gtalk

Friday, 25 March 2011

လူအို

ဖုန်အလိမ်းလိမ်းကပ်သော အဝတ်များဖြင့် ငွေကိုင်းမျက်မှန်တပ် လူအိုတစ်ယောက် လမ်းဘေး၌ ထိုင်နေ၏။ မြစ်ကို ဖြတ်၍ ဆောက်ထားသော ဘောတံတားဖြင့် လှည်းများ၊ ပက်လက်ကားများသည် လည်းကောင်း၊ ယောက်ျားများ၊ မိန်းမများ၊ ကလေးများသည် လည်းကောင်း တစ်ဖက်ကမ်းသို့ ကူးသွားလျက် ရှိကြ၏။

မြင်းဆွဲသည့် လှည်းများသည် မတ်စောက်သော ကမ်းပါး တက်လမ်းတွင် မနိုင့်တနိုင် ရုန်းတက်လျက်ရှိရာ စစ်သားများက လှည်းဒေါက်များကို တွန်းကူ၍ တင်ပေးလျက် ရှိကြသည်။ ပက်လက်ကားများသည် တဒီးဒီး ခုတ်မောင်း၍ တက်ကာ ဤနေရာမှ ဝေးရာ လွတ်ရာဆီသို့ ဦးတည်ပြေးလျက် ရှိကြသည်။ တောသူတောင်သားတို့သည် ခြေချင်းဝတ်အထိ မြုပ်သော ဖုန်ထဲ၌ တစ်လှမ်းချင်း တရွေ့ရွေ့ သွားလျက်ရှိကြ၏။ သို့ရာတွင် အဘိုးအိုးကား မလှုပ်မယှက် ထိုင်လျက်ရှိလေသည်။ သူ့မှာ မောပန်းလွန်း၍ ခရီး မဆက်နိုင်။

ကျွန်ုပ်၏ အလုပ် တာဝန်ကား တံတားကို ဖြတ်ကူး၍ တံတားထိပ် ကမ်းတက် အလွန်ဘက်သို့ သွားကာ ရန်သူ မည်သည့် နေရာသို့ ရောက်လာပြီကို ထောက်လှမ်းဖို့ ဖြစ်သည်။

ကျွန်ုပ် အလုပ် ပြီးခဲ့၍ တံတားပေါ်မှ ဖြတ်ပြန်ခဲ့သည်။ လှည်းများစွာ မရှိတော့။ ခြေကျင် သွားနေသူလည်း နည်းသွားပြီ။ သို့သော် အဘိုးအိုကား ထိုနေရာ၌ပင် ရှိနေပေသေး၏။

တံတားက လူအိုကျွန်ုပ်က သူ့အား “အဘိုး ဘယ်ရွာကလဲ” ဟု မေးလျှင် သူက “စန်ကာလိုက” ဟု ဖြေသည်။ စန်ကာလိုမှာ သူ့ဇာတိဖြစ်၍ ထိုအမည်ကို ပြောပြရခြင်း၌ နှစ်ခြိုက်သည်။ သို့နှင့် သူ ပြုံးပြသည်။

“ကျုပ် သတ္တဝါကလေးတွေကို စောင့်ရှောက်နေတာပါကွယ်” ဟုလည်း ပြောပြနေသည်။

ကျွန်ုပ်က ကောင်းစွာ နားမလည်သလို “သြော်” ဟုသာ ဆိုလိုက်မိသည်။

သူက “ ဟုတ်တယ်၊ ကျုပ်က သတ္တဝါကလေးတွေကို စောင့်ရှောက်ပြီး နေခဲ့တာ။ စန်ကာလိုက ထွက်ခဲ့တာ ကျုပ် နောက်ဆုံးပဲ” ဟု ပြောပါသည်။

သူ့ အသွင်အပြင်မှာ သိုးထိန်းနှင့်လည်း မတူ၊ နွားကျောင်းသူနှင့်လည်း မတူ၊ သို့နှင့် ကျွန်ုပ်က သူ၏ ဖုန်ထူလှသော အဝတ် မည်းမည်းများကို လည်းကောင်း၊ ဖုန်အလိမ်းလိမ်း ကပ်သော ခပ်မွဲမွဲ သူ့မျက်နှာကို လည်းကောင်း၊ သူ၏ ငွေကိုင်းမျက်မှန်ကို လည်းကောင်း ကြည့်ရင်း “ဘာ သတ္တ ဝါကလေးတွေလဲ” ဟု မေးလိုက်သည်။

သူက “ အမျိုးစုံပဲ” ဟု ဖြေကာ ခေါင်းယမ်းလိုက်ပြီး “ အခုတော့ သူတို့ကို ပစ်ထားခဲ့ရပြီ ” ဟု ဆိုသည်။

ကျွန်ုလည်း တံတားထိပ်ဘက်ဆီမှ အီဗရိုမြစ်ဝဒေသ၏ အာဖရိကတိုက်နှင့် ဆင်သော ရှုခင်းမြင်ကွင်းဆီသို့ စောင့်ကြည့်ရင်းက ရန်သူရောက်လာရန် အချိန် မည်မျှ ကြာဦးမည်ကို ခန့်မှန်းကာ ရန်သူနှင့် တွေ့ဆုံခြင်းဟု ခေါ်ကြသည့် လျှို့ဝှက် ဆန်းကြယ်လှသည့် အဖြစ်ကို၊ အချက်ပေးသော အသံဗလံများကို တစ်ချိန်လုံး နားစွင့်ရလျက်ရှိသည်။ အဘိုးအိုကား ထိုနေရာ၌ပင် ထိုင်လျက်ရှိ၏။

ကျွန်ုပ်က “ဘာ သတ္တဝါတွေလဲ” ဟု မေးသည်။

သူက “သတ္တဝါ သုံးမျိုးပါ။ ဆိတ်က နှစ်ကောင်၊ ကြောင်က တစ်ကောင်၊ ခိုက လေးစုံ” ဟု ရှင်းလင်း ပြောပြသည်။

“ဒါတွေကို ပစ်ထားခဲ့ရတယ်၊ ဟုတ်လား”

“ဟုတ်တယ်၊ အမြောက်တပ်ကြီး လာမှာမို့။ ဗိုလ်ကြီးက အမြောက်တပ်ကြီး လာပြီ၊ ထွက် ထွက် ဆိုလို့”

ကျွန်ုပ်က “အဘိုးမှာ သွေးရင်းသားချင်းတွေ မရှိဘူးလား” ဟု နောက်ဆုံး ကျန်ရစ်သည့် လှည်းတစ်စီး နှစ်စီး အပြေးအလွှား ဆင်းလာရာ တစ်ဖက်ကမ်းပါး စောင်းဆီသို့ လှမ်းကြည့်ရင်းက မေးလိုက်သည်။

သူက “မရှိဘူး၊ အခု ကျုပ်ပြောတဲ့ သတ္တဝါကလေးတွေပဲ ရှိတယ်။ ကြောင်ကတော့ ကိစ္စ မရှိတန်ပါဘူးလေ။ ကြောင် ဆိုတာကတော့ ကိုယ့်ကိုယ်ကို ဘေးလွတ်အောင် ကြည့်ရှောင် တတ်ပါရဲ့။ ဒါပေမယ့် တခြား အကောင်တွေ ဘာဖြစ်မယ်ဆိုတာ မတွေးတတ်ဘူး” ဟု ဆိုပါသည်။

“အဘိုး ဘာဝါဒသမားလဲ”

“ကျုပ်မှာ ဘာဝါဒမှ မရှိပါဘူး။ ကျုပ် အခု အသက် ခုနစ်ဆယ့်ခြောက် နှစ်ရှိပြီ။ ဆယ့်နှစ် ကီလိုမီတာ လျှောက်ခဲ့ပြီ၊ ဆက်သွားနိုင်တော့မယ် မထင်ဘူး”

“ဒီနေရာက နားဖို့ကောင်းတဲ့ နေရာ မဟုတ်ဘူး။ ရောက်နိုင်မယ် ဆိုရင် တော်တိုဆာဘက် ခွဲတဲ့ လမ်းဆုံကျတော့ ပက်လက်ကားတွေ ပြေးနေတာ ရှိတယ်” ဟု ကျွန်ုပ်က ပြောပြသည်။

သူက “ကျုပ် ခဏ နေဦးမယ်။ ပြီးရင် သွားပါ့မယ်” ဟု ဆိုကာ “ပက်လက် ကားတွေက ဘယ်ကို ရောက်သလဲ ” ဟု မေးလိုက်သည်။

ကျွန်ုပ်က “ဘာစီလိုနာဘက်ကိုပေါ့” ဟု ပြောပါသည်။

သူက “အဲဒီ ဘက်ဆီမှာတော့ ကျုပ်သိတာ တစ်ယောက်မှ မရှိဘူး။ ဒါပေမယ့် ကျေးဇူး အများကြီး တင်ပါတယ်ကွယ်။ မင်းကို ကျေးဇူး အထူးတင်ပါတယ်” ဟု ပြောပါသည်။

သူသည် ပင်ပန်းနွမ်းနယ်နေသည့် အသွင်အပြင်ဖြင့် ကျွန်ုပ်အား ဘာမှ နားမလည်သလို ကြည့်နေ၏။ ထို့နောက် သူ၏ သောကကို တစ်စုံတစ်ယောက်အား ပြောမပြဘဲ မနေနိုင်သဖြင့် “ကြောင်ကတော့ ကိစ္စမရှိဘူးဆိုတာ သေချာပါတယ်။ စိတ်သောက ဖြစ်စရာ မရှိဘူး။ ဒါပေမယ့် အခြားအကောင်တွေ၊ ကဲ - တခြားအကောင်တွေ ဘယ်လိုများဖြစ်မယ် ထင်သလဲဟင်” ဟု မေးပြန်ပါသည်။

“ဟာ လွတ်မှာပါပဲ အဘိုးရဲ့”

“လွတ်မယ် ထင်သလားကွယ်”

ကျွန်ုပ်က လှည်းများ မရှိတော့ပြီဖြစ်သော တစ်ဖက်ကမ်းဆီသို့ လှမ်းမျှော်ကြည့်ရင်း “ဘာ ဖြစ်လို့ မလွတ်ရမှာလဲ” ဟု ဖြေပါသည်။

“ဒါပေမယ့် အမြောက်တပ် လာပြီ၊ ထွက် ထွက်လို့ ကျုပ်ကို နှင်ထားတာပဲ။ အမြောက် တပ်ကြီးလာရင် သူတို့ကော ဘယ်လို နေမလဲ”

ကျွန်ုပ်က “ခိုအိမ်တွေကို ဖွင့်ထားခဲ့တယ် မဟုတ်လား” ဟု မေးလိုက်သည်။

“အင်း”

“ဒါဖြင့် သူတို့ ပျံထွက်ပြီး လွတ်သွားမှာပေါ့”

သူက “အေး ဟုတ်တာပေါ့။ သူတို့ ပျံထွက်သွားမှာ ပဲပေါ့။ ဒါပေမယ့် တခြား အကောင်တွေကော။ တခြား အကောင်တွေ အကြောင်းတော့ မစဉ်းစားတာဘဲ ကောင်းပါ လိမ့်မယ်ကွာ” ဟု ဆိုပြန်ပါသည်။

ကျွန်ုပ်က “အဘိုး အမောပြေရင် ကျွန်တော် သွားချင်ပြီ။ ထလျှောက် ကြည့်ပါဦး” ဟု တိုက်တွန်းရသည်။

သူက “ ကျေးဇူးတင်ပါသကွယ်” ဟု ဆိုကာ ထိုင်ရာမှ အားယူ၍ ထသော်လည်း ဟိုယိမ်းသည်ယိုင်နှင့် ဖုန်ထဲတွင်ပင် ဖင်ထိုင်လျက် ပြန်ကျ သွားသည်။

“ကျုပ်က သတ္တဝါကလေးတွေကို စောင့်ရှောက် နေတာပါကွယ်” ဟု လေးလေးတွဲ့တွဲ့ ပြောနေပြန်သည်။ သို့ရာတွင် ကျွန်ုပ်အား ပြောပြနေခြင်းကား မဟုတ်တော့။ “သတ္တဝါကလေးတွေကို စောင့်ရှောက်နေတာ”

သူ့အတွက် ဘယ်သူမှ ဘာမှ မတတ်နိုင်။ ထိုနေ့က အီစတာ ပွဲတော် အကြိုနေ့ ဖြစ်သည်။ ဖက်ဆစ်တပ်များသည် အီဗရို မြစ်ဆီသို့ ချီလာလျက်ရှိသည်။ တိမ်များနိမ့်လျက် တမိုးလုံး အုံ့ဆိုင်းလျက် ရှိသော နေ့ဖြစ်၍ သူတို့၏ တိုက်လေယာဉ်များ တက်မလာ။ ဤသို့ မလာခြင်းနှင့် ကြောင်များသည် မိမိတို့ဘာသာ ဘေးလွတ်ရာဆီကို ရှောင်နေတတ်ခြင်းသည်သာ အဘိုးအို အတွက် ကံကောင်းသည်ဟု ဆိုစရာ ရှိတော့သည်။

ထင်လင်း

(Ernest Hemingway's Old Man At the Bridge ကို ပြန်ဆိုသည်။)



သုံးသပ်ချက်

ဤဝတ္ထုတိုတွင် မည်ကဲ့သို့သော ထူးခြားချက် ရှိပါသနည်းဟု မေးဖွယ် ရှိပါသည်။ “ဝတ္ထု” ဟူသော စာပေ အဖွဲ့မျိုးတွင် ပါဝင်နေကျ “ထူးခြားသော ဖြစ်ရပ်” ဟူ၍လည်း မရှိ။ ဖို မ တို့၏ အချစ်အခင်နှင့် စပ်သည့် အကြောင်းအရာများလည်း မပါ။ စိတ်ဝင်စားဖွယ်ရာ စွန့်စားခန်းမျိုးလည်း မဟုတ်။ သာမန် စစ်ကာလ မြင်ကွင်း တစ်ခုသာ ဖြစ်၍ “ဝတ္ထု” ဟု ခေါ်ဖို့ပင် ခက်သည်။

သို့ရာတွင် ဤဝတ္ထုတို၌ အုပ်တွဲပေါင်း များစွာဖြင့် ဖွဲ့ဆိုအပ်သည့် လူတို့၏ ဖြစ်ရပ် ဇာတ်ကြောင်း သဘာဝ၊ ဝတ္ထုတစ်ပုဒ်တွင် ပါဝင်လေ့ရှိသည့် အကြောင်းခြင်းရာအားလုံး ပါဝင်လောက်အောင် ပြည့်စုံသည်ဟု ဆိုကြသည်။ အမှတ်မဲ့ ကြည့်သော် ထိုအဆိုကို ဆိုလွန်းသည်ဟု ထင်ရ၏။

ဟဲမင်းဝေး၏ စာများ (အထူးသဖြင့် ဝတ္ထုတိုများ) ကို ဝေဖန်သူ ဆရာများက ဟဲမင်းဝေးသည် စာအရေးအသား ကျစ်လျစ် သိပ်သည်း၍ စကားလုံးများကို အပိုအလိုမရှိ ကွက်တိဝင်အောင် သုံးတတ်ရုံမက သူတင်ပြသည့် ဖြစ်ရပ် ဇာတ်ကြောင်းတို့မှာ မည်သည် အမြင်မျိုးနှင့် ကြည့်ကြည့် သဘောသဘာဝ တိကျ မှန်ကန်သည်ဖြစ်၍ အဓိပ္ပာယ် တစ်မျိုးမက၊ နှစ်မျိုးမက ကောက်ယူလို့ရသည်။ မည်သူကြည့်ကြည့် ကြည့်သူ၏ အရိပ် ပုံမှန်ထင်သော ကြေးမုံပြင်ကဲ့သို့ ဖြစ်သည်ဟုလည်း ဆိုကြသည်။ ဤသို့ ပုံမှန် ရောင်ပြန်ဟပ်နိုင်ခြင်း၊ သဘောသဘာဝ တိကျ မှန်ကန်ခြင်းသည်ပင်လျှင် ဟဲမင်းဝေးစာစု၏ အနက်အရှိုင်းပင် ဖြစ်သည်ဟု ယူရပေမည်။

ဤဝတ္ထုတိုတွင် လူ၏ ဖြစ်ရပ် ဇာတ်ကြောင်းကို တင်ပြထားသည်။ လူ၏ ဘဝကို စစ်ကာလဖြင့် တင်စားထားသည်။ စစ်ကာလသည် လူတို့၏ မတည်ငြိမ်သော၊ အစိုးမရသော၊ အန္တရာယ်များသော၊ ဆင်း ရဲသော အဖြစ်ကို ထင်ရှားစေသည် ဖြစ်၍ ဤဝတ္ထုတို၏ နောက်ခံကားကို စစ်ကာလ ရှုခင်းမြင်ကွင်းဖြင့် ပုံဖော်ထားသည်။ ဒုတိယကမ္ဘာစစ်။

“အမြောက်တပ်ကြီးလာပြီ၊ ထွက်ကြ၊ ပြေးကြ” ဟု စစ်ဗိုလ်က “နှင်” သည်။ ဘယ်သူမှ မနေသာ။ ထွက်ကြ သွားကြရမည်။ မိမိတို့ ဇာတိရပ်ရွာကို စွန့်ခွာ ကြရသည်။ မည်သည့်လူမျိုး၊ မည်သည့် ဘာသာတရား ကမဆို လူတို့၏ ရုပ်ဝတ္ထု(ခန္ဓာ) ဖွဲ့စည်းမှုသည် မဟာဘုတ်ကြီးလေးပါး ဖြစ်သည်။ ပထဝီ၊ တေဇော၊ အာပေါ၊ ဝါယော ဓာတ်ကြီးလေးပါးတို့ အညီအညွတ် ဖွဲ့စည်းအပ်သော ရုပ်ခန္ဓာတို့တွင် ဤဓာတ်ကြီးများ မညီမညွတ် မမျှမတ ဖြစ်လာသောအခါ ပြင်းထန်သော ဖောက်ပြန်မှုကြီးများ ဖြစ်တတ်သည်။ ပထဝီဓာတ် ဖောက်ပြန် ပျက်စီးသောအခါ မြေပြိုသည်နှင့် နှိုင်းသည်။ တေဇောဓာတ် လွန်ကဲသောအခါ မီးအကြီးအကျယ် လောင်သည်နှင့် နှိုင်းသည်။ ထိုနည်းတူစွာ အာပေါဓာတ် ဖောက်ပြန်သော် ရေဘေး၊ ဝါယောဓာတ် ဖောက်ပြန် သော် လေဘေးတို့နှင့် ပမာပြု၍ ပြောဆိုလေ့ ရှိကြသည်။ ဤသို့ ပြင်းထန်စွာ ဖောက်ပြန်တတ်သော ဓာတ် သဘာဝကြီးများဖြင့် ဖွဲ့စည်းအပ်သော ခန္ဓာသည် စဖြစ်လာသည့် “ဇာတိ” ကာလမှစ၍ ရပ်နေ နားနေရန် အခွင့်မရ၊ တသွင်သွင် တလှုပ်လှုပ် ကြီးရင့်၍သာနေသည်။ ဇရာသဘော။ ကိုယ့်ဇာတိ မြို့ရွာတွင် နေချင် လို့လည်း မနေရ၊ အမြောက်တပ်ကြီးပမာ ပြင်းထန်စွာ ပေါက်ကွဲ ဖောက်ပြန်တတ်သော ဤဓာတ်လေးပါး အစုအဝေးက စစ်မိန့်ဖြင့် အတင်းနှင်သလို မောင်းနှင်သောကြောင့် တရွေ့ရွေ့ တရိပ်ရိပ် ကြီးပြင်း အိုမင်း လာရပုံကို စစ်ဗိုလ်က နှင်၍ အဘိုးအို သူ့ဇာတိ “စန်ကာလို” မှ ထွက်ခွာခဲ့ရသည့် အဖြစ်ဖြင့် တင်စား ထင်ဟပ် ထားသည်။

တံတားက အဘိုးအိုသည် မနေသာ၍ မိမိ ဇာတိမြို့ရွာမှ ထွက်လာခဲ့ရသည့် တိုင်အောင် သူ့စိတ် ကတော့ မဖြောင့်။ သူစောင့်ရှောက်နေရသည် ဆိုသော သတ္တဝါကလေးများ အတွက် နောက်ဆံတစ်ပင် တင်းရ လျက်ရှိသည်။ လူတို့၏ ဖြစ်ရပ်ကလည်း ဤနည်းနှင့်နှင် ဖြစ်သည်။ လူတို့သည် မယားအတွက်၊ လင်အတွက်၊ သားအတွက်၊ သမီးအတွက်၊ မြေးအတွက် ပူပန်၍သာ နေရသည်။ “ငါမရှိရင် သင်းတို့ ခက်ချေတော့မည်” ဟု အထင်ရောက်ကာ သေခါနီးကာလ အထိ ဤပူပန်ကြောင့်ကြမှုက မငြိမ်းတတ်။ ဤပူပန်ကြောင့်ကြမှုမျိုးကို ငြိမ်းအေးအောင် ဘယ်သူကမှ ဘာမှ လုပ်မပေးနိုင်၊ မပူပါနဲ့ဆိုလေ ပူလေ ဖြစ်တတ်သည်မှာ လူ့ဓမ္မတာ။

တံတားထိပ်က အဘိုးအိုသည် “လူ” ပင် ဖြစ်သည်။ “လူ” တို့သည် ဤအဘိုးအိုကဲ့သို့ပင် သောက ကိုယ်စီ ရှိတတ်ကြသည်။ သေပေါက်သေဝသို့ ရောက်လာသည် အထိ၊ တံတားထိပ်သို့ ရောက်သည် အထိ ဤသောကများက ပါလာတတ်သည်။

ကြောင်အတွက် မပူရဘူးဆိုသော် ခို အတွက် ပူမည်။ ခို အတွက် သောက အေးပြန်သော် ဆိတ် အတွက် ပူရပြန်သည်။ မယား အတွက် မပူရသော်၊ သားသမီး အတွက် ပူသည်။ သားသမီး အတွက် မပူရသော် မြေး အတွက်။

“လူ” တို့၏ နောက်ပြဿနာ တစ်ခုမှာ ဘယ်သွားရမှန်း မသိခြင်းပင် ဖြစ်သည်။ ဘာသာတရားများက ဤဘဝမှ သေလွန်သော် ဘယ်ဘုံ ဘယ်ဘဝသို့ ရောက်မည်ကို ဟောဆို ညွန်ပြ တတ်ကြသော်လည်း “လူ” က တကယ် မယုံကြည်တတ်၊ ဘာမှမဖြစ်သည့် အခါတွင် ဤသို့သော ဟောဆို ညွန်ပြမှုများကို သိမ်မွေ့သော နှလုံးဖြင့် လက်ခံ ယုံကြည်ထားနိုင်ကြသော်လည်း သေမင်းနှင့် တကယ် ရင်ဆိုင်တွေ့ရသောအခါ ဤ သွန်သင်ပြမှုများသည် တကယ် အားကိုးလောက်အောင် မဟုတ်ကြောင်းကို တွေ့ကြရတတ်သည်။

တံတားလွန်သော် “တော်ကိုဆာ” လမ်းခွဲ၌ မြို့တော် ဘာစီလိုနာဆီသို့ သွာသော ကားကြုံများ ရှိသည် ဆိုသော်လည်း နိဗ္ဗာန်၊ နတ်ပြည်၊ ဗြဟ္မာပြည်၊ ကောင်းကင်ဘုံတို့ကို တကယ်က လူသာမန်တို့ အာရုံ မပြုတတ်။ အသိမိတ်ဆွေမျှ မရှိသော အရပ်တို့ကို မည်သူမျှ မသွားချင်၊ မသွားဝံ့။ (စွန့်စားတတ်သော စိတ်သည် လူ၏ ဗီဇစိတ် မဟုတ်)။ အပါယ်လေးဘုံသာ ကိုယ့်အိမ် ကိုယ့်ရာ ဖြစ်တော့သည် ဆိုသကဲ့သို့ ကိုယ်နေနေကျ နေရာဆီသို့သာ အကြောင်း အမျိုးမျိုးရှာကာ လွမ်းတတ်ကြပေသည်။

သေခြင်း တရားသည် အရွယ်ရွေးသည် မဟုတ်၊ လူကြီး၊ လူငယ်၊ ယောက်ျား၊ မိန်းမဟူ၍ မခွဲခြား၊ အားလုံး ဤတံတားကို ဖြတ်ကြရသည်။ စစ်ကာလတို့၌ အသေအပျောက် ပို၍ များပြားသည်။ စစ်သားတို့သည် ဤမြစ်ကို ဖြတ်ကူးကြ၊ သူတို့၏ လှည်းဘီးဒေါက်များကို ကူတွန်း၍ ပို့ပေးလျက် ရှိကြသည်။

စန်ကာလို တည်းဟူသော ဇာတိမှ အမြောက်တပ်ကြီးပမာ ပြင်းထန်သော ပေါက်ကွဲ ဖောက်ပြန် မှုများကို ဓာတ်ကြီးလေးပါး သဘောကြောင့်၊ ကံဇာတ်ဆရာကြီး ဟု ခေါ်ဆိုကြသော စစ်ဗိုလ်က စစ်မိန့်ဖြင့် “နှင်” သည်တွင် မထွက်ချင်ဘဲ ထွက်ခွာလာခဲ့ရသည့် ဇရာ အဘိုးအိုသည်၊ မောပန်းနွမ်းနယ်သော (နာသော) ဗျာဓိ ကာလ၌ မရဏတည်းဟူသော အီဗရို မြစ်ကူးတံတားဆီသို့ ရောက်လာ၏။

သူ့အတွက် ဘယ်သူက ဘာတတ်နိုင်သနည်း။ ဘယ်သူ့ အတွက်ကော ဘယ်သူ့က ဘာတတ် နိုင်မည်နည်း။

သတ္တဝါတစ်ခု ကံတစ်ခု။ သတ္တဝါတစ်ခုက အခြားတစ်ခုအတွက် ဘာမှ မလုပ်ပေးနိုင်။ အဘိုးအိုသည် သူစောင့်ရှောက်ခဲ့သည် ဆိုသော “သတ္တဝါ” ကလေးများအတွက် ဘာမှ မတတ်နိုင်သလိုပင် တံတား၌ တာဝန်ကျသော စစ်သားကလည်း အဘိုးအိုအတွက် ဘာမှ မတတ်နိုင်။ သူ့မှာလည်း သူ့အလုပ်နှင့်သူ၊ သူ့ကိစ္စနှင့်သူ၊ သူ့သဘောနှင့်သူ၊ တံတားဦးအလွန် နယ်မြေဆီသို့ ရန်သူ ရောက်လာမည့် အချိန်ကို ခန့်မှန်းရလျက်။ အဘိုးအိုလည်း ကြုံ၍သာ စကား ပြောနေရသည်။ တကယ်က အဘိုးအိုအတွက် သူဘာမှ လုပ်မပေးနိုင်။

ဟဲမင်းဝေး သုံးသည့် သင်္ကေတများမှာ အလွန် ပီပီသသရှိ၍ မည်သည့် ရှုထောင့်မှမဆို အနက်အဓိပ္ပာယ် ထင်မြင်လွယ်သည်ဟုလည်း ဆိုကြသည်။

အဘိုးအို၏ အသွင်အပြင်ကို ကြည့်ပါဦး။

ငွေကိုင်း မျက်မှန် တပ်ထားသည်။ ငွေကိုင်း မျက်မှန်သည် “အမြင် မသန်” သော သူတို့၏ အသုံးအဆောင် ဖြစ်သည်။ ဤအဘိုးအိုသည် အမြင်သန်သော သူမျိုး မဟုတ်၊ သူ၏ အဝတ်နက်နှင့် မျက်နှာပေါ်တွင် ဖုန်အလိမ်းလိမ်း တင်လျက်ရှိ၏။ တဆယ့်နှစ် ကီလိုမီိတာမျှ လျှောက်လာခဲ့ရာတွင် သူ့မှာ မောပန်းရုံ နွမ်းနယ်ရုံ၊ အဝတ်ပေါ်၊ မျက်နှာပေါ်တွင် ဖုန်တင်ရုံသာရှိသည်။ (He has collected nothing but dust) ဆိုသည်ကို ဖော်ပြသည်။

သူက သူ့ကိုယ်သူ “သတ္တဝါကလေးများကို စောင့်ရှောက်နေသည်” ဟုသာ ဆိုသည်။ သူ့ကို ကြည့်ရသည်မှာတော့ သတ္တဝါများကို စောင့်ရှောက် ကယ်မတတ်သော ဘုရားသခင် အစရှိသော သူတော်စင် သိုးထိန်း၊ နွားကျောင်းတို့၏ အသွင်အပြင် မရှိ။ တကယ်က သူသည် လူသာမန် တစ်ယောက်မျှသာ ဖြစ်သည်။ ဤဝတ္ထုမှာ လူသာမန်တို့၏ အကြောင်း ဖြစ်သည်။

“ဒီနေရာဟာ နားဖို့ကောင်းတဲ့ နေရာ မဟုတ်ဘူး” ဟု စစ်သားက ဆိုသည်။ မှန်ပါသည်။ လူ့ဘုံသည် နားနေချင်စရာ သာယာသည့်ဘုံ မဟုတ်၊ ဘာသာရေး သွန်သင် ညွန်ပြမှုများက လူ့ဘုံကို နားနေစရာ ဘုံကောင်းဟု မသတ်မှတ်။ ဘေးအန္တရာယ် ကင်းရှင်းသည်လည်း မဟုတ်။ ဘဝဆိုသည်မှာ ဖြစ်လာမှတော့ နားနေချင်လို့လည်း ရသည်မဟုတ်၊ တရစပ်သွား၍သာ နေရသည်။ အတည် အမြဲလည်း မရှိ။ ဆင်းရဲ၏။ အစိုးမရ။ မြေကလည်း ပြိုတတ်၏။ မီးလည်း လောင်တတ်၏။ ရေလည်း ကြီးတတ်၏။ လေမုန်တိုင်းကလည်း မွှေတတ်သည်။ အန္တရာယ်များလှချေ၏။

လူသာမန်တို့သည် အမြင် မသန်ကြချေ။

“အဲဒီဘက်ဆီမှာတော့ ကျုပ်သိတာ တစ်ယောက်မှ မရှိဘူး” အဘိုးအိုသည် ကောင်းကင်ဘုံ သို့လည်းကောင်း၊ နတ်ရွာ နိဗ္ဗာန်သို့လည်းကောင်း အာရုံ မပြုတတ်။ အသိမရှိသော အရပ်သို့ မသွားလိုခြင်းမှာ လူသာမန်တို့၏ သဘာဝ။ မိမိ သွားချင်သည် မသွားချင်သည်ကို အပထား။ လမ်းညွန်ပြသ ဟောကြားပေးသည့် ပုဂ္ဂိုလ်ကို ကျေးဇူးတော့ တင်ကြရပေမည်။

လူသည် သောကနှင့် မကင်းတတ်။ မိမိ၌ ကြုံလာရသော သောကကို သူတစ်ပါးနှင့် ဝေမျှ ခံစားချင်တတ်သော ဉာဏ်လည်း ရှိသည်။ အဘိုးအိုသည် “သိသူ” က ကောင်းရာသို့ ညွန်ပြပေးသော်လည်း စိတ်မဝင်စားတတ်။ အာရုံ မပြုတတ်။ သူ့သောကကို ဝေမျှ မခံစားတတ်လျှင် သူ့မှာ အဖော်မရ။ အားကိုးမရ။

ထိုအခြင်းအရာတို့ ဖြစ်ပျက်သည့်နေ့ကို ဟဲမင်းဝေးက အီစတာပွဲတော် အကြိုနေ့ဟု ဆိုထားသည်။ အီစတာပွဲတော်ကား ခရစ်တော် ရှင်ပြန်ထမြောက်ခြင်းကို အထိမ်းအမှတ်ပြုသည့်ပွဲ ဖြစ်သည်။ နှစ်စဉ် မတ်လ (၂၂) ရက်နှင့် ဧပြီလ (၂၅) ရက်တို့ အကြား၌ ဖြစ်တတ်သည်။ ခရစ်တော်သည် လက်ဝါးကပ်တိုင်၌ သေလွန်ပြီး မြှုပ်နှံထားရာ သင်္ချိုင်္ိင်းမှ တစ်ဖန် ရှင်ပြန် ထမြောက်ခြင်းဖြစ်၍ အီစတာပွဲ မတိုင်မီ ကာလသည် ခရစ်တော်လွန်၍ ဝမ်းနည်း ကြေကွဲကြရသော ကာလဖြစ်၏။ ထိုကာလ၏ အထိမ်းအမှတ်များ အဖြစ်ဖြင့် သောကြာနေ့ (Good Friday) မှစ၍ အုံ့ဆိုင်း မှုန်မှိုင်းသော အခြေအနေ။ ထိုနောက်တွင် ခြိုးခြံသော အကျင့်ဖြင့် ဥပုသ်သီတင်း ဆောက်တည်ကြရပြီး တနင်္လာနေ့ နေထွက်တပြူတွင် “သခင် ရှင်ပြန် ထမြောက်တော် မူလာပြီ” ဟူသော ကြွေးကြော်သံနှင့်အတူ ရွှင်လန်း ဝမ်းမြောက်ခြင်းကို ဖော်ပြကြသည့် ပျော်ပွဲရွှင်ပွဲများ ကျင်းပသည်။ ဆီမီး ဖယောင်းတိုင်များ ထွန်းညှိကြသည်။

အဘိုးအို တံတားထိပ်၌ အမောဆိုက်နေသည့်နေ့ကို “အီစတာပွဲတော် အကြိုနေ့” ဟု ဆိုထားသည်။ ထိုအခြင်းအရာကို တိမ်များနိမ့်လျက် တစ်မိုးလုံး အုံ့ဆိုင်းလျက်ရှိသော နေ့ဟု ဖော်ပြထားသည်။ သင်္ကေတ တစ်ခုနှင့်တစ်ခု အပြန်အလှန် ကျေးဇူး ပြုထားသည်။ တစ်မိုးလုံး အုံ့ဆိုင်း၍ မှုန်မှိုင်း ထုံထိုင်းသော အခြေ အနေတို့၏ နောက်တွင် “သခင် ရှင်ပြန် ထမြောက်ခြင်း” ကို အကြောင်းပြု၍ ရွှင်လန်း ဝမ်းသာရသော အခြေအနေ ရှိသည်။ လူတို့သည် မည်မျှပင် ထိုင်းမှိုင်းသော အခြေအနေမှ ဖြစ်စေ မျှော်လင့်ချက်ကတော့ ရှိသည်ချည်း ဖြစ်သည်။

မနှစ်မြို့ဖွယ်ရာ အခြေအနေမျိုးမှ ထွက်ပေါက် လွတ်လမ်းကို မျှော်မှန်းတတ်သည်မှာ လူ့ဓမ္မတာ။ အကယ်၍ မည်သို့မျှ ထွက်ပေါက် မရှိတော့သော အခြေအနေသို့ ရောက်ရှိလာပါကလည်း တမလွန်တွင် ကောင်းရာ သုဂတိသို့ ရောက်ဖို့ အာရုံပြု တတ်ရပေမည်။

ဟဲမင်းဝေးသည် ဘာသာတရားကို အရေးထားသော ခေတ်သစ် အတွေးသမား စာရေးဆရာ ဖြစ်သည်။ သူသည် ခရစ်ယာန်ဘာသာဝင် တစ်ဦးဖြစ်သော်လည်း သူ၏ ခရစ်ယာန် အယူအဆမှာ ကျဉ်းမြောင်းသော ရှေး အယူအဆများမှ လွတ်သော ကျယ်ပြန့်နက်နဲသော အယူအဆများဟု ဆိုနိုင်သည်။ ခရစ်ယာန် ဘာသာက သာမက အခြားသော ဘာသာတရားတို့က အရေးထားရသော သစ္စာတရားကို ရှာဖွေသော အယူအဆ တို့တည်း။

ကဲ မိတ်ဆွေ၊ ဟဲမင်းဝေး၏ တံတားက လူအို ဝတ္ထုကို တစ်ခေါက်ပြန်ဖတ်ပါဦး။

ပြီးလျှင် မိမိ၏ အာရုံ၌ မည်သို့လာ၍ ထင်ဟပ် ရိုက်ခတ်သည်ကို ဆင်ခြင် ကြည့်စေ ချင်ပါသည်။ လူတစ်ယောက်၏ အယူအဆနှင့် အခြားတစ်ယောက်၏ အယူအဆမှာ တူရမည်ဟု မဆိုလိုပါ။ သို့ရာတွင် သင်လည်း သင့်အယူအဆနှင့်သင် ယုတ္တိကို ဆင်ခြင်ရပါလိမ့်မည်။

အထက်၌ ဖော်ခြခဲ့သော သုံးသပ်ချက်သည် ရှုထောင့်တစ်ခုမှ သုံးသပ်ချက်သာဖြစ်၍ ဤသို့ချည်း ဖြစ်ရမည်ဟု မဆိုလိုပါ။ ပြည့်စုံပြီဟူ၍လည်း မယူဆပါ။

သင့်မှာလည်း သင့်အမြင်နှင့်သင် ပြင်ဆင် ဖြည့်စွက် ပယ်ဖျက်နိုင်ခွင့် ရှိပါသည်။

ထင်လင်း မောက္ခ မှကူးယူဖော်ပြသည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More