gtalk

Saturday, 12 March 2011

JUU

ရေးသူ= ဂျုးပါ  စာရေးဆရာတွေနှင့်ပသတ်သက်ပြီး စိတ်ဝင်စားစရာအကောင်းဆုံးအချိန်သည် သူတို့ အောင်မြင်ကျော်ကြားချိန်မဟုတ်။ သူတို့ ကျဆုံးခါနီးပြီ ..ဟုဝေဖန်ခံနေရချိန်၊သူတို့ ဖန်တီးသမျှ အနုပညာတွေကို လူတွေက မကြိုက်နိုင်သည့် အချိန်ပဲဖြစ် သည်။ အနည်းဆုံး ကျွန်မတစ်ဦးတည်းအမြင်မှာပေါ့လေ။ အဲသည့် အချိန်မျိုးမှာရှိသည့် စာရေးဆရာ၊အနုပညာရှင်တွေ၏ စိတ်ကို ကျွန်မ စိတ်ဝင်စားပါသည်။

ဗာဂျီးနီးယားဝုလ်ဖ် (Virginia Woolf ) ဆိုပါတော့။ ဗာဂျီးနီးယားဝုလ်ဖ် ကိုကျွန်မကြိုက်သည်။ To The Light House မှစပြီး သူ့ ၀တ္ထုတွေ ဖတ်ဖူးသည်။ The Waves အထိဆိုပါတော့။ ကြိုက်တာတွေလည်းပါ၊မကြိုက်တာတွေလည်းပါသည်။ ဗာဂျီးနီးယားဝုလ်ဖ် ကို ကျွန်မ စိတ်ဝင်စားသည်။ သို့ သော် ကျွန်မစိတ်အ၀င်စားဆုံး သူ့ အချိန်မှာ ထိုကျွန်မကြိုက်သော စာတွေကို သူရေးနေချိန်မဟုတ်။ မြစ်ဆီသို့ သွားနေချိန်ဖြစ်သည်။ အဲသည် အချိန်မှာ သူဘာတွေ တွေးနေခဲ့ပါသလဲ။ ဘယ်လိုအတွေးမျိုးက ဆွဲခေါ်လို့ အဲသည်ကိုသူသွားနေခဲ့တာလဲ။ အဲသည် အချိန်မှာ ဘ၀ကို သူဘယ်လိုသုံးသပ်လိုက်ပါ သလဲ။ လူတွေကို ဘယ်လိုသုံးသပ်လိုက်ပါသလဲ။
သူ့ စိတ်ကို ကျွန်မ စိတ်ဝင်စားသည့်အတွက် သူ့နေ့ စဉ်မှတ်တမ်းစာအုပ်ကို ကျွန်မ၀ယ်ခဲ့သည်။ သူ့အတွေးတွေကို သိချင်လို့ ဖြစ်သည်။ ယခုထိတော့ စာအုပ်ကိုလည်း ဖတ်ရှုဆဲမို့ ကျွန်မသိချင်သော အကြောင်းအရာများဆီသို့ ထိုစာအုပ်က ညွှန်ပြခေါ်ဆောင်မသွားနိုင်ခဲ့ပါ။ သို့ သော် ကျွန်မ သိသလိုလိုရှိတာက ဗာဂျီးနီးယားဝုလ်ဖ် (Virginia Woolf ) ကိုမြစ်ထဲဆီသို့ ခေါ်ဆောင်သွားသော အရာများအနက် solitude ( တစ်ကိုယ်ထည်းနေထိုင်မှု) ကို နှစ်သက်သည့် စိတ်အခြေအနေပါဝင်နေပါလိမ့်မည်။
ဟင်နရီသော်ရိုးကို ဝေါ်လ်ဒင် ရေကန်ဆီမှာ နေထိုင်ဖြစ်အောင် ဆွဲဆောင်ခဲ့သောအရာမှာ solitude ကိုမြတ်နိုးစိတ်လည်း ပါဝင်နေခဲ့သည်။ တစ်ခုပဲကွာ၏။ ဟင်နရီသော်ရိုးသည် ဝေါ်လ်ဒင်ရေကန်မှာ နှစ်နှစ်ခန့် သာနေထိုင်ခဲ့ပြီး လူမှုဝန်းကျင်ဆီ သို့ ပြန်လာခဲ့၏။ ဗာဂျီးနီးယားဝုလ်ဖ် ကတော့ မြစ်ထဲမှ လုံးဝပြန်မလာခဲ့တော့ပေ။
အမှန်တရားကိုရှာဖွေဖို့ သွားခဲ့သည် ဆိုလျှင် ထိုမြစ်ထဲတွင် သူရှာနေသောအရာကို တွေ့သွားလို့ ပဲဖြစ်ရမည်။ (ဒါမှ မဟုတ် မတွေ့ နိုင်တော့ပါဘူးဟု သေချာသွားလို့လည်း ဖြစ်နိုင်ပါသည်။)
ဟင်နရီမီးလား (Henry Miller) ကတော့ သူစာဖတ်လျှင် တောအုပ်ထဲသွားပြီး တစ်မေ့တစ်မောထိုင်ဖတ်နေရသည့် အရသာကို စွဲလမ်းခဲ့သည်ဟုဆိုပါသည်။ ကံကောင်းလျှင် အဲဒီတောအုပ်ထဲမှာ စမ်းချောင်းလေးရှိချင်ရှိမှာပေါ့…တဲ့။ အဲဒါ တစ်ကိုယ်တည်းတိတ်ဆိတ်စွာနေလိုမှု ကြောင့်ပဲ ဖြစ်နိုင်ပါသည်။ ကျွန်မတို့ ဘ၀ကတော့ ဟင်နရီမီလားလိုကံမကောင်းခဲ့ပါ။ ကျွန်မတို့ သည် အခန်းကျဉ်းကျဉ်းလေးမှာပဲ စာဖတ်ခဲ့ကြရ၏။ (ဟင်နရီမီးလားနှင့်တူသည့် စိတ်တစ်ခု ကျွန်မမှာရှိသည်။ အိမ်သာထဲမှာ စာဖတ်လို့ မရသည့် စိတ်ဖြစ်သည်။ ရယ်စရာကောင်းအောင် အိမ်သာအမျိုးမျိုးကို ကျွန်မ ကြုံခဲ့ဖူးသည်။ ဘယ်အိမ်သာမှာမှ စာဖတ်လို့ မရခဲ့ပါ။ မွှေးပျံ့ သန့်ရှင်းပြီး ပန်းစိုက်အိုးကလေးတွေ၊ပန်းချီကားလေးတွေ ၊စာအုပ်စင်ပုပုလေးတွေ ထားသည့် အိမ်သာမျိုးမှာပင် ကျွန်မ စာဖတ်လို့ မရခဲ့ပါ။)
သည်တော့ ကျွန်မတို့သည် လူတွေနှင့် ရောရင်း နေရင်း ထိုင်ရင်းပဲ စာတွေဖတ်ခဲ့ကြ။ အတွေးတွေတွေးခဲ့ကြ။ စာတွေရေးခဲ့ကြရသည်။
စာရေးဆရာတွေနှင့် အနုပညာသမားတွေသည် ပတ်ဝန်းကျင်နှင့်ကင်းကွာစွာ တစ်ကိုယ်တည်းနေထိုင်ဖြစ်တည်လိုမှု (solitude ) ကို တစ်ချိန်မဟုတ် တစ်ချိန်လိုအပ်ကြသည်။ ဒါကို အနုပညာသမားတိုင်း ရင်ဆိုင်ဖြတ်သန်းဖူးကြသည်။ ကျွန်မလည်း ဖြတ်သန်းဖူးသည်။ သို့သော် ထို တစ်ကိုယ်တည်းဖြစ်တည်နေထိုင်မှု( solitude) ကို ကျွန်မတို့ ဘယ်အတိုင်းအတာအထိ လိုအပ်ကြသလဲ။ အဲဒါက နည်းနည်းဦးနှောက်ခြောက်စရာ မေးခွန်းတစ်ခုဖြစ်သည်။
စာရေးဆရာတွေ အနုပညာသမားတွေကို အနုပညာဈာန်ဝင်စားအောင်ဆွဲခေါ်သွားတာ အဲသည် solitude ပဲ။ အနုပညာသမားတွေသေခြင်းတရားကို ရွေးခြယ်ခြေလှမ်းလှမ်းဖြစ်အောင် ညို့ ယူခဲ့တာလည်း အဲသည် solitude ပါပဲ။

ကျွန်မတို့ အချစ်ကြီးချစ်ခဲ့ကြသည့် ဆရာမြို့မငြိမ်းကို ချစ်ခင်သူတွေထံမှ ဝေးရသို့ ခေါ်ဆောင်သွားခဲ့တာ အဲသည် solitude ပဲဖြစ်သည်။ မြို့ မငြိမ်းအတန်ကြာအောင်ထိုင်ခဲ့သည့် သစ်ပင်ရိပ်သည် တော်တော်အေးချမ်းငြိမ်သက်ခဲ့လိမ့်မည်ထင်သည်။ အဲသည် သစ်ပင်ရိပ်မှာ သူဘာတွေ တွေးနေခဲ့သလဲ။ မပြီးသေးသော ပန်းချီကား အကြောင်းလား။ သို့မဟုတ် နောက်ထပ် ရေးနေဆဲ (စိတ်ကူးဖြင့်) သီချင်းတစ်ပုဒ်အကြောင်းလား…သို့ မဟုတ် သီချင်းတွေ ၊ဂီတတွေနှင့် ဘာမှမဆိုင်သည့် နာကျင်မှုတစ်ခုအကြောင်းလား။ ဒါကိုတော့ကာယကံရှင်ကသာ သိနိုင်ခဲ့ပေလိမ့်မည်။
စာရေးဆရာတွေ ၊အနုပညာသမားတွေ မှာ တစ်ခါတရံ solitude လိုအပ်သည့် နည်းတူ တစ်ခါတရံ အဖော်လိုအပ်သည်။ နာကျင်မှုတွေကို မျှဝေခံစားဖို့ ၊ စိတ်ဒဏ်ရာတွေကို ကုသဖို့ ၊အလင်းရောင်ပျောက်နေသည့်အခါ အလင်းရောင်ကို လမ်းညွန်ဖို့ ၊သို့ပေမယ့် အဲသည်အဖော်ဟာ ထာဝရကြင်ဖော် အိမ်ထောင်ဖက် ဖြစ်ဖို့ လိုချင်မှလိုပေလိမ့်မည်။ စာရေးဆရာ ညီမ တစ်ယောက်က ကျွန်မကို ပြောဖူးသည်။ ငါ့ယောကျာ်းဟာ ငါ့အတွက်အဖော်မဖြစ်ဘူးတဲ့ ။ ထိုစကားကို သူ့ယောကျာ်း သိလျှင် စိတ်တိုကောင်းတိုမိလိမ့်မည်။ ကျွန်မကတော့ နားလည်သည်။ စာရေးဆရာတစ်ယောက်အတွက် အဖော်ဖြစ်ဖို့ လူတစ်ယောက်မှာ ရှိရမည့်အရည်အချင်း များများမလိုပါ။ အတ္တစွဲကင်းသူဖြစ်ရမည်။ ကိုယ်ချင်းစာတရားနှင့်သဘောထား ပြည့်ဝသူဖြစ်ရမည်။ ဒါလောက်ပါပဲ။ အဲသည်မျှလောက်သော အရည်အချင်းကလေးနှင့် ပြည့်စုံသူကိုပင် သူ့ဘ၀မှာ မရနိုင်ခဲ့ဖူးဆိုလျှင် သူတော်တော်ကံဆိုးလို့ ပဲ။ တကယ်တော့ စာရေးဆရာတစ်ယောက်မှာ အဖော်ဆိုတာလည်း များများ မလိုပါ။ သုံးယောက်၊လေးယောက်..ကျွန်မမှာတော့ တကယ့်အဖော် သုံးလေးယောက် လောက်ရှိသည်။ တော်ပြီပေါ့။
solitude ကိုလိုအပ်သည့်အခါမှာ ဟင်နရီမီးလားလို သစ်တောထဲမသွားနိုင်သူ ကျွန်မသည် အခန်းကျဉ်းလေးထဲမှာ ကိုယ့်ကိုကိုယ် ဘောင်ခတ်ပြီး စာတွေဖတ်ရ၊စာတွေရေးရသည်။ ကျွန်မကို တစ်ကိုယ်တည်းငြိမ်သက်တိတ်ဆိတ်မှုဆီကို ပို့ပေးသောနေရာမှာ ကိုယ်ပိုင်အခန်းကျဉ်းကျဉ်းလေး၊စာအုပ်ဘီရိုများနှင့် အတူ ဂီတလည်း ပါဝင်သည်။ ဂီတသည် ကျွန်မအားသီးသန့် ဖြစ်တည်မှုတစ်ခုကို ပေးခဲ့၏။ အဘယ်ကြောင့်ဆိုသော် ဂီတသည် စိတ်ဖြင့် ခရီးသွားရသည့် ယာဉ်တစ်ခုဖြစ်သလို စိတ်ဖြင့်ရောက်နိုင်သည့် တောအုပ်တစ်ခုလည်းဖြစ်၊ငြိမ်သက်ကျယ်ပြန့်သည့် ကန်ရေပြင်တစ်ခု လည်းဖြစ်၊တရွေ့ ရွေ့ သွားနိုင်သည့် တိမ်တိုက်တစ်ခုလည်းဖြစ်..ကျွန်မသွားချင်သည့်နေရာကိုအရောက်ပို့ပေးနိုင်သော ကြောင့်ဖြစ်သည်။
ထို့ကြောင့်လည်း ဗာဂျီးနီးယားဝုလ်ဖ် သွားခဲ့သောရေကန်ကို ကျွန်မသွားစရာမလိုနိုင်ဘူး ဟုမျှော်လင့်ရပါသည်။
တစ်နေ့တုန်းက ကျွန်မ စာအုပ်တစ်အုပ်ဖတ်ခဲ့၏။ Charles Ruas ၏ စာရေးဆရာများနှင့် အင်တာဗျုးများကိုစုပေါင်း ထုတ်ဝေထားသော Conversations with American Writers ဖြစ်သည်။
ထိုစာအုပ်ထဲတွင် Charles Ruas အင်တာဗျူးလုပ်ခဲ့သည့် စာရေးဆရာဆယ်ယောက်ကျော်၏။ Norman Mailer, Paul Theroux , Toni Morrison, Susan Sontag Truman Capote, Tennessee Williams စသူတို့ ဖြစ်၏။ စာအုပ်ကိုငှားလာလာချင်း ကျွန်မ အကြမ်းဖျဉ်း လှန်လှောဖတ်ရှုပြီးနောက် ပထမဦးဆုံး စာရေးဆရာအဖြစ် တင်နက်ဆီဝီလျမ်စ် ကိုရွေးချယ်ပြီး ကျွန်မဖတ်လိုက်မိသည်။
ဘာကြောင့်လဲဆိုတော့ တင်နက်ဆီဝီလျမ်စ် ကို အင်တာဗျူးလုပ်ချိန်သည်သူတစ်ဟုန်ထိုးအောင်မြင်ကျော်ကြားနေချိန် မဟုတ်ဘဲ ဝေဖန်ရေးဆရာတွေက သူ့ပြဇတ်များကို အကြီးအကျယ်တိုက်ခိုက် ရှုံ့ ချနေချိန်မို့ ဖြစ်သည်။ ထိုအင်တာဗျူးကို တင်နက်ဆီဝီလျမ်စ်သည် စိတ်ဝင်စားစွာ ၊အာရုံစူးစိုက်စွာ ပြုံးရွှင်စွာ ဖြေဆိုခဲ့သည် ဟုဆိုပါသည်။
သူ့ ပြဇတ်တစ်ပုဒ် In the Bar of a Tokyo Hotel (1969) တွင် သူရေးဖွဲ့ ခဲ့သော ဇာတ်ကောင်သည် ကမ္ဘာကျော် ပန်းချီဆရာကြီး Jackson Pollock ကိုကိုယ်စားပြုရေးသားပါသည်ဟု သိလိုက်ရသောအခါ ကျွန်မ အံ့သြသွားပါသည်။
ဂျက်က်ဆန်ပေါ့လော့က် သည် အသက် ၄၄ နှစ် အရွယ်တွင် ကားအက်စီဒင့် ဖြင့်သေဆုံးသွားခဲ့သည်။ သို့ မဟုတ် သူ့ ဘ၀သူ အဆုံးသတ်သွားသည် ဟုပြောနိုင်မလားမသိပါ။ ထိုအချိန်မှာ ဂျက်က်ဆန်ပေါ့လော့က်သည် solitude အခြေအနေ တွင်ရှိနေခဲ့သည်မဟုတ်။ သူ့အိမ်မှာ ကလေးမလေးတစ်ယောက် အတူရှိနေခဲ့သည်။ ဂျက်က်ဆန်ပေါ့လော့က် ကိုသစ်ပင်ဆီ သို့ သွေးရူးသွေးတန်း ကားမောင်းခေါ်သွားအောင် ဆွဲခေါ်သည့် တွန်းပို့ မှုတစ်မျိုးကို တင်နက်ဆီဝီလျမ်စ်၏ ဘ၀မှာလည်း ကြုံဖူးခဲ့သည် ဟုဆိုပါသည်။ အံ့သြစရာကောင်းသည်မှာ ထိုတွန်းအားသည် သူ့ ပြဇတ်များမအောင်မြင်တော့ဘူး ဟု ဝေဖန်ရေးဆရာတွေက ဆုံးဖြတ်ချိန်မှာ ဖြစ်ပေါ်ခဲ့ခြင်းမဟုတ်။ အီတလီမှာ သူခဏနေထိုင် စာရေးနေစဉ် သူ့ချစ်သူ တစ်ယောက် နှင့် ရန်ဖြစ်ပြီးသည့်အခါ သူ့အပေါ်ကျရောက်လာသော တွန်းအားဖြစ်သည် ဟု ဆိုပါသည်။
ဒါဖြင့် တင်နက်ဆီဝီလျမ်စ် အားသေမင်းဆီသို့ တွန်းပို့လုဆဲဆဲဖြစ်ခဲ့သော တွန်းအားသည် အဖော်မမည်သောအဖော်ဖြစ် သောကြောင့်ဖြစ်သည် ဟု ကျွန်မ ကောက်ချက်ချနိုင်မည်လားမသိပါ။ ထိုကောက်ချက်ကို ဂျက်က်ဆန်ပေါ့လော့က် ဆီသို့လည်း ဆွဲယူသွားနိုင်မလားမသိပါ။
မြို့ မငြိမ်းကို သစ်ပင်အရိပ်အာဝါသအောက်မှ မော်တော်ကားဆီသို့ ပို့ ပေးလိုက်သော တွန်းအားက ဘာပါလိမ့်။ ကျွန်မသိချင်သည်။
ကျွန်မမှာ တစ်ကိုယ်တည်း ဖြစ်တည်နေထိုင်မှု solitude လိုအပ်သောအချိန်တွေအများကြီးရှိသည်။ အဲသည်လိုပဲ တစ်စုံတစ်ယောက်အား ဖွင့်ချရမည့် စိတ်ခံစားချက်တွေနှင့် အဖော်လိုသည့်အချိန်တွေလည်း ရှိခဲ့သည်။ လိုအပ်သည့် အချိန်မှာလိုအပ်တာကို ရနေသူသည် ဘ၀ပေးကုသိုလ်ကောင်းနေသူ ဟု ဆိုလျှင် ကျွန်မ တော်တော်ကုသိုလ် ကောင်းသည်ဟု ဆိုရမည်။ ကျွန်မဘ၀မှာရှိခဲ့သည့် အရေအတွက်အလွန်နည်းပါးသော အဖော်သုံးလေးယောက်သည် ကျွန်မ၏ ပျော်ရွှင်မှုကို ကူးစက်စွာမျှဝေခံစားပေးခဲ့သလို ကျွန်မ၏ နာကျင်မှုကိုလည်း စုပ်ယူကာ မျှဝေခံစားပေးခဲ့ကြသည်။ အဲသည့် အဖော်တွေထဲမှာ ကျွန်မ၏ ညီမအရင်းလည်း ပါဝင်နေခဲ့သည် ဆိုတော့ ပို၍ပင်ကုသိုလ်ကောင်းသည်ဟု ပြောရပါလိမ့်မည်။

တင်နက်ဆီဝီလျမ်စ် သည် နောက်ဆုံးအချိန် သူလိုအပ်သော အဖော်ကိုရခဲ့လေသလား။ သူ ၁၉၈၃ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်ညတွင် အိပ်ခန်းထဲမှာ သေဆုံးသွားခဲ့သည်။ လည်ပင်းညှစ်ပြီး သေဆုံးသွားရခြင်း (strangulation ) ဟုဆိုပါသည်။
တက်နက်ဆီဝီလျမ်စ် သည် သူ့ ပြဇတ်များကို နောက်ပိုင်းမှာပြောင်းလဲယူခဲ့သည်။
သူ့မှာ ပြောစရာတွေအများကြီးရှိ၏ ။ ထိုပြောစရာများကို သူရေးဖွဲ့ နေကျ ပုံမှန်ပြဇတ်(လူကြိုက်အလွန်များနေသော ပြဇာတ်များ) ဟန်ဖြင့်ပြော၍ မလုံလောက်ဟု သူခံစားရသည်။ ထို့ ကြောင့် ၁၉၆၅-၇၀ ပတ်ဝန်းကျင်မှ စ၍ monologue စကားပြောများကို ဦးစားပေးသည့် ပြဇာတ်များကိုရေးလာခဲ့သည်။ Dramatic reading အဖြစ် ဖတ်၍ အလွန်လှပ ခမ်းနားသည့် ပြဇာတ်များဖြစ်သည်။ သို့သော် စင်ပေါ်မှာ ကပြတင်ဆက်သည့် အခါ ပရိသတ်က လုံးဝမကြိုက်ခဲ့ပေ။
သူ့နောက်ဆုံးနှစ်များ ၁၅ နှစ်ခန့်သည် သူ့ ဘ၀မှာ ဆန့် ကျင်ဘက်များကြီးစိုးသော နှစ်အပိုင်းအခြားဖြစ်သည်။ တစ်ဘက်မှာ သူ့ ပြဇတ်အဟောင်းများ ကို ကမ္ဘာအနှံ့ က ပြဇတ်ရုံကြီးတွေမှာ အောင်မြင်စွာ ကပြတင်ဆက်နေချိန်။ ပရိသတ်ကျေနပ်အားရစွာ ကြည့်ရှုနေချိန်။ တခြားဘက်မှာတော့ သူနောက်ရေးသည့် ပြဇာတ်များ စင်ပေါ်တွင် ကျရှုံးနေချိန်ဖြစ်သည်။ တချို့ ကပြောကြသည်။ သူ့နောက်ပိုင်းပြဇာတ်များတွင် သူ့အမြင်များပြောင်း ကုန်သောကြောင့်ဖြစ်သည်တဲ့။ တချို့ ကပြောကြသည်။ သူ့နောက်ပိုင်းပြဇာတ်များကို သူက အရက်နှင့် ဆေးဝါး လွှမ်းမိုးမှုအောက်မှာ ရေးခဲ့လို့ ဖြစ်သည် တဲ့။ ဘာပဲဖြစ်ဖြစ် သူသည် သူ့အားသေခြင်းတရားဆီတွန်းပို့ ခဲ့သော တွန်းအား တစ်ခုကို အခါအားလျော်စွာ ရင်ဆိုင်နေခဲ့ရတာတော့ သေချာသည်။ အဲသည် အရာသည် solitude ဖြစ်သလား၊ အဖော်မမည်သည့် အဖော်ဖြစ်သလား..ဒါကိုတော့ ကျွန်မတို့ မပြောနိုင်တော့ပေ။
သေချာသည်က သူသည် ၁၉၃၂ ခုနှစ်တုန်းက သဘောင်္ပေါ်မှ ခုန်ချခဲ့သော အနုပညာရှင် (သူ့ကဗျာအရေးအသားကို သြဇာသက်ရောက်မှုအများဆုံးပေးနိုင်ခဲ့သောသူ) Hart Carane ကို သူစွဲလမ်းခဲ့သည်။ သူသေလျှင် Hart Carane ခုန်ချသွားခဲ့သည့်ပင်လယ်ပြင်တွင် (ထိုနေရာနှင့် အနီးဆုံးနေရာ) သဂြိုလ်စေချင်ကြောင်း သေတမ်းစာရေးခဲ့သည်။
အနုပညာသမားတွေသည် နားလည်ရတော်တော်ခက်သည်ဟု ကျွန်မ တဖြည်းဖြည်း သဘောပေါက်လာသည်။ ကျွန်မ ဘ၀မှာ ကျွန်မကို တလှည့်စီဆွဲဆောင်နေသော အရာများမှာ အထီးကျန်နေလိုမှုနှင့် မျှဝေခံစားမည့် အဖော်လိုအပ်မှု.. ထိုအရာများဖြစ်ကြသည်။ ဘယ်အရာက ပို၍ အင်အားကြီးသလဲ။ ကျွန်မသေချာတွေးကြည့်ချင်ပါသည်။ ထို့အတူ ဘယ်အနုပညာသမားအတွက် ဘာက ပိုအင်အားကြီးသလဲဟုလည်း သိချင်နေသည်။
သိခွင့်မရနိုင်ဘူးဆိုလျှင်လည်း ဒါ အံ့သြစရာတော့ မဟုတ်။
ကျွန်မတို့သည် ကျွန်မတို့ ကိုယ်တိုင်၏ ဖြစ်တည်မှုဆိုတာကို ဘာမှန်းမသိပဲ လောကမှပျောက်ကွယ် ကုန်ကြရသည်ပဲမဟုတ်လား။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More