နှင့် အာရုံကြော အထူးကုဆရာဝန်ဖြစ်မလား။ စိတ်ကျန်းမာရေး ဆရာဝန်ဖြစ်မလား။
လောလောဆယ်တော့ ကျွန်မ အိမ်ပြန်ဖို့ ကားကို ရှာနေတုန်းဖြစ်ပါသည်။
ဂျူး

Wednesday, 4 May 2011

ရုပ်ပုံလွှာ

ပာသောကောင်းကင်…အနောက်ဘက် စိမ်းစိမ်းညိုသော၊တောရိပ်တောင်ရိပ်တွေ အပေါ်၌သာ ရွှေနားကွပ်ထားသော တိမ်တိုက်အဖြူတွေ စွန်းကွက်၍နေလေသည်။ အကြောင်းမှာ နေသည် ၀င်တော့အံ့ဆဲဆဲ ဖြစ်နေလေသည်။
          ဘကြည်သည်၊ နောက်မှီမပါသော ကြိမ်ခွေးခြေကလေးပေါ်တွင်ထိုင်ကာ၊ ဆွဲလက်စရှိနေသော ပန်းချီကားကို အမွှန်းတင်နေလေသည်။ ထိုနေရာသည်၊ မြေညီသော တောင်ကမူ အစွန်းကလေး ဖြစ်လေသည်။ သူသည် ပုံသဏ္ဍာန်သပ်ယပ်မှုထက်၊ ဆေးရောင် အတွဲအစပ်ကို ဂရုစိုက်သူ ဖြစ်၏။ သူသည် ဘယ်ဘက်လက်တွင် ကိုင်ထားသော ဆေးခွက်ပျဉ်မှ ဆေးများကို စပ်၍ စုတ်တံနှင့် ခဏခဏတို့ကာ၊ သူလိုချင်သော အရောင်ကို ဖျော်နေသည်။ သူ့ရှေ့တွင်ကား၊ ဘိန်းပိတ်နေသော ကောင်းကင် အပြာကို၊ အစွန်းကွက်စေသည့် ထင်းရူးပင် နှစ်ပင်သည် အလင်းရောင် လျော့စပြုဆဲတွင်၊ အစိမ်းရင့် ဆေး တိုက်ပုံအသွင်ကို ဆောင်နေကြလေသည်။ အနောက် ကောင်းကင်ကို နောက်ကျောခံထားသဖြင့်၊ ထင်းရူးပင်နှစ်ပင်၏ အရိပ်ရှည်များသည်၊ သူ့ကိုယ်ပေါ်သို့ပင် တ၀က်ကျရောက်နေ၏။
          သူ လိုချင်သော ကားမှာ၊ ကောင်းကင်အပြာတွင်၊ ထင်းရူးနှစ်ပင်၏ အခက်အရွက်တွေကြားထဲမှ နေ၀င်နေသော ပုံကားဖြစ်လေသည်။ ကောင်းကင် အပြာ ထင်းရူးပင် နှစ်ပင်အရိပ်ရှည်များမှာ အကုန် အကြမ်းဆွဲပြီး ဖြစ်၏။ ၀င်လုဆဲဆဲ နေရောင်မှ၊ တိမ်တိုက်အဖြူပေါ်သို့ ပြန်၍ဟပ်သော အရောင်အတွဲအစပ်မှာ၊ အသွေးကျကျ သူ့အလိုအတိုင်း မလာသေးသဖြင့်၊ အချိန်ကို စောင့်နေခြင်းဖြစ်လေ၏။ သူသည် အချိန်အားသဖြင့် ပြီးခဲ့သော အပိုင်းများကို ထပ်၍ မှုန်းနေပြန်လေသည်။
          ပြကတေ့ တည်ငြိမ်မှုတွင်၊ တသွင်သွင် ဝေ့လာသော လေနုအေးသည်၊ ထင်းရူးပင်မှ အရွက်အခက်များကို တိုးဝှေ့လေရာ၊ ချိုသာသော ဂီတသံတမျိုးကို ဖြစ်စေလျက်၊ ထိုဂီတသံ အလှအပသည်၊ သူ၏ အနုပညာတွင်းသို့ တစိမ့်စိမ့်ဝင်၍ နေလေသည်။
          ထိုအခိုက် နေသည် ပါးလွှာသော၊ တိမ်တိုက်အောက်သို့ ရောက်နေသဖြင့်၊ ရွှေနားကွပ်ထားသော တိမ်တိုက်အဖြူများသည်၊ ပြန်၍ ဟပ်သော အရောင်ကြောင့်၊ ငွေသွေး တောက်၍ လာ၏။
          သူသည်၊ အရောင်မပြောင်းမီ၊ အသားကျလှသော ရွှေရောင်နှင့် ငွေရောင် အတွဲအစပ်ကို ဆေးရအောင်ဖျော်ကာ၊ ခပ်သုတ်သုတ် ရေးဆွဲနေလေသည် (။) အလင်းမှေး၍ လာလေပြီ၊ ကောင်းကင် အပြာနုလည်း၊ အပြာရင့်ဖြစ်၍ လာလေပြီ။ သူကား၊ စုတ်တံနှင့် ဆေးကို ခဏခဏ တို့၍ ရေးဆွဲနေဆဲ…
          သူ့နောက်မှ- ခစ်ခနဲ ရယ်သံတသံသည်၊ သူ၏ငြိမ်သက်နေသော ပညာအာရုံကို၊ အနှောက်အယှက်ပြုလေ၏။
          သူသည် လန့်သွား၏။ သူသည်နောက်သို့ လှည့်ကြည့်၏။ သူသည် ဒေါသထွက်၏။ သူ၏ မျက်နှာသည်၊ တင်းမာလာ၏။ သူ့နောက်တွင် (၁၈) နှစ်ခန့် မိန်းမပျိုကလေးတစ်ယောက် ရပ်နေသည်ကို တွေ့ရလေသည်။
          ‘ဒီလို မျက်နှာထားကြီးနဲ့ မကြည့်ပါနဲ့ ရှင်… လာကြည့်ဒါ မကြိုက်ရင် ပြန်ပါ့မယ်’
          “ခဏ နေအုံး-”
          သူသည်၊ စကားလေးလုံးရှိသော ၀ါကျကို ခပ်ပြတ်ပြတ်ပြောကာ၊ ပန်းချီကားဘက်သို့ မျက်နှာမူ၍ ရေးဆွဲမြဲတိုင်း ရေးဆွဲနေလေသည်(။) မိန်းမပျိုကလေးကား ရပ်၍ ဘကြည် အပြုအမူကို ကြည့်နေ၏။ လေသည် အေးစပြုလာလေပြီ၊ အမှောင်သည် တိုး၍ လာလေပြီ၊ အတော်ကလေး ကြာသွားသော်လည်း၊ ဘကြည်ကားဆွဲတုံး၊ မိန်းမပျိုကလေးကား၊ စောင့်ရသည်မှာ၊ ပျင်းသဖြင့်၊ ချောင်းတချက် ဟန့်လိုက်လေ၏။
          အတန်ကြာမှ၊ ဘကြည်သည်၊ စုတ်တံနှင့် ဆေးခွက်ပျဉ်ကို ဘေးတွင်ချကာ၊ မိန်းမပျိုဘက်သို့ လှည့်လိုက်၏။
          “အခုမှ- ပြီးသွားတယ်”
          “ကျွန်မ- ရှင့်ကို နှောက်ယှက်ထာ မဟုတ်ဘူး။ လမ်းလျှောက်ထွက်လာရင်းနဲ့၊ ဒီကို ရောက်လာဒါ။ ဒီနားရောက်တော့- ရှင်ပန်းချီဆွဲနေဒါ တွေ့ရဒါနဲ့ ကြည့်ကောင်းကောင်းရှိလို့ ကြည့်နေဒါ။ ကျွန်မရှင့်နောက်က ရပ်ကြည့်နေဒါ အတော်ကြာပြီရှင့်။ ဒါတောင် ရှင်က ပုံထဲမှာသာ စိတ်ဝင်စားနေလို့ မသိတာ။ နောက်လှည့်ပြီး မျက်နှာထားကြီးနဲ့ ကြည့်လိုက်တော့- လန့်သွားဒါဘဲ”
          အပျိုကလေးကား၊ သွက်သွက်လက်လက်ပြန်ပြောနေ၏။ အပြောအဆိုရဲတင်း၏။ သူမသည်၊ အရပ်မြင့်မြင့်၊ ဖွာရရွှာကြဲ၍ ကော့တက်နေသော ဆံယဉ်တွန့်ရရွှန့် ဆံထုံးနောက်တွဲ, ပါး၍တိုသော အင်္ကျီ, အစိမ်းသွေးမန္တလေး ပိုးထမီ, သဲကြိုးအဖြူ ပိန်းတန်းဘိနပ်နှင့် ခေတ်ဆန်သော အသွင်ကို ဆောင်နေ၏။
ဘကြည်သည်၊ အပျိုမကလေး၏ ဟန်ပန်ကို အကဲခတ်ဆဲ- “အနှောက်အယှက် ပြုတယ်လို့ မထင်ပါဘူး။ ရွှေနဲ့ငွေနဲ့ တွဲစပ်ထားတဲ့ တိမ်တိုက် အရောင်ကို မမှောင်ခင် မှီအောင် ဆွဲနေရဒါမို့၊ မင်းနဲ့စကားမပြောအားဘဲ၊ ခပ်သုတ်သုတ်အလုပ်လုပ်နေရဒါပါ ”
          ဘကြည်သည်၊ ကောင်မလေးထက်၊ (၁၀) နှစ်ခန့်ကြီး၏။
          မိန်းမပျိုသည်၊ ပန်းချီကားကို ကြည့်နေရာမှ၊ “ ရှင်ဆွဲထားတဲ့ ထင်းရူးပင်ကလဲ၊ တကယ်နဲ့လဲ မတူဘူး၊ အရွက်တွေက သိပ်ပြီး စိမ်းနေတယ် ”  ဟု မှတ်ချက်ချ၏။ သူမသည်၊ ရိုးရိုးရှင်းရှင်းပြော၏။
          “အို.. ပြီးမှ- မပြီးသေးဘဲ ကွဲ့၊ ဒါက အကြမ်းပြေး အောက်တလိုင်းလောက်ဘဲ ရေးထားတာ၊ အိမ်ပြန်ရောက်မှ အချောမှုန်းရမှာ”
          သြော်…သြော်… မသိလို့နော်၊ စိတ်မဆိုးပါနဲ့။ ဒါထက်- ရှင်ဒီက မဟုတ်ပါဘူး၊ ဧည့်သည်နဲ့ တူတယ်” ဟု မိန်းမပျိုက ပြုံးကာမေး၏။
          “ ရန်ကုန်က ဆိုပါတော့- ရှမ်းပြည်ဘက်ဆီက၊ ရှုမျှော်ခင်းပုံ ကားတွေလိုချင်ဒါနဲ့၊ ဒီမေမြို့ကို ရောက်လာရဒါ၊ နွေဦးပေါက်ဆိုတော-့ သိပ်သာယာဒါဘဲ၊ မင်းကော ဘယ်မှာနေသလဲ”
          “ခင်- ဟိုနေရာ တောင်ကမူက အိမ်မှာ နေတယ် ”ဟု ခပ်လှမ်းလှမ်း ၂-ထပ် အိမ်တအိမ်ဆီသို့ လက်ညှိုးညွှန်လျက်- “ခင် ညနေတိုင်း တယောက်ထဲ လမ်းလျှောက်တယ်၊ ဒီကနေ့မှ၊ ထူးထူးကဲကဲ ဒီပေါ်တက်လာဒါ၊ ရှင်နဲ့ တွေ့ရဒါဘဲ။ ပန်းချီဆွဲရဒါများ ပျော်စရာ ကောင်းမှာဘဲနော်…။ ခင်-ဒီလို တစ်ယောက်ထဲ လွတ်လွတ်လပ်လပ် လမ်းလျှောက်ရဒါလို နေမှာပေါ့။
“အေး.. ပျော်စရာ ကောင်းတာပေါ့”
          ခင်သည်၊ သူ၏ စုတ်တံများ၊ ဆေးခွက် ပျဉ်ပြားများကို ကိုင်ကာကြည့်လျက်၊“ရှင်-ပန်းချီကားတွေ အများကြီးဆွဲဘူးမှာပေါ့နော်(၊) ရှင်- ရှင်နဲ့ ပြောရတာ မကောင်းပါဘူး ၊ နာမည် ဘယ်လိုခေါ်ပါလိမ့်” ဟု ပြုံး၍ မေး၏။
          “ဘကြည် လို့ ခေါ်တယ်။ စာအုပ်မျက်နှာဖုံးတွေ ဘာတွေလဲ ဆွဲတယ်၊မဂ္ဂဇင်းတွေထဲမှာလဲ အတော်ဘဲ ကျုပ်ကားတွေ ပါတာဘဲ”
          “သြော် …ဟုတ်လား၊ ခင်တစ်ခါမှ မမြင်ဘူးဘူးရှင့်၊ ခင်ဗမာစာအုပ်တွေ မဘတ်ပါဘူး ကောင်းမှာတော့- ကောင်းမှာပါဘဲ။ အခုဆွဲတဲ့ပုံလို၊ လှမှာပါဘဲ”
          ဘကြည်ကား၊ သူ့ပန်းချီကားတွေကို၊ တခါမှ မမြင်ဘူးဆိုသဖြင့်၊ အတော်အောင့်သွား၏။ သူသည် နာမည်ကျော် ပန်းချီဆရာ ဖြစ်၏။ သို့ရာတွင် -ခင်သည်၊ ကလေးပြော ပြော၏။နေ၀င်ဆဲ ညဥ့်ဦးသည် မွှေးနေ၏။ တသွင်သွင် ဝေ့လာသော လေနုအေးသည်၊ ပန်းရနံ့ဖြင့် ကြိုင်နေ၏။ဆောင်းကြွင်း နှင်းပန်းတွေ တဝေေ၀လွှမ်းစပြုလာ၏။
          “အတော်ကလေး မှောင်လာပြီနော်”
          မှန်သည် အတော်မှောင်လာပြီ၊ လေလည်း အေးစိမ့်စပြုလာပြီ၊ အရှေ့ရှိ ထင်းရူးပင် စီရရီများကို မှုံဝါးဝါးသာ မြင်လာရပြီ။
          “ကဲ.. ခင်ပြန်အုံးမယ်နော်၊အိမ်ကမြှော်လှရော့မယ်”
          “အေး…အေး ကျုပ်လဲ ဒီလိုညနေတိုင်း ပန်းချီကားလာဆွဲရမှာ၊ ဒီနေရာမှာ၊ တွေ့နိုင်အုံးမှာဘဲ”
          အပျိုမကလေးသည် သူနှင့်တဖြည်းဖြည်းဝေးသွား၏။ ဘကြည်သည်၊ ငေးနေရာမှ သတိရသလို “ဟေး..ဟေး..ဒီမှာ” လှမ်းအော်လိုက်၏။ ခင်သည် လမ်းလျှောက်ရာမှ၊ နောက်သို့လှည့်ကြည့်၏။ သူသည်-လက်ရပ်ခေါ်လိုက်လေသည်။ မိန်းမပျိုသည်၊ အပြေးကလေး လာ၏။
“မင်းနာမည် ဘယ့်နဲ့ ခေါ်သလဲ ကွဲ့၊ ကျုပ်မေးဘို့ရာ မေ့သွားတယ်”
          “မက်ဒယ်လင်းသွင်…တဲ့”

          အပျိုမကလေးသည်၊ သူ့နာမည်ကို ပြောပြီးလျှင်၊ အပြေးကလေးထွက်သွားလေသည်။
          သူသည်၊ ပုံသဏ္ဍာန်ရေးရေးမျှ ဝေးသွားသည့်တိုင်အောင်၊ ငေးမြှော်ကြည့်ရင်း ကျန်ရစ်ခဲ့လေသည်။
          
 (၂)

          နောက်တစ်နေ့ ညနေမှာလည်း၊ ခါတိုင်းကဲ့သို့ပင်၊ လှပ၍ နေသည်။
          လေနုအေးမှာ တနွဲ့နွဲ့ တိုက်ခတ်၍ နေသည်။ တိမ်တိုက်အဖြူတွေ၊ ကောင်းကင်တွင်၊ အပြာတွေ၊ တွဲစပ်၍ နေသည်။
          “ကိုဘကြည်ခေါ်ရမလား-၊ ဦးဘကြည်ခေါ်ရမလား မသိပါဘူး” ဟု မက်ဒယ်လင်းသွင်သည် စုတ်တံနှင့် ဆေးကိုတို့နေသော ပန်းချီဆရာကို ပြုံး၍နှုတ်ဆက်၏။
          “မင်းသဘောပေါ့ကွဲ့…..၊ ကျုပ်ဘယ်လိုပြောတတ်မလဲ”
          “ဦးဘကြည်လို့ ခေါ်လျှင်၊ လူကြီးကြီးကြီး ဖြစ်နေမှာ၊ ကိုဘကြည်လို့ဘဲ ခေါ်မယ်။ ဘယ်တုံးက ရောက်နေသလဲ”
          “သိပ်မကြာသေးပါဘူး…၊ တနာရီလောံဘဲ ရှိအုံးမယ်….”
          “အဟိ..ဟိ”
          မက်ဒယ်လင်းသွင်သည်၊ လက်ကိုင်ပုဝါ ပန်းနုရောင်ကလေးနှင့် ပိတ်ကာ ရီနေ၏။
          “ဘာရီဒါတုံးကွဲ့”
          “တနာရီများ- မကြာဘူးလားရှင့်”
          “ပန်းချီရေးတဲ့လူဆိုတာ၊ ဒီလောက်ကို ကြာတယ် မှတ်ထာ မဟုတ်ဘူး။ အချိန်က ကုန်မှန်းမသိ-ကုန်ကုန် သွားတယ်”
          “ကဲ.. ကဲ.. ပန်းချီကား-ဆွဲစမ်းပါအုံး ကြည့်ရအောင်၊ ခင်အခုမှဘဲ သေသေချာချာ အရုပ်ဆွဲတာ မြင်ဘူးတယ်”
          ဘကြည်သည်၊ ပိတ်အ၀တ်ပေါ်တွင်၊ ဆွဲလက်စကားကို၊ စုတ်တံနှင့် ဟိုခြစ်ဒီခြစ် လျှောက်ခြစ်၏။ ကောင်မလေးသည်၊ သူ့အနားတိုးကပ်၍ ကြည့်၏။ ပေါင်ဒါနံ့- ရေမွှေးနံ့များသည်၊ ပန်းချီဆရာအား ရီဝေစေ၏၊ သူ၏ နှလုံးသားများသည်၊ တဒိတ်ဒိတ်ခုန်လာ၏။ သူ၏ စိတ်ကား၊ ပန်းချီကားဆီသို့ စိတ်မရောက်၊ ကောင်မလေးကိုသာ တွေးနေ၏။
          “ပထမ အကြမ်းပြေးဆွဲပြီးမှ၊ လိုတဲ့ဆေးနဲ့ ထပ်ချယ်ရဒါနော်..”ဟု မက်ဒယ်လင်းသွင်သည်၊ ခေါင်းကလေးကိုငဲ့ကာ မေး၏။
          “အေးပေါ့ကွဲ့….”
          ဘကြည်သည်၊ သူမဘက်သို့ တဖက်လှဲ့ကာ၊ အဖြေပေးလေသည်။ သူသည်ရီဝေ၍ သွားလေသည်။ မက်ဒယ်လင်းသွင်မှာ၊ မတ်တပ်ရပ်၍၊ ဘကြည်မှာ၊ ထိုင်၍နေလေရာ၊ သွင်၏ ခေတ်ဆန်ဆန် ဆင်ယင်ထားသော ရင်သားပိုင်းနှင့် သူ၏မျက်နှာမှာ၊ တတန်းတည်းဖြစ်၍၊ တပေလောက်သာ ကွာလှမ်း၏။
          ဘကြည်သည်၊ စုတ်တံကို ကားချပ်ပေါ်တွင်သွားရာ၌၊ လိုရာသို့မရောက်၊ ချော်သည်က များသဖြင့်၊ ခဏခဏ ပြန်၍ ဆွဲရရာ၊ သူလိုချင်သော ကားမှာ ပုံပန်းမကျ၊ သူသည် သွင့်အကြောင်းကိုသာ တွေးနေ၏။ သူသည်ပုံပန်းလိုရာ မရောက်သော ပုံကားကို၊ ဆက်လက်မဆွဲချင်သဖြင့်၊ စကားစရှာနေ၏။
          “မင်း…ဗမာနာမည်က ဘယ်လိုခေါ်သလဲ”
          “တချို့ကလဲ အသွင်လို့ ခေါ်ကြတယ်။ ဒါပေမယ့်လို့လေ…၊ကျောင်းက ပေးတဲ့ မက်ဒယ်လင်းသွင် ဆိုဒါတော့ ကျမနာမည်ဘဲ၊ ဗမာနာမည်တော့ မပြောတတ်ဘူး” ဟု သွင်သည် လက်နှစ်ဘက်ကို ပတ္တာဆက်သလို ဆက်ရင်းဖြေ၏။
          “မင်း ...ဘယ်ကျောင်းကလဲ”
          “ရန်ကုန်- ကွန်ဗင့်က- ကျောင်းနေရတာ သိပ်ပျော်စရာ ကောင်းဒါဘဲ။ ကိုယ့်သူငယ်ချင်းတွေနဲ့၊ တပျော်တပါးကြီး၊ တစ်မျိုးဘဲလေ…၊ ခင်တော့- ကျောင်းကထွက်မှလေ ကျောင်းကိုလွမ်းတယ်။ ကျောင်းထွက်မှ အိမ်မှာနေရတာ၊ သိပ်ကို မပျော်လှပါဘူး”
          သွင်စကားပြောသည်မှာ၊ လက်ဟန်ခြေဟန်နှင့် အတော် ချစ်စရာကောင်း၏။ သူသည်ငေး၍ နားထောင်နေ၏။
          “ဘာငေးကြည့် နေရဒါလဲရှင့်” ဟု သွင်သည် ရှက်နေ၏။
          “မင်း…စကားပြောတာ၊ ကြည့်ကောင်းကောင်း ရှိလို့ပါ”
          တောင်ဘေးလမ်းမှ၊ မော်တော်ကားများ၊ ဝေါကနဲဝေါကနဲ ဖြတ်သွားကြ၏။
          “ကဲ.. ရှင့်ပန်းချီကား ဆွဲစမ်းပါအုံးလို့၊ အခုလဲ ဘာမှ မပြီးသေးဘူး၊ တော်တော်ကြာမှောင်သွားရင် မြင်ရမှာမဟုတ်ဘူး။ ဆွဲလေ- ဆွဲပါ။
          “ဒီနေ့ကို ဘာဖြစ်နေမှန်းမသိပါဘူးကွာ၊ စုတ်တွေက ချော်ချော်နေတယ်”
          သွင်သည် ပြုံး၏။
          “ဒါဖြင့်- ခင်နဲ့စကားပြောကြရအောင်”
          သူတို့သည် တွေ့ရာပြောကြ၏၊ ဘကြည်ကား၊ သွင်မေးသမျှကို ဖြေ၏။ သွင်ကလည်း၊ ဘကြည်မေးလျှင် ဖြေ၏။ သွင်သည်၊ ရဲတင်း သွက်လက်၏။ သူတို့သည်၊ ခင်မင် လာကြ၏။ လေသည်- အေးစပြုလာလေပြီ။ ကောင်းကင်သည်၊ မှောင်၍ လာလေပြီ။
          “တော်တော်တောင် မှောင်လာပြီ၊ ခင်လဲ ပြန်တော့မယ်။ မနက်ဖြန်တော့ ပုံတကား ပြီးအောင်ဆွဲဆရာ၊ ကဲ…သွားပြီ”
          ဘကြည်သည်၊ ငေး၍ ကျန်ရစ်ခဲ့လေသည်။
         

(၃)

          နောက်တစ်နေ့ ညနေခင်းများမှာလည်း၊ ခါတိုင်းကဲ့သို့ လှပ၍ နေလေသည်။ လေနုအေးသည်၊ တနွဲ့နွဲ့ တိုက်မြဲ တိုက်ခတ်၍ နေလေသည်။ ပန်းရနံ့များမှာလည်း၊ ကြိုင်လှိုင်မြဲ ကြိုင်လှိုင်၍ နေလေသည်။
          ဘကြည်သည်- မပြီးသေးသော ပုံကားကိုပိုက်၍၊ သွင်နှင့်ခွဲရလေသည်။
          “သူ့ပုံကားကလဲ- ခုထက်ထိ၊ ပြီးဘဲ မပြီးနိုင်ဘူး”
          “မပြီးဆို- မင်းနဲ့ချည်း စကားပြောလို့၊ မှောင်မှောင်သွားတာကိုး” ဟု ဘကြည်သည်၊ သွင်ကို မကြည့်ဘ၊ဲ စုတ်တံကို ဆေးနှင့်တို့ရင်း အဖြေပေး၏။
          “ကိုဘကြည်နဲ့ စကားပြောရတာ၊ ခင်သိပ်ပျော်တာဘဲ။ ကိုဘကြည်ကော…”
          သွင်သည်၊ သူ၏လက်မောင်းကို လှုပ်ခါမေးလိုက်လေသည်။
          “ကိုဘကြည်လဲလေ…..”
          ဘကြည်သည်၊ သွင်၏ခါးကို ဖက်ကာ၊ နမ်းရန် မျက်နှာကို ငုံ့လိုက်၏။ သွင်သည်၊ သူ၏ လည်ပင်းကို သိုင်းဖက်ကာ၊ ပါးကိုမော့လိုက်လေသည်။  သူတို့ နှစ်ဦး၏ ရင်သည်၊ တဒိတ်ဒိတ်ခုံနေကြ၏။ သူတို့သည်၊ စကားတခွန်းမျှ မပြောကြ၊ ထိုအခါမျိုး၌ အချစ်သက်သေသည်၊ မျက်လုံးတို့၌သာ တည်နေကြကုန်၏။
          သွင်သည်- ဘကြည်ကို ဖက်၍ထား၏။
          “ကိုဘကြည်- ခင့်ကို မပစ်ပါနဲ့နော်..၊ ခင် ကိုဘကြည်နဲ့နေရတာ သိပ်ပျော်တာဘဲ”
          “မင်းကို ကျုပ်သိပ်ချစ်တာ၊ ဘယ့်နဲ့ပစ်ရက်ပါ့မလဲ”
          သူတို့သည်၊ ပါးချင်းအပ်ထားပြန်လေသည်။ အလင်းရောင် လျော့လေပြီ။ ကောင်းကင် အပြာ တိမ်တိုက် အဖြူတို့၏ အနုသွေးမှာလည်း၊ အရင့်သွေးသို့ ပြောင်း၍ လာလေပြီ၊ ပတ်ဝန်းကျင်ရှိ တောတောင်တို့ကိုလည်း ၊ မှုံဝါးဝါးသာ မြင်လာရလေပြီ။
          “အခုလို မှောင်ပြန်တော့၊ ခင့်ကိုအိမ်က မဆိုဘူးလား”
          “ခင်ညနေတိုင်း လမ်းလျှောက်ထွက်လျှင်၊ ဒီလိုဘဲ- တခါတခါ မှောင်မှပြန်ဒါဘဲ၊ ဆိုလဲ ခင်ဂရုမစိုက်ဘူး၊ သူ့ကိုခင်သိပ်မုန်းတယ်၊ ခင်သူနဲ့နေရတာ- မပျော်ဘူး၊ သူ့ကိုယူတဲ့နေ့ကစပြီး ခင်မပျော်ဒါ”
          “ခင်…ခင့်မှာ ယောက်ျားနဲ့လား..”ဟု ဘကြည်သည် တုန်လှုပ်စွာမေး၏။
          “ခင့်ကို ကျောင်းကနှုတ်ပြီး သူ့ကိုယူရတယ်။ သူ့မှာ- အရေးပိုင်ဆိုတဲ့ နာမည်ဘဲရှိတယ်၊ ဒီပြင်ဘာတခုမှ အသုံးမ၀င်ဘူး၊ ခင်လေ ငယ်ပေမဲ့ စိတ်ညစ်ရတယ်။ ခင်သူနဲ့နေရတာ နဲနဲမှ မပျော်ဘူး”
          ဘကြည်သည်၊ ခင်ပြောသမျှကို၊ နားထောင်နေ၏။ ချစ်စရာ လှပသောမျက်နှာကို၊ ကြည့်နေ၏။ သွင်၏ အိညက်သောပခုံးကို၊ ဖက်ထား၏။ သို့ရာတွင်သူသည်၊ သွင်၏စကားကိုလည်းမကြား၊ သွင့်မျက်နှာကိုလည်းမမြင်၊ သူ၏ ဦးနှောက်အသိဥာဏ်ထဲတွင်ကား၊ “လင်နဲ့…လင်နဲ့” ဟူ၍သာ တတွတ်တွတ် မြည်နေ၏။ သူသည်၊ မှုံမှုံမှိုင်း၍ နေ၏။ တစ်ယောက်ကို တစ်ယောက် ရေးရေးမျှ မြင်ရတော့သည်အထိ၊ မှောင်လာသည်ကိုလည်း၊ သူသတိမထားမိ။
          “ကိုဘကြည်…တော်တော်မှောင်သွားပြီကွယ်၊ ခင်ပြန်အုံးမယ်နော်၊ မနက်ဖြန်ညနေ စောစောလာ ဆရာ”
          သွင်သည်၊ ဘကြည်၏ လည်ပင်းကို၊ သိုင်းဖက်ကာ ပါးကို မော့လိုက်၏။
 
 (၄)

          နောက်တနေ့ ညနေများမှာလည်း၊ ခါတိုင်းကဲ့သို့ပင် လှပ၍ နေသည်။ ခါတိုင်းကဲ့သို့ပင်၊ ထင်းရူးပင်မှ အခက်အရွက်များသည်၊ ဆော့နေကြ၏။
          “ကိုဘကြည် ..ပြန်လျှင် ခင့်ကိုခေါ်သွားပါနော်၊ ခင်သူ့ဆီမှာ မနေချင်ဘူးကွယ်၊ ခင်လေ ကိုဘကြည်နဲ့နေလျှင် ပျော်မှာဘဲ”
          ဘကြည်သည်၊ စကားကိုကြားတိုင်း၊ ရင်လေးမိ၏။ ညတိုင်း-ညတိုင်း စဉ်းစားသောအခါလည်း၊ သူသည်တုန်လှုပ်မိ၏။
          ယနေ့မူ၊ သူသည်-ကြည်လင်၍ နေ၏။
          “ဒါထက် ခင်ရေ.. ခင့်ပုံကို ကိုဘကြည်ပုံတူကူးဆွဲချင်တယ်၊ ဟောဒီ ကမူအစွန်းမှာ ရပ်နေစမ်းနော်..”
          သွင်သည် ၀မ်းသာ၍နေ၏။ ခင်သည်- ဖွာရရာကြဲ၍ တွန့်ရရွန့် ကော့တက်နေသော ဆံယဉ်ဆံနုကလေးများကို၊ လှအောင်ပြုပြင်၏၊ ထမီကိုပြင်ဝတ်၏။
          “ဘယ်လိုနေရမလဲ ဆရာ …ပြပေးအုံး”
          သူသည် အနေအထားကိုပြုပြင်ပေး၏။ သွင်ကား၊ သူ့ပုံကို ချစ်သူက၊ ကူးဆွဲမည်ဖြစ်၍ အထူးပျော်နေ၏။
          “အဲ…အဲ..ဟုတ်ပြီ၊လှတယ် ခင်ရေ… ခင်ကသိပ်လှတာဘဲ။ မလှုပ်နဲ့နော်၊ အောက်က နေပြီး၊ မော့မြင်တဲ့ဟန် ရေးရမှာ”
          သူသည် ကောင်းကင်အပြာကို နောက်ကျောခံလျက်၊ သူ့ကိုပြုံးကြည့်နေသော သွင်၏ပုံတူကို ပန်းချီကားကို ရေးဆွဲ၍ နေလေသည်။
          နောက်တစ်နေ့ညနေ၌လည်း၊ ခပ်စောစောလာ၍၊ သွင့်ပုံကို ဆွဲလက်စနှင့်ရေးဆွဲလေသည်။ ထိုအခိုက် သွင်ကလည်း “ကိုဘကြည်ခင့်ကိုပြန်လျှင် ခေါ်သွားနော်ဟု ပူဆာနေ၏။
          တတိယမြောက်သောနေ့၌၊ သွင်၏ပုံတူကားမှာ ပြီးလုသလောက်ရှိကာ၊ အချောအလှမှုန်းဘို့လောက်သာကျန်၏။
          “ကိုဘကြည်… ခင့်ပန်းချီကားလဲ ပြီးတော့မယ်ကွယ်၊ ကိုဘကြည် ခင့်ကို ခေါ်ပါတော့။ ခင်လိုက်ချင်လှပြီနော်” ဟု သွင်သည် ဘကြည်၏လက်ကို ဆုပ်ကာပြော၏။
          “ကိုဘကြည် ခင့်ကိုခေါ်မှာပေါ့ ဒီကားဘဲ ပြီးပါအုံး”
          “အမယ်လေး… ဟိုကျမှ ခင့်ပုံတွေ တရာဆွဲဆွဲ၊ တသောင်းဆွဲဆွဲ၊ ကူးဆွဲပါ၊ ခင်ဟောဒီက မောင်ဘုရား ကြိုက်သလို နေပြပါ့မယ်”    သွင်သည်သူ့ကို မျက်စောင်းထိုးလိုက်လေသည်။
          “ဒီကားကို မနက်ဖြန် အစသတ်မယ်၊ ခင်လေ ဟောဒီလို ကောင်းကင်အပြာကလေးကို နောက်ခံထားတာ သိပ်ကိုလှလွန်းလို့ပါ။ ညအိပ်ရာဝင်တိုင်း ဒီသဏ္ဍာန်ဘဲ မြင်နေတယ်။ ကဲ-ခင် မနက်ဖြန် ညနေစောစောလာနော်..ဘယ်တော့ ခင့်ခေါ်ပြီးသွားမယ်ဆိုတာပြောမယ်”      နောက်တစ်နေ့ညနေမှာလည်း၊ ခါတိုင်းကဲ့သို့ပင် လှပ၍နေ၏။ ခါတိုင်းကဲ့သို့ပင် လေနုအေးသည် တနွဲ့နွဲ့ တိုက်ခတ်နေ၏။ ပန်းရနံ့များဖြင့်၊ လှိုင်မွှေးနေ၏။ ခါတိုင်းကဲ့သို့ပင် ကောင်းကင်သည် ပြာနေ၏၊ တိမ်တိုက်အဖြူများသည် ရွှေနားကွပ်ထား၏။
          သွင်သည် ပျော်လှသဖြင့်၊ တေးတပုဒ်ကို တိုးတိုးဆိုကာ၊ ကမူပေါ်သို့တက်လာ၏၊ ထင်းရူးများသည်၊ နော့နေကြ၏။ သွင်သည် ပန်းချီဆရာကို မတွေ့သဖြင့်၊ လန့်သွား၏။ သွင်သည် နာမည်ကို အော်ခေါ်၏။ ထူးသံကား- မကြားရ ပတ်ဝန်းကျင်ကို အပြေးကလေးရှာ၏။ မတွေ့၊ အတော်ကလေးမောလာမှ၊ ခါတိုင်းပန်းချီဆွဲနေကျနေရာတိုင်၊ ကျောက်ခဲတလုံးနှင့် ဖိထားသော ဖြူဖြူစာရွက် အခေါက်ကို တွေ့ရ၏။ သွင်သည်၊ တုန်ရီသော လက်နှင့်စာကို ဖွင့်ဘတ်။
         
            အချစ်ဆုံးရေ…..
          “ခင့်ကို ယောက်ျားနဲ့မို့၊ မချစ်နိုင်ပေမဲ့၊ ခင့်ရဲ့ ချစ်စရာသဏ္ဍာန်ကို၊ ကျုပ်ရဲ့ပညာစိတ်ထဲမှာ အက္ခရာရေးပြီး၊ ခင့်ကိုသတိရတိုင်း တစိမ့်စိမ့်မြင်နိင်အောင်၊ ခင့်အလှအပကိုဘဲ ခေါ်ဆောင်သွားပါပြီ၊ နေရစ်ပေတော့ခင်ရေ…။ ကိုယ်တော့ ၀မ်းနဲပက်လက်နဲ့၊ ခင့်ကို ခွဲခွါသွားရပြီ…”
          ဘကြည်

          ကွန်ဗင့်၊ မယ်သီလရင်ကျောင်းထွက်  မက်ဒယ်လင်းသွင်သည်၊ စာဆုံးသွားသော်လည်း၊ ပန်းချီဆရာ၏ စာအဓိပ္ပာယ်ကို၊ လုံးစေ့ပတ်စေ့နားမလည်လိုက်။ “ယောက်ျားနဲ့မို့ မချစ်နိုင်၍ ခင့်ကိုခွဲခွါ သွားရပြီ” ဟူသော စကားလုံးကိုသာ နားလည်လိုက်၏။
          သွင်သည်၊ နောက်တခေါက်ထပ်ဘတ်ပြန်၏။ စာမဆုံးခင် မျက်လုံးအိမ်တွင်၊ မျက်ရည်ဖြင့် ရီဝေလာသဖြင့်၊ ဘာမှ မမြင်ရတော့…
          “ကိုဘကြည် ခင်မလိုက်ရတော့ဘူးနော်”
          သွင်သည် ရွှဲရွှဲစို၍နေသော စာကို ချေမွကာ၊ အဝေးသို့ပစ်လိုက်၏။ ဘကြည်၏ စာသည်၊ တောင်ကမူစွန်းမှ လိမ့်ကာ၊ အောက်သို့ ကျသွား၏။
          နောက် သွင်သည်၊ သည်းထန်စွာ ရှိုက်လိုက်လေသတည်း။


ရေးသူ-ဒဂုန်တာရာ

စနေ နဂါးနီ၊ တွဲ၂ မှတ် ၁၉၊ ၁၂ အောက်တိုဘာ ၁၉၄၀

Twitter Delicious Facebook Digg Stumbleupon Favorites More