gtalk

Sunday, 20 March 2011

ပဲပြုတ်

ဝါခေါင်လဆိုတာ မန္တလေးမှာ မြို့တကာ နယ်တကာက လာတဲ့ ဧည့်သည်အများဆုံးလ တလပါပဲ။ ဒီလမှာ တောင်ပြုန်းနတ်ပွဲ၊ ရတနာဂူနတ်ပွဲတွေက ရှိသကိုး။ အဲဒီတော့ နတ်ပွဲလာချင်သူက မန္တလေးကို စတည်းချရတယ်။ ဒါကြောင့် တည်းခိုခန်းတွေ ဘယ်လိုပဲ ပေါပေါ အိမ်တွေမှာလည်း ဧည့်တွေက ရှိတာပဲ။ အဝေးကဧည့်သည်ကို မန္တလေးအိမ်ရှင်က နံနက်အစောစာအဖြစ် ပဲပလာတာ၊ ပဲပြုတ်နဲ့ နံပြား၊ ပဲပြုတ်နဲ့ ပေါင်မုန့်၊ ပဲပြုတ်နဲ့ ထမင်းဆီဆမ်း၊ ငါးခြောက်ဖုတ် စတာတွေနဲ့ ကျွေးမွေးလေ့ ရှိပါတယ်။ ဧည့်သည်က ပဲပြုတ်စားရရင် မန္တလေးပဲပြုတ် ကောင်းတဲ့အကြောင်း ပြောကြပါပြီ။ သူတို့ဆီမှာလည်း ပဲပြုတ်
ရှိတော့ရှိတာပါပဲ၊ ဒါပေမယ့် မန္တလေးပဲပြုတ်ကိုတော့ မမီဘူးတဲ့။


ဧည့်သည်က အဲဒီလိုပြောရင် အိမ်ရှင်ကလည်း ကျေ
နပ်လို့။ မန္တလေးက ပဲပြုတ်ကြိုက်တယ်မဟုတ်လား။ မနက် မလင်းတလင်း ဝေလီဝေလင်းမှာ "ပဲ" ဆိုတဲ့အသံ ကြားလိုက်ရင် တအိမ်က မဟုတ်ရင် တအိမ်က ခေါ်ဝယ်တာပဲ။ အများအားဖြင့် ပဲသည်ကို ဖောက်သည်လုပ်ထားကြတာ။ ကိုယ့်ဖောက်သည်ကို မမီလိုက်တော့မှ တခြားအသည်ကို ပျံကျ ၀ယ်စားတာ။


ပဲပြုတ်ဟာ မနက် (၈) နာရီလောက်မှ ၀ယ်ချင်လို့ မရတော့ဘူး။ အဲဒီအချိန်မှာ ပဲသည်တွေအားလုံး ရောင်းလို့ ကုန်ကြပြီ။ သိပ်စားချင်ရင် ညနေ (၂) နာရီ (၃) နာရီမှာမှ တပတ်လာရောင်းတဲ့ ပဲသည်ကို ၀ယ်စားပေတော့။ ဒါပေမယ့် ညနေရောင်းတဲ့ ပဲပြုတ်က စားတော်ပဲပြုတ် မပါဘူး။ စွန်တာနီပဲ၊ သိပ္ပံပဲတွေကို ပြုတ်ရောင်းတာ။
မန္တလေးရောက်အဝေးဧည့်သည်က မန္တလေးပဲပြုတ် ကောင်းတဲ့အကြောင်း ပြောလာရင် ဟုတ်ပါတယ်လို့ ထောက်ခံချင်ပါရဲ့။ ကျွန်မလည်း တခြားအရပ်က ပဲပြုတ်ကို စားဖူးတာပဲ။ မန္တလေးပဲပြုတ်နဲ့တော့ အရောင် အသွေးချင်းကစပြီး ကွာတယ်။ တခြားပဲပြုတ်တွေက ညစ်ပုပ်ပုပ်နဲ့။ မန္တလေးပဲပြုတ်ကလေးကတော့ ၀ါလို့ ၀င်းလို့။ ဒီလို အရောင်အသွေးကွာရတာက ပဲကိုရွေးပြီးမှ မပြုတ်လို့ပါ။ စားတော်ပဲမှာ ပဲဆေးလုံးလို့ ခေါ်တဲ့ စားတော်ပဲလုံး အနက်ကလေးတွေလည်း ရောလျက် ပါပါတယ်။ အဲဒါကို မန္တလေးပဲသည်က ပဲကို ရေစိမ်တော့မယ်ဆိုတော့ ရွေးယူထားလိုက်တာပါ။ သူနဲ့အတူ ရောလည်း မစိမ်ဘူး။ ရောလည်း မပြုတ်ဘူး။ ရောပြုတ်တော့ ပဲဆေးလုံးရဲ့ အနက်ရောင်ကကျွတ်ပြီး စားတော်ပဲကို လူးတော့ ပဲပြုတ်အရောင်ဟာ ၀င်းမနေမတော့ဘဲ ညစ်ပုပ်ပုပ် ဖြစ်သွားတာပေါ့။မန္တလေးက ပဲပြုတ်သည်က ပဲကို ပွဲရုံက ၀ယ်လာပြီးတော့ ပထမ ဗန်းထဲမှာ သေသေချာချာ ရွေးပါတယ်။ သူတို့က ပဲဆေးလုံးခေါ်တဲ့ ပဲနက်ကလေးတွေကို တစေ့မကျန် ရွေးပြီး ဘူးတဘူးနဲ့ တခြားထားတယ်။ ပြီးတော့ ပိုးကိုက်ထားတဲ့ ပဲစေ့၊ မအောင်မြင်တဲ့ ပဲစေ့ကလေးတွေကို တခြားရွေးတယ်။ ရွေးတဲ့အခါ တကယ်စင်အောင် ရွေးတာပါ။ ပဲပိုးကိုက်တို့၊ ပဲစုန်းပြူးဖြစ်မယ့် မအောင်တဲ့ ပဲစေ့ကလေးတွေကို ရွေးပြီးတော့ စုထားပြီး ခိုစာကျွေးမယ့်လူကို ရောင်းစားပါတယ်။ ပဲဆေးလုံးကိုတော့ စုထားပြီး သီးခြားပြုတ်ပြီး နေ့လည်တခေါက် ပဲပြုတ်ရောင်းထွက်တဲ့အခါ စွန်တာနီပဲပြုတ်ရောင်းရင်း ပဲဆေးလုံးပြုတ်လို့ သီးခြား ပြုတ်ရောင်းပါတယ်။ ပဲဆေးလုံးပြုတ်ဟာ စားတော်ပဲပါဘဲ။ နက်နေလို့သာကိုး၊ အဲဒီတော့ သူ့ကို သန့်ပြီး ပြုတ်ရောင်းတဲ့အခါ အရောင်နက်တာကလွဲလို့ သူလည်း ချိုတာပဲ၊ နူးညံ့တာပဲ။

နောက်ပြီး ပဲရဲ့သဘောက ရေစိမ်တဲ့အခါ ပွရုံမစိမ်ဘဲ အညှောင့်ပေါက်အောင် ပေါက်တဲ့အညှောင့်လေး ရှည်လာတဲ့အထိ ထားပြီးမှ ပြုတ်ရင် ပိုချိုပါတယ်။ ပဲအညှောက် မပေါက်ခင် ပြုတ်ရင် အချိုနည်းပါတယ်။

မန္တလေးမှာ အရင်ကတော့ စားတော်ပဲထဲမှာ အချိုဆုံး အမျိုးဖြစ်တဲ့ ရွှေဘိုစားတော်ပဲကို ပဲပြုတ်သည်တွေ က ရွေးဝယ်ပြီး ပြုတ်ကြတယ်။ တခြား အရပ်က ပဲကို မန္တလေးပဲပြုတ်သည်က မကြိုက်ဘူး။

စားတော်ပဲက ရွှေဘိုနယ်က ထွက်တာကို ရွှေဘိုစားတော် ခေါ်တယ်။ အနက်ပြောက်ကလေး သေးသေးကလေးတပြောက် အညှောင့်ပေါက်မယ့် အနားမှာ ပါတယ်။ အလုံးသေးတယ်။ ကနေ့ပေါက်ဈေး သုံးတင်းကို ၄၈၀ိ/- လောက် ရှိတယ်။ သူက ဈေးအရဆုံးပဲ။ ကျွန်းစားတော်လို့ခေါ်တဲ့ စားတော်ပဲက အလုံးမှာ ရွှေဘိုပဲထက် ကြီးတယ်။ ထီးချိုင့်တို့၊ ကောလင်းတို့ ဘက်က ထွက်တာ ဖြစ်ပါတယ်။ သူက ၄၅၀ိ/- ၄၆၀ိ/- ဈေး ရှိပါတယ်။

စားတော်ပဲမှာ အလုံးအကြီးဆုံးကတော့ မထုစားတော်လို့ ခေါ်တဲ့ ချင်းတွင်း အလယ်ပိုင်းက ထွက်တဲ့ စားတော်ပဲပါဘဲ။ ကလေးဝ၊ ကလေးမြို့၊ မစိန်မထု အဲဒီဘက်က ထွက်တာပါ။ သူက အလုံးကြီးပြီး ချိုရာမှာ ရွှေဘိုပဲကို မမီပါဘူး။ သူပေါက်တဲ့ဈေးက ၄၂၅ိ/- ၄၃၀/ိ- ရှိပါတယ်။

အဲဒီလို ရှိရာမှာ အရင်ကတော့ မန္တလေးပဲပြုတ်သည်က ရွှေဘိုစားတော်ကို ရအောင် ၀ယ်တယ်။ အညှောက်ပေါက်အောင်၊ အညှောက်ရှည်အောင်ထားတယ်။ ပြီးမှ ပြုတ်ပါတယ်။

ပဲပြုတ်တဲ့ နေရာမှာလည်း အိုးနဲ့ ပဲနဲ့ အလောတော် ထည့်ပြုတ်မှ။ အိုးချောင်နေရင် အခွံ ကျွတ်တယ်။ ရေကို လိုသလို လိုက်ပေးရတယ်။ ပြီးတော့ မီးကို တအားမထိုးဘဲ ပထမ ထင်းမီးနဲ့ ပြုတ်၊ နောက်မှ လွှစာမီးနဲ့ နှပ်ထားမှ အိအိစက်စက်နဲ့ အလုံးမပျက်ရှိပြီး နပ်တာပါ။

ဒုကမ္ဘာစစ်မဖြစ်ခင်က မန္တလေးမှာ ပဲပြုတ်ကောင်းတယ်လို့ နာမည်ကြီးတဲ့ ပဲသည်နှစ်ဦး ရှိပါတယ်။ တယောက်က ဒေါ်ဖွားချစ်တဲ့။ တယောက်က ဒေါ်စီတဲ့။ သူတို့ ပဲဆိုရင် စိတ်ချလက်ချ စားရော့။ ပဲပြုတ်ကို လူတိုင်းမရောင်းဘူး။ ရသာကြီးရွာက မန္တလေးလာပြီး အလုပ်လုပ်တဲ့ လူတွေရဲ့ ဇနီးတွေက ရောင်းတာ။ သူတို့က တရွာတည်းသားချင်း စုဝေးနေကြတယ်။ ရသာတန်းတို့၊ ပဲဝင်းတို့ဟာ သူတို့ အရပ်ပဲ။

ဒေါ်စီတို့၊ ဒေါ်ဖွားချစ်တို့က ပဲအပြုတ်ကောင်းတော့ တချို့ ပဲရောင်းချင်တဲ့ မိန်းကလေးတွေက သူတို့ဖို့ ပိုပြုတ်ပေးပါ။ ရောင်းပါရစေဆိုလို့ နောင်သူတို့ အသက်ကြီးလာတော့ ပဲဒိုင်ခံပြုတ်ပေးပြီး သူတို့ကိုယ်တိုင် ထွက်မရောင်းဘဲ နေတယ်လေ။ သူတို့ နှစ်ယောက်ပြုတ်တဲ့ ပဲကတော့ မနပ်တဲ့အစေ့ မပါဘူး။ မချိုမှာလည်း မပူနဲ့။

ကျွန်မတို့ ငယ်ငယ်တုန်းက ပဲပြုတ်က ၂၅ ကျပ်သားမှ သုံးပြား ပေးရတာ။ အလုပ်သမားအိမ်က မနက်လင်းတော့ ပဲပြုတ် (၃) ပြားဖိုး ၀ယ်ပြီး ညက ကျန်အောင်ချက်ထားတဲ့ ထမင်းကြမ်းကို ပဲပြုတ် ဆီဆမ်းနဲ့ တအိမ်လုံးစား၊ လက်ဘက်ရည်ကြမ်း တအိုးသောက်ပြီး အဖေက အလုပ်ဆင်းတာ။ ပဲပြုတ်ဟာ ဆင်းရဲသားစာပဲ။

ခုတော့ ပဲပြုတ်က အစိတ်သားကို ၅ိ/- တဲ့။ ထမင်းကလည်း ကျန်အောင်ချက်ဖို့ထား၊ ၀အောင်မှ အနိုင်နိုင်။ ဆီဈေးကလည်း တဆယ်သား ၇ ကျပ် ၅၀ ပြားတဲ့။ ပြီးတော့ ပဲပြုတ်ကလေ ကျွန်မတို့ ငယ်တုန်းက စားခဲ့ရတဲ့ ပဲပြုတ်နဲ့ သိပ်ကွာတာပဲ။ မန္တလေးပဲပြုတ်သည်က အရင်လို ရွှေဘိုစားတော်ကိုလည်း ရအောင်မ၀ယ်တော့ဘူး။ မထုက ဈေးပေါတော့ မထုစားတော်ပဲ ၀ယ်တယ်။ ၀ယ်ရာမှာလည်း တပြည်ချင်း နှစ်ပြည်ချင်း ၀ယ်ရတာ။ ပဲဈေးက ကြီးတာကိုး။ အဲဒီတော့ တနေ့စာပဲ ၀ယ်နိုင်တော့တယ်။ အရင်းမရှိလို့။ ပဲကို အညှောက်ပေါက်အောင် ထားဖို့က (၃) ရက် ကြာမှ အညှောင့်ရှည်တာမို့ အနည်းဆုံး (၃) ရက်စာ ပဲဖိုး ရှိဖို့ လိုပါတယ်။

ခုတော့ ပဲသည်ခမျာမယ် ပဲဝင်းမီးလောင်တော့ မီးဘေးဒုက္ခသည် ဖြစ်ပြီး လေယဉ်ကွင်းကြီး အရှေ့ဘက်က ပဲဖြူကုန်း ရောက်သွားရော၊ ပဲဖြူကုန်းကနေပြီး မန္တလေးဖောက်သည်တွေဆီကို လာရောင်းဖို့က ကားခလိုလာတယ်။ ဒါမှမဟုတ် လင်ယောက်ျားက စက်ဘီးကလေး ဘာလေး စီးနိုင်အောင် ချောင်လည်ရင် ပဲတောင်းရော၊ သူရော စက်ဘီးရှေ့က ဘားတန်းပေါ်က ထိုင်လိုက်ခဲ့ပြီး မန္တလေး လာရောင်းရတယ်။

ရောင်းပြန်တော့လည်း သူ့ပဲပြုတ်က အညှောက်မပေါက်ရုံမက ပဲတွေက ပိုးသတ်ဆေး ဖြန်းထားတဲ့ပဲမို့ ပိုးသတ်ဆေးစော် နံရဲ့လား နံရဲ့။ ထင်းသိပ်မကုန်ဘဲနဲ့ မြန်မြန်နူးအောင် ဆော်ဒါထည့်ပြုရတော့ ဆော်ဒါစော်နံလား နံရဲ့။ တချို့ကတော့လည်း ဆော်ဒါတောင် ၀ယ်မထည့်နိုင်ရှာဘူး။ သဲဆပ်ပြာကို ရေဖျော်ပြီး သဲဆပ်ပြာက ရတဲ့ ဆော်ဒါရည်ကို ထည့်ပြုတ်ရတာပါ။

အဲဒီတော့ ပဲပြုတ်က မကောင်းတော့ဘူး။ ဒါသာဖြစ်တယ် တဆယ်သား ၂ိ/- ရောင်းတာ။ ပဲ ၁၀ ကျပ်သားဆိုတာလည်း ဘာမှ များတာမှ မဟုတ်ပဲ။ အရင်က အဆစ်ပေးသလောက် ရှိတာ။

ကျွန်မတို့ ငယ်ငယ်တုန်းကများ ပဲသည်ကို အိမ်ကခေါ်ဝယ်လို့ ပဲသည် အိမ်ဝမှာ ပဲတောင်းချပြီဆိုရင် အိမ်ရှိတဲ့ ကလေးတွေက အားလုံးထွက်လာပြီး ပဲသည်နားမှာ ၀ိုင်းအုံကြတာပဲ။ အဲဒီတော့ ပဲသည်က အင့်ရော့နဲ့ ကလေးလက်နဲ့ တဆုပ်စီ သူ့ပဲပြုတ် ထည့်ပေးတာပဲ။ ကလေးလက်ဆောင်။ ဒါကိုက ၁၀ ကျပ်သားမကပါဘူး။ ပဲပြုတ်ကလည်း ချိုသကိုး၊ နုညံ့သကိုး။ ပဲပြုတ်မကြိုက်တဲ့ ကလေးတယောက်မှ မရှိဘူး။ ဒါကြောင့် လက်ထဲက ဟာကုန်တော့ ထပ်တောင်းချင်တာ။ အဲဒီမှာ ပန်းကန်ကိုင်ပြီး ပဲဝယ်ထွက်လာတဲ့ အမေတို့၊ အစ်မတို့က မြင်တွေ့သွားပြီမို့ ဟဲ့ တော်ကြတော့ဆိုပြီး ပဲသည်နားက ဆွဲခေါ်သွားတာ ခံခဲ့ရတာပါ။

ကျွန်မတို့ နိုင်ငံက မြေသြဇာကလည်းကောင်း၊ ဥတုရာသီကလည်းကောင်းတော့ ပဲဟာ အမျိုးပေါင်း မြောက်များစွာ ထွက်ရှိပါတယ်။ (၁) ထောပတ်ပဲ၊ (၂) ပဲစွန်တာနီ၊ (၃) ပဲစွန်တာပြာ၊ (၄) ပဲကြား၊ (၅) ပဲကြီး၊ (၆) ဗိုလ်ကိတ်ပဲ၊ (၇) သိပ္ပံပဲ၊ (၈) ပဲပုပ်စေ့ စတဲ့ ခပ်ပြားပြားပဲတွေ။ (၁) မတ်ပဲ၊ (၂) ပဲဒီစိမ်း၊ (၃) ပဲနောက်၊ (၄) ပဲလွန်း၊ (၅) ပဲယဉ်၊ (၆) ပဲစင်းငုံ၊ (၇) ပဲရာဇာ၊ (၈) ပဲချဉ်ပေါင်၊ (၉) ကုလားပဲ၊ (၁၀) စားတော်ပဲ၊ (၁၁) နိုင်လွန်ပဲ၊ (၁၂) ပဲဖြူလေး၊ (၁၃) မြေထောက်ပဲ စတဲ့ ပဲအလုံးတွေ အမျိုးပေါင်း မြောက်များစွာ ထွက်ပါတယ်။ အဲဒီ ပဲတွေကို နိုင်ငံခြားတင်ပို့တယ်ဆိုရင် အိန္ဒိယလည်း ၀ယ်ချင်တာပဲ၊ ဂျပန်ကလည်း ၀ယ်ချင်တာပဲ။ တရုတ်ကလည်း ၀ယ်ချင်တာပဲ။ အဲဒီ ပဲအမျိုးပေါင်း ၂၀ လောက်ထဲမှာ ပဲပြုတ်လုပ်ရောင်းတဲ့ စားတော်ပဲကတော့ သဏ္ဍာန်အားဖြင့် လုံးလည်း အလုံးဆုံး၊ အရသာလည်း အချိုဆုံးနဲ့ အနူးညံ့ဆုံးမို့ အကောင်းဆုံးပဲဆိုပြီး ဘုရင်များ စားဖို့ တော်ဆက်သ ရတဲ့ပဲ၊ ဘုရင်များကလည်း ကြိုက်ကြလို့ "စားတော်ပဲ" လို့ ခေါ်တာပဲ။။      လူထုဒေါ်အမာ

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More