gtalk

Thursday, 17 March 2011

ဒဂုံတာရာ

မြန်မာ့အစဉ်အလာ၌ ကဗျာသည် ပါဝင်သည်။ ရှေးက ကဗျာဟူသည် က၀ိတို့၏ ပိုင်ဆိုင်ရာဟူ၍ သဘောတရားထုတ်ခဲ့ကြသည်။ မြန်မာ့အစဉ်အလာက ကာရန်ဖြင့် သီကုံး တန်ဆာဆင်ထားသော လင်္ကာများကို တပ်မက်ကြသည်။ စိန်ကြာညောင်လွ၊ ရောင်ကြိုးကြွ သော န၀ရတ်ရောင်စုံပြက်သည့် နန်းရင်ပြင် ခြင်္သေ့မုခ်ဦး၌ ကဗျာသည် စောင်းသံငြိမ့်ငြိမ့်ဖြင့် ပေါ်ထွက်ခဲ့သည်။ ထန်းပင်ရိပ်၊ ထနောင်းပင်ရိပ်၌လည်း တခါတရံ ကဗျာသံကို သဲ့သဲ့ကြားရသည်။ ကြိုးကြားမျှသာ။


မြန်မာ့သံလျက် လဲကျသော် သူများလက်အောက် ရောက်နေသော မြန်မာတို့သည် ဂန္ထ၀င်စာပေကို ပလ္လင်ပေါ်တွင်တင်ကာ အမျိုးသားမှု လက်နက်ဖြင့် နယ်ချဲ့သမားအား ခုခံခဲ့ကြသည်။ ကိုယ့်မင်းကိုယ့်ချင်းခေတ်က ရတနာများဖြင့် အမျိုးသားအားမာန်ကို ဖော်ကြွားကြသည်။ ကုန်းဘောင်နေမင်းများပေတကား၊ ဇမ္ဗူကျွန်းလုံးအနှံ့ တည်တော်မူသော ဘုရင်များပေတကား။
မြန်မာတို့၏ ဘုရင်ခေတ် လွတ်လပ်ရေးဘ၀ကို ဂန္ထ၀င်စာပေမှ လက်နက်ကရိယာ များဖြင့် ဟန်ရေးပြကြသည်။ သဇင်ရနံ့ထုံသောညကို အမှတ်ရရင်း စောင်းခတ်သံကဗျာများ ဖွဲ့ကြရသည်။
သို့သော် ဒုတိယကမ္ဘာစစ်မှ အမြောက်သံသည် မှန်ရွှေဖြူပြတင်းကို ခွင်းလိုက်တော့ သည်။ မှန်သားများ ကွဲစဉ်သွားတော့သည်။

(ခ)
အမျိုးသား လွတ်မြောက်ရေးလှိုင်းသည် ပေဖူးလွှာများကို ရိုက်ခတ်ပစ်တော့သည်။ သုတေသီတို့က ကမန်းကတန်း ပေဖူးလွှာကို ပြတိုက်ဘီရိုထဲသို့ ထည့်လိုက်ကြရသည်။ 'ဂန္ထ၀င်စာပေ' ဟု ပြတိုက်မှူးက စာတန်းထိုးလိုက်သည်။ ခေတ်စမ်းကဗျာကို စာပွဲ၌တင်ကာ အမျိုးအမည် စာရင်း၌ ခွဲတမ်းလုပ်နေဆဲ။
၁၃၀၀-ပြည့် အရေးတော်ပုံ၊ နဂါးနီစာအုပ်အုပ်၊ မတ်ဝါဒ၊ နုအက်တလီစာချုပ်များသည် ရာဇ၀င်တမျက်နှာ လှန်စေတော့သည်။ ဖက်ဆစ်တော်လှန်ရေး စခန်းချနေစဉ် 'တပ်တော်ဦးဆီ မျှော်လိုက်ပြန်တော့' တေးသံသည် စတင်းဂန်း သေနတ်ကိုင်ရင်း ပြန်လည်ဆန်းသစ် လာခဲ့သည်။ သို့သော် တပ်တော်မှာ ဒိုင်းလွှားရောင်လက်သော တပ်တော် မဟုတ်တော့ပြီ။ စစ်နှင့် တော်လှန်ရေးထဲမှ မွေးဖွားလာခဲ့သော ဗမာ့တပ်မတော်။
ကဗျာသည်လည်း လက်နက်ကရိယာအသစ်ကို ကိုင်တွယ်လာရသည်။ အသေးစိတ် ထုရန်အတွက် စူးကို သွေးရသည်။ ကရိယာထည့်သော သေတ္တာကို ဝေးဝေး၌ သွားမထား သော်လည်း သံချေးတက်နေသော ဆောက်ပြားကိုကား မသုံးတော့ပြီ။ တခါတရံ ခေတ်စမ်းမှ ဖဲ့၍ ယူရသည်။ သို့ဖြင့် ယနေ့လူငယ်များသည် မြန်မာမှု အစဉ်အလာအရပင် ကဗျာဖြင့် ခံစားမှုကို ဖော်ကျူးနေကြပေသည်။
စစ်နှင့် တော်လှန်ရေးကလဲ လှုပ်ရှားနေဆဲ။
လူငယ် ကဗျာဆရာသည် စိတ်ကူးလွတ်လပ်မှုတို့ကို ကိုးကွယ်လာသည်။ ကဗျာကို ကာရန်ကြိုးမျှင်ဖြင့် ယက်သီသော်လည်း ထိတွေ့ရသော ရုပ်ပုံတို့က အားကောင်းတွန်းကန် ရုန်းထွက်လာသော် တခါတရံ စိတ်ကူးမျဉ်းကြောင်းပေါ်၌သာ ကွက်ကျော် သွားကြရသည်။ သေနတ်သံက ကာရန်ကို အသံဖွဲ့ပြန်သည်။ လူထုလှုပ်ရှားမှုက ပုံပန်းကို ဖော်ပြန်၏။

(ဂ)
လွတ်လပ်သော စိတ်ကူး၊ ယင်း စိတ်ကူးနှင့်လိုက်သော အဆင်အယင်ကို တင်မိုး၏ 'အတ္တအိပ်မက်' ၌ ခံစားထိတွေ့ လိုက်ရသည်။ စင်စစ် တင်မိုး၏ အတ္တ ရုပ်ပုံလွှာ တချပ်ဖြစ်၏။ သို့သော် ထနောင်းရိပ်ကို မမေ့သော တင်မိုး၏ အခြားအတ္တရုပ်ပုံလွှာ တချပ်ကမူ ချူသံနှင့် နွားငေါက်သံကို တေးဖွဲ့နေဆဲ။
သုံးထပ်တိုက် မှန်ခန်း၌ရောက်နေသော တင်မိုးအား ထနောင်းပင်ရိပ်ကို လွမ်းရကောင်းလားဟု ဒေါသဝေဒနာ မဖြစ်စကောင်း။ စင်စစ် လူတို့သည် ဆန့်ကျင်ဖက်များ ဖြင့် ပေါင်းစပ်ထားကြသည်။ အိမ်လွမ်းတတ်သော တင်မိုးနှင့် ကတ္တရာလမ်းမပေါ်၌ လျှောက်နေသော တင်မိုးတို့၏ တင်မိုး နှစ်မိုးကို ကဗျာက တစ်မိုးတည်း လုပ်ပေးလိုက်ခြင်း ဖြစ်သည်။
ဝေဒနာကြောင့် ကဗျာရေးသည်။ ဝေဒနာရုပ် ပေါ်လာရသည်။
ထနောင်းပင်ရိပ်ကို အိပ်မက်ရင်း စက်လူကို တင်မိုးသည် လှောင်ပြောင်၏။ သွေးပွင့်၌ နုနေ၏။ လှနေ၏။ သင်ပုတ်၊ စက်ခလုတ်၊ အလုပ်သမား၏တူသံ၊ ဆေးလိုပ်တိုပြာကြွေ၊ သဂြိုလ် စာအုပ်၊ ခေါင်းရင်းဗူးစင်၊ မြို့မငြိမ်း၊ ဒေါက်တာဂျော်နီ၊ မြစ်စောင့်နဂါး၊ မှိုင်း၊ စလေဆီးသီး.... လူ့ဘ၀၏ ရုပ်ပုံအားလုံးကို တင်မိုး စိတ်ဝင်စားပြီး ဝေဒနာ ခံစားသည်။
ယင်းဝေဒနာများမှ တင်မိုး၏ လှပသာယာသော ကဗျာများ ပွင့်ဖူး လာချေသည်။ တင်မိုးသည် တောနှင့်မြို့ ကူးသန်းနေလေတော့သည်။

ဒဂုန်တာရာ ၀န်ခံချက် maya online magzineမှ ကူးယူဖော်ပြပါသည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More