gtalk

This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Showing posts with label အက်ဆေး. Show all posts
Showing posts with label အက်ဆေး. Show all posts

Wednesday, 13 July 2011

ရတနာကန်ကြီးရဲ့ အခန်းကလေးများ မောင်သာချို

အခန်းတွေကို ကျနော် စိတ်ဝင်စားပါသည်။ အထူသဖြင့် လူတယောက်ရဲ့ ဘဝအချိုးအကွေ့တခုအဖြစ် ခရီးတထောက်နားခိုမှေးစက်ခဲ့ရာ အခန်ကလေးတွေကိုဆိုရင် ကျနော်ပို၍ စိတ်ဝင်စားပါသည်။ အခန်းကလေးတွေတိုင်းမှာ ရာဇဝင်ကိုယ်စီနှင့်ရှိတတ်ကြသည် မဟုတ်လား။

ကျနော် မကြာခဏ သွားသွားပြီး ချောင်းကြည့်ခဲ့ဖူးသော အခန်းကလေးတခန်းမှာ ကံ့ကော်တောထဲက အခန်းကလေးဖြစ်ပါသည်။ တက္ကသိုလ်ကျောင်းသားဘဝ ရှည်လျားလှသော နှစ်ကာလတို့ကို ကျနော် ဖြတ်သန်းသွားနေရစဉ် ရန်ကုန်တက္ကသိုလ်ထဲက ပဲခူးဆောင်အပေါ်ထပ်သို့ မကြာခဏ ရောက်ပါသည်။ အဓိပတိလမ်းကြီး၏တဖက်သည် နေရာတဝိုက်၌ အမျိုးသားဆောင်တွေ ရှိပါသည်။ စစ်ကိုင်း၊ ပင်းယ၊ အင်းဝ၊ သထုံ၊ ပဲခူး စသည့် ကျောင်းဆောင်များ။

အဓိပတိလမ်းမကြီးဘက်သို့ မျက်နှာမူထားသော ပဲခူးဆောင်အပေါ်ဆုံးအထပ်က အခန်းနံပါတ် (၁၁၃) သည် ကျနော် မကြာခဏ သွားသွားချောင်းကြည့်မိသည့် အခန်းဖြစ်ပါသည်။ သော့ခလောက်ကလေးက ထာဝရချိတ်လို့၊ ကိုအောင်ဆန်းဆိုသည့် တက္ကသိုလ်ကျောင်းသားတယောက် တကိုယ်စာနေထိုင်သွားခဲ့သည့် အခန်းကလေး၊ သစ်သား တရုတ်ကပ်လေးကို အသာဆွဲဟကာ အထဲကိုချောင်းကြည့်လိုက်တော့ လူမနေသည့် အိမ်အိုကြီးတလုံးလို မှုန်မှိုင်း တိတ်ဆိတ်လို့။ လူတယောက် လဲလျောင်းရာ သစ်သားကုတင်ကလေးတလုံးက နံရံဘက်ဆီ အတင်းတိုးကပ်ကာ ဖုန်တွေအလူးလူးနဲ့။ စားပွဲကလေးရယ်၊ ကုလားထိုင်ကလေးတလုံးရယ်၊ သစ်သားကုတင်လေးအောက်က ခပ်မှောင်မှောင် အရိပ်အောက်မှာ သံသေတ္တာက လေးတုံးထင်ပါရဲ့။ နံရံတနေရာမှာ ယောက်ျားဆောင်း ဖဲထီးတလက်ကို ချိတ်လို့။ အကုန်လုံး ဖုန်တွေနဲ့ပါပဲ။ ဘယ်သူ့ကိုမှ နေထိုင်ခွင့်မပေးတော့ဘဲ ထာဝရသော့ပိတ်ခတ်ကာ အမှတ်တရ အမြတ်တနိုး ထိန်းသိမ်းထားခဲ့တဲ့ အခန်းကလေးပဲ မဟုတ်လား။

တပ်မတော်ရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်း၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၊ တိုင်းပြည်၏ အာဇာနည် ဗိုလ်ချုပ်အောင်ဆန်း၊ သည်လို ပုဂ္ဂိုလ်တယောက်ဟာ တခါက ဆယ်တန်း၊ ဟိုးအညာဒေသက နတ်မောက် မြို့ကလေးကနေ ဆယ်တန်းအောင်မြင်လေသောအခါ ပညာသင်ဖို့ သည်အင်းလျားကျောင်းဆောင် အပေါ်ဆုံးထပ် အခန်းနံပါတ် (၁၁၃) ထဲ သူ့အထုပ်အပိုးကလေးတွေပစ်ချ၍ ခရီးတထောက် နားခိုးသွားခဲ့ဖူးလေသတဲ့။ သည်အခန်းထဲမှာ သူ စာဖတ်ခဲ့၊ သည်အခန်းထဲမှာ ကျောင်းသားအရေးတွေကို သူဆောင်ရွက်ခဲ့၊ သည်အခန်းထဲမှာ မြန်မာ့လွတ်လပ်ရေးကို သူ အိပ်မက်ခဲ့။

အခန်း .... အခန်း
ပဲခူးဆောင် အပေါ်ထပ် နံပါတ် (၁၁၃) အခန်း။

(နှစ်)
မွန်ဘာသာအလိုအားဖြင့် ကမာဆိုသည့်က ရေကန်၊ ရွတ်ဆိုသည်က ရတနာဖြစ်ရာ၊ သည်ရတနာရေကန်ကြီး အင်းလျား၏ပတ်ဝန်းကျင်မှာ စိတ်ဝင်စားစရာ အခန်းကလေးတွေ အများအပြားရှိပါသည်။

နောင်အခါ ဆရာဇော်ဂျီ ဟု ထင်ရှားလာမည့် ဖျာပုံမြို့က မောင်သိန်းဟန် ဆိုသော ကျောင်းသားကလေး တယောက်ရဲ့ ပဲခူးဆောင်ထဲက အခန်းကလေး တခန်းထဲမှာ နားခိုသွားခဲ့ဖူးပါသည်။

နောင်အခါ ဆရာမင်းသုဝဏ်ဟု ထင်ရှားလာမည့် ကွမ်းခြံကုန်းမြို့မှာ မောင်ဝန်ဆိုသော ကျောင်းသားကလေး တယောက် ပဲခူးဆောင်ထဲက အခန်းကလေး တခန်းထဲမှာ မှေးစက်သွားခဲ့ဖူးပါသည်။

နောင်အခါ ဆရာ ဒဂုန်တာရာ ဟု ထင်ရှားလာမည့် ကျိုက်လတ်မြို့က မောင်ဌေးမြိုင် ဆိုသော ကျောင်းသား ကလေးတယာက် စကိုင်းဆောင်ထဲက အခန်းကလေးတခန်းထဲမှာ အရိပ်ခိုသွားခဲ့ဖူးပါသည်။

နောင်အခါ သိန်းဖေမြင့်ဖြစ်လာမည့် ဘုတလင်မြို့က မောင်သိန်းဖေ ဆိုသော ကျောင်းသားကလေးတယောက် ပင်းယဆောင်ထဲက အခန်းတခန်းထဲမှာ ခရီးတထောက် နားသွားခဲ့ဖူးပါသည်။

နောင်အခါ လူထုဒေါ်အမာဖြစ်လာမည့် မန္တလေးမြို့ မအမာတယောက် အင်းလျားဆောင်ထဲက အခန်းကလေးတခန်းထဲမှာ စတည်းချသွားခဲ့ဖူးပါသည်။

ကံ့ကော်တောကြီး၏ အတွင်းထဲသာမဟုတ် သည်ရတနာရေကန်ကြီးအပါးက လှည်းတန်း ကမာရွတ် ရပ်ကွက်ကလေးတွေထဲမှာလည်း အခန်းကလေးတွေ ... အခန်းကလေးတွေ။

(သုံး)
ထူးအိမ်သင်ဖြစ်လာမည့် လူငယ်တယောက်၊ ပန်းချီမုတ်သုံဖြစ်လာမည့် လူငယ်တယောက်၊ ခင်ဝမ်းဖြစ်လာမည့် လူငယ်တယောက်၊ ခင်မောင်တိုးဖြစ်လာမည့် လူငယ်တယောက်၊ ကိုနေဝင်းဖြစ်လာမည့် လူငယ်တယောက်၊ ဝင်းမင်းထွေးဖြစ်လာမည့် လူငယ်တယောက်၊ ထို့အပြင် မှိုနှင့် မျှစ်ကို နှုတ်မည့်လူငယ်၊ အိမ်တံစက်မြိတ်အောက်ကနေ ထွက်ခွာမည့်လူငယ်၊ ဉာဏ်ပညာနောက်ကို အငမ်းမရလျှောက်လိုက်နေသည့်လူငယ်၊ လူငယ်တွေ၊ လူငယ်တွေ သည်အင်းလျားကန်းတော်မဟာနှင့် သည်ကံ့ကော်တောအုပ်ကြီးတဝိုက် အခန်းကလေးတွေ အခန်းကလေးတွေထဲကနေ ထွက်ထွက်လာလိုက်ကြတာ။

ကုတင်ကလေးတလုံး၊ စားပွဲကုလားထိုင် ကလေးတစုံမျှနှင့် လူတယောက် လျောင်းသာရုံ၊ လှည့်သာရုံ အခန်းကလေးတွေမျှသာ ဖြစ်သော်လည်း နောင်သောအခါ လွမ်းစရာကောင်းသော သူတို့နားခိုသွားကြရာ အခန်းကလေးတွေဖြစ်နေသည့်အတွက် ရာဇဝင်ထဲက အခန်းကလေးတွေကို ကျနော်တို့ လှည့်လှည့်ကြည့်ကြည့်နေရသည် မဟုတ်ပါလား။      from moemaka



Sunday, 1 May 2011

ဥမ္မတ္တကတောင်ပံများ

သူကတော့ သူ့ကိုယ်သူ ပျံသန်းနေသော ငှက်တစ်ကောင်ဟု ထင်ယောင် ထင်မှား ထင်နေပေ လိမ့်မည်။ ကျွန်တော်တို့ကမူ သနားစရာ အတောင် ကျိုးနေသော ငှက်တစ်ကောင် ဟုသာ မြင်နေမိလေသည်။ ဘယ်လိုမှ ပျံသန်းနေသည်ဟု မထင်နိုင်။ ပျံသန်းနိုင်ရန် အနည်းဆုံး သန်မာသော အတောင်ပံ တစ်စုံတော့ ရှိရပေလိမ့်မည်။ ခုတော့ သူ့မှာ တောင်ပံလည်း မရှိ။ ပျံသန်းနိုင်သော အတတ်ပညာ လည်းမရှိ။ သည်သို့သော အခြေခံနှင့် မည်သို့ ပျံသန်းလေမည်လဲ။

သူကား . . .
ထောင်ပေါင်းများစွာသော သို့မဟုတ် သန်းပေါင်းများစွာသော သူတွေထဲက သာမန်တစ်ဦးသာ ဖြစ်သည်။ကျွန်တော်တို့ နေ့တဓူဝ တွေ့မြင်ရနိုင်သော ဘာမှ မထူးခြားသည့် သူတစ်ဦးသာ ဖြစ်သည်။ရပ်တည်ချက် မရှိ။ လောကအမြင် နတ္ထိ။ လှော်တက် အမျိုးမျိုးကို အရံသင့် ပြင်ဆင်ကာ ဘ၀ကို လှော်ခတ်ဖို့ ပင်ပန်းကြီးစွာ အားထုတ် နေရသူသာ ဖြစ်သည်။

ဂျေဖူးချစ်က ဟစ်တလာ့ ရှပ်နက် တပ်သားတွေကို သူတို့ ကိုယ်ပေါ်မှာ သွေးတစ်စက်မျှ မရှိ။ ဟင်းချိုရေကျဲသာ ရှိသည်ဟု နောက်ဆုံး ရေးခဲ့သော ကြိုးစင်ပေါ်က မှတ်တမ်းများတွင် ရေးသားခဲ့ဖူးသည်။ သူရော အဲသလိုမျိုးသာ ဖြစ်သည်။ အံ့သြဖို့တော့ အကောင်းသား။ ဟင်းချိုရေကျဲနှင့် သူအသက် ရှင်နိုင်တာကို ဖြစ်သည်။ တပ်နီတော်တွေ ဂျာမဏီ နယ်စပ်ကို ရောက်နေ ပြီလား။ သူတို့လေသံ ချက်ချင်း ပြောင်းသွားတော့သည်။ စားပြီးပလား ရာသီဥတုက အေးတယ်နော်။အာလာပ သလ္လာပတွေ ပြောလာပြီ။တပ်နီတော်တွေ ဘာလင် မြို့အနား ရောက်ပြီလား။ ခင်ဗျားတို့ သိပါတယ်။ ကျွန်တော်တို့က စိတ်ပါလှတယ် မဟုတ်ပါဘူး။အထက်က အမိန့် ဆိုတော့လည်း ဒါပေမယ့် ကျွန်တော် ခင်ဗျားတို့ကို ဘယ်လို ဆက်ဆံခဲ့တယ် ဆိုတာ ခင်ဗျားတို့ သိပါတယ်။ကျေရာကျေကြောင်း တောင်းပန်ချင်သည့် ပုံစံတွေ ဖြစ်လာသည်။

သူ့စီးပွားရေး အခြေအနေ အပေါ် မူတည်ပြီး အောက်ကျို့ ပျပ်ဝပ်ဖို့ ဘယ်သော အခါမှ ဦးလေးတတ်သူ မဟုတ်ပေ။သူ့မှာ မူရယ်လို့ မရှိ။မူရှိသည်ဆိုလျှင် အချိန်အခါ မရွေး ပုံသွင်းရနိုင်သည့်မူသာ ဖြစ်သည်။ သူ၏ မူဆိုတာကြီးကို သူ၏ အကျိုးစီးပွား အတက်အကျကသာ ပဲ့ကိုင်နိုင်စွမ်း ရှိလေသည်။ ရပ်တည်ချက် ဆိုတာ ကျတော့ကော။

ဟစ်တလာက မူဆိုလီနီ့ကို ပြောသော စကား တစ်ခွန်းက သူနှင့်ကွက်တိ ကျလေသည်။ မူဆိုလီနီ ရှိတဲ့အရပ်မှာ အောင်ပွဲရှိတာ မဟုတ်ဘူး။ အောင်ပွဲရှိတဲ့ အရပ်မှာ မူဆိုလီနီ ရှိတာ။ သူလည်း အဲသလိုမျိုးပါပဲ။ အောင်ပွဲရှိရာဘက်တွင် သူအမြဲတမ်း ရပ်တည်လေ့ ရှိသည်။ သို့သော် သူက ဟန်ဆောင်ကောင်းသည်။ သူ့ဝန်းကျင်က သူ့ကိုစာဖတ်သည် ဟု အထင်ရောက်အောင် နေထိုင်ပြုမူ တတ်သည်။ အမှန်တော့ သူစာဖတ်သည်က စာကို အမြတ်တနိုး ချစ်ခင်၍၊ စာကို မဖတ်ရ မနေနိုင်အောင် စာဖတ် ၀ါသနာ ကြီး၍ မဟုတ်ပေ။ စာဖတ်သည်ဟု လူအထင်အမြင် ကြီးစေရန် စာကို အပေါ်ယံ ရှပ်ဖတ်သူဖြစ်သည်။ ဧည့်ခန်းမှာ ထူပေ့ထဲ ပေ့ဆိုသော စာအုပ်ကြီးတွေကို အစီအရီ ခင်းကျင်း ပြသထားလေ့ ရှိသည်။ သို့သော် စာအုပ်ထဲက သင်ခန်းစာများ၊ အားကျအတု ယူသင့်သည်များ စိတ်နှလုံး ညွတ်ပျောင်း စေသောရသများ သူ့ရင်ထဲသို့ မရောက်။စာရေးဆရာများ၊ စာဖတ်သမားများနှင့် တွေ့ဆုံသော အခါ နောက်ဆုံးထုတ် စာအုပ်ကို သူဖတ်ပြီးပြီဟု ပြောနိုင်ရန် စာဖတ်သူသာ ဖြစ်သည်။စာဖတ်သမား အုပ်စုထဲ ၀င်ဆန့်ရုံ စာဖတ်သူ ဖြစ်သည်။ ဆရာဖေမြင့်ကတော့ စာပကာသန သမားဟု စာဖတ်သမားများ၏ မှတ်စုများ စာအုပ်တွင် ရေးခဲ့ဖူးသည်။

သူတို့ စာဖတ်ပုံကို အလဟဿအချိန် ဖြုန်းခြင်းဟု ဆရာဖေမြင့်က ဆက်ပြီး မှတ်ချက်ပြုသည်။ အကန်းနှင့် အမြုံတွင် သူတို့က အမြုံအမျိုးအစား ဖြစ်သတဲ့။ စာဖတ်ခြင်းကြောင့် သူတို့မှာ ဘာတစ်ခုမှ တိုးတက် မလာသလို ကျန်သူတွေ အပေါ်လည်း ဘာမှ အကျိုးမပြုသော သူများ။ ဟန်ရေးပြသူများသာ ဖြစ်ပါသတဲ့။ စာရေးဦးမယ် ပြောနေသည်မှာ နှစ် နှစ်ဆယ်ကျော်ပြီ။ ခုထိ စာတစ်ပုဒ်ဖြစ် မြောက်အောင် မရေးနိုင်သေး။ အမှန်တော့ သူ့ခေါင်းထဲမှာ ဘာတစ်ခုမှ ရှင်းရှင်းလင်း လင်းမရှိ။ ဝေေ၀၀ါးဝါး ရှုပ်ရှုပ်ထွေးထွေး ချည်းသာ။ ဤလို ဦးခေါင်းပိုင်ရှင်က မည်သို့ စာရေး၍ ရမည်နည်း။မိမိ ဘယ်ကို၏ သွားချင်သည်ဟု အတိအကျ မသိသူ၏ ခရီးသွား ဆောင်းပါးလိုမျိုး ဖြစ်နေသည်။ ဦးတည်ရာ မရှိ။ခြေဦးတည့်ရာ သွားနေသူသည် ရသမြောက် စာတစ်ပုဒ်ကို မည်သည့် လောကအမြင်နှင့်။ စာဖတ်သူ ရင်ထဲသို့ ရောက်အောင် ရေးနိုင်ပါမည်လဲ။ ဒါက သူ့ပြဿနာသာ ဖြစ်သည်။

အများနှင့် ဆိုင်သော ပြဿနာက စာဖတ်သမားတွေကြားထဲ အာဘောင်အာ ရင်းသန်သန် အရှက်မရှိ တလွဲ ပြောကြားချက်တွေ ဖြစ်သည်။ အများစုကြီးက သူ့ကို ကွယ်ရာမှာ ဒုတိယအိုင်ဗင်ဟု ခေါ်ဆိုလေ့ ရှိကြသည်။စာရေး ဆရာကြီးတော် စတွိုင်း၏ Ivan the Fool ၀တ္ထုကို ရည်ညွှန်းခြင်းပင် ဖြစ်သည်။ အမှန်တော့ သူသည် နေရာဌာန မသိသူ၊ ကိုယ့်နေရာ ကိုယ်မသိသူသာ ဖြစ်သည်။ မြတ်ဗုဒ္ဓက သူမိုက်အင်္ဂါနှင့် ပတ်သက်၍ ဖွင့်ဆိုရာတွင် အလွန်ပင် ရှင်းရှင်းလင်းလင်း ရှိလှသည်။

မြတ်ဗုဒ္ဓက မည်သို့ ဖွင့်ဆိုခဲ့ပါသနည်း။
ရဟန်းတို့ သူမိုက်တို့သည် ဤနှစ်မျိုးတည်း။ အဘယ်နှစ်မျိုးတို့နည်း ဟူမူ (၁) မိမိသို့ မကျရောက်သော တာဝန်ကို ဆောင်ရွက်သော သူသည်လည်းကောင်း၊ (၂) မိမိသို့ ကျရောက်သော တာဝန်ကို မဆောင်ရွက်သော သူသည်လည်းကောင်း ဤနှစ်မျိုးတို့တည်း။ ဗာလ၀ဂ်မှာ ဤသို့ ရှင်းရှင်းလင်းလင်း ဟောကြားခဲ့လေသည်။ သူကား ပထမ အမျိုးအစားဖြစ်သည်။ မိမိ ဆောင်ရွက်ရန် မဟုတ်သော မိမိ ဆောင်ရွက်ခွင့်လည်း မရှိသော၊အလုပ် တာဝန်ကို အတင်းအဓမ္မ ၀င်ရောက် ယူငင်တတ်သူ ဖြစ်သည်။ပြီးတော့ ဘာတစ်ခုမှ အောင်မြင် ထမြောက်အောင် စွမ်းဆောင်နိုင်သူလည်း မဟုတ်ပေ။ ရန်ကုန် စာအုပ်တိုက် ကြီးများက ပြောပြသော သူ၏ တစ်ဖက်စာမျက်နှာကား ရယ်ရွှင်ဖွယ် အတိပင်။ စာအုပ်တိုက်ကြီး များသို့ မကြာခဏ ၀င်ထွက်ရင်း စာအုပ် တိုက်ပိုင်ရှင်နှင့် ရင်းနှီးအောင် ပြုမူ ဆက်ဆံတတ်သည်။ ပြီးတော့ သူဝယ်ယူသော စာအုပ်မှာ အတင်း လက်မှတ်ထိုး ခိုင်းတတ်သည်။

အမှတ်တရပါ။ ဘာညာသာရကာနှင့် ဆိုတော့လည်း အားနာပါးနာ ထိုးပေးလိုက်ကြသည်။ ထုံးစံတော့ မဟုတ်။ မေတ္တာ လက်ဆောင်ပေးသည် မဟုတ်ပါပဲ။လက်မှတ် ထိုးပေးလိုက်ရတာမျိုး စာအုပ်တိုက်ရှင် ကကြုံဖူးမည် မထင်။ သို့သော် ဘာတတ်နိုင်မည်လဲ။ ၀ယ်သူ အမြဲမှန်သည် ဆိုသော ထုံးနှလုံး မူရတော့သည်။လက်ဖက်ရည်ဆိုင်မှာ ကြုံကြလျှင် ဘယ်တိုက်က ဘယ်သူ နှင့်ဘယ်လိုရင်းနှီး တာဟု အာပေါင်အာရင်းသန်သန် ပြောပြတော့သည်။ အမှန်တော့ သူ့ဘက်က သိနေခြင်းသာ ဖြစ်သည်။ တစ်ဘက်က သူ့ကို သိရှိခြင်းမဟုတ်။ သိရှိသည် ဆိုလျှင်လည်း ရောင်းသူနှင့် ၀ယ်သူ သိရှိခြင်းမျိုး သာဖြစ်သည်။ သူကား လေးစားလောက်သော စာရေးဆရာလည်း မဟုတ်။ စာပေ ပညာရှင်လည်း မဟုတ်။ စာအုပ်တိုက်ကြီးများ၏ စာအုပ် စီစဉ် ပေးသူလည်း မဟုတ်။ ယုတ်စွအဆုံး အကြံဥာဏ် ပေးနိုင်သူလည်း မဟုတ်။ မခက်ဘူးလား။ သူကား သွေးနားထင် ရောက်နေသော ဘ၀င်ခပ်မြင့်မြင့်စာ အနည်းငယ် ဖတ်သူသာ ဖြစ်သည်။ထို့ထက် မပိုပေ။

တစ်ခါက စာအုပ်တိုက်ကြီး တစ်ခု၏ ပိုင်ရှင်နှင့် သူစကား ပြောနေစဉ် ကျွန်တော်က သူ့ နောက်ဖက်မှာ ရှိသည်။သူက တရင်းတနှီးအမူ အရာနှင့် စကားပြောနေသော်လည်း စာအုပ် တိုက်ရှင်က ဇဝေဇ၀ါ။အလိုက်သင့် အလျားသင့် ပြန်ပြော နေရကြောင်း သူ့အမူအရာက သိသာ နေသည်။ သူထွက်သွားတော့မှ စာအုပ်တိုက် ရှင်က ကျွန်တော့်ကို ခပ်တိုးတိုး လှမ်းမေးသည်။ သူက ဘယ်သူလဲဗျ ဟူ၏။ သူ အဲသလို အမျိုးအစားပင်။ တစ်ဦးနှင့် တစ်ဦး တလေးတစား ချစ်ခင် ရင်းနှီးခြင်းမျိုး မဟုတ်ပေ။သူက တစ်ဖက် သတ်သိနေခြင်းမျိုးပင်။ နာမည်ထင်ရှားသော စာအုပ်တိုက်ပိုင်ရှင်များ၊ စာပေလောကသားတို့ နှင့်သူ သိသည် ဆိုတာမျိုး အထင်ခံချင်သည်။ ဒါက သူ၏ အကြီးမားဆုံး ရည်ရွယ်ချက်ပင်။

ထိုကြောင့် သူစာဖတ်သည်လားဟု တွေးချင်စရာပင်။သူကဘယ်အခါဖြစ်ဖြစ် နောက်ဆုံး ထုတ်စာအုပ်တွေ အကြောင်း အနည်းအကျဉ်း တော့ သိနေတတ်သည်။ သိအောင်လည်း အားထုတ်သည်။ သူက မဂ္ဂဇင်းဖတ်သူ မဟုတ်၍ မဂ္ဂဇင်းထဲ ပါပြီးနောက်မှ ပြန်ပြီး စုစည်းပုံနှိပ်သော အခါမှ သူဖတ်ဖူးခြင်း ဖြစ်သည်။ ထို့ကြောင့် တချို့ စာပေလက်ရာတွေ ဆိုလျှင် ကျွန်တော်တို့ထက် နှစ်နှစ်ဆယ်ခန့် နောက်ကျ ဖတ်ရတာ မျိုးလည်း ရှိသည်။ သူ့မှာတော့ တပွေ့ ပိုက်ပိုက် နှင့်။ဟန်ရေးပြခြင်း၌ နှစ်ရှည်လများ၊ အသား ကျသွားသောအခါ ဟန်ရေးပြခြင်းသည်ပင်လျှင် သူ့ကိုယ်ပိုင် အမူအရာ ဖြစ်သွားလေတော့သည်။ သူကား သူ့ကိုယ်သူ ပျံသန်းနေသည်ဟု ထင်နေလေသည်။ အမှန်တော့ သူသည် ပျံသန်း နေခြင်းမဟုတ်ပေ။ ထွက်ပြေး နေခြင်းသာဖြစ်သည်။ လူ့ဘောင်ဝန်းကျင်မှ သူဖတ်ခဲ့သောစာအုပ် တွေထဲက ပြီးတော့ သူ၏ ကိုယ်ခန္ဓာထဲက အဆုံးမဲ့ ပြေးနေသူသာ ဖြစ်သည်။

မောင်ခိုင်လတ်

Tuesday, 26 April 2011

ဥမ္မတ္တကတောင်ပံများ

သူကတော့ သူ့ကိုယ်သူ ပျံသန်းနေသော ငှက်တစ်ကောင်ဟု ထင်ယောင် ထင်မှား ထင်နေပေ လိမ့်မည်။ ကျွန်တော်တို့ကမူ သနားစရာ အတောင် ကျိုးနေသော ငှက်တစ်ကောင် ဟုသာ မြင်နေမိလေသည်။ ဘယ်လိုမှ ပျံသန်းနေသည်ဟု မထင်နိုင်။ ပျံသန်းနိုင်ရန် အနည်းဆုံး သန်မာသော အတောင်ပံ တစ်စုံတော့ ရှိရပေလိမ့်မည်။ ခုတော့ သူ့မှာ တောင်ပံလည်း မရှိ။ ပျံသန်းနိုင်သော အတတ်ပညာ လည်းမရှိ။ သည်သို့သော အခြေခံနှင့် မည်သို့ ပျံသန်းလေမည်လဲ။

သူကား . . .
ထောင်ပေါင်းများစွာသော သို့မဟုတ် သန်းပေါင်းများစွာသော သူတွေထဲက သာမန်တစ်ဦးသာ ဖြစ်သည်။ကျွန်တော်တို့ နေ့တဓူဝ တွေ့မြင်ရနိုင်သော ဘာမှ မထူးခြားသည့် သူတစ်ဦးသာ ဖြစ်သည်။ရပ်တည်ချက် မရှိ။ လောကအမြင် နတ္ထိ။ လှော်တက် အမျိုးမျိုးကို အရံသင့် ပြင်ဆင်ကာ ဘ၀ကို လှော်ခတ်ဖို့ ပင်ပန်းကြီးစွာ အားထုတ် နေရသူသာ ဖြစ်သည်။

ဂျေဖူးချစ်က ဟစ်တလာ့ ရှပ်နက် တပ်သားတွေကို သူတို့ ကိုယ်ပေါ်မှာ သွေးတစ်စက်မျှ မရှိ။ ဟင်းချိုရေကျဲသာ ရှိသည်ဟု နောက်ဆုံး ရေးခဲ့သော ကြိုးစင်ပေါ်က မှတ်တမ်းများတွင် ရေးသားခဲ့ဖူးသည်။ သူရော အဲသလိုမျိုးသာ ဖြစ်သည်။ အံ့သြဖို့တော့ အကောင်းသား။ ဟင်းချိုရေကျဲနှင့် သူအသက် ရှင်နိုင်တာကို ဖြစ်သည်။ တပ်နီတော်တွေ ဂျာမဏီ နယ်စပ်ကို ရောက်နေ ပြီလား။ သူတို့လေသံ ချက်ချင်း ပြောင်းသွားတော့သည်။ စားပြီးပလား ရာသီဥတုက အေးတယ်နော်။အာလာပ သလ္လာပတွေ ပြောလာပြီ။တပ်နီတော်တွေ ဘာလင် မြို့အနား ရောက်ပြီလား။ ခင်ဗျားတို့ သိပါတယ်။ ကျွန်တော်တို့က စိတ်ပါလှတယ် မဟုတ်ပါဘူး။အထက်က အမိန့် ဆိုတော့လည်း ဒါပေမယ့် ကျွန်တော် ခင်ဗျားတို့ကို ဘယ်လို ဆက်ဆံခဲ့တယ် ဆိုတာ ခင်ဗျားတို့ သိပါတယ်။ကျေရာကျေကြောင်း တောင်းပန်ချင်သည့် ပုံစံတွေ ဖြစ်လာသည်။

သူ့စီးပွားရေး အခြေအနေ အပေါ် မူတည်ပြီး အောက်ကျို့ ပျပ်ဝပ်ဖို့ ဘယ်သော အခါမှ ဦးလေးတတ်သူ မဟုတ်ပေ။သူ့မှာ မူရယ်လို့ မရှိ။မူရှိသည်ဆိုလျှင် အချိန်အခါ မရွေး ပုံသွင်းရနိုင်သည့်မူသာ ဖြစ်သည်။ သူ၏ မူဆိုတာကြီးကို သူ၏ အကျိုးစီးပွား အတက်အကျကသာ ပဲ့ကိုင်နိုင်စွမ်း ရှိလေသည်။ ရပ်တည်ချက် ဆိုတာ ကျတော့ကော။

ဟစ်တလာက မူဆိုလီနီ့ကို ပြောသော စကား တစ်ခွန်းက သူနှင့်ကွက်တိ ကျလေသည်။ မူဆိုလီနီ ရှိတဲ့အရပ်မှာ အောင်ပွဲရှိတာ မဟုတ်ဘူး။ အောင်ပွဲရှိတဲ့ အရပ်မှာ မူဆိုလီနီ ရှိတာ။ သူလည်း အဲသလိုမျိုးပါပဲ။ အောင်ပွဲရှိရာဘက်တွင် သူအမြဲတမ်း ရပ်တည်လေ့ ရှိသည်။ သို့သော် သူက ဟန်ဆောင်ကောင်းသည်။ သူ့ဝန်းကျင်က သူ့ကိုစာဖတ်သည် ဟု အထင်ရောက်အောင် နေထိုင်ပြုမူ တတ်သည်။ အမှန်တော့ သူစာဖတ်သည်က စာကို အမြတ်တနိုး ချစ်ခင်၍၊ စာကို မဖတ်ရ မနေနိုင်အောင် စာဖတ် ၀ါသနာ ကြီး၍ မဟုတ်ပေ။ စာဖတ်သည်ဟု လူအထင်အမြင် ကြီးစေရန် စာကို အပေါ်ယံ ရှပ်ဖတ်သူဖြစ်သည်။ ဧည့်ခန်းမှာ ထူပေ့ထဲ ပေ့ဆိုသော စာအုပ်ကြီးတွေကို အစီအရီ ခင်းကျင်း ပြသထားလေ့ ရှိသည်။ သို့သော် စာအုပ်ထဲက သင်ခန်းစာများ၊ အားကျအတု ယူသင့်သည်များ စိတ်နှလုံး ညွတ်ပျောင်း စေသောရသများ သူ့ရင်ထဲသို့ မရောက်။စာရေးဆရာများ၊ စာဖတ်သမားများနှင့် တွေ့ဆုံသော အခါ နောက်ဆုံးထုတ် စာအုပ်ကို သူဖတ်ပြီးပြီဟု ပြောနိုင်ရန် စာဖတ်သူသာ ဖြစ်သည်။စာဖတ်သမား အုပ်စုထဲ ၀င်ဆန့်ရုံ စာဖတ်သူ ဖြစ်သည်။ ဆရာဖေမြင့်ကတော့ စာပကာသန သမားဟု စာဖတ်သမားများ၏ မှတ်စုများ စာအုပ်တွင် ရေးခဲ့ဖူးသည်။

သူတို့ စာဖတ်ပုံကို အလဟဿအချိန် ဖြုန်းခြင်းဟု ဆရာဖေမြင့်က ဆက်ပြီး မှတ်ချက်ပြုသည်။ အကန်းနှင့် အမြုံတွင် သူတို့က အမြုံအမျိုးအစား ဖြစ်သတဲ့။ စာဖတ်ခြင်းကြောင့် သူတို့မှာ ဘာတစ်ခုမှ တိုးတက် မလာသလို ကျန်သူတွေ အပေါ်လည်း ဘာမှ အကျိုးမပြုသော သူများ။ ဟန်ရေးပြသူများသာ ဖြစ်ပါသတဲ့။ စာရေးဦးမယ် ပြောနေသည်မှာ နှစ် နှစ်ဆယ်ကျော်ပြီ။ ခုထိ စာတစ်ပုဒ်ဖြစ် မြောက်အောင် မရေးနိုင်သေး။ အမှန်တော့ သူ့ခေါင်းထဲမှာ ဘာတစ်ခုမှ ရှင်းရှင်းလင်း လင်းမရှိ။ ဝေေ၀၀ါးဝါး ရှုပ်ရှုပ်ထွေးထွေး ချည်းသာ။ ဤလို ဦးခေါင်းပိုင်ရှင်က မည်သို့ စာရေး၍ ရမည်နည်း။မိမိ ဘယ်ကို၏ သွားချင်သည်ဟု အတိအကျ မသိသူ၏ ခရီးသွား ဆောင်းပါးလိုမျိုး ဖြစ်နေသည်။ ဦးတည်ရာ မရှိ။ခြေဦးတည့်ရာ သွားနေသူသည် ရသမြောက် စာတစ်ပုဒ်ကို မည်သည့် လောကအမြင်နှင့်။ စာဖတ်သူ ရင်ထဲသို့ ရောက်အောင် ရေးနိုင်ပါမည်လဲ။ ဒါက သူ့ပြဿနာသာ ဖြစ်သည်။

အများနှင့် ဆိုင်သော ပြဿနာက စာဖတ်သမားတွေကြားထဲ အာဘောင်အာ ရင်းသန်သန် အရှက်မရှိ တလွဲ ပြောကြားချက်တွေ ဖြစ်သည်။ အများစုကြီးက သူ့ကို ကွယ်ရာမှာ ဒုတိယအိုင်ဗင်ဟု ခေါ်ဆိုလေ့ ရှိကြသည်။စာရေး ဆရာကြီးတော် စတွိုင်း၏ Ivan the Fool ၀တ္ထုကို ရည်ညွှန်းခြင်းပင် ဖြစ်သည်။ အမှန်တော့ သူသည် နေရာဌာန မသိသူ၊ ကိုယ့်နေရာ ကိုယ်မသိသူသာ ဖြစ်သည်။ မြတ်ဗုဒ္ဓက သူမိုက်အင်္ဂါနှင့် ပတ်သက်၍ ဖွင့်ဆိုရာတွင် အလွန်ပင် ရှင်းရှင်းလင်းလင်း ရှိလှသည်။

မြတ်ဗုဒ္ဓက မည်သို့ ဖွင့်ဆိုခဲ့ပါသနည်း။
ရဟန်းတို့ သူမိုက်တို့သည် ဤနှစ်မျိုးတည်း။ အဘယ်နှစ်မျိုးတို့နည်း ဟူမူ (၁) မိမိသို့ မကျရောက်သော တာဝန်ကို ဆောင်ရွက်သော သူသည်လည်းကောင်း၊ (၂) မိမိသို့ ကျရောက်သော တာဝန်ကို မဆောင်ရွက်သော သူသည်လည်းကောင်း ဤနှစ်မျိုးတို့တည်း။ ဗာလ၀ဂ်မှာ ဤသို့ ရှင်းရှင်းလင်းလင်း ဟောကြားခဲ့လေသည်။ သူကား ပထမ အမျိုးအစားဖြစ်သည်။ မိမိ ဆောင်ရွက်ရန် မဟုတ်သော မိမိ ဆောင်ရွက်ခွင့်လည်း မရှိသော၊အလုပ် တာဝန်ကို အတင်းအဓမ္မ ၀င်ရောက် ယူငင်တတ်သူ ဖြစ်သည်။ပြီးတော့ ဘာတစ်ခုမှ အောင်မြင် ထမြောက်အောင် စွမ်းဆောင်နိုင်သူလည်း မဟုတ်ပေ။ ရန်ကုန် စာအုပ်တိုက် ကြီးများက ပြောပြသော သူ၏ တစ်ဖက်စာမျက်နှာကား ရယ်ရွှင်ဖွယ် အတိပင်။ စာအုပ်တိုက်ကြီး များသို့ မကြာခဏ ၀င်ထွက်ရင်း စာအုပ် တိုက်ပိုင်ရှင်နှင့် ရင်းနှီးအောင် ပြုမူ ဆက်ဆံတတ်သည်။ ပြီးတော့ သူဝယ်ယူသော စာအုပ်မှာ အတင်း လက်မှတ်ထိုး ခိုင်းတတ်သည်။

အမှတ်တရပါ။ ဘာညာသာရကာနှင့် ဆိုတော့လည်း အားနာပါးနာ ထိုးပေးလိုက်ကြသည်။ ထုံးစံတော့ မဟုတ်။ မေတ္တာ လက်ဆောင်ပေးသည် မဟုတ်ပါပဲ။လက်မှတ် ထိုးပေးလိုက်ရတာမျိုး စာအုပ်တိုက်ရှင် ကကြုံဖူးမည် မထင်။ သို့သော် ဘာတတ်နိုင်မည်လဲ။ ၀ယ်သူ အမြဲမှန်သည် ဆိုသော ထုံးနှလုံး မူရတော့သည်။လက်ဖက်ရည်ဆိုင်မှာ ကြုံကြလျှင် ဘယ်တိုက်က ဘယ်သူ နှင့်ဘယ်လိုရင်းနှီး တာဟု အာပေါင်အာရင်းသန်သန် ပြောပြတော့သည်။ အမှန်တော့ သူ့ဘက်က သိနေခြင်းသာ ဖြစ်သည်။ တစ်ဘက်က သူ့ကို သိရှိခြင်းမဟုတ်။ သိရှိသည် ဆိုလျှင်လည်း ရောင်းသူနှင့် ၀ယ်သူ သိရှိခြင်းမျိုး သာဖြစ်သည်။ သူကား လေးစားလောက်သော စာရေးဆရာလည်း မဟုတ်။ စာပေ ပညာရှင်လည်း မဟုတ်။ စာအုပ်တိုက်ကြီးများ၏ စာအုပ် စီစဉ် ပေးသူလည်း မဟုတ်။ ယုတ်စွအဆုံး အကြံဥာဏ် ပေးနိုင်သူလည်း မဟုတ်။ မခက်ဘူးလား။ သူကား သွေးနားထင် ရောက်နေသော ဘ၀င်ခပ်မြင့်မြင့်စာ အနည်းငယ် ဖတ်သူသာ ဖြစ်သည်။ထို့ထက် မပိုပေ။

တစ်ခါက စာအုပ်တိုက်ကြီး တစ်ခု၏ ပိုင်ရှင်နှင့် သူစကား ပြောနေစဉ် ကျွန်တော်က သူ့ နောက်ဖက်မှာ ရှိသည်။သူက တရင်းတနှီးအမူ အရာနှင့် စကားပြောနေသော်လည်း စာအုပ် တိုက်ရှင်က ဇဝေဇ၀ါ။အလိုက်သင့် အလျားသင့် ပြန်ပြော နေရကြောင်း သူ့အမူအရာက သိသာ နေသည်။ သူထွက်သွားတော့မှ စာအုပ်တိုက် ရှင်က ကျွန်တော့်ကို ခပ်တိုးတိုး လှမ်းမေးသည်။ သူက ဘယ်သူလဲဗျ ဟူ၏။ သူ အဲသလို အမျိုးအစားပင်။ တစ်ဦးနှင့် တစ်ဦး တလေးတစား ချစ်ခင် ရင်းနှီးခြင်းမျိုး မဟုတ်ပေ။သူက တစ်ဖက် သတ်သိနေခြင်းမျိုးပင်။ နာမည်ထင်ရှားသော စာအုပ်တိုက်ပိုင်ရှင်များ၊ စာပေလောကသားတို့ နှင့်သူ သိသည် ဆိုတာမျိုး အထင်ခံချင်သည်။ ဒါက သူ၏ အကြီးမားဆုံး ရည်ရွယ်ချက်ပင်။

ထိုကြောင့် သူစာဖတ်သည်လားဟု တွေးချင်စရာပင်။သူကဘယ်အခါဖြစ်ဖြစ် နောက်ဆုံး ထုတ်စာအုပ်တွေ အကြောင်း အနည်းအကျဉ်း တော့ သိနေတတ်သည်။ သိအောင်လည်း အားထုတ်သည်။ သူက မဂ္ဂဇင်းဖတ်သူ မဟုတ်၍ မဂ္ဂဇင်းထဲ ပါပြီးနောက်မှ ပြန်ပြီး စုစည်းပုံနှိပ်သော အခါမှ သူဖတ်ဖူးခြင်း ဖြစ်သည်။ ထို့ကြောင့် တချို့ စာပေလက်ရာတွေ ဆိုလျှင် ကျွန်တော်တို့ထက် နှစ်နှစ်ဆယ်ခန့် နောက်ကျ ဖတ်ရတာ မျိုးလည်း ရှိသည်။ သူ့မှာတော့ တပွေ့ ပိုက်ပိုက် နှင့်။ဟန်ရေးပြခြင်း၌ နှစ်ရှည်လများ၊ အသား ကျသွားသောအခါ ဟန်ရေးပြခြင်းသည်ပင်လျှင် သူ့ကိုယ်ပိုင် အမူအရာ ဖြစ်သွားလေတော့သည်။ သူကား သူ့ကိုယ်သူ ပျံသန်းနေသည်ဟု ထင်နေလေသည်။ အမှန်တော့ သူသည် ပျံသန်း နေခြင်းမဟုတ်ပေ။ ထွက်ပြေး နေခြင်းသာဖြစ်သည်။ လူ့ဘောင်ဝန်းကျင်မှ သူဖတ်ခဲ့သောစာအုပ် တွေထဲက ပြီးတော့ သူ၏ ကိုယ်ခန္ဓာထဲက အဆုံးမဲ့ ပြေးနေသူသာ ဖြစ်သည်။

မောင်ခိုင်လတ်

Tuesday, 12 April 2011

ခွေးချော်လဲအိမ်

ကျွန်တော်သည် ကျွန်တော့် အိမ်ကလေးကို အလွန် မြတ်နိုးပါသည်။ Home Sweet Home ဆိုသည့် စကား ကိုယ့်အိမ် ကိုယ့်ရာဟာ အချိုမြိန်ဆုံး ဆိုတာ ကမ္ဘာသုံး စကားသုံးမို့ ထပ်ပြောရတာ အားနာပါသည်။
နော့ပေတည့် ယခုပြောမည့် ကျွန်တော် အိမ်အကြောင်းမှာ တစ်မျိုးတစ်မည် ရှုထောင့်မို့ ပြုံးချင့်စဖွယ် ဖြစ်ကောင်း ဖြစ်ပါလိမ့်မည်။ ကျွန်တော်သည် ကျွန်တော့် အိမ်အကြောင်း အက်ဆေး ၃ ပုဒ်လောက် ရေးဖူးပါသည်။ ပထမ အပုဒ်က ကျွန်တော့် အိမ်သည် စာရေးဆရာ အိမ်စစ်စစ် ဖြစ်ကြောင်း ဖြစ်ပါသည်။ ပြန်၍ နှူးရပါမူ ထိုအိမ်ဆောက်သော ကာလမှာ ၁၉၈၀ ဖြစ်သောကြောင့် ဆိုရှယ်လစ် ခေတ်ဖြစ်သဖြင့် လူသုံးကုန် ပစ္စည်းများ ပြည်သူ့ဆိုင်မှာ ၀ယ်ရပါသည်။

အပြင် မှောင်ခိုမှာက ၁၀ဆလောက် ဈေးကြီးသည်။ ကျွန်တော်ကလည်း သမီးဦး ကိုယ်ဝန်ရှိပြီ သိရသည်နှင့် အိမ်ကို အုတ်မြစ် စချသည်။နောင်မှ တဖြည်းဖြည်းချင်း ရောက်ရား ဟု သဘော ထားသည်။ တကယ်တော့ ထိုစဉ်က ကျွန်တော့်မှာ စာပေ(လုံး ချင်း)၊ ဂီတ၊ ရုပ်ရှင်တွင် အောင်မြင်ကျော် ကြားနေသူ ဖြစ်သော်လည်း “ကျားကြီး ခြေရာကြီး”ဆိုသလို ၀င်ငွေထွက်ငွေ မျှနေသည်။ စုစု ဆောင်းဆောင်းလည်း ၀ါသနာမပါ၊ ပါသော ၀ါသနာကလည်း မော်တော်ကား ဖြစ်သဖြင့် ရသမျှ ကားအသစ် ၀ယ်စီးပစ်မိသည်။ မချွင်းမချန် အပြစ် ဖို့ရပါမူ အရက်သေစာ အသောက် ကျူးတာလည်းပါသည်။

ဒါလေးများ ဟု မထင်ပါနှင့်။ တလောက ဇနီးသည် အေးဘုံ တွက်ပြမှ သောက်သက်ရှည်ခဲ့သော ကျွန်တော့် ယမကာဖိုးမှာ ထိုစဉ်က နောက်ဆုံးပေါ် ကား နှစ်စီးစာရှိသည်။ ဆိုကြပါစို့။ နော တဖြည်းဖြည်းချင်း ဆောက်ယူမည်။ အိမ် အုတ်မြစ် ချသည်။ ကံကောင်းချင်တော့ ထိုစဉ်က “စာပေ ဟောပြောပွဲ”များက လက်မ လည်အောင် ပြောခဲ့ရလေရာ ထုံးစံ အတိုင်း တိုက်ပုံ အင်္ကျီစ၊ ပုဆိုး၊ စက်ရုံ ထွက်ပစ္စည်း၊ ဒေသထွက် အစား အသောက် စသဖြင့် လက်ဆောင်ရပါ သည်။ ထိုတွင် ဌာနဆိုင်ရာ စက်ရုံများက လက်ဆောင် ပေးရာတွင် သူရို့စက်ရုံ ထွက်ပစ္စည်းများ အစိုးရ ဈေးဖြင့် ၀ယ်ယူခွင့် ပါမစ်များပါ လက်ဆောင်ပေး တတ်ပါသည်။ တိုက်တိုက် ဆိုင်ဆိုင်ပင် ဘိလပ်မြေစက်ရုံ၊ အိမ်မိုးကျောက်ပြား စက်ရုံ၊ ကော်ဇောစက်ရုံ၊ အုတ်စက်ရုံ၊ ပရိဘောဂ စက်ရုံ စသဖြင့် အိမ်ဆောက် ပစ္စည်း ထုတ်လုပ်သည့် စက်ရုံများမှာ ဟောပြောခွင့် ရခဲ့ပါသည်။

ထိုအခါ စောစောက ပြောသလို အစိုးရ ဈေးဖြင့် ၀ယ်ယူခွင့် ရတော့သည်။ အခြားစာရေး ဆရာများတော့ ထိုပါမစ်များ မည်သို့ အသုံးချသည် မသိ။ ကျွန်တော် အဖို့ရာ ကား အုတ်မြစ် ချရာက တမံ သလင်းခင်း၊ နံဘေးအုတ်စီ၊ ထုတ်ယောက်ဒိုင်း မြားတပ်၊ ကျောက်ပြားမိုး၊ စားပွဲကု လားထိုင်ပြင်ဆင်၊ ကော်ဇောခင်း စသည် ဖြင့် တဖြည်းဖြည်းချင်း အစိုးရဈေးဖြင့် အိမ်တစ်လုံး ဖြစ်သွားပါတော့သည်။ အပြင်ဈေးထက် ၁၀ ဆ သက်သာပါတော့သည်။ အလီလီရသမျှ ပစ္စည်းကို သုံးရသဖြင့် အိမ်ပုံစံတော့ ခေတ်မမီပေ။ သို့သော် အခန်းများကို ရသည့်ပစ္စည်း ပေါ်မီပြီး ဖွဲ့ရပြုရသဖြင့် နေလို့ထိုင် လို့ကောင်းသော အိမ်တစ်လုံးတော့ ဖြစ်သွားပါသည်။ ကျွန်တော့် ဗီဇကလည်း ရိုးရာမပျက် မော်ဒန် ဆန်သဖြင့် ကျွန်တော့်အိမ်မှာ အင်္ဂလိပ်ခေတ် အရာရှိ ဘန်ဂလိုနှင့် အလိုလို တူသွားပါသည်။ ဘာပဲဖြစ်ဖြစ် စာပေ ဟောပြောရာမှ ရသော ပစ္စည်းများဖြင့် ဆောက်သဖြင့် “စာရေး ဆရာအိမ်”ဟု ကျွန်တော့်ဘာသာ ခံတွင်းတွေ့ ပီတိဝေ့ပါသည်။

စကားမစပ် ကျေးဇူး ဆပ်ရပါမူ ကျွန်တော့် အိမ်အောက်ထပ်မှာ ကာရံထားသော အုတ်များမှာ ထိုစဉ်က သမိုင်း အုတ်စက်ရုံမှာ အမှု ထမ်းနေသော ပိန်ပိန် မည်းမည်း စာသရဲ၊ စက်ရုံစာပေပွဲများ အတွက် ရဲရဲဝံ့ဝံ့ တာဝန်ခံသူ လူငယ် တစ်ယောက်၏ ကျေးဇူးဖြစ်ပါသည်။ သူက ပါမစ်ပေးလို့ ကျွန်တော့်အိမ် အောက်ထပ် အုတ်ပတ်ကား ဖြစ်ရသည်။ အကောင်းစား စက်အုတ်များမို့ လှပ တင့်တယ်ပါသည်။ ထိုမည်းမည်း ပိန်ပိန် စာသူငယ်လေးကား ခုနှယ်ခါ အမျိုးသား စာပေဆု သာမက စာပေဆု မျိုးစုံရ ခေတ်ပေါ် ဂန္ထ၀င် စာရေးဆရာကြီး နေ၀င်းမြင့် ဖြစ်ပါသည်။

ထို့ကြောင့် ကျွန်တော့်မှာ အောက်ထပ်နေတိုင်း သူ့ သတိရ၏။ ဧည့်သည် ဧည့်ခံတိုင်း သူ့ကျေးဇူး အမှတ်ရ၏။ ကုန်ကုန် ပြောကြကြေး၊ အိမ်သာ တက်လျှင်ပင် သူ့ဆီ လှမ်း မေတ္တာပို့ရပါသည်။ ထို ကျွန်တော့် အိမ်ကလေးသည် ခုနှယ်ခါ ကျွန်တော်နှင့် သဏ္ဌာန် တူနေပေပြီ။ အိမ်ရှင်နှင့်အိမ် လိုက်ဖက်ညီပါ ပေသည်။ ကျွန်တော်က ယခု အချိန်ထိ အိုသော်လည်း ရုပ်ရှင် ရိုက်ရဆဲ၊ သီချင်း ဆိုနိုင်ဆဲ၊ စာရေး ပိုတောင်ကောင်းဆဲ။ ထို့နည်းတူ ကျွန်တော့်အိမ်သည် အိုမင်း လာသော်လည်း ပို၍ တင့်တယ်လာပါ သည်။ ရှေးဟောင်းဘန်ဂလိုပုံစံမို့ ဟောင်းလေကောင်းလေဆိုသလို ဖြစ် နေ၏။ တောဘုန်းကြီး ကျောင်းကဲ့သို့ ကျက်သရေ ရှိပြီး လူနေလို့ ကောင်းသော သဘော ဆောင်နေ၏။ ခေတ်သုံးစကား “အင်းတိတ်”ဟုဆိုရပါမည်။ စက်အုတ်၊ ကျွန်းသစ်များ သုံးထားသောကြောင့် ကြာလေ အဆီတက်ပြီး တန်ဖိုးတက်လေ ဖြစ်နေပါသည်။ ထို့ကြောင့် ကျွန်တော့်အိမ်လေးကို ကျွန်တော် ချစ်ပါသည်။

သည်ကနေ့ မော်တော် ကားလောကတွင် ဈေးအကြီးမားဆုံးမှာ ဇိမ်ခံကား (မာစီဒီးကဲ့သို့) မဟုတ်တော့ ပါ။ဘက်စုံသုံးခေါ် ပွဲလည်းတိုး၊ တောခရီး ကြမ်းလည်းနှင်၊ ပါဂျရိုး ကဲ့ သို့ ကားမျိုးဖြစ်နေပါပြီ။ ကျွန်တော့် အိမ်လည်း ဤသို့ သာလျှင်တည်း။ အဖိုး တန်လို့တော့ မဟုတ်။ ရသည့် ပစ္စည်းပေါ် မူတည်ပြီး လိုရမည်ရ စိတ်ကူးတည့် သလို တစ်ဆင့်ချင်း အခန်း ဖွဲ့ရသော ကြောင့် ခုနှယ်ခါတွင် ဘုရားခန်း သီးသန့်၊ ဧည့်ခန်းသီးသန့် အပြင် ယာယီ ဘက်စုံသုံး ဧည့်ခန်းပါထား ရှိနိုင်နေတော့ သည်။ ယာယီဘက်စုံသုံး ဧည့်ခန်းဆို၍ ထည်ထည်ဝါ၀ါတော့ မဟုတ်၊ သူငယ်ချင်း အရက်သမားများ လာလျှင် အဆင်ပြေရန်၊ မီးဖိုဆောင်နှင့် အိမ်သာ ရေချိုးခန်းကြားမှာ အရတည်ကာရံ ထားခြင်းသာ ဖြစ်၏။ ဟုတ်ပါ့။ ထိုသို့ ရှိသဖြင့် သောက်စားဖို့ အမြည်းလည်း မီးဖိုခန်းလှမ်းဆွဲ၊ အော့ချင် အန်ချင်သေး ပေါက်ချင်လည်း အိမ်သာထဲ ပြေးရုံသာ။

ထိုသို့ ဘက်စုံသုံး ကျွန်တော့်အိမ် ကလေးမှာ ခုနှယ်ခါ မော်ဒန်သဘော ဈာန်လျှောခဲ့ ရလေပြီ။ အကြောင်းကား ဖိုးသောကြာ လူလူသူသူ ဖြစ်လာလို့ ငွေယားလေး ပေါ်တော့ သားက အိမ်ပြင် ဆောက်ချင်သတဲ့။ ပထမသူက အိမ် တစ်ခုလုံးဖြိုပြီး ပြန်ဆောက်ချင်တာ ဖြစ်သည်။ ကျွန်တော်က ကိုယ့်အိမ် ရာဇ၀င်ကိုယ် သိသောကြောင့် လက်ဖျားနှင့်မျှ အတို့မခံကြောင်း အမိန့်ထုတ် ရသည်။ ထိုအခါ သူက အိမ်ပြင်မည် လုပ်သည်။ အပေါ်ထပ် ပျဉ်ထောင်ကို အုတ်ပတ်ကား တက်ချင်သည်။ ဒါလည်း ကျွန်တော်က လက်မခံပါ။ ကျွန်တော်က ရိုးရာနှင့် မော်ဒန်ကို ပေါင်း စပ်ချင်သည်။ ပျဉ်ထောင်အုတ်ခံပဲ ကြိုက်သည်။ နောက်ဆုံး ဖိုးသောကြာက တစ်အိမ်လုံး ဆေးအသစ် သုတ်မည် ဖြစ်ပါတော့သည်။ ဒါတော့ လက်ခံ နိုင်စရာ ရှိသည်။ နော့ပေတည့် ကျွန်တော့် မူလရွေးချယ်မှု အတိုင်း သုတ်လက်စ အရောင်သာ ထပ်သုတ်ဟု ပြောရသည်။

ကျွန်တော်က အရောင်ရွေးသည်။ ဧည့်ခန်းဆို ခပ်မှိုင်းမှိုင်း။ အိပ်ခန်းဆို လင်းလင်းချင်းချင်း၊ အိမ်သာကိုတော့ သန့်သန့်ပြန့်ပြန့်...စသည်။ သားကလည်း အဖေ့ သဘောကျ လုပ်ပေးရှာသည်။ ဆေးအကောင်းစား တွေ သုတ်သည်။ ကျွန်တော်က ကွန်က ရစ် မကြိုက်ပေ။ ထိုကြောင့် အုတ်ကွက် သာဖော်သည်။ အုတ်ကွက် ဖော်ရာ၌လည်း ညီညီညာညာ မဟုတ်။ ဖြစ်သလို ဖြစ်သည်။ ပြီးမှ ကျွန်တော်က မြန်မာဖြစ် ဘားနစ်တွေ ပြောင်နေအောင်သုတ် ထားသည်။ ဒါလည်း သားက ဘားနစ် အကောင်းစားတွေ ၀ယ်ပြီး ထပ်သုတ်သည်။ ပရိဘောဂတွေကလည်း ဟောင်းနေပြီး သူက အသစ် လဲချင်သော်လည်း သူ့အမေ အေးဘုံနှင့် လက်ထက်ပွားမို့ ကော်ပတ်တိုက်ပြီး အကောင်းစား ပေါလစ်သာ ပြန်တင်ခွင့်ပေးသည်။

သည်မှာတင် ပြဿနာ ပေါ်တော့သည်။ ပေါလစ် အကောင်းစား ပြဿနာ ဖြစ်သည်။ သားသည် ပရိဘောဂများ သာ မက အိမ်ရှိ သစ်သား၊နံရံ၊ ပရိဘောဂ၊ ခွေးခြေက အစ ပေါလစ် တင်တော့သည်။ ထို့ထက်ကား နှစ်ပေါင်း သုံးဆယ်လောက် အသား သေနေပြီဖြစ်သော အပေါ်ထပ် ကြမ်းခင်းကိုပါ ကော်ပတ်စား ပေါလစ် အကောင်းစား သုတ်ပါတော့သည်။

အပေါ်ထပ်မှာက အိပ်ချိန်သာ တက်ကြပြုကြတာ ဖြစ်သော်လည်း TV ကြည့်ချိန်တော့ အပေါ် တက်ကြသည်။ စကားမစပ် ပြောရလျှင် ကျွန်တော့်အိမ်မှာ ကြောင်တစ်ကောင်၊ ခွေးတစ်ကောင် ရှိသည်။ ကျွန်တော် ခဏခဏ ရေးဖူးသော လမ်းဘေးက ခွေးကြီး ရန်လုံကား သေလေပြီ။ သူ ရှိတုန်းကလည်း အိမ်ထဲ ၀င်ခွင့်မရပါ။ သူသည် အိမ်နှင့် ပတ်သက်လို့ ကျွန်တော် စာရေးသော ဆင်ဝင်အောက် ကုလား ထိုင်နားမှာ ရစ်သီခွင့်၊ အိပ်စက်ခွင့် ရရှာသည်။ တလောကတော့ ၈ လကြာ ဒုလ္လဘ ရဟန်းခံရာမှ လူပြန်အထွက် ဆရာတော် စွန့်လိုက်သော အိမ်တွင်းမွေး မွေးစုတ်ဖွားမလေး တစ်ကောင် ပါလာသည်။

ဘုန်းကြီးလက်ပေါ် ကြီးလာခဲ့ရ တာရော၊ သူ့ဗီဇကိုကလည်း အိမ်တွင်း နေမို့ လူစကားနားလည်သလိုရှိသည်။ လူမိသားစုများကဲ့သို့ အိမ်ထဲ သွားလာ နေထိုင်ခွင့် ရှိသည်။ စောစောကပြော သလို ဘုန်းကြီး၏ ခွေးဖြစ်သောကြောင့် လူတွေနဲ့ နီးစပ်ပြီး ပရောပရီရှိသည်။ ဆိုကြပါစို့။ တစ်အိမ်လုံး၏ အချစ်တော် ဖြစ်နေသည်။

ခွေးဆိုလျှင် အိမ်စောင့်ဖို့ လောက်သာ တန်ဖိုး ထားတတ်သော အေးဘုံ ပင်လျှင် ခွေးလေး အရောဝင်ရာ ဖင်တက်ခေါင်းတက် ခံရတော့သည်။ ထိုအခါမျိုးမှာလည်း အေးဘုံက စိတ်မဆိုးပေ။ ကျေနပ်၍ပင် နေတော့သည်။ ဟုတ်ပါ့၊ သူဟင်းချက်လျှင် အနားမှာ နေသည်။ သူ စာဖတ်လျှင် အနားမှာထိုင် သည်။ ညအိပ်လျှင် အေးဘုံအောက် တည့်တည့် ခုတင် ခြေရင်းမှာ အိပ်သည်။ အောင်မယ် သူ နေ့လယ်တစ် ရေးတစ်မော အိပ်လျှင်တောင် ခွေးက ခုတင်အောက် ၀င်ပြီး အေးဘုံနှင့် အပြိုင် အိပ်သည်။

ဆိုလိုတာက အေးဘုံ အချစ်တော် ဖြစ်နေပေပြီ။ လူ့သဘာဝကား လစ်လျှင် လစ်သလို ပြတတ်ပါသည်။ ကျွန်တော့် စာတွေ အဖတ်များသော ပရိသတ်သည် အေးဘုံကို သိနေရုံမက သူ့စရိုက် သဘာဝကိုပင် သဘောပေါက် နေလောက်ပါပြီ။ ဆိုကြပါစို့။ ဣနြေ္ဒကြီးသည်၊ စိတ်ဓာတ် မာကျောသည်၊ စကား ပြောပြတ်သည် စသဖြင့် လူရိုသေ ရှင်ရို သေဟု မတန်မရာ ၀ိသေသ ပြုရပါလိမ့်မည်။

သို့သော် တစ်နေ့တွင် အဘွားကြီးသည် လူအလစ် အပေါ်ထပ်မှာ ထိုခွေးနှင့် ဆော့ကစားတော့သည်။ လိုက်တမ်း ပြေးတမ်းလို ကစားတာဖြစ်သည်။ ထိုအခါ သူ့သားတော်မောင်၏ လောကွတ် ချော်မှုက သူ့ရောခွေးပါ ချော်တော ငေါ့စေတော့သည်။ ၀ုန်းဒိုင်း အသံကြားလို့ သမီးကြီးက ပြေးတက်ကြည့်တော့ ဣနြေ္ဒရှင် ဒေါ်အေးဘုံကြီး ကြမ်းပြင် ပေါ်မှာ ပိုးလိုးပက်လက်။ ခွေးကတော့ ချော်လဲသော်လည်း ပြန်ထ ပြေးနေပြီ။ အေးဘုံက ရုတ်တရက် မထနိုင်တော့ပေ။ သမီးက တွဲထူရတော့သည်။ ထိုအချိန်က ကျွန်တော် အိမ်မှာ မရှိပေ။ ညနေ ထမင်းစားဖို့ အေးဘုံကို စားပွဲ ပြင်ခိုင်းတော့ ထော့နဲ့ထော့နဲ့ ဖြစ်နေသည်။ မေးတော့လည်း ယောင်ဝါးဝါး ဖြေပေမယ့် မျက်နှာက မချိုမချဉ် စပ်ဖြီး ဖြီးရယ်။ အသက်ကြီးမှ ကလေးကလား ဖြစ်ရတာ ရှက်နေပုံရသည်။ သမီးရည်း စားဘ၀ကပင် ရှက်ဟန်မပြ၊ ရိုးအအ သည် မိန်းမ၊ ခုမှ။

ဒီမှာတင် ကျွန်တော်သည် ဖိုးသောကြာ ပြုသမျှ နုခဲ့ရသော ကျွန်တော့် အိမ်သစ်လွင် သွားရခြင်းကို တုံ့ပြန်ဖို့ အပြစ်ဖွဲ့ရတော့သည်။ ကျွန်တော်သည် ဆိုင်သည် မဆိုင် သည်အပထားလို့ စာရေးဆရာ စကား ပြောတော့မည်။ ဒဿန ပါအောင်လည်း ရှာကြံ လေးနက်ကြရသည်။ “ဟေ့ ဖိုးသောကြာ မှတ်ထားကွ။ ပြောင်စေချင်လို့ ပေါလစ်တင်တိုင်း မကောင်းဘူး။ “ပြင်လွန်းရင် ဖင်ချွန်း” တဲ့။ သက်ကြီးစကား ရှိတယ်။ ခုဟာက မင့်အမေ ဖင်ပွန်းရပြီး အဲ မလိုအပ်ဘဲ ပေါလစ် အတင်လွန်သွားတော့ ခွေး တောင် ချော်လဲတယ်မှတ်”သုမောင်  

မစောင့်စားတတ်သူတို့နေ့ရက်များ

ကျွန်တော် ငယ်ငယ်က တောမြို့ လေး တစ်မြို့ မှာ ခဏတာ ကြီးပြင်းခဲ့ရ ဖူးပါသည်။ ကျွန်တော့်ကို မွေးဖွားခဲ့သည့် ရွာကလေးက တောမြို့ ကလေးမှ နေ၍ လှမ်းခေါ်လိုက်လျှင်ပင် ကြားရလောက်သည့် ပွတ်သီး ပွတ်သပ် ရွာကလေး ဖြစ်ရာ ကျွန်တော့် ငယ်ဘ၀ ပညာသင်ကြားရာ နှစ်ကာလ တချို့ ကို အဲသည် တောမြို့ ကလေးမှာ ကုန်လွန်ခဲ့ရ ဖူးပါသည်။ နောက်တော့ ကျွန်တော်တို့ နိုင်ငံ၏ အထွန်းကား ဆုံးသော မြို့ ကြီးရှိရာသို့ ရောက်ရှိသွားခဲ့ကာ ကျွန်တော်နှင့် ကျွန်တော့် အရွယ်မတိုင်မီ တောမြို့ ကလေးတို့ တစ်စတစ်စ ဝေးကွာ သွားခဲ့ကြရပါသည်။ ခပ်စောစောပိုင်း နှစ်တွေ တုန်းကတော့ မြို့ကလေး ရှိရာဆီ မကြာခဏ ဆိုသလို ကျွန်တော် ရောက်ရောက်သွား တတ်ခဲ့ ပါသည်။ တစ်နှစ်ကို သုံးလေး ခေါက်လောက်။ နောက်တော့ တစ်နှစ် နေလို့ တစ်ခေါက်ရောက် ဖြစ်အောင် မနည်း ကြိုးစားလာခဲ့ရပြီး နောက်ပိုင်းတွင် ကား မသွားဖြစ်တော့ သလောက်ဟု ဆိုရ လောက်အောင်ကို ကျွန်တော်နှင့် ကျွန်တော့် ဇာတိရပ်ရွာတို့ စိမ်းသွား ကြပါတော့သည်။
မကြာခင် ရက်ပိုင်းတွေတုန်း ကတော့ အမှတ်မထင် လူမှုရေး ကိစ္စ ကလေးများနှင့် ကျွန်တော့် ဇာတိမြေ တောမြို့ကလေးရှိရာဆီ ကျွန်တော် ပြန် ရောက်သွားဖြစ်သည်။ အုန်းပင်တွေ၊ ဓနိပင်တွေ၊ လတာပြင်တွေ၊ ငါးဖျံတွေ၊ ဒီရေ အတက်အကျတွေ၊ ဘုတ်ငှက် အီသံတွေ၊ အုန်းမောင်း ခေါက်သံတွေနှင့် တောမြို့ကလေး။ မြို့လယ်ကို ဖြတ်သွားသည့် ချောင်းကူး တံတားဆီ ကျွန်တော် ရောက်တော့ တံတား ခြေရင်း တစ်နေရာဆီ မျက်လုံး ရောက်သွားမိသည်။ နယူး ဖက်ရှင်တဲ့။ ဓာတ်ပုံဆိုင် ကလေး။ ကျွန်တော်တို့ ငယ်ဘ၀ ပုံရိပ်တွေကို မှတ်တမ်းတင် ပေးခဲ့ဖူးသည့် ရှင်သန်ဆဲ ဓာတ်ပုံ ဆိုင်ကလေးကို ကြည့်ကာ ကျွန်တော် ဘာကို လွမ်းရမှန်း မသိ လွမ်းလွမ်းကြီး ရပ်ကြည့်နေမိသည်။

အဆောက်အအုံ မျက်နှာစာ ကလေးကို ခေတ်နှင့် လိုက်လျောညီထွေ ရှိအောင် နည်းနည်းပါးပါး ဖီးလိမ်းပြင် ဆင်ထားသည်က လွဲလျှင် အပြောင်း အလဲ သိပ်ပြီး ကြီးကြီးမားမား မရှိလှ။ နယူးဖက်ရှင်ဆိုသည့် ဆိုင်နာမည်စာလုံး ဒီဇိုင်းကလည်း သည်အတိုင်း။ ဆိုင်ရှေ့ မန်ကျည်းပင်ကြီးက အပွင့် ၀ါဝါကလေးတွေ အနှေးကြွေ ကြွေကျနေသည်ကလည်း သည်အတိုင်း။ မိသားစု လက်ဆင့်ကမ်းခဲ့ကြရာ ဓာတ်ပုံဆိုင် ကလေး ဖြစ်သဖြင့် အခု သည်ဆိုင်ကို ဦးဆောင် လှုပ်ရှား နေပုံရသည့် မျက်နှာတွေက ကျွန်တော်တို့ ကလေးဘ၀က သက်တူ ရွယ်တူတို့၏ မျက်နှာတွေဆိုတာကို ကျွန်တော် မှတ်မိနေသည်။

ခုရိုက် ခုယူတဲ့။ ဒါကတော့ ကျွန်တော်တို့ ငယ်ငယ်က မရှိခဲ့သော ဖော်ပြမှု အသစ်ပဲ ဖြစ်ပါသည်။ ကျွန်တော့် ဇာတိရပ်ရွာ တောမြို့ကလေးနှင့် သူ့ပတ်ဝန်းကျင်က ကျေးလက် တောရွာတွေက လည်း စောင့်စားချင်ကြပုံ မရတော့။ သူတို့၏ အမှတ်တရ ပုံရိပ်တွေကို ချက်ချင်း ရယူလိုသည့် ဆန္ဒကို နည်းပညာ ခေတ်ကြီးက အလိုလိုက်ခဲ့ရပုံရပါသည်။ သြော်... တစ်ခါက စောင့်စားခဲ့ရ ပုံတွေကို ကျွန်တော့် စိတ်ထဲ လွမ်းသွားမိသည်။

ကျွန်တော်တို့ ခေတ်က စောင့်စားခဲ့ ရသော ခေတ်ဖြစ်ပါသည်။ ငယ်ငယ်က အမေ့လက်ကို ဆွဲပြီးသည် နယူးဖက်ရှင် ဆိုင်ကလေးထဲ ၀င်ခဲ့ရပုံတွေကို ကျွန်တော် အမှတ်ရမိသည်။ ပိတ်စအနက်ကြီးနှင့် အုပ်ထားသည့် ရှေးကင်မရာအိုကြီး။ မီးဆလိုက်ကြီးများ၏ အောက်မှာ အသက်၀၀ မရှူရဲသည့် ကလေး ဘ၀။ ဓာတ်ပုံဆိုင်ရှင်က ဓာတ်ပုံရမည့် ရက်ကို တစ်ပတ် ဆယ်ရက် ခွာပြီးချိန်းလိုက်သည့် အခါတွင်ကား ကျွန်တော်တို့ ခေတ်က လူတွေ သိပ်အလိုမကျချင်။ ကိုယ့်ဓာတ်ပုံကို ကိုယ်ပြန်ပြီး မြန်မြန် ကြည့်ချင်လှသည်မှာ ကျွန်တော်တို့၏ ပြင်းပြသည့် ချင်ခြင်းပင်ဖြစ်ပါသည်။ သို့သော် ကျွန်တော်တို့ အလို မပြည့်ခဲ့ ကြ။ နှေးကွေးသော နည်းပညာ၏ ခေတ်က ကျွန်တော်တို့ကို စောင့်စားခိုင်းခဲ့ပါသည်။ အလင်းအမှောင်၊ မျက်နှာ အနေအထား၊ ကိုယ့်အပြုံး၊ ကိုယ့်အက်တင်၊ ကိုယ့်ဝတ်ပုံစားပုံ ဓာတ်ပုံထဲမှာ ဘယ်လို ပုံရိပ် ထင်နေမှာပါလိမ့် ဆိုသည့် စိတ်ကူးနှင့် စောင့်စားရခြင်း၏ အလုပ်ထဲမှာ လူ့ဘ၀ အရသာတစ်မျိုး ပါဝင်နေသည်ဟု ကျွန်တော် ထင်ပါသည်။ တစ်ခါ တစ်ခါကျပြန်တော့ ချိန်းဆိုထားသည့် ရက်အတိုင်း သွားခဲ့ပါလျက် နယူးဖက် ရှင်ဘက်က တစ်ခုခု အဆင်မပြေ သဖြင့် နောက်ထပ် တစ်ရက်၊ နှစ်ရက် စသည်ဖြင့် ထပ်ပြီး ရက်ချိန်းပေးသည်မျိုး ရှိ တတ်ပါသည်။ ကျွန်တော်တို့ ဘယ်လိုမှ နေလို့ ထိုင်လို့ မထိတော့။ သွားလည်း သည်စိတ်၊ စားလည်းသည် စိတ်နှင့် ကိုယ့်ဓာတ်ပုံ ကိုယ်စိတ်ကူးနှင့် ပုံရိပ် ဖော်ကြည့်နေရသည့် စိတ်အခွင့်အရေးကို စောင့်စားနေရသည့် ခေတ်က ကျွန်တော် တို့ကို ပေးခဲ့ပုံရပါသည်။

အခု ကျွန်တော့် တောမြို့ကလေးက နယူး ဖက်ရှင်ဆိုသည့် ဓာတ်ပုံဆိုင် ကလေးကပါ ခုရိုက် ခုယူဟု ဆိုခဲ့လေသော အခါ ခေတ်ကို ဆောင့်ကြီး အောင့်ကြီး နိုင်သည့် လေသံများလားဟု ကျွန်တော် တွေးလိုက်မိပြီး မအံ့သြမိသော်လည်း ကမ္ဘာကြီး တစ်ခုလုံး အချိန် မရှိ၊ အချိန် ရှားပါး၊ အချိန် မပေးနိုင် ဖြစ်နေပုံကို ကြည့်ကာ မစောင့်စားနိုင် သူတို့၏ ခေတ်ကို ကျွန်တော် ငေးနေမိသည်။

ဓာတ်ပုံကိုမှ ကျွန်တော်တို့ မစောင့် စားချင်တာ မဟုတ်။ သည်ကနေ့ခေတ် နည်းပညာနှင့် သည်ကနေ့ခေတ် လူ့အဖွဲ့ အစည်းကပါ တတ်နိုင်သမျှ ချက်ချင်း နှင့် တတ်နိုင်သမျှ မြန်မြန် ကျွန်တော်တို့ ကို တွန်းလွှတ်လိုက်ခြင်း ဖြစ်ပါသည်။ သစ်ပင်တို့ ပွင့်ကြ၊ သီးကြတာကို ကျွန်တော်တို့ ကြာကြာမစောင့်ချင်ကြ။ မြန်မြန်ဖူး၊ မြန်မြန်ပွင့်၊ မြန်မြန်သီးအောင် ဟော်မုန်းတွေထိုးကာ ရုက္ခဗေဒကို မြန် နှုန်း မြှင့်ခဲ့ကြသည်။ သဘာဝရေမြေ တောတောင် ရှုမျှော်ခင်းတို့ကို မမြင်ရ လျှင်လည်း ရှိပါစေ။ ကျွန်တော်တို့ အခု သွား၊ အခုရောက်ဖို့ အသံထက်မြန်သည့် အလျင်ကို ရှာဖွေခဲ့ကြသည်။

သုံးနှစ် သုံးမိုးကို ကျွန်တော်တို့ မသိ။ ချစ်ခြင်းကို ဖြစ်စေ၊ မုန်းခြင်းကိုဖြစ်စေ သွက် လက်သောအဖြေအဖြစ် ကျွန်တော်တို့ ရယူလိုကြသည်။ ဈာပနအခမ်းအနား တစ်ခုတွင် မိသားစု ဆွေမျိုးသားချင်းတွေ ငိုကြွေးလို့ အားမရတတ်ကြသေး။ တာဝန်ရှိသူ တစ်ဦးက သင်္ဂြိုဟ်ဖို့ အချိန် ရောက်ပြီဖြစ်ကြောင်း လာသတိပေး သည်။ လူ၏ သောကကို ခေတ်က စောင့်မနေနိုင်။ နောက်ထပ် ဈာပန တစ်ခုက သည်ခန်းမမှာ ခင်းကျင်းဖို့ အဆင်သင့်။ သည်တော့ မြန်မြန်ငို၊ မြန် မြန်မီးရှို့။ မင်္ဂလာဆောင်အခမ်းအနား တွေမှာလည်း သည်အတိုင်းပဲ ဖြစ်ပါ သည်။ တစ်မင်္ဂလာပြီး တစ်မင်္ဂလာဆက် နေသည့် ဟိုတယ် ခန်းမကြီးများ ဖြစ်ရာ အချိန်မရှိ။ မြန်မြန်ပန်းကြဲ၊ မြန်မြန်အခါ တော်ပေး၊ မြန်မြန် သြဘာစာဖတ်၊ မြန်မြန်လက်ဖွဲ့၊ မြန်မြန် နှုတ်ဆက်။ ကော်ဖီ တွေက ချက်ချင်း ကော်ဖီ။ ခေါက်ဆွဲ ပြုတ်က ချက်ချင်း ခေါက်ဆွဲပြုတ်။

သွက်လက် မြန်ဆန်လာသော ခေတ်ကြီးနှင့် အတူ အချိန် မရှိတော့သော လူတွေ၏ နေ့စဉ် ဘ၀ထဲမှာ အေးအေး ဆေးဆေး စောင့်စောင့် ဆိုင်းဆိုင်းနှင့် ဘ၀ကို အရသာခံဖို့ ဒါမှမဟုတ် စိတ်ကူး စိတ်သန်း ကွန့်မြူးဖို့ ဒါမှမဟုတ် ကိုယ့် အလိုဆန္ဒကို ကိုယ်အသာ နားချဖို့ဆိုသည်များကို ကျွန်တော်တို့ အားလုံး တစ်စတစ်စ လက်မြှောက် အရှုံးပေးလာကြပုံ ရပါသည်။ ခုရိုက် ခုယူဆိုသည့် နယူးဖက်ရှင် ဓာတ်ပုံဆိုင် ကလေးကို လှမ်းကြည့်ကာ မစောင့်စားချင် တော့သည့် ကျွန်တော့် ဇာတိ တောမြို့ကလေး တစ်နေရာမှာ တစ်ခဏ ရပ်ငေး နေမိခဲ့ သည်မှာကား အမှန်ပင် ဖြစ်ပါသည်။


မောင်သာချို

Sunday, 3 April 2011

စာပေလေ.လာမှု.

အက်ဆေး ဖခင်ကြီး တစ်ဦးဖြစ်သောFrancis Bacon(1561-1626)၏ (of Studies) ဟူသော ကမ္ဘာကျော် အက်ဆေးကို ဆရာမြသန်းတင့်က ပြန်ဆိုခဲ့ခြင်း ဖြစ်ပါသည်။"of studies" မှ ၀ါကျ အတော်များများသည် ကျော်ကြားသော အဆိုအမိန့်များ ဖြစ်သည်အထိ အောင်မြင်ခဲ့ပါသည်။ အချို့သည် ၀ါအကျ အပိုင်းအစများကို အလွတ် ကျက်မှတ်ကြပါသည်။ အပြည့်အစုံ ဖတ်ရှုနိုင်ရန် အတွက် “ဘာသာပြန် ရသစာတမ်း”အဖြစ် ပေဖူးလွှာက ထပ်မံ ပုံနှိပ်ဖော်ပြ လိုက်ပါသည်။
အယ်ဒီတာ

စာပေ လေ့လာခြင်းသည် စိတ်နှလုံးကို ကြည်နူးစေ၏။ အဆင်အယင်ကို ဖြစ်စေ၏။ အရည်အချင်းကို တိုးစေ၏။ စာပေကို လေ့လာ ဖတ်ရှုခြင်းဖြင့် အထီးတည်း နေထိုင်စဉ်နှင့် အနား ယူစဉ်တွင် စိတ်နှလုံးကို ကြည်နူး စေနိုင်ပါသည်။ စာပေကို ဖတ်ရှုခြင်းဖြင့် စကား ပြောရာတွင် အဆင်အယင် ဖြစ်စေပါသည်။ စာပေကို ဖတ်ရှုခြင်းဖြင့် ဆုံးဖြတ် ချင့်ချိန်ခြင်းနှင့် အလုပ်တို့ကို စီမံ ခန့်ခွဲခြင်း ပြုရာတွင် အရည်အချင်းတို့ကို တိုးတက် စေနိုင်ပါသည်။ တတ်ပွန် ကြေညက်သည့် ပုဂ္ဂိုလ်များမှာမူ စီမံ ခန့်ခွဲ နိုင်ကြပါသည်။ အသေးစိတ် အချက်အလက်တို့ ကိုလည်း တစ်ခုချင်း နှိုင်းချိန် စဉ်းစား တတ်ကြပါသည်။

သို့ရာတွင် သာမန် လူများမှာမူကား တိုင်ပင် နှီးနှောရပါသည်။ အကြံအစည်များ၊ အရာကိစ္စတို့ကို စီမံပုံများသည် ပညာရှိတို့ထံမှသာ အကောင်းဆုံး ရရှိတတ်ပါသည်။ စာပေ လေ့လာမှုတွင် အချိန်ကို များစွာ အသုံးချခြင်းသည် လေးလံ ထိုင်းမှိုင်းစေပါသည်။ ထိုအဆင် အယင်အတွက် စာပေ လေ့လာမှုကို အလွန်အမင်း ပြုလုပ်ခြင်းသည် ပလွှား ဟန်ဆောင်ခြင်း ဖြစ်ပါသည်။ စာပေ လေ့လာမှုတို့ကို ချည်းအားကိုး၍ ဆုံးဖြတ်နှိုင်းချိန် စဉ်းစားခြင်းသည် ပညာရှိတို့ကို ရယ်ဖွယ် ဖြစ်တတ်ပါသည်။ စာပေ လေ့လာမှုသည် သဘာဝကို ပြည့်စုံအောင် လုပ်ပေးပြီး အတွေ့အကြုံက တစ်ဖန်ပြန်၍ စာပေ လေ့လာမှုကို ပြည့်စုံအောင် လုပ်ပေးပါသည်။ သဘာဝ အရည်အချင်းတို့သည် သဘာဝ ပေါက်သော သစ်ပင်များနှင့် တူပါသည်။

အပင်တို့မှ အကိုင်းအခက်တို့ကို ခုတ်ထွင် ရှင်းလင်းရန် လိုသကဲ့သို့ သဘာဝ အရည်အချင်းတို့ ကိုလည်း လေ့လာမှုဖြင့် ခုတ်ထွင် ရှင်းလင်းပစ်ရန် လိုပါသည်။ လေ့လာမှုသည် သူ့ပင်ကိုယ် သက်သက်အတိုင်း ဆိုလျှင် ထွေပြားလှသည့် အတွက် ထို လေ့လာမှုကို အတွေ့အကြုံဖြင့် ထိန်းကွပ် ပေးရန် လိုပါသည်။ ကောက်ကျစ်စဉ်းလဲ သူတို့သည် လေ့လာမှုကို ရှုတ်ချ ပြစ်တင် ကြပါသည်။ ရိုးသားသူတို့ကား လေ့လာမှုကို နှစ်သက် သဘောကျကြပါသည်။ ပညာ ရှိသူတို့ကား လေ့လာမှုကို အသုံး ချကြပါသည်။ လေ့လာမှုများသည် သူတို့ကို အသုံးပြုရန် သင်ကြားခြင်း မပြုပါ။

သို့ရာတွင် လေ့လာမှု မရှိဘဲ စဉ်းစားဆင်ခြင် ဆုံးဖြတ်နိုင်ပြီဆိုလျှင်ကား ထိုအရာသည် ဥာဏ်ပညာ မည်ပါသည်။ ငြင်းခုံရန်နှင့် ငြင်းပယ်ရန် စာဖတ်ခြင်း မပြုပါလေနှင့်။ ယုံကြည်ရန်နှင့် သူများ ပြောသမျှကို လက်ခံရန်လည်း စာဖတ်ခြင်း မပြုပါ လေနှင့်။ စကားကြီး စကားကျယ် ပြောရန်နှင့် ဆွေးနွေးရန်လည်း စာဖတ်ခြင်း မပြုပါလေနှင့်။ နှိုင်းချိန်ရန်နှင့် တွေးတောရန် အတွက်သာ စာဖတ်ခြင်း ပြုပါလေ။

အချို့စာအုပ်တို့သည် မြည်းစမ်းကြည့်ရန် ဖြစ်၏။ အချို့ကား မျိုချရန် ဖြစ်၏။ အနည်းငယ်သော စာအုပ်တို့မှာ သာလျှင် ကြေညက်အောင် ၀ါး၍ အစာချေရန် ဖြစ်၏။ တစ်နည်း ပြောရလျှင် အချို့သော စာအုပ်တို့သည် တစ်စိတ် တစ်ပိုင်းမျှသာ ဖတ်ရန် ဖြစ်၏။ အချို့စာအုပ်များကား သာမန် ဖတ်ရုံသာ ဖြစ်၏။ အနည်းငယ်သော စာအုပ်တို့ သာလျှင် လုံ့လ၊ ၀ီရိယ၊ သတိ အာရုံစိုက်မှု တို့ဖြင့် အပြည့်အစုံ ဖတ်ရန် ဖြစ်ပေ၏။ အချို့စာအုပ်များကား ကိုယ်စားဖြင့်သာ ဖတ်အပ်သော စာအုပ်များ ဖြစ်၏။ အခြား သူများ ထုတ်နှုတ်ပေးသော အချက်များကိုသာ ဖတ်အပ်၏။ သို့ရာတွင် ထိုစာမျိုးမှာ အရေးမကြီးသော အကြောင်းများနှင့် ညံ့ဖျင်းသော စာအုပ်များသာ ဖြစ်သင့်၏။ ပေါင်းခံ စာအုပ်များသည် ပေါင်းခံရေ ကဲ့သို့ပင် ဟိတ်ဟန်များသော အရာ ဖြစ်သော ကြောင့် ဖြစ်၏။

စာဖတ်ခြင်းသည် ပြည့်ဝသော လူတစ်ယောက် ဖြစ်စေ၏။ တိုင်ပင်နှီးနှော ခြင်းသည် ကျယ်ပြန့်သော လူတစ်ယောက် ဖြစ်စေ၏။ စာရေးခြင်းသည် တိကျသော လူတစ်ယောက် ဖြစ်စေ၏။ ထို့ကြောင့် စာရေးနည်းသူ တစ်ယောက်ဖြစ်လျှင် ကြီးသော မှတ်ဥာဏ်ရှိဖို့ လိုပါသည်။ ဆွေးနွေး တိုင်ပင်မှု နည်းလျှင် ဇ၀နဥာဏ်ရှိ ဖို့လိုပါသည်။ စာဖတ်ခြင်း နည်းလျှင် ပါးနပ်မှု ရှိဖို့ လိုပါသည်။ ရာဇ၀င်များသည် လူများကို ပညာ ရှိစေပါသည်။ ကဗျာဆရာ များကား လူများကို ဇ၀နဥာဏ် ထက်သန် စေပါသည်။ သင်္ချာ ဆရာများသည် လူများကို နူးညံ့ သိမ်မွေ့စေပါသည်။ ဒဿန ပညာသည် လူကို လေးနက်စေပါသည်။ နီတိ ပညာသည် လူကို တည်ကြည်စေ ပါသည်။ ယုတ္တိဗေဒနှင့် နှုတ်မှု ပညာသည် လူကို ယှဉ်ပြိုင် နိုင်စေပါသည်။

ဇ၀နဥာဏ်တွင် အတားအဆီး အရပ်အတန့် ဟူ၍ မရှိပါ။ လေ့လာမှုကြောင့်သာ ပျက်စီး သွားနိုင်ပါသည်။ ကိုယ်ခန္ဓာတွင် ဖြစ်သော ရောဂါတို့ အတွက် သင့်လျော်သော လေ့ကျင့်ခန်းများ ရှိသည့် နည်းတူ ဖြစ်ပါသည်။ ဘောလုံး လှိမ့်ကစား ခြင်းသည် ကျောက်တည်ခြင်းနှင့် အကြောများ အတွက် ကောင်းပါသည်။ သေနတ် ပစ်ခြင်းသည် အဆုတ်နှင့် ရင်ဘတ်အတွက် ကောင်းပါသည်။ ဖြည်းညင်းစွာ လမ်းလျှောက်ခြင်းသည် ၀မ်းဗိုက်အတွက် ကောင်းပါသည်။

မြင်းစီးခြင်းသည် ခေါင်းစသည်တို့ အတွက် ကောင်းပါသည်။ ထို့ကြောင့် လူတစ်ယောက်၏ စိတ်သည် အတည်မနေ ထွေပြားလျက် ရှိပါက သင်္ချာကို လေ့လာ သင့်ပါသည်။ အဘယ်ကြောင့် ဆိုသော် သင်္ချာကို တွက်ရာတွင် စိတ်အာရုံကို စုစည်းခြင်း မပြုနိုင်ပါက အစမှ ပြန်ထွက်ရမည် ဖြစ်သောကြောင့် ဖြစ်ပါသည်။ သူ့စိတ်သည် ခြားနားချက်ကို မခွဲခြား နိုင်ပါက သို့မဟုတ် မတွေ့ပါက ကျောင်းဆရာကို အတုယူ သင့်ပါသည်။

ပြဿနာများကို မဖြေရှင်းနိုင်လျှင် အရာဝတ္ထု တစ်ခုကို သက်သေ မထုတ်နိုင်လျှင် ရှေ့နေ၏ အမှုတွဲများကို လေ့လာသင့်ပါသည်။ ထို့ကြောင့် စိတ်၏ချွတ်ယွင်း ချက်အတိုင်း အတွက် အထူးဖြေဆေး တစ်ခုစီ ရှိတတ်ကြသည်သာ ဖြစ်ပါသည်။

မြသန်းတင့်

နေ၀င်းမြင့်

မြစ်ရေစစ်ချိန်ဆိုတော့ ဧရာဝတီ ရေပါးသည် သူ့မြစ်ကမ်းပါးကို သူကိုယ်တိုင် မော့ကြည့်နေရသည်။ မြစ်ရေက ခဲသားရောင်ဖြင့် တငြိမ့်ငြိမ့် စီးဆင်းနေသည်။ မြစ်ထဲမှာ တံငါဂျော်ဂျက် လှေကလေး နှစ်စင်းသုံးစင်း။ မြစ်တစ်ဘက် ကမ်းကိုင်းပင်တောကို ကျော်ကြည့်လျှင် ဝေးဝေးက ရွာတွေကို မြူထဲမှာ မြင်ရသည်။ ကျွန်တော်တို့ လှည်းစီးလာခဲ့သည့် ဆမိတ်ခုံနှင့် တည့်တည့် တစ်ဘက်ကမ်း ရွာတွေကတော့ လှည်းနောက်မှာ ကျန်ရစ်ခဲ့ကြပြီ။ သာဒွန်း မင်းတန်းကူးတို့တဲ။
 လှည်းလမ်းက မြစ်ရိုး ခြေကုန်းမြင့်တွင် ရှိနေသဖြင့် အောက်ဘက် မြစ်မကို တစ်လျှောက်လုံး မြင်နေရသည်။ မြစ်နဖူးတွင် ရှိနေသည့် တဲကလေးတွေကတော့ တံငါ တဲကလေးတွေ ဖြစ်လိမ့်မည်။ တချို့တဲက ၀ါးတဲ ၀ါးထရံကာ သပ်သပ်ယပ်ယပ် ရှိသော်လည်း အများစုကတော့ ထန်းလက်ကာ နေဖြစ်ရုံ တဲကလေးတွေ။ တဲနောက် မီးဖိုမှာတော့ အငွေ့တွေ အူထွက်နေသော တည်လက်စ အိုးတစ်လုံးနှင့် ခွေအိပ်နေသော ခွေးတစ်ကောင်သာ ရှိသည်။
 ကပ်လျက် တဲတစ်တဲမှာ ကလေးတွေ တပြုံတောင်။ အချို့က ကိုယ်တုံးလုံး၊ အချို့က အင်္ကျီ ၀တ်ထားသော်လည်း ရွှေပန်းငေါက် တောက်။ ဖအေတွေက မြစ်လယ်က လှေကလေးတွေထဲမှာ ရှိကြရော့မည်။ မအေ တွေကကော။ သည်တဲကလေးတွေထဲမှာပဲ သားသမီး ရတနာတို့ ပွားစီးကြဟန် တူသည်။

ကွင်းတစ်ကွင်းလုံး တိတ်ဆိတ်ခြင်း ရှိသော်လည်း ငြိမ်သက်နေသည် မဟုတ်။ စိုက်ခင်းတွေက ထရေးခွဲ ထားတာတွေလည်း ရှိသည်။ ရေစို နူးနူးတွေလည်း ရှိသည်။ ရေမရောက် အခင်းခြောက်တွေလည်း ရှိသည်။ ကြက်သွန်ခင်းတွေကတော့ မနှုတ် ရသေးတာ များသည်။ ပဲတွေရိတ်ပြီး အလုံး အလုံးပြုကာ လှည်းတိုက် စောင့်သည့် အခင်းတွေလည်း ရှိသည်။ အလှဆုံးကတော့ စိုက်ခင်း ကျယ်ကြီးထဲမှာ ပြောက်ထိုးနေသည့် လက်ပံပင် အိုကြီးတွေ၊ ပေါက်ပင်တွေ၊ ထန်းနှင့် ကန္တာရပင်တွေ။ မြူရိပ် ပါးပါး၊ နေရောင်နုနု အခါရာသီ ကလေး ရောက်တော့မှာ ဆိုတော့ လေကလည်း မှုန်ချင်သည်။

ချိုင့်ဝင်နေသော လှည်းလမ်းက မြစ်နှင့် ယှဉ်ကာ ရှိနေသည်။ ဟိုတုန်း ဟိုအခါကတော့ မြစ်နှင့် ဝေးပုံရသော်လည်း မြစ်ကမ်းပါးတွေ ပြိုတော့ လှည်းလမ်းနှင့် ကမ်းပါးစောက် တစ်တောင်ပင် မကွာချင်တော့။ တစ်ခါတစ်ရံ မြစ်ကမ်းပါးအောက်များ၊ လူရော လှည်းပါ ကျတော့မလား အသည်း အေးမိရသည်။ လှည်းသမားက ကိုတောကျော်။ ဆမိတ်ခုံသား။ နွားကြီးတွေက ဖိန့်ဖိန့်ဖီးဖီး ရှိသည်။

“နွားကြီးတွေ ကောင်းလှချည့်လား ဦးတောရဲ့ တန်ဖိုး မသေးလောက်ဘူး”

မထူးက လှည်းသမား သည်းခြေကြိုက်လောက်သည့် စကားကို ဆိုသည်။ လှည်းသမား၊ နွားသမားများ နွားတွေ လှကြောင်း၊ ကြော့ကြောင်း၊ ရွကြောင်း၊ ဆတ်ကြောင်း ပြောလျှင် ၀မ်းသာတတ်ကြသည် မဟုတ်လော။
“ကျုပ်တို့ဘက်က နဇာ(နွားစာ) ပေါသကိုးဗျ။ ကျုပ်က ၀၀လင်လင် ကျွေးသာရယ်။ ကျုပ်က နညိုထသီး (နွားညိုထန်းသီး) မကြိုက်ဘူး။ နညိုထသီး ၀န်ကြီး မတင်နဲ့၊ ၀န်ကြီးတင်ရင် ရွာစဉ် မ၀င်နဲ့။ ရွာစဉ်ဝင်ရင် ခရီး မဝေးစေနဲ့။ ရွာစဉ်ဝေးရင် ကလေး မပါစေနဲ့ ဆိုသာ။ ကျုပ်က စံပယ်ဖြူ ဆတ်မွဲမွေးတို မွေးကြမ်း ထမ်းပိုးထမ်း ဆိုသာမှ ကြိုက်သာ၊ နွားဈေးကောင်းတော့ နခိုးက ပူရသေး။ နွားသော့ခတ် အိပ်ရသာပါဗျာ”

ဦးတောကျော်က သိပ္ပံမောင်ဝ၏ လှည်းသမားထက် သာလောက်သည်။ စိုက်ခင်း အရှေ့ဘက် ရွာတွေကို နကန်နှင့် လှမ်းပြကာ ကာလရွာ (ကုလရွာ) လှိုင်းတက်နှင့် ကတော သိမ်ရွာတွေဘက်ကို ပြသည်။ သိမ်တော်ရှင် ဘုရားခြေကတောင်ဘက် ဖောက်သည့်လမ်း မြင်းခြံ တောက်လျှောက် ပေါက်တာလည်း ပါသည်။

လှည်းက တအီအီ။လှည်းပေါ်မှာ ကျွန်တော်တို့ သားအဖ သုံးယောက်သာ ပါသည်။ အကယ်ဆိုလျှင် ဆမိတ်ခုံ ဆိပ်ကမ်းက ပဲ့ထောင့်ကလေး စက်လှေကလေး စီးလျှင်ပင် ကျွန်တော်တို့ သွားမည့် ပေါက်အို အလယ် ရွာ၊ စားကြူး၊ ကျီရွာ၊ ဥဒယကို ရောက်နိုင်သည်။ မြစ်ဆိပ်ရွာတွေ ဆိုတော့ စက်လှေထိုး ဆိုက်လိုက်ရုံ။ မြစ်ကမ်းပါးက တက်လျှင် ရွာဝင်ရုံ။ ကျွန်တော်တို့ မိသားစုက သစ်ခင်း စိုက်ခင်းတွေကို ဖြတ်ချင်သည်။ တောနံ့ တောင်နံ့ ရှုချင်သည်။ လူသံသူသံ ကြား ချင်သည်။ သည်တော့ လှည်းခရီးကို ရွေးရသည်။ မြစ်ကမ်းတစ်လျှောက် တလုပ် မန်ကျည်း ခေါ်ကြသည့် သင်္ဘော မန်ကျည်းပင်တွေ များလှသည်။ သီးမှည့်ကောက်ကောက် ကွေးကွေးတွေက နီနီထွေးထွေး။ မထူးက သီးမှည့်တွေ အက်ကွဲနေသော အပင်တစ် ပင်အောက် လှည်းဖြတ်တော့ လှည်းဆရာကို ခဏ ရပ်ပေးပါဦး တောင်းပန်သည်။ လှည်းပေါ်ကပဲ မတ်တပ်ရပ် ခူးတော့ တစ်ဆုပ်တစ်ခဲ ခဏကလေးနှင့် ရသည်။

“ကျွန်မတို့ ငယ်ငယ်က တလုပ် မန်ကျည်းသီး အကောင်း လုပ်စားကြရတာ။ ချူတဲ့လူက ချူ၊ လုကောက် သူကကောက်၊ အချင်းချင်း နပမ်း လုံးကြရသေးတာ သတိရတယ်။ ထမိန် ခါးပိုက်လုပ်ပြီး သွားလေရာ ယူသွားတာပဲ။ ပါးစပ်တွေများ ဖန်တွတ်လို့”

သမီးကတော့ ထူးဆန်းသော တောသီး တောဆံကို စားတော့ကြည့်သည်။ ကြိုက်ပုံမရ။ ကျွန်တော်က မအေနှင့် သမီး ငယ်ဘ၀ချင်း ခြားတော့ အာရုံ ခံစားမှု ခြားရတာကို သတိ ထားမိလိုက်သည်။ ကျွန်တော်တို့ ငယ်ငယ်ကလည်း ရွာမှာ ကြီးပြင်းခဲ့ရသည်။ ငှက်ပျောတော သီးပင်တော ဂွေးပင်တောမှာ တောသီး တောစာနှင့် ကြီးခဲ့ရသည်။ ခံသီး၊ ဘောက်သီး၊ ကဆစ်သီးနှင့် လူလား မြောက်ခဲ့ရသည်။ ဆီးချဉ်သီး၊ မန်ကျည်းချဉ်သီး၊ သရက်ချဉ်သီးနှင့် အာသာ ပြေခဲ့ရသည်။ မထူးက လှည်းဆရာကို မေးပြန်သည်။

“မနှစ်က ရေ၀င်သလား”

“မ၀င်ပေါင်ဗျာ။ အထက်က ဆည်ခံ ဆိုသလိုလို ပြောကြသာပဲ။ အခင်းတွေ ကြည့်ပါလား။ရေ၀င်တဲ့ နှစ်များ နုန်းနှစ်တွေ ကျန်ရစ်တော့ မြေဆီဆိုသာ အပွေးကို တက်နေတော့သာ၊ အသီးကလည်း ဖြစ်လိုက်စမ်းဆို တောင်သူတွေ အသီးအနှံ ရသာများဗျာ။ ခက်သာက အသီးရတဲ့နှစ် ဈေးက ကျပြန် ရော။ အခုကျတော့ ဘယ့်နှယ့် ဖြစ်တုန်းဆိုတော့ မြစ်က ရေမ၀င်တော့ဘူး။ မြစ်ရေတိုး သယ်ဆိုသယ် စတုတ် မတိုက်နိုင်ဘူး။ မြစ်ရေက နောက်ပြန် လန်ကျသာနဲ့ပဲ ရှေ့ မရောက်တော့ဘူး”

မနှစ်က ရေ၀င်သလား ဆိုသည့် မေးခွန်းက တိုတောင်းသော်လည်း အဖြေက များလှသည်။ အမေးတော်ဖြေ ကျမ်းတစ်ဆူလောက်တော့ မေးခွန်းလေးငါး ဆယ်ခွန်း မေးရုံလောက်နှင့် ရနိုင်သည်။ ကျွန်တော်က ဦးတောကျော်နှင့် ကပ်လျက် လှည်းဦးမှာ ထိုင်သည်ဆိုတော့ အသာလှည့် အကဲခတ်ရသည်။ အသက်က ကျွန်တော်နှင့် မတိမ်းမယိမ်း။ အသားညိုညို၊ ကွမ်းပလုပ် ကလေးနှင့် ဖြစ်သည်။ သူ့ဘေးမှာကွမ်းထုပ် ကလေးရှိသည်။ ပလပ်စတစ်အိတ်ထဲမှာ ကွမ်းလေးငါးရွက်၊ ထုံးဘူးတစ်ဘူး၊ ဆေး ရွက်ကြီးတစ်ဆုပ်ဖြဲ၊ ကွမ်းသီးအနည်းငယ်ပါသည်။ ကျွန်တော်က ကွမ်းဆိုင်က ၀ယ်လာသော ယာကွမ်းတစ် ယာကမ်းတော့ ယူတော့စားသည်။ သူက ဗမာဆေးရွက် ကြီးထည့်စားသူဆိုတော့ကျွန်တော်ပေးသည့်ကွမ်းက ပေါ့ပုံရ၏။ လှည်းဘေး ကွမ်းပြင်ရည် ဖွမ်းခနဲ ထွေးလေသည်။

“ဆရာကြီးတို့ ကွမ်းက ပေါ့သယ်။ ကျုပ်တို့နဲ့ မကိုက်ဘူး။ ကျုပ်တို့က ဂျမ်း တွေရယ်၊ လူကလည်း ဂျမ်း၊ အလုပ်ကလည်း ဂျမ်း၊ ကွမ်းကျတော့လည်း ဂျမ်းမှ ဆရာကြီးတို့ လူနုနဲ့ ကွမ်းနုနဲ့တော့ ကိုက်ပါ့ဗျား။ ကျုပ်တို့က ဆေးရွက်ကြီးနဲ့ ကွမ်းသီးရောပြီး ၀ါးချင်ဝါးနေသာ၊ သည်နှစ် ကျုပ်တို့ ရွာဦးတင့်တယ် ဘုရားပွဲ ငမြာဘက် မြောင်ဘက်က လာရောင်းကြ သယ့်ဗမာ ဆေးရွက်ကြီးတွေများ အပွေးကြီးတွေက အကွက်ကြီးတွေလည်း ကောင်းချက်များ”

“ဦးတင့်တယ် ပွဲက ပြီးပြီပေါ့”

“ဦးတင့်တယ်ပွဲ တော်တော် စည်လိုက်သယ်၊ ပြီးပြီ ပြောပါတော့။ မတွေ့ခဲ့ဘူးလား အဝေးဈေးသည် တချို့ဆိုင်တောင် မဖြုတ်ကြသေးဘူး။ ဇဂျူးနတ်ပွဲလည်း မလိုတော့ဘူး။ ဟောသည်လမ်များ လဲမှို့ကျစရာ မရှိဘူး။ ဆိုင်ကယ်စက်ဘီး နွားလှည်း ရှောင် မဖြစ်ဘူး။ စည်ချက် ကမ်းကုန်သယ်”

ဇဂျူး ဆိုတာက စားကြူးရေးထုံး ရှိသော ရွာအမည်ဖြစ်သည်။ ဇဂျူးနတ်ပွဲက ဘာနတ်တုန်းဆိုတော့ ဇဂျူးနတ်ဟု ဆို လေသည်။ ကြက်သွန်ခင်းအချို့ လှည်း လမ်းဘေးမှာ ရှိသဖြင့် နကန်ဖြင့် ထိုးပြသည်။ နတ်ပွဲက စောပြီး ကြက်သွန်က နောက်ကျတော့ တောင်သူတွေ နတ်ပွဲဈေး ငွေမသုံးရဘူး ဆိုတာလည်း ပါသည်။ တစ်နေရာ ရောက်တော့ ဦးတောကျော်၏ နကန်က မိုးပေါ် ထိုးပြသည်။ ကျွန်တော်တို့ မိသားစုလည်း နကန်ဖျားကို မော့ကြည့်ကြရသည်။ မဟာဓာတ်ကြိုး လိုင်းကြိုးများကို ပြခြင်းဖြစ်သည်။ ဘာကို ပြောချင်တာပါလိမ့်။

“ကျုပ်တို့ ရွာပေါ် ဖြတ်သွားသာလေ။ ဓာတ်ကြိုးတစ်ချောင်း လူ့လက်မောင်း လောက်ရှိသာ၊ မြစ်သည်ဘက်မှာ တစ်တိုင်၊ မြစ်ဟိုဘက်မှာ တစ်တိုင်။  သည်တော့မှ သူပြောချင်တာကို သဘော ပေါက်ရသည်။ လှည်းလမ်းက ကောက်တိကောက်ကွေး။ တစ်ခါတစ်ခါ လမ်းတစ်ဘက် သစ်ခင်းထဲ ဖဲ့ဆင်းရတာ လည်း ရှိသည်။ မြစ်ရေကြောင့် ကမ်းပါးတွေ ပြိုပြီဆိုလျှင် မြစ်နီးကမ်းနီးတောင် သူအခင်းတွေက လှည်းလမ်း ပေးကြရ သည်။လှမ်းလေးပေးရင်းက ယာခင်းကလေး ကျုံ့ရသူတွေ အပုံ။ တောင်သူ ဆိုတော့လည်း ပဲချိန်ပဲ၊ ကြက်သွန်ချိန် ကြက်သွန်၊ နှမ်းချိန်နှမ်း ကိုက်သော်ရှိ မကိုက်သော်ရှိ စိုက်လိုက်ရမှ ကျောလုံကြသူတွေ ဖြစ်သည်။ သစ်ခင်းကလေး ကြဲထားသတဲ့ ဆိုမှ ငွေရှင်က ငွေချေးသည်။ ဦးတောကျော် မှာလည်း နှစ်ဧက မူးတင်း မြေကွက်ရှိသည် ဆို၏။ မြစ်ရေတင် စီမံကိန်းရှိသည့် အရပ် ဆိုသော်လည်း အဖျားခင်းတွေဆီ ရေမရောက်သည့် နှစ်တွေ ရှိသည်။ ကိုယ့်စက်နှင့် ကိုယ်တင်ပြန်တော့ စရိတ်ကြီးသည်။ ကောင်းကင်က ကျလာမည့် မိုးရေဆိုတာကလည်း သေချာတာ မဟုတ်။

လမ်းမှာ ဆမိတ်ခုံ သင်္ဘောဆိပ်ကို တွေ့ရပြီ။ ရွာနှင့်တော့ လှမ်းသား။ ဧရာဝတီ သင်္ဘောတွေက ဆမိတ်ခုံဆိပ်မှာ ကပ်လေ့ရှိသည်။ ဆမိတ်ခုံပြီးလျှင် ကြား ရွာတွေမှာ မကပ်တော့ဘဲ ဂင့်ဂဲ ရွာဆိပ်မှာ တစ်ထောက်ဆိုက်သည်။ ကြားရွာတွေက သင်္ဘော စီးချင်လျှင် ဆမိတ်ခုံကို ရောက်အောင် လာချင်လာ၊ ဂင့်ဂဲကို သွားချင် သွား။ အခုတော့ ကတောရွာ၊ ရရှည် ရွာ (ရွာရှည်ရွာ)၊ သိမ်ရွာတွေက မော်တော် ကားတွေ ထွက်ကြပြီဆိုတော့ မသေချာသည့် သင်္ဘောကို စိတ်မရှည်နိုင်ကြတော့ပြီ။

တစ်နေရာ ရောက်တော့ စက်ဘီး ကယ်ရီယာပေါ် ဆီပုံးနှစ်ပုံး ခွတင်လာသည့် ကလေးတစ်ယောက်နှင့် ဆုံသည်။ ကလေးက စက်ဘီးကို စီးမဖြစ်။ လှည်း လမ်းဆိုတော့ ကျင်းကြီး ချိုင့်ကြီးတွေ ရှိသည်။ သည်တော့ စက်ဘီးကို တွန်းရတော့သည်။ ဆီပုံး နှစ်ပုံးကလေးတော့သူ့ စက်ဘီးသူ မထိန်းနိုင်။ တစ်နေရာမှာ တော့ လှည်းရှောင်ရင်း ဗိုင်းခနဲလဲသည်။ ဦးတောကျော်က လှည်းခဏ တောင့်ကာ ဆင်းထူလေ၏။

“ငါက မင်းမရိုက်ချင်ဘူး။ မင်းမိဘများ နကန်နဲ့ ရိုက်ချင်တော့သာ။ ဘယ့်နှာဗျာ ကလေးကို ဆီပုံးကြီးတွေ သယ်ခိုင်း ရသယ်လို့ နေဦး မင်းဟာက ဘာဆီ တွေတုန်း”

“ဒီဇယ်”

“ဘာလုပ်သာတုန်း”

“စက်မောင်းဖို့ရယ်”

“မင်းအဖေက ဘာလုပ်နေလို့တုန်း၊ ကလေး ခိုင်းရတယ်လို့”

“အဖေ မရှိတော့ဘူးဗျ”သည် အင်တာဗျူးကို ကျွန်တော်တို့ပါ ကြားနေရသည်။ ဦးတောကျော်ပင် စကား မဟနိုင်တော့ဘဲ လှည်းပေါ် ပြန်ရောက်လာသည်။
“ဖြစ်ရလေဗျာ”

သည်နောက်တော့ ဦးတောကျော် နှုတ်ဆိတ် သွားခဲ့သည်။ ကျုပ်တို့က ဂျမ် တွေ ဆိုသူမှာလည်း နှလုံးသား ရှိသည်။ ဂျမ်းဆိုတာက ရွာသုံးဖြစ်၍ စိတ်ကြမ်း ကိုယ်ကြမ်းကို ပြောခြင်းဖြစ်သည်။ လှည်းမောင်းရင်း သူ့ဂျမ်း ကွမ်းယာအုပ်ကို ဖြည်ကာ တစ်ယာ ယာစားသည်။ ခဏနေတော့ ဖွီခနဲ ကွမ်းတစ်ချက် ထွေးလေ၏။

“သည်ကလေးနဲ့ ကျုပ်နဲ့ ဘ၀တူ သကောဗျာ။ကျုပ်လည်း ငယ်ငယ်ကတည်းက အဖေ မရှိဘူး။ အမေကလည်း ဆုံးတော့ ဘကြီးများနဲ့ နေခဲ့ရသာရယ်။ မြေကလေး လှည်းကလေး ပိုင်တဲ့သည်ဘ၀ ရောက်ဖို့ နှစ်ပေါင်းလေးဆယ်လောက် ကျုံးရုန်း လုပ်ခဲ့ရသာ”

ကျွန်တော်တို့ကို ပြောနေတာနှင့် မတူ။ တစ်ယောက်တည်း ရေရွတ် နေသည့်နှင့်ပင် တူတော့သည်။ လက်ပံပင်ပေါ်က မှိုပွင့်တွေ ၀ဲလွင့်ကျနေကြသည်။ လေမှုန် မှုန် မြူမှုန်မှုန်ခင်း ပြန့်ထဲမှာ လှည်းတစ်စီး တစ်လေ၊ လူတစ်ယောက်စ နှစ်ယောက်စ ဝေးဝေးမှာ လှမ်းမြင်နေရသည်။ မြစ်ကတော့ လှည်းက ကြိုးနှင့် ဆွဲလာသလို ကျွန်တော်တို့နောက် ကောက်ကောက်ပါ လာခဲ့သည်။ တံငါတဲ တစ်တဲက မြစ်ပုဇွန် ထုတ်ယူကြဦးမလား လှမ်းမေးသည်။ လင် တံငါသည်ခမျာ မြစ်ပုဇွန် တစ်တွဲနှင့်သည် တစ်ခါတော့ အိမ်ပြန်လှပုံ ပေါ်သည်။ တစ်နေရာမှာတော့ ဆီးချဉ်ပင် အပင်များများ တွေ့ရသည်။ ဆီးချဉ်သီး ခြောက်တွေ လှမ်း ထားသည့် တဲတစ်တဲကိုလည်း မြင်ရသည်။ သည်နှစ်ဆီးချဉ်တွေ တစ်တင်း နှစ်ထောင်ရသယ်လို့ လှည်းဆရာက ဆီးချဉ်သီး ဈေးနှုန်း ပြောပြနေသည်။

“သည်ဘက်ရွာတွေ သည်နှစ် အလှူအတန်းတွေကော ဖြစ်ကဲ့လား”

“ဖြစ်တဲ့ရွာ ဖြစ်သယ်၊ အလှူကလည်း ပိုက်ဆံ ရှိသူများ ကျတော့ အပြိုင်အဆိုင် ပါဗျာ။ ဒါန မပြိုင်ကြဘူး။ ဆိုင်းပြိုင်ကြသာ။ အဆိုတော် ပြိုင်ကြသာ ကျုပ်ကတော့ လှည်းလိုက်ရင် တစ်ပွဲ ခုနှစ်ထောင်ပါပဲ။ ချမ်းသာတဲ့ အလှူဖြစ်ဖြစ်၊ ဆင်းရဲတဲ့ အလှူဖြစ်ဖြစ်၊ ချူကုံး ကကြိုးတန်ဆာ လေးနွားစွပ်ပြီး လိုက်ရသာ”

လမ်းခရီး တစ်လျှောက် ဇနီးသည်၏ ဆွေတွေ မျိုးတွေကို တွေ့ရသည်။ရွာဘက် ရောက်ဦးမှာလား မေးကြသည်။တချို့က စက်ဘီး၊ တချို့က ဆိုင်ကယ်တွေနှင့် ဖြစ်သည်။ ကျွန်တော်တို့ မိသားစုက ရွာအထိ (ဥဒယရွာ) အထိ မရောက်နိုင်တော့ပါ။ ပုထိုးမနိုင် ညောင်မနိုင် ဘုရား အထိသာ ဖြစ်သည်။ ဇနီးသည်ဘက်က ရိုးရာအဖြစ် အိမ်ထောင်မှာ လူသစ်တိုးလျှင် ပေါက်အို နတ်ကွန်းလူ အရောက် ပြရသည့်ဓလေ့ ရှိသည်။ သမီး ခြောက်နှစ်ရှိပြီ။ ပေါက်အို နတ်မပြရသေး တော့ဆမိတ်ခုံ ရောက်တုန်း ရောက်သခိုက် နတ်ပြ ထွက်လာကြခြင်းဖြစ်သည်။ ဘိုးဘွားတို့၏ ယုံကြည်မှု ဆိုတော့လည်း အကြေး မလှန်သာ။“ရွာမရောက်တော့ဘူး။ ပေါက်အို တင်ရယ် ကျီရွာက ဘကြီးပိုက်တို့ အမေအုန်းဆိုင်တို့ ဇဂျူးက ဦးချစ်လှိုင်တို့ ပြောလိုက်စမ်းပါ။ မ၀င်နိုင်တော့ဘူးလို့နှော။ ဥဒယ ရောက်ရင် ကြီးတော်တို့အိမ် ၀င်လိုက်စမ်းပါ။ မ၀င်ဖြစ်တော့ဘူးလို့”

ကြုံရာ ခရီးကြုံကို အမှာ ဆင့်နေရသည်။ ဦးတောကျော်က မေးသည်။
“ကျုပ်တို့ ပေါက်အိုနတ်က ရွာခံ မကိုင်ဘူး။ သူစိမ်းကို ကိုင်သာ။ ကျုပ်တို့လည်း နှစ်စဉ် လာရသာပဲ။ နေပါဦး ခင်ဗျားတို့က ဘယ်က လာကြသာတုံး”

“ကျွန်မတို့က မန္တလေးမှာ နေတာ၊ ကျွန်မက ဥဒယသူ၊ သမီး မရောက်ရသေးလို့ ဦးတောရေ၊ ခုတစ်ခေါက် လာပြရသာ၊ အပ်ရတာပေါ့လေ”

“အပ်ရမှာပေါ့ဗျာ။ နတ်များပေါ့ပေါ့ မှတ်လို့”

ရွာနတ်က ရွာခံကိုမကိုင် သူစိမ်းကိုင်သာ ဆိုလို့ တော်ပါသေးရဲ့ အောင်းမေ့ရသည်။ ရွာသူရွာသား နယ်ခံပယ်ခံကို ဒုက္ခမပေး။မရိုမသေ ရှိလျှင် ထိုရွာသူ ရွာသားနှင့် အကြောင်း ပါကြသည့် လူစိမ်း သူစိမ်းတွေကို မညှာဟု ဆိုနေပြီ မဟုတ်လော။ ပေါက်အို အလယ်ရွာဘက် နီးပြီ။ သည်ဘက်မှာတော့ စပါးခင်း စိမ်းစိမ်းတွေ မြင်ရပြီ။ မြင်းခြံ မြောက်လက်ရွာတွေက မြစ်နီးလျှင် နီး၊မနီးလျှင် ကုန်းခြောက် ခေါင်ခေါင် ရွာ တွေများသည်။ သည်ဘက် နှစ်တွေမှာတော့ ပဲကြည်းနှမ်းကြည်း(ပဲကြဲနှမ်းကြဲ) ရွာတွေ မှာ စပါးစိုက်နေ တာတွေ ရှိပြီ။ သို့သော် ရေရမှ မြက်တင်သည်ဆိုသလို ရေရဖို့ သေချာမှ စပါး စိုက်နိုင်ကြသည်။

ပုထိုးမနိုင် ညောင်မနိုင်။ ဘုရားဝင်း ကြီးကျယ်လှသည်။ ဘုရား ပုရ၀ုဏ်ထဲမှာ အခြားလူသူလေးပါး မရှိ။ ကျွန်တော်တို့ မိသားစုသာ ရှိသည်။ ဦးတောကျော်က လှည်းချွတ်ပြီး နွားနှစ်ကောင် တစ်နေရာစီ ချည်ထားလိုက်သည်။ အနားက ကွပ်ပျစ် ပေါ်မှာထိုင်ရင်း သူ့ဂျမ်း ကွမ်းယာထုပ်ကို ဖြည်ကာ ကွမ်းယာသည်။ သူ့တာဝန်ကျေ ပြီဆိုသည့် ပုံဖြင့် အေးအေးလူလူ ရှိလေသည်။ ကျွန်တော်တို့ အောက်ဘက် ခပ်နိမ့်နိမ့်မှာ ဧရာဝတီ။ လှေကလေး နှစ်စင်း တွဲချည်ထားသော်လည်း ကူတို့ ဆရာမရှိ။

“ပထမ အင်္ဂလိပ်မြန်မာ စစ်ပွဲနဲ့ တတိယ အင်္ဂလိပ်မြန်မာ စစ်ပွဲစလုံးမှာ သည်နေရာက သမိုင်းရဲ့ အထင်ကရ နေရာ ဖြစ်ခဲ့တယ်။ သမိုင်းမှာ ရန္တပိုစာချုပ် ချုပ်ခဲ့တာလည်း သည်နားမှာပဲ။ ပထမ အင်္ဂလိပ် မြန်မာစစ်ပွဲနဲ့ တတိယ အင်္ဂလိပ်မြန်မာ စစ်ပွဲမှာ မြန်မာတပ်တွေ ဆုတ်တော့လည်း ဆမိတ်ခုံမှာ စစ်ခံကြတာ တွေ့ရတယ်”

ကျွန်တော်က အထက်မှ ဆီးမြင် နေရသော မြစ်ကိုကြည့်ရင်း ဇနီးသည်ကို ပြောပြ သည်။ ဘုရားဝင်းက အေးချမ်း တိတ်ဆိတ်လှသည်။ ရွက်ကြွေတွေ တသောသော ကြွေနေကြသော်လည်း ရှင်းသန့်လှသည်။ ပေါက်အိုနှင့် တည့်တည့် အနောက်ဘက် ကမ်းက နဂါးပေါက်ရွာ။ လှေတစ်ခေတ် ကောင်းစားစဉ်က မြစ်ရိုး ကျော်ပြိုင် လှေကြီးများ ထွက်ရာရွာကြီး ဖြစ်သည်။ သမိုင်းဆရာ တစ်ဦးကတော့ ပထမမြန်မာ အင်္ဂလိပ်စစ် စစ်ပြေငြိမ်း စာချုပ်ကို ရန္တပိုရွာ အထက် နှစ်မိုင် တစ်ဘက်ကမ်း နားပေါက် ရွာနှင့် တည့်တည့် ညောင်ပင်ကြီးအောက်တွင် ချုပ်ဆိုသည်ဟု ဆိုသည်။ ကုန်းဘောင်ဆက် မဟာ ရာဇ၀င်ကြီးမှာတော့ ရန္တပိုရွာဟုသာ ပြသည်။

“နဂါးပေါက်နဲ့ တည့်တည့်ညောင်ပင် ဆိုရင်တော့ ဇဂျူး ညောင်ပင်နေမှာပဲ။ ကျွန်မတို့ ငယ်ငယ်က ဇဂျူးက အမျိုးတွေဆီ လာရင် သည်ညောင်ပင်အောက်မှာ ကစားကြတာ”

ဇဂျူးညောင်ပင်က ပေါက်အိုနှင့်မဝေး ပါ။ သွားချင်လှသော်လည်း မရောက်နိုင်။ ဆွေတွေမျိုးတွေက ညောင်ပင်တော့ လာကြည့်ကြသတဲ့။ တို့ဆီတော့ မရောက် လေ ထင်ကြရော့မည်။ ရန္တပို ရွာသည်လည်း ဝေးလှသည် မဟုတ်။ ဇဂျူးကျော်တော့ကျီရွာ၊ ဥဒယ၊ ကိုင်းရွာ၊ ပြီးလျှင် ရန္တပို ရွာ။ ဘုရား ကုန်းတော်ပေါ်မှာလည်း လူသူ မရှိ။ ကျွန်တော်တို့ မိသားစုသာ ရှိသည်။ ပေါက်အိုနတ်ကို ရည်ကာ သမီးကို အပ်ရသည်။

ဤသို့ဖြင့် ရိုးရာ မိဆိုင်ဖဆိုင် နတ်ပြခြင်း ကိစ္စပြီးလေသည်။
အပြန် ခရီးမှာတော့ နေလုံးရင့်ပြီ။ မြူ နှင့်မြစ်ငွေ့တွေတော့ မစင်ချင်သေး။ တောနံ့တောင်နံ့၊ နွေမြေသင်းနံ့။ သစ်ခင်းစိမ်း စိမ်း စပါးစိမ်းစိမ်း။ ရောက်ချင်သည့် နေရာ ရောက်ခဲ့ရပြီ။ လှည်းစီစဉ်ပေးသည့် ကိုအောင်မင်း (ကြံတိုင်းအောင်)၊ မိသားစု တွေကို ကျေးဇူးတင်ရပါသည်။လှည်းဆရာ ဦးတောကျော်ကို ကျေးဇူးတင်ရသည်။

“ရော်ဗျာ။ ကောင်လေး ဒီဇယ်ဆီတွေ နှစ်ပုံးစလုံး ဖိတ်ခဲ့ပြီ ထင်တယ်။ အရိုက်တော့ ခံရတော့မှာပဲဗျာ။ ထင်တော့ထင်သား မနိုင်မနင်းနဲ့”
လှည်းဆရာကပြတော့ကန်သင်း ဘေးမှာ ဆီတွေအိုင်ထွန်းနေသည်။ စက် ဘီးရော ကလေးငယ်ပါ မရှိကြတော့။ သည်နားမှာပဲ စက်ဘီး လဲဟန်တူသည်။ ကျွန်တော့် ဇနီးကို အင်္ဂလိပ်မြန်မာ စစ်ပွဲ နှစ်ပွဲအကြောင်း ပြောပြတုန်းက ဦးတော ကျော်လည်း ကြားသည်။ ဘာခံစားမှုမှ မရှိ။ ဒီဇယ်ဆီတွေ ဖိတ်နေတာ တွေ့တော့မှ ၀မ်းပမ်းတနည်း ရှိလေခြင်း။ အပြန် ခရီးမှာတော့ လှည်းက ဆမိတ်ခုံ ရွာဘက်ကို ဆုတ်ခွာသည်နှင့်ပင် တူတော့သည်။


နေ၀င်းမြင့်

Thursday, 31 March 2011

ဖိုထားသောမီးများ ရှိရာသို့ ...

ဖိုထားသောမီးများ ရှိရာသို့ ...
မောင်သာချို

(တစ်)

အဲသည့်နေတုန်းကဖြင့် မိုးက ခပ်စိတ်စိတ်ကိုပဲ ရွာချနေခဲ့ပါတယ်။ ကျနော်ကတော့ မန္တလေးမြို့ကို သွားနေတဲ့ အမြန်ကားတစီးပေါ်မှာ လိုက်ပါသွားနေလျက် ...။ မှတ်မှတ်ရရ အဲသည့်နေ့က မိုးကောင်းကင်ဟာ ပြိုမှာလေ လား မိုးရဲ့ဆိုတဲ့ မိုးကောင်းကင်မျိုးမဟုတ်ပါဘူး။ တမိုးလုံးဖြူပြီး လင်းချင်းနေတဲ့ မိုးကောင်းကင်ပါ။ မိုးဖြူမစဲ မိုးမည်းမရွာ ဆိုတဲ့စကားအတိုင်း လင်းနေ ဝင်းနေတဲ့ မိုးကောင်းကင်ကနေ အသားလွတ် ရွာချနေတဲ့ မိုးဟာ မနက်လင်းအားကြီးကနေ ညနေတိုင်တဲ့အထိ သွန်းဖြိုးစွေရွာလို့ ကောင်းဆဲ ...။

ကျနော် လိုက်ပါစီးနင်းသွားတဲ့ အမြန်ကားဟာ မန္တလေးမြို့ကိုအဝင် တံခွန်တိုင်ရွာကြီးကို ဖြတ်သန်းသွားနေ စဉ်မှာတော့ ညနေဟာ အတော့်ကို စောင်းသွားခဲ့ပါပြီ။ ဒါပေမယ့် ပတ်ဝန်းကျင်ဟာ မိုးကြားကပဲ လင်းပလို့နေ ဆဲ ...။ ကားဟာ တံခွန်တိုင်ရွာကို ဒရောသောပါး ဖြတ်သွားနေရာက အကွေ့ကြီးတခုကို ရောက်တဲ့အခါမှာ တော့ မြင်းဇက်ကြိုးကို တုန့်လိုက်သလို တွန့်ကနဲ ဖြစ်သွားရာက အရှိန်တန့်ပြီး ရပ်သွားပါတော့တယ်။ လမ်း တဘက်မှာကတော့ လူတွေ စုစု စုစုနဲ့ ဘာဖြစ်ပါလိမ့်။

ဘာဖြစ်ပါလိမ့်ဆိုတဲ့ စူးစမ်းလိုစိတ်နဲ့ ကျနော်တို့တကားလုံး ခေါင်းထောင်သွားမိတဲ့ အချိန်မှာတော့ အားလုံးကို ချက်ချင်းတွေကျသွားစေတဲ့ အနိဌာရုံမြင်ကွင်းတခု။ မန္တလေးဘက်ကို သွားပုံရတဲ့ ဘတ်စကားကြီးတစီးက လမ်းမဘေးမှာ ထိုးရပ်လို့။ ကားရှေ့မလှမ်းမကမ်းမှာက ရှေ့ဘီးတခုလုံး တွန့်လိမ်ကွေကောက်ပြီး အရုပ်ကြိုး ပြတ်လဲကျနေတဲ့ စက်ဘီးတစီး။ စက်ဘီးနဲ့ မလှမ်းမကမ်းမှာက ဦးခွံကြီး ပွင့်ထွက်ပြီး သွေးအိုင်ထဲမှာ ပကတိ ငြိမ်သက်နေတဲ့ လူတယောက်။ ဖိနပ်တွေက ဟိုတဖက် ဒီတဖက်။ ခေါက်ဆွဲထုပ်ကလေး သုံးလေးထုပ်က ကတ္တရာလမ်းမပေါ်မှာ ပွင့်ထွက်အန်ကျ။ မိုးရေတစက်စက်၊ အနွေးဓာတ်မပြယ်သေးတဲ့ သွေးစီးကြောင်းတွေ က ကတ္တရာလမ်းမပေါ် စီးကျနေဆဲ ...။

မကြာသေးခင်အချိန်ကလေးကပဲ လောကကို ကျောခိုင်းထွက်သွားရတဲ့ လူတယောက်ရဲ့ မြင်ကွင်းကို ကား ပေါ်က လူတွေရော၊ လမ်းပေါ်က လူတွေရော အတန်ကြာ ကြက်သေသေပြီး တွေကြည့်နေမိကြရာက သက် ပြင်းကိုယ်စီချလိုက်မိကြတယ်။

“အိမ်ကသားတွေ၊ သမီးတွေ၊ မိန်းမတွေ သိကြဦးမှာမဟုတ်ဘူး” ကားပေါ်က တစုံတယောက်ရဲ့ ကောက်ချက် ချသံ။ ကားဆက်လက်ထွက်ခွာခဲ့ပေမယ့် မိုးတညနေရဲ့ ကြေကွဲစရာ မြင်ကွင်းဟာ ကျနော့်အမြင်အာရုံမှာ ဘယ်လိုမှ ဖျောက်ဖျက်မရနိုင်တော့ပါဘူး။ မိုးရေစက်စက်၊ သွေးနီပွက်ပွက်။ ဟိုတဖက် ဒီတဖက် ဖိနပ်တရံ။ လွင့်စင်အန်ကျ ခေါက်ဆွဲထုပ်ကလေးများ။ တွန့်လိမ်ကွေးကောက် စက်ဘီးအို။ လဲကျသေဆုံးနေတဲ့ အိမ်ပြန် လာသူ လူတယောက်။ ဟုတ်တယ်။ သူ့မိန်းမ၊ သူ့သား၊ သူ့သမီး။ သူတို့ဆီ ပြန်လာနေတဲ့ သူတို့အဖေ။ ဒီည နေ ပြန်မရောက်နိုင်တော့ဘူးဆိုတာ သူတို့သိကြဦးမယ်မဟုတ်ဘူး။ အဖေကြီး ပြန်လာရင် ဆိုတဲ့အတွေးနဲ့ မိ သားစုတတွေ စကားလက်ဆုံပြောရင်း လမ်းမရှိရာကို မျှော်ငေးရင်း၊ ဟင်းအိုးကလေးတွေကို မီးဖိုပေါ်တင်နွှေး ရင်း ပြန်မရောက်လာနိုင်တော့တဲ့ အဖေကို စောင့်မျှော်နေကြပေတော့မယ်။

သြော် ... မျက်မှောက်ခေတ်ရဲ့ လူသားတယောက် သူနဲ့ သူ့အသိုက်အမြုံကလေးအတွက် ဝမ်းစာကို ရှာဖွေ ရင်း အသိုက်အမြုံရှိရာကို ပြန်လာတဲ့ လမ်းဟာ ကမ္ဘာဦးကလိုပဲ အန္တရာယ်တွေ၊ စွန့်စားခန်းတွေနဲ့ ပြည့်နှက် နေဆဲပါပဲကလား။
(နှစ်)

ကမ္ဘာဦးကနေ ယနေ့တိုင်အထိ ခင်ဗျားတို့၊ ကျနော်တို့တတွေအားလုံး အိမ်ကို ပြန်လာနေခဲ့ကြတယ်လေ။ မ နက်ခင်းရဲ့ လမ်းများနဲ့အတူ ကိုယ့်စားကျက်ရှိရာကို ကိုယ်ထွက်ခွာသွားကြပြီး ညနေခင်းရဲ့ လမ်းများနဲ့အတူ ကိုယ့်အသိုက်ရှိရာကို ကိုယ်ပြန်လာနေခဲ့ကြစမြဲပါ။

စာရေးမလေးတွေ အိမ်ပြန်လာနေကြတယ်။ ကျောင်းဆရာမလေးတွေ အိမ်ပြန်လာနေကြတယ်။ လမ်းဘေး ဈေးသည်ကလေးတွေ အိမ်ပြန်လာနေကြတယ်။ အုတ်သယ်၊ မြေဖို့၊ ပန်းရံသမားတွေ အိမ်ပြန်လာနေကြ တယ်။ ငါးရှာ၊ ဖားရှာ၊ ကောက်စိုက်၊ ပျိုးနုတ်တွေ အိမ်ပြန်လာနေကြတယ်။ စိန်ရွှေရတနာ ကျောက်မျက် ရောင်းချသူတွေ အိမ်ပြန်လာနေကြတယ်။ အငှားကားမောင်းသမား၊ ဆိုက်ကားနင်းစားသူတွေ အိမ်ပြန်လာနေ ကြတယ်။ မဂ္ဂဇင်းအယ်ဒီတာ၊ ကဗျာဆရာ၊ စာအုပ်လက်ပွေ့အရောင်းသမား အိမ်ပြန်နေကြတယ်။ အရောင်း စာရေးမ၊ ဧည့်ကြိုမိန်းကလေး၊ ရမ္မက်ကုန်သည် မိန်းမလှ အိမ်ပြန်လာနေကြတယ်။ ဟုတ်ပါတယ်။ ခင်ဗျားတို့ ကျနော်တို့တတွေအားလုံး အိမ်ပြန်လာနေခဲ့ကြပါတယ်။ ကလေး၊ လူကြီး၊ လူထီး၊ လူမ ကိုယ့်အသိုက်အမြုံအ တွက် အစာကို ထွက်ရှာကြသူ လူတိုင်း၊ လူတိုင်း ...။

ကမ္ဘာဦးတုန်းကလည်း ကျနော်တို့ရဲ့ အဘိုးအဘွား ကျောက်ခေတ်လူသားဟာ ကျောက်လက်နက်ကို လက် တဘက်က စွဲကိုင်လို့၊ ပုခုံးပေါ်မှာ သွေးသံအလူးလူးနဲ့ သားကောင်ကို ပစ်တင်ထားလို့၊ အမြောင်းမြောင်းထ နေတဲ့ ကြွက်သားကြီးတွေ၊ အပြိုင်းပြိုင်းကြွနေတဲ့ သွေးကြောကြီးတွေ၊ တင်းမာနေတဲ့ မေးရိုးကြီးတွေ၊ ပြည့် ကားနေတဲ့ ရင်ဘတ်ကြီးတွေနဲ့အတူ သူ့ဂူရှိရာကို ပြန်လာနေခဲ့ပေလိမ့်မယ်။ ဒီလို ကမ္ဘာဦးကနေ သည်နေ့အ ထိ ကိုယ့်ချည်တိုင်ကို ကိုယ်ပြန်လာကြစမြဲဖြစ်တဲ့ လူသားတွေရဲ့ဘဝကို ကဗျာဆရာ ‘အောင်ချိမ့်’ က သူ့ရဲ့ ‘လမ်း’ ဆိုတဲ့ ကဗျာမှာ ခုလိုစပြီး ရေးဖွဲ့ပါတယ်။

မိသားစုများ အခန်းကဏ္ဍ 
ကမ္ဘာဦးပုံသဏ္ဍာန် 
တဦးပြန်အလာ တဦးမျှော်ကြ 
မီးဖိုကြ။

သားကောင်ကို ပုခုံးပေါ် အကျအနပစ်တင်ပြီး ထမ်းပြန်လာတဲ့ ကျောက်ခေတ်လူသားကိုပဲဖြစ်ဖြစ်၊ ခေါက်ဆွဲ ကြော်ထုပ်ကလေးတွေ စက်ဘီးလက်ကိုင်မှာ ဆွဲချိတ်ကာ မန္တလေးဘက်ကနေ တံခွန်တိုင်ကျေးရွာဘက်ကို နင်းပြန်လာတဲ့ မျက်မှောက်ခေတ်လူသားကိုပဲဖြစ်ဖြစ် ကျန်ရစ်ခဲ့တဲ့ သူ့မိသားစုက မျှော်မြဲပါ။ ဖိုထားတဲ့ မီးတွေ နဲ့အတူ ကြိုမြဲပါ။ သွေးသံရဲရဲနဲ့ သားကောင်ကို အလျှံတညီးညီး တောက်လောင်နေတဲ့ မီးဖိုထဲ ထိုးထည့်လိုက် ရင်းက နွေးအောင်လည်း လှုံရင်း ကုန်အောင်လည်း ဝိုင်းဖွဲ့စားသောက်ကြမယ်လေ။

ဒလဘက်ကနေ ရန်ကုန်ဘက်ကမ်းကို ကူးတို့နဲ့ကူးပြီး အရက်ဆိုင်တကာ လှည့်လို့ ငါးဖယ်ကြော် လိုက်ရောင်း နေရှာတဲ့ အရွယ်မတိုင်သူ သမီးကလေးကို အမေို့ စောင့်နေကြပါတယ်။ လွယ်အိတ်ထဲကနေ ထီလက်မှတ် တွေ ဆွဲဆွဲထုတ်ရင်း တွေ့တဲ့လူကို ထီထိုးဦးမလားလို့ လိုက်မေးနေရှာတဲ့ အဖေကြီးကို သမီးတို့ စောင့်နေကြ ပါတယ်။ ဒတ်ဆန်းနောက်မြီးမှာ တွဲလွဲဆွဲကိုင်ပြီး ခေတ်ကြီးထဲက ပြုတ်ကျမသွားဖို့ လိုက်ပါသွားရင်း မှတ်တိုင် ပါတယ်လို့ အော်နေရတဲ့ ကားစပယ်ယာ သားကို အမေတို့ စောင့်နေကြပါတယ်။ မြို့နဲ့ဝေးဝေး ရွာကလေး တွေကနေ အဝေးပြေးကားကြီးတွေက မတင်ချင့်တင်ချင်နဲ့ သယ်ဆောင်လာတဲ့ ကျောင်းဆရာမကလေးကို အဖေတို့ စောင့်နေကြပါတယ်။ အရောင်းအဝယ်ကိစ္စလို့ဆိုပြီး ဘာကုန်တွေကိုမှ သယ်ဆောင်မသွားဘဲ ထွက် ထွက်သွားတတ်တဲ့ မမကြီးကို ညီမလေးတို့၊ မောင်လေးတို့ စောင့်နေကြပါတယ်။ စာအုပ်ထွက်မှ ပိုက်ဆံယူ ဗျာလို့ ဆိုတတ်တဲ့ ထုတ်ဝေသူစားပွဲရှေ့ကနေ မျက်နှာငယ်ငယ်နဲ့ လှည့်ထွက်လာတတ်တဲ့ ဖေဖေ့ကို သားတို့ စောင့်နေကြပါတယ်။ ကျောင်းလခကလေးတွေ သွင်းကြပါဦးကွာလို့ ဆိုရင်း စာသင်ခန်းကလေးထဲကနေ လှည့်ထွက်လာမယ့် ဖေဖေကြီးကို သားတို့ စောင့်နေကြပါတယ်။

မီးကလေးတွေ ဖိုကြရင်း၊ ဟင်းချိုကလေးတွေကို နွှေးကြရင်း၊ ထမင်းဝိုင်းကလေးတွေကို ပြင်ကြရင်း၊ အကြမ်း အိုးကလေးတွေကို တည်ကြရင်း၊ အနွေးဓာတ်ရှိရာကို လှည့်ပြန်လာမယ့် လမ်းများကို စောင့်ကြရင်း ...။

(သုံး) 

ငါတို့ခေတ်မှာ ငါတို့ဟာ 
ချစ်မေတ္တာကို ယူလာနိုင်ခဲ့လို့လား 
အိမ်ပြန်လာကြတယ်။

ကဗျာဆရာ ‘အောင်ချိမ့်’ က သူ့ရဲ့ ‘လမ်း’ ကဗျာကို အခုလို မေးခွန်နဲ့ ဆက်ဖွဲ့ခဲ့ပါတယ်။ “ချစ်ခြင်းမေတ္တာကို ယူလာနိုင်ခဲ့ကြရဲ့လား” တဲ့။ အိမ်ကို ပြန်လာတဲ့ ကျနော်တို့တတွေ၊ ခင်ဗျားတို့တတွေ။ နည်းမျိုးစုံနဲ့ နေရာမျိုးစုံ က ရလာကြတဲ့ ငွေစ၊ ကြေးစ၊ စားရေရိက္ခာထဲမှာ မေတ္တာတရားကိုမှ ကျနော်တို့တတွေ ထည့်သွင်းယူလာမိ ကြပါစ။ ဖြန့်ခံလာတဲ့ လက်ဖဝါးအစုံထဲကို ထိုးထည့်ပေးလိုက်ရတဲ့ ငွေစ၊ ကြေးစ၊ ပိုက်ဆံစက္ကူရွက်တွေထဲမှာ မေတ္တာတရားကိုမှ ရောစပ်ထည့်သွင်းလိုက်မိကြပါစ။ စားပွဲပေါ်ကို လှမ်းပစ်တင်ထားလိုက်တဲ့ မုန့်ပဲသရေစာ အထုပ်တွေ၊ အိတ်တွေထဲမှာ အနွေးဓာတ်ကလေးတွေကိုမှ ရောနှောပေးလိုက်မိကြပါစ။ ငါ ရှာကျွေးနေရတာ ပါဆိုတဲ့ မျက်လုံးတင်းခဲခဲကြီးတွေနဲ့များ တညနေခင်းလုံးကို သိမ်းကျုံးကြည့်ပစ်လိုက်လေမလား။

ချစ်မေတ္တာကို ယူလာနိုင်ခဲ့ကြလို့လားတဲ့။ မသိ။ ကျနော်မသိ။ လမ်းပေါ်မှာတော့ ညနေတိုင်ရင် ချည်တိုင်ကို ပြန်တဲ့ ခြေလှမ်းတွေနဲ့လေ။ ဟုတ်ကဲ့။ မီးကလေးတွေ ဖိုလို့ ပြန်သူကို စောင့်နေခဲ့ကြပါတယ်။

(လေး) 

တကယ့်တကယ်တော့ ထမင်းကိုရပြီး အိမ်ပြန်လာကြရတဲ့လမ်းဟာ အခုထိတိုင်အောင်လည်း ကမ္ဘာဦးဆန်ဆဲ ပါပဲလေ။ စွန့်စားခန်းတွေနဲ့။ မြောင်တွေဆီးလို့။ တောင်တွေဟီးလို့။ သားရဲပြွမ်းလို့။ ချောင်းမြစ်တွေဝှမ်းလို့ ...။

တောဆင်ရိုင်းတကောင်နဲ့ ပက်ပင်းတိုးလိုက်ရတဲ့ ကမ္ဘာဦးလူသားရဲ့ အန္တရာယ်တံခါးဝ။ ကျားသစ်တကောင်ရဲ့ ရှေ့မှောက်ကို ရောက်သွားတဲ့ ကမ္ဘာဦးလူသားရဲ့ အန္တရာယ်တံခါးဝ။ ချောက်ကမ်းပါးကြီးတွေရဲ့ ခြေတဖဝါးစာ နှုတ်ခမ်းပါးကနေ တွယ်ကပ်လျှောက်သွားနေတဲ့ ကမ္ဘာဦးလူသားရဲ့ အန္တရာယ်တံခါးဝ။ အဲသည် တံခါးဝတွေ လိုပဲ မျက်မှောက်ခေတ်လူသားရဲ့ ထမင်းကိုရှာပြီး ပြန်တဲ့လမ်းဟာလည်း အန္တရာယ်တွေနဲ့ ပြွမ်းတီးနေဆဲပါ။

အိမ်ကို ပြန်လာနေတဲ့ စက်ဘီးသမားကလေးနဲ့ မန္တလေးဘက်ကို အတင်းမောင်းဝင်သွားတဲ့ ဘတ်စကားကြီး တို့ရဲ့ တံခွန်တိုင်ရွာနားက လမ်းပေါ်မှာ မိုးသက်မုန်တိုင်းတွေရှိတယ်။ ရန်ကုန်ဘက်ကနေ ဒလဘက်ကို ဖြတ် ကူးလာတဲ့ အမြည်းရောင်းသူလေးရဲ့ ရန်ကုန်မြစ်ပေါ်က ညမှာ ကံဆိုးမိုးမှောင်တွေရှိတယ်။ အလုပ်သမား ခေါင်းကနေ တင်ပါးကို လှမ်းအပုတ်ခံလိုက်ရတဲ့ ပန်းရံသမကလေးရဲ့လမ်းမှာ ခြေချော်လက်ချော်တွေရှိတယ်။ ဧည့်ကြိုကောင်မလေးနဲ့ ကူးသန်းရောင်းဝယ် ကုန်သွယ်သမားကြီးကြားမှာ မစွမ်းရင်းတွေ၊ ကန်စွန်းခင်းတွေ ရှိတယ်။ ကမ်းနဲ့ ဝေးရာကို ထွက်သွားတဲ့ တံငါလှေကလေးနဲ့ လေရိုင်းရေရိုင်းတွေကြားမှာ လောကဓံလှိုင်းလုံး တွေရှိတယ်။ တချက်ချင်း ခေါင်းကို ရမ်းခါလိုက်တဲ့ ဆုံလည်ကုလားထိုင်ရှေ့က မတ်တပ်ရပ်စောင့်နေတဲ့ ခြေ ထောက်အစုံမှာ လေးလံတဲ့ ခြေလှမ်းတွေရှိတယ်။ နွားရိုင်းတကောင်လို တရှူးထိုး ခုတ်မောင်းသွားနေတဲ့ အ မြန်ရထားပေါ်က တတွဲပြီးတတွဲ ကိုယ်ကိုလွှဲသွားနေတဲ့ ဈေးသည်ကလေးတွေရဲ့ လက်ထဲမှာ လွတ်ကျသွား တဲ့ အိပ်မက်တွေရှိတယ်။

ဟုတ်ပါတယ်လေ။ ကျနော်တို့တတွေဟာ တနေ့မဟုတ်တနေ့၊ တနည်းမဟုတ်တနည်းနဲ့ ဖိုထားတဲ့ မီးကလေး များ ရှိရာကို အပြန်မှာ နောက်ကျခဲ့ကြပါတယ်။ ကဗျာဆရာ အောင်ချိမ့်ကတော့ အဲသည်လို အပြန်မလှနိုင်ကြ တဲ့ လူသားရဲ့ဘဝကို ဖော်ပြရင်းက သောကဗျာပါဒဆိုတဲ့ မိုးတွေ သည်လောကမှာ မတိတ်တော့ဘူးလားလို့ မေးရင်း ‘၁၉၉၆၊ ဒီဇင်ဘာလ၊ ရနံ့သစ်’ ထဲက သူ့ရဲ့ကဗျာကို အဆုံးသတ်ထားခဲ့ပါတယ်။

ကားတစင်း သေနေပေါ့
ညောင်ပင်ကြီးရဲ့အောက်မှာ
မိုးက မတိတ်တော့ဘူးလား
ဟောဒီလောကမှာ။ ။

အပြန်လမ်း မဖြောင့်တန်းနိုင်ပုံကို ကားတစင်း သေနေပေါ့တဲ့ ကဗျာဆရာက။ လမ်းပေါ်မှာ လူတွေတပုံတပင် ကြီး မိသားစုအသိုက်အမြုံရှိရာကို ပြန်သွားနေကြတယ်လေ။ ချစ်မေတ္တာတွေ ယူဆောင်သွားကြပါစ။ ရွာသော မိုးတွေကလည်း တိတ်သွားကြပါစ။ ဖိုထားတဲ့ မီးကလေးတွေ မငြိမ်းခင် ရောက်သွားကြပါစ။ တံခွန်တိုင်ရွာနား က ပက်စက်လှတဲ့ မြင်ကွင်းဟာ မန္တလေးကို ရောက်တဲ့အထိ ကျနော့်မျက်လုံးထဲက မထွက်တော့ဘူး။     ။

မောင်သာချို

Sunday, 20 March 2011

ပဲပြုတ်

ဝါခေါင်လဆိုတာ မန္တလေးမှာ မြို့တကာ နယ်တကာက လာတဲ့ ဧည့်သည်အများဆုံးလ တလပါပဲ။ ဒီလမှာ တောင်ပြုန်းနတ်ပွဲ၊ ရတနာဂူနတ်ပွဲတွေက ရှိသကိုး။ အဲဒီတော့ နတ်ပွဲလာချင်သူက မန္တလေးကို စတည်းချရတယ်။ ဒါကြောင့် တည်းခိုခန်းတွေ ဘယ်လိုပဲ ပေါပေါ အိမ်တွေမှာလည်း ဧည့်တွေက ရှိတာပဲ။ အဝေးကဧည့်သည်ကို မန္တလေးအိမ်ရှင်က နံနက်အစောစာအဖြစ် ပဲပလာတာ၊ ပဲပြုတ်နဲ့ နံပြား၊ ပဲပြုတ်နဲ့ ပေါင်မုန့်၊ ပဲပြုတ်နဲ့ ထမင်းဆီဆမ်း၊ ငါးခြောက်ဖုတ် စတာတွေနဲ့ ကျွေးမွေးလေ့ ရှိပါတယ်။ ဧည့်သည်က ပဲပြုတ်စားရရင် မန္တလေးပဲပြုတ် ကောင်းတဲ့အကြောင်း ပြောကြပါပြီ။ သူတို့ဆီမှာလည်း ပဲပြုတ်
ရှိတော့ရှိတာပါပဲ၊ ဒါပေမယ့် မန္တလေးပဲပြုတ်ကိုတော့ မမီဘူးတဲ့။


ဧည့်သည်က အဲဒီလိုပြောရင် အိမ်ရှင်ကလည်း ကျေ
နပ်လို့။ မန္တလေးက ပဲပြုတ်ကြိုက်တယ်မဟုတ်လား။ မနက် မလင်းတလင်း ဝေလီဝေလင်းမှာ "ပဲ" ဆိုတဲ့အသံ ကြားလိုက်ရင် တအိမ်က မဟုတ်ရင် တအိမ်က ခေါ်ဝယ်တာပဲ။ အများအားဖြင့် ပဲသည်ကို ဖောက်သည်လုပ်ထားကြတာ။ ကိုယ့်ဖောက်သည်ကို မမီလိုက်တော့မှ တခြားအသည်ကို ပျံကျ ၀ယ်စားတာ။


ပဲပြုတ်ဟာ မနက် (၈) နာရီလောက်မှ ၀ယ်ချင်လို့ မရတော့ဘူး။ အဲဒီအချိန်မှာ ပဲသည်တွေအားလုံး ရောင်းလို့ ကုန်ကြပြီ။ သိပ်စားချင်ရင် ညနေ (၂) နာရီ (၃) နာရီမှာမှ တပတ်လာရောင်းတဲ့ ပဲသည်ကို ၀ယ်စားပေတော့။ ဒါပေမယ့် ညနေရောင်းတဲ့ ပဲပြုတ်က စားတော်ပဲပြုတ် မပါဘူး။ စွန်တာနီပဲ၊ သိပ္ပံပဲတွေကို ပြုတ်ရောင်းတာ။
မန္တလေးရောက်အဝေးဧည့်သည်က မန္တလေးပဲပြုတ် ကောင်းတဲ့အကြောင်း ပြောလာရင် ဟုတ်ပါတယ်လို့ ထောက်ခံချင်ပါရဲ့။ ကျွန်မလည်း တခြားအရပ်က ပဲပြုတ်ကို စားဖူးတာပဲ။ မန္တလေးပဲပြုတ်နဲ့တော့ အရောင် အသွေးချင်းကစပြီး ကွာတယ်။ တခြားပဲပြုတ်တွေက ညစ်ပုပ်ပုပ်နဲ့။ မန္တလေးပဲပြုတ်ကလေးကတော့ ၀ါလို့ ၀င်းလို့။ ဒီလို အရောင်အသွေးကွာရတာက ပဲကိုရွေးပြီးမှ မပြုတ်လို့ပါ။ စားတော်ပဲမှာ ပဲဆေးလုံးလို့ ခေါ်တဲ့ စားတော်ပဲလုံး အနက်ကလေးတွေလည်း ရောလျက် ပါပါတယ်။ အဲဒါကို မန္တလေးပဲသည်က ပဲကို ရေစိမ်တော့မယ်ဆိုတော့ ရွေးယူထားလိုက်တာပါ။ သူနဲ့အတူ ရောလည်း မစိမ်ဘူး။ ရောလည်း မပြုတ်ဘူး။ ရောပြုတ်တော့ ပဲဆေးလုံးရဲ့ အနက်ရောင်ကကျွတ်ပြီး စားတော်ပဲကို လူးတော့ ပဲပြုတ်အရောင်ဟာ ၀င်းမနေမတော့ဘဲ ညစ်ပုပ်ပုပ် ဖြစ်သွားတာပေါ့။မန္တလေးက ပဲပြုတ်သည်က ပဲကို ပွဲရုံက ၀ယ်လာပြီးတော့ ပထမ ဗန်းထဲမှာ သေသေချာချာ ရွေးပါတယ်။ သူတို့က ပဲဆေးလုံးခေါ်တဲ့ ပဲနက်ကလေးတွေကို တစေ့မကျန် ရွေးပြီး ဘူးတဘူးနဲ့ တခြားထားတယ်။ ပြီးတော့ ပိုးကိုက်ထားတဲ့ ပဲစေ့၊ မအောင်မြင်တဲ့ ပဲစေ့ကလေးတွေကို တခြားရွေးတယ်။ ရွေးတဲ့အခါ တကယ်စင်အောင် ရွေးတာပါ။ ပဲပိုးကိုက်တို့၊ ပဲစုန်းပြူးဖြစ်မယ့် မအောင်တဲ့ ပဲစေ့ကလေးတွေကို ရွေးပြီးတော့ စုထားပြီး ခိုစာကျွေးမယ့်လူကို ရောင်းစားပါတယ်။ ပဲဆေးလုံးကိုတော့ စုထားပြီး သီးခြားပြုတ်ပြီး နေ့လည်တခေါက် ပဲပြုတ်ရောင်းထွက်တဲ့အခါ စွန်တာနီပဲပြုတ်ရောင်းရင်း ပဲဆေးလုံးပြုတ်လို့ သီးခြား ပြုတ်ရောင်းပါတယ်။ ပဲဆေးလုံးပြုတ်ဟာ စားတော်ပဲပါဘဲ။ နက်နေလို့သာကိုး၊ အဲဒီတော့ သူ့ကို သန့်ပြီး ပြုတ်ရောင်းတဲ့အခါ အရောင်နက်တာကလွဲလို့ သူလည်း ချိုတာပဲ၊ နူးညံ့တာပဲ။

နောက်ပြီး ပဲရဲ့သဘောက ရေစိမ်တဲ့အခါ ပွရုံမစိမ်ဘဲ အညှောင့်ပေါက်အောင် ပေါက်တဲ့အညှောင့်လေး ရှည်လာတဲ့အထိ ထားပြီးမှ ပြုတ်ရင် ပိုချိုပါတယ်။ ပဲအညှောက် မပေါက်ခင် ပြုတ်ရင် အချိုနည်းပါတယ်။

မန္တလေးမှာ အရင်ကတော့ စားတော်ပဲထဲမှာ အချိုဆုံး အမျိုးဖြစ်တဲ့ ရွှေဘိုစားတော်ပဲကို ပဲပြုတ်သည်တွေ က ရွေးဝယ်ပြီး ပြုတ်ကြတယ်။ တခြား အရပ်က ပဲကို မန္တလေးပဲပြုတ်သည်က မကြိုက်ဘူး။

စားတော်ပဲက ရွှေဘိုနယ်က ထွက်တာကို ရွှေဘိုစားတော် ခေါ်တယ်။ အနက်ပြောက်ကလေး သေးသေးကလေးတပြောက် အညှောင့်ပေါက်မယ့် အနားမှာ ပါတယ်။ အလုံးသေးတယ်။ ကနေ့ပေါက်ဈေး သုံးတင်းကို ၄၈၀ိ/- လောက် ရှိတယ်။ သူက ဈေးအရဆုံးပဲ။ ကျွန်းစားတော်လို့ခေါ်တဲ့ စားတော်ပဲက အလုံးမှာ ရွှေဘိုပဲထက် ကြီးတယ်။ ထီးချိုင့်တို့၊ ကောလင်းတို့ ဘက်က ထွက်တာ ဖြစ်ပါတယ်။ သူက ၄၅၀ိ/- ၄၆၀ိ/- ဈေး ရှိပါတယ်။

စားတော်ပဲမှာ အလုံးအကြီးဆုံးကတော့ မထုစားတော်လို့ ခေါ်တဲ့ ချင်းတွင်း အလယ်ပိုင်းက ထွက်တဲ့ စားတော်ပဲပါဘဲ။ ကလေးဝ၊ ကလေးမြို့၊ မစိန်မထု အဲဒီဘက်က ထွက်တာပါ။ သူက အလုံးကြီးပြီး ချိုရာမှာ ရွှေဘိုပဲကို မမီပါဘူး။ သူပေါက်တဲ့ဈေးက ၄၂၅ိ/- ၄၃၀/ိ- ရှိပါတယ်။

အဲဒီလို ရှိရာမှာ အရင်ကတော့ မန္တလေးပဲပြုတ်သည်က ရွှေဘိုစားတော်ကို ရအောင် ၀ယ်တယ်။ အညှောက်ပေါက်အောင်၊ အညှောက်ရှည်အောင်ထားတယ်။ ပြီးမှ ပြုတ်ပါတယ်။

ပဲပြုတ်တဲ့ နေရာမှာလည်း အိုးနဲ့ ပဲနဲ့ အလောတော် ထည့်ပြုတ်မှ။ အိုးချောင်နေရင် အခွံ ကျွတ်တယ်။ ရေကို လိုသလို လိုက်ပေးရတယ်။ ပြီးတော့ မီးကို တအားမထိုးဘဲ ပထမ ထင်းမီးနဲ့ ပြုတ်၊ နောက်မှ လွှစာမီးနဲ့ နှပ်ထားမှ အိအိစက်စက်နဲ့ အလုံးမပျက်ရှိပြီး နပ်တာပါ။

ဒုကမ္ဘာစစ်မဖြစ်ခင်က မန္တလေးမှာ ပဲပြုတ်ကောင်းတယ်လို့ နာမည်ကြီးတဲ့ ပဲသည်နှစ်ဦး ရှိပါတယ်။ တယောက်က ဒေါ်ဖွားချစ်တဲ့။ တယောက်က ဒေါ်စီတဲ့။ သူတို့ ပဲဆိုရင် စိတ်ချလက်ချ စားရော့။ ပဲပြုတ်ကို လူတိုင်းမရောင်းဘူး။ ရသာကြီးရွာက မန္တလေးလာပြီး အလုပ်လုပ်တဲ့ လူတွေရဲ့ ဇနီးတွေက ရောင်းတာ။ သူတို့က တရွာတည်းသားချင်း စုဝေးနေကြတယ်။ ရသာတန်းတို့၊ ပဲဝင်းတို့ဟာ သူတို့ အရပ်ပဲ။

ဒေါ်စီတို့၊ ဒေါ်ဖွားချစ်တို့က ပဲအပြုတ်ကောင်းတော့ တချို့ ပဲရောင်းချင်တဲ့ မိန်းကလေးတွေက သူတို့ဖို့ ပိုပြုတ်ပေးပါ။ ရောင်းပါရစေဆိုလို့ နောင်သူတို့ အသက်ကြီးလာတော့ ပဲဒိုင်ခံပြုတ်ပေးပြီး သူတို့ကိုယ်တိုင် ထွက်မရောင်းဘဲ နေတယ်လေ။ သူတို့ နှစ်ယောက်ပြုတ်တဲ့ ပဲကတော့ မနပ်တဲ့အစေ့ မပါဘူး။ မချိုမှာလည်း မပူနဲ့။

ကျွန်မတို့ ငယ်ငယ်တုန်းက ပဲပြုတ်က ၂၅ ကျပ်သားမှ သုံးပြား ပေးရတာ။ အလုပ်သမားအိမ်က မနက်လင်းတော့ ပဲပြုတ် (၃) ပြားဖိုး ၀ယ်ပြီး ညက ကျန်အောင်ချက်ထားတဲ့ ထမင်းကြမ်းကို ပဲပြုတ် ဆီဆမ်းနဲ့ တအိမ်လုံးစား၊ လက်ဘက်ရည်ကြမ်း တအိုးသောက်ပြီး အဖေက အလုပ်ဆင်းတာ။ ပဲပြုတ်ဟာ ဆင်းရဲသားစာပဲ။

ခုတော့ ပဲပြုတ်က အစိတ်သားကို ၅ိ/- တဲ့။ ထမင်းကလည်း ကျန်အောင်ချက်ဖို့ထား၊ ၀အောင်မှ အနိုင်နိုင်။ ဆီဈေးကလည်း တဆယ်သား ၇ ကျပ် ၅၀ ပြားတဲ့။ ပြီးတော့ ပဲပြုတ်ကလေ ကျွန်မတို့ ငယ်တုန်းက စားခဲ့ရတဲ့ ပဲပြုတ်နဲ့ သိပ်ကွာတာပဲ။ မန္တလေးပဲပြုတ်သည်က အရင်လို ရွှေဘိုစားတော်ကိုလည်း ရအောင်မ၀ယ်တော့ဘူး။ မထုက ဈေးပေါတော့ မထုစားတော်ပဲ ၀ယ်တယ်။ ၀ယ်ရာမှာလည်း တပြည်ချင်း နှစ်ပြည်ချင်း ၀ယ်ရတာ။ ပဲဈေးက ကြီးတာကိုး။ အဲဒီတော့ တနေ့စာပဲ ၀ယ်နိုင်တော့တယ်။ အရင်းမရှိလို့။ ပဲကို အညှောက်ပေါက်အောင် ထားဖို့က (၃) ရက် ကြာမှ အညှောင့်ရှည်တာမို့ အနည်းဆုံး (၃) ရက်စာ ပဲဖိုး ရှိဖို့ လိုပါတယ်။

ခုတော့ ပဲသည်ခမျာမယ် ပဲဝင်းမီးလောင်တော့ မီးဘေးဒုက္ခသည် ဖြစ်ပြီး လေယဉ်ကွင်းကြီး အရှေ့ဘက်က ပဲဖြူကုန်း ရောက်သွားရော၊ ပဲဖြူကုန်းကနေပြီး မန္တလေးဖောက်သည်တွေဆီကို လာရောင်းဖို့က ကားခလိုလာတယ်။ ဒါမှမဟုတ် လင်ယောက်ျားက စက်ဘီးကလေး ဘာလေး စီးနိုင်အောင် ချောင်လည်ရင် ပဲတောင်းရော၊ သူရော စက်ဘီးရှေ့က ဘားတန်းပေါ်က ထိုင်လိုက်ခဲ့ပြီး မန္တလေး လာရောင်းရတယ်။

ရောင်းပြန်တော့လည်း သူ့ပဲပြုတ်က အညှောက်မပေါက်ရုံမက ပဲတွေက ပိုးသတ်ဆေး ဖြန်းထားတဲ့ပဲမို့ ပိုးသတ်ဆေးစော် နံရဲ့လား နံရဲ့။ ထင်းသိပ်မကုန်ဘဲနဲ့ မြန်မြန်နူးအောင် ဆော်ဒါထည့်ပြုရတော့ ဆော်ဒါစော်နံလား နံရဲ့။ တချို့ကတော့လည်း ဆော်ဒါတောင် ၀ယ်မထည့်နိုင်ရှာဘူး။ သဲဆပ်ပြာကို ရေဖျော်ပြီး သဲဆပ်ပြာက ရတဲ့ ဆော်ဒါရည်ကို ထည့်ပြုတ်ရတာပါ။

အဲဒီတော့ ပဲပြုတ်က မကောင်းတော့ဘူး။ ဒါသာဖြစ်တယ် တဆယ်သား ၂ိ/- ရောင်းတာ။ ပဲ ၁၀ ကျပ်သားဆိုတာလည်း ဘာမှ များတာမှ မဟုတ်ပဲ။ အရင်က အဆစ်ပေးသလောက် ရှိတာ။

ကျွန်မတို့ ငယ်ငယ်တုန်းကများ ပဲသည်ကို အိမ်ကခေါ်ဝယ်လို့ ပဲသည် အိမ်ဝမှာ ပဲတောင်းချပြီဆိုရင် အိမ်ရှိတဲ့ ကလေးတွေက အားလုံးထွက်လာပြီး ပဲသည်နားမှာ ၀ိုင်းအုံကြတာပဲ။ အဲဒီတော့ ပဲသည်က အင့်ရော့နဲ့ ကလေးလက်နဲ့ တဆုပ်စီ သူ့ပဲပြုတ် ထည့်ပေးတာပဲ။ ကလေးလက်ဆောင်။ ဒါကိုက ၁၀ ကျပ်သားမကပါဘူး။ ပဲပြုတ်ကလည်း ချိုသကိုး၊ နုညံ့သကိုး။ ပဲပြုတ်မကြိုက်တဲ့ ကလေးတယောက်မှ မရှိဘူး။ ဒါကြောင့် လက်ထဲက ဟာကုန်တော့ ထပ်တောင်းချင်တာ။ အဲဒီမှာ ပန်းကန်ကိုင်ပြီး ပဲဝယ်ထွက်လာတဲ့ အမေတို့၊ အစ်မတို့က မြင်တွေ့သွားပြီမို့ ဟဲ့ တော်ကြတော့ဆိုပြီး ပဲသည်နားက ဆွဲခေါ်သွားတာ ခံခဲ့ရတာပါ။

ကျွန်မတို့ နိုင်ငံက မြေသြဇာကလည်းကောင်း၊ ဥတုရာသီကလည်းကောင်းတော့ ပဲဟာ အမျိုးပေါင်း မြောက်များစွာ ထွက်ရှိပါတယ်။ (၁) ထောပတ်ပဲ၊ (၂) ပဲစွန်တာနီ၊ (၃) ပဲစွန်တာပြာ၊ (၄) ပဲကြား၊ (၅) ပဲကြီး၊ (၆) ဗိုလ်ကိတ်ပဲ၊ (၇) သိပ္ပံပဲ၊ (၈) ပဲပုပ်စေ့ စတဲ့ ခပ်ပြားပြားပဲတွေ။ (၁) မတ်ပဲ၊ (၂) ပဲဒီစိမ်း၊ (၃) ပဲနောက်၊ (၄) ပဲလွန်း၊ (၅) ပဲယဉ်၊ (၆) ပဲစင်းငုံ၊ (၇) ပဲရာဇာ၊ (၈) ပဲချဉ်ပေါင်၊ (၉) ကုလားပဲ၊ (၁၀) စားတော်ပဲ၊ (၁၁) နိုင်လွန်ပဲ၊ (၁၂) ပဲဖြူလေး၊ (၁၃) မြေထောက်ပဲ စတဲ့ ပဲအလုံးတွေ အမျိုးပေါင်း မြောက်များစွာ ထွက်ပါတယ်။ အဲဒီ ပဲတွေကို နိုင်ငံခြားတင်ပို့တယ်ဆိုရင် အိန္ဒိယလည်း ၀ယ်ချင်တာပဲ၊ ဂျပန်ကလည်း ၀ယ်ချင်တာပဲ။ တရုတ်ကလည်း ၀ယ်ချင်တာပဲ။ အဲဒီ ပဲအမျိုးပေါင်း ၂၀ လောက်ထဲမှာ ပဲပြုတ်လုပ်ရောင်းတဲ့ စားတော်ပဲကတော့ သဏ္ဍာန်အားဖြင့် လုံးလည်း အလုံးဆုံး၊ အရသာလည်း အချိုဆုံးနဲ့ အနူးညံ့ဆုံးမို့ အကောင်းဆုံးပဲဆိုပြီး ဘုရင်များ စားဖို့ တော်ဆက်သ ရတဲ့ပဲ၊ ဘုရင်များကလည်း ကြိုက်ကြလို့ "စားတော်ပဲ" လို့ ခေါ်တာပဲ။။      လူထုဒေါ်အမာ

Thursday, 10 March 2011

BOOKSATLL


စာအုပ်တန်း    
ကျွန်တော် ပန်းဆိုးတန်းက စာအုပ်အဟောင်းတန်းကို မေ၇ာက်တာ အတော်ကြာပြီ။ အတော်ကြာဆို လေးနှစ်နီးပါးရှိပြီ။တမာနံ.သင်းသော အညာမြေမဟုတ်၊ ပိတောက်နံ. သင်းသော သင်္ကြန်ချိန်မဟုတ် စာအုပ်နံ. သင်းသော အဟောင်းတန်းလေးသာဖြစ်သည်။ စာအုပ်တွေက ညိုမဲမဲ ဖရိုဖရဲ၊ စာရွက်တွေပြုတ်ထွက်နှငိ့။ သည်အဟောင်းတွေကိုပဲ တယုတယကိုင်ရတာကိုးက ကျွန်တော်အတွက်မြတ်နိုးဖွယ်။ ကျွန်တော်တို.လို တောင်ဖတ်မြောက်ဖတ် တောင်ရှာမြောက်ရှာတွေအတွက် သည်နေရာက ရတနာသိုက်၊ သည်နေရာမှာ စာအုပ်ကောင်းလေးတွေ ဈေးပေါပေါနှင့် ၇နိုင်သည်။ တခါက ဟင်းမင်းဝေး၏ ပငိလယ်ပြာနှင့်အိုတံငါ စာအုပ်ကို ၅၀၀နှင့် ၇နှိင်သည်..ဟောင်ကောင်လိုနေရာမျိုးမှာ ဟောင်ကောင်ဒေါ်လာ၆၀တန်သောစာအုပ်တွေ။ကျွန်တော်မှာ အကျင့်တစ်ခုရှိသည် ဘယ်နေ၇ာရောက်ရောက် ဘယ်ဒေသသွားသွားစာအုပ်တွေ ရှိရာသွားချင်သည်။စာကြည့်တိုက် စာအုပ်ဆိုင်စသည်။တရုတ်နိုင်ငံမှာ အင်္ဂလိပ်မူရင်းစာအုပ်တွေ ဈေးမပေါပါ။ အလွန်းဈေးကြီးသည်။ကျွန်တော်လည်းမူရင်းမတတ်နိုင်ပါ စာကြည်.တိုက်သွားရသည်။မြန်မာပြည်မှာ ဆိုရင်တော.အဟောင်းတန်းသွား၊ ရတနားကျွန်း ၀တ္ထုထဲ ကဂျင်နီလို စာအုပ်တွေထဲက ရတနာတွေလို တွေငြားရှာကြည်.သည်။လက်တွေနှင်.ဖွသည်။ဟိုလက်ညှိုးထိုး သည် လက်ညှိုးထိုး၊သခင်စိုးကတော. အ၇င်းကျမ်းကိုစာအုပ်ဆိုင်သွားရင်းဖတ်သည်ဟု ဖတ်ရဖူးသည်။ တခါတလေ ကျွန်တော် သူ.ကို အတုခိုးသည်။ဈေးကြီးစာအုပ်တွေဆိုလျှင် တစ်ဆိုင်မှတစ်ဆိုင်သို.ပြောင်းကာဖတ်သည်။ဒါပေမယ်.ဆိုင်ရှင်မျက်ထောင့်နီကြီးနှင့်ကြည်.တာတော.ခံရမည်။သည်လိုနှင့်ကျွန်တော်စာအုပ်တွေ အတော်များများပြီးခဲ.သည်။စာအုပ်အဟောင်တန်းလေးကို ဆရာကြီးဇေယျက လူမွဲတို.၏ တက္ကသိုလ်ဟု ၀ိဂြိုလ်ပြုခဲ.သည်။ ကျွန်တော်တို.လိုစာသမားတွေအတွက်တော. စာပေတက္ကသိုလ်ဖြစ်သည်။ စာအုပ်တန်းမှ စာအုပ်ဟောင်းရောင်းသော ဖိုးသင်းခိုင် ကတော. ပီမိုနင်းကျေးဇူးကြောင့် ငါဒီဘ၀ရောက်တာပေါ.ဟု ဆေးပြင်းလိပ်ကြီးခဲပြီးပြောပြတတ်သည်။ သူ.ဆိုင်သည်အဟောင်းတကာ.အဟောင်းတို.စုံရာဖြစ်သည်။ဖိုးသင်းခိုင်ကတော. ဆေးပြင်းလိပ်အနံ.နှင်. စာအုပ်ဟောင်းနံ.တွေ ဂှုနေသူဖြစ်သည်။ယခုတော. အဝေမှပဲ အဟောင်းတန်းကို လွမ်းရတော.သည်။တခါတလေ လေသင့်၇င်တော.စာအုပ်ဟောင်းအနံ.ရတတ်သည်ဟုကျွန်တော်ထင်နေတတ်သည်။စာအုပ်အဟောင်းတန်းကို စတင်သူများသည် ဘာဘူတို.ဖြစ်ကြသည်။အလုပ်လက်မဲ.ဘာဘူတို.၇၇ာဆွဲရောင်းရာမှာ စတင်ခဲ.သည်။သည်လို အဟောင်းတန်းကြီးပွားလာ၇သည်ကတော. ဆရာဇေယျ၏ အကြံပါသည်၏ ဆိုကြသည်။အဟောင်းတန်းမှာ စိုးမြင့်သိန်းကို တွေနိုင်သည်။သူသည် ဝေဖန်ရေး စာတွေရေးသော စာအုပ်အဟောင်းဆိုင်ဖွင့်ထားသူလည်းဖြစ်သည်။ကျွန်တော်တို.အဟောင်းတန်းမှ ရှေ.ခေတ်မြန်မာစာပေလောကကို တစေ.တစောင်းအကဲခတ်နိုင်သည်။ဆရာညိုမြ၏ အိုးဝေ၊ဂျာနယ်ကျော်၊လူထု လိုအဆင့်မြင့်စာစောင်များ။ဒါအပြင် ထိုခေတ်၏ စာပေအဆင့်အတန်း စာရေးသားသောအကြောင်းအရာတွေ၊ပွင့်လင်းမှုတွေကို လွမ်းဆွတ်လို.ရသည်။spectrumလို အဆင့်မြင်. English magzineမျိုး သည်နေ.ခေတ်မှာ ရှိစေချင်သည်။ထိုခေတ်က မြန်မာသတင်းစာတို၏ အဆင့်တန်သည် အရှေ.တောင်အာရှတွင် ထိပ်တန်းက ရှိသည်ဟု ဆရာမောင်ဝံသပြောတာ ဖတ်ရဖူးသည်။သည်နေ.ခေတ်ေ၇ာ၊ကျွန်တော်ကိုယ်ကိုယ်ကိုယ်ပြန်မေးခြင်းသာဖြစ်သည်။
စာအုပ်တန်နှင်.ပတ်သတ်လာလျင် ကျွန်တော်သာလျင်ခံစားတတ်သူမဟုတ်ပါ။ ခပ်ဝေးဝေးမှ လှမ်းကြည်.လျှင်စာအုပ်တန်းသည် တောင်ကမူကလေးတွေ နှင့် တောင်ကြားတစ်ခုလို ကျွန်တော်ထင်မိသည်။ စာအုပ်ပုံလေးတွေက ခပ်မို.မို. စာအုပ်စဉ်တွေကခပ်ဟောင်းဟောင်း။ကျွန်တော် စာအုပ်တန်းရောက်သွားလျင် အ၇ာ၇ာကို တဒင်္ဂမေ.မောသွားတတ်သည်။တစ်ဆိုင်မှ တစ်ဆိုင်သို.ကူး စာတစ်အုပ်မှတစ်အုပ်သို.ပြောင်းကိုင်ကာ ကြည်နူးနေမိသည်။ စာအုပ်ဟောင်းတန်းနှင့်ပတ်သတ်လာလျင် ဆရာကြီးဇေယျ၏ စကားများကို ကျွန်တော်အမှတ်ရမိနေသေးသည်။ဆ၇ာဇေယျက မြန်မာ.မျက်ပွင်တွင်သည်လို ပြောခဲ.သည် ’ကျွန်တော်တို.ကဲ.သို. ကံမကောင်း အကြောင်းမလှသဖြင့် တက္ကသိုလ်သို.မေ၇ာက်၇သူတို.အဖို. တက္ကသိုလ်မှရရှိနိုင်သော စာပေ ဗဟုသုတအမြင်ကျယ်မှု.များကို ကိုယ်တတ်နိုင်သလောက် သော ငွေကလေးဖြင့် ထိုစာအုပ်အဟောင်းဆိုင်ကလေးမျာမှ ၇၇ှိခဲ.ကြပေသည်။စင်စစ်အားမြင့်စာအုပ်အဟောင်းဆိုင်ကလေးများသည်ဆင်းရဲသားများ၏  တက္ကသိုလ်ဖြစ်၏။ သူတို.ကျေးဇူးကားကြီးစွ။ သူတို.သာမရှိခဲ.ပါမူ ကျွန်တော်တို.မှာ ဗဟုသုတ ကျယ်ဝန်းစွာ ရှာမှီးခွင့် ၇မည်မဟုတ်။’တကယ်တော. စာအုပ်သည် စာသမားတွေအတွက် ကမ္ဘာတစ်ခုဖြစ်သလို စာအုပ်တန်းသည် အစိတ်အပိုင် တစ်၇ပ်အနေဖြင်.ပါဝင်၇သည်သာ။ကျွန်တော်တစ်ခါကစာအုပ်တန်းသွားရင်း အလွန်လိုချင်နေသောစာအုပ်တစ်အုပ်တွေ.ရသည် ဖ၇င်းကလင်း၏ဘ၀အကြောင်း THE AUTOBIOGRAPHY OF BENJAMIN FRANKLIN  ဖြစ်သည်။  အာခီးမီးဒီးအော်သလိုထအော်လိုက်သည် ‘EUREKA” တကယ်ကိုမအောင့်နိုင်၍အော်မိခြင်းသာ တွေပြီ တွေ.ပြီ။ တကယ်ကိုတွေ.ပါပြီ။ ဆိုင်ရှင်ကကျွန်တော်ယူမှာ ’ဒက်ခနဲ’ သိလိုက်ပြီ ဈေးတင်ပါတော.သည် ဈေးဆစ်လိုမ၇တော.ပါ။ ကျွန်တော်ခမှာ မတတ်နိုင်ပါ လိုချင်အားကြီးနေပါသည် ၀ယ်ရပါတော.သည်။တခါတလေလည်း စာအုပ်တန်းမှာသည်လို တွေကြုံ၇တတ်သည်။နောက်ကျွန်တော်သတိထားမိသည်မှ စာအုပ်တန်းလာသူအတော်များများသည် စာဂျိုးကြနေသူတွေများသည် မျက်မှန်ထူထူ စာအုပ်ထူထူနှင့်လူများ ကျွန်တော်တို ကြားဖူးနေသော်လည်းမမြင်ဘူးသော်စာေ၇းဆ၇ာများ။အမှန်တော. သည်နေရာသည် အသိမြင်တို. စတင်ပေါက်ဖွားပေးတတ်သောနေရာလည်းဖြစ်သည်။သည်နေရာမှာ လေညင်းရှတတရှိသည်၊ ဂေါ်ဂီရှိသည် ဂျွန်စတိုင်းဘတ်ရှိသည် ဆရာမြသန်းတင့်ရှိသည် ကျွန်တော်တို အသိတွေကို ရိုက်ဖွင့်သော တူတစ်လက်ရှိသည် ဆောင်းည၏နောက်ဆုံးလက်ကျန်နှင်းစက်ရှိသည်ူစာအုပ်တွေ၏ ကိုယ်သင်းနံ.ရှိသည်။ အဟောင်းတန်းလာ တူးဆွသူများထဲမှာ မန္တလေးသားစာရေးဆရာဆ၇ာနေ၀င်းမြင့်လည်းပါသည်။ သူ၏မြိုပြပိုးမွှားများအက်ဆေးစာအုပ်တွင်သည်လိုဖော်ပြခဲ.သည် ’ကြိုက်တာယူတစ်အုပ်တစ်ဆယ် စာအုပ်ပုံလေးမှာ သူတော်တော်ကြာငေးနေလိုက်သည်။အင်္ဂလိပ်ကဗျာစာအုပ်ဟောင်းကလေးတစ်အုပ်ကို သူ ကောက်ယူလိုက်သည်။အဖုံးမှာ THE POET SPEAKS လို. ရေးထားသည်။စာအုပ်လေးက ဟောင်းနွမ်းနေပြီ။စာရွက်တွေကို သူလှန်လိုက်သည်။သူက PERCY BESSHE SHELLEY  ၇ဲ. မုဆိုးမငှက်ကဗျာလေးကို အလကားဖတ်ကာ ချထားခဲ့သည်။ရှေ.မှာကကော။’ ကျွန်တော်တို.စာအုပ်ကလေးတွေကို သည်လိုမြည်းစမ်းလို၇သည်။တစ်ခါ စာအုပ်တန်းသွားရင်း ဆေးပြင်းလိပ်ခဲနေသော လူတစ်ယောက်ကို စိတ်ထဲ ဖျတ်ခနဲ တွေ.လိုက်သည်။မှုန်းဝါးဝါးဆေးလိပ်ငွေ.တွေကြား ပြန်ပျောက်ကွယ်သွားသည်။ဆ၇ာဇေယျ မရှိတော.ပါ။ဆေးပြင်းလိပ်နံ. စာရွက်နံ.နဲ. စာအုပ်အဟောင်းတန်းကလေးကတော.ရှိနေဆဲ။      

Twitter Delicious Facebook Digg Stumbleupon Favorites More