gtalk

Thursday, 31 March 2011

ဖိုထားသောမီးများ ရှိရာသို့ ...

ဖိုထားသောမီးများ ရှိရာသို့ ...
မောင်သာချို

(တစ်)

အဲသည့်နေတုန်းကဖြင့် မိုးက ခပ်စိတ်စိတ်ကိုပဲ ရွာချနေခဲ့ပါတယ်။ ကျနော်ကတော့ မန္တလေးမြို့ကို သွားနေတဲ့ အမြန်ကားတစီးပေါ်မှာ လိုက်ပါသွားနေလျက် ...။ မှတ်မှတ်ရရ အဲသည့်နေ့က မိုးကောင်းကင်ဟာ ပြိုမှာလေ လား မိုးရဲ့ဆိုတဲ့ မိုးကောင်းကင်မျိုးမဟုတ်ပါဘူး။ တမိုးလုံးဖြူပြီး လင်းချင်းနေတဲ့ မိုးကောင်းကင်ပါ။ မိုးဖြူမစဲ မိုးမည်းမရွာ ဆိုတဲ့စကားအတိုင်း လင်းနေ ဝင်းနေတဲ့ မိုးကောင်းကင်ကနေ အသားလွတ် ရွာချနေတဲ့ မိုးဟာ မနက်လင်းအားကြီးကနေ ညနေတိုင်တဲ့အထိ သွန်းဖြိုးစွေရွာလို့ ကောင်းဆဲ ...။

ကျနော် လိုက်ပါစီးနင်းသွားတဲ့ အမြန်ကားဟာ မန္တလေးမြို့ကိုအဝင် တံခွန်တိုင်ရွာကြီးကို ဖြတ်သန်းသွားနေ စဉ်မှာတော့ ညနေဟာ အတော့်ကို စောင်းသွားခဲ့ပါပြီ။ ဒါပေမယ့် ပတ်ဝန်းကျင်ဟာ မိုးကြားကပဲ လင်းပလို့နေ ဆဲ ...။ ကားဟာ တံခွန်တိုင်ရွာကို ဒရောသောပါး ဖြတ်သွားနေရာက အကွေ့ကြီးတခုကို ရောက်တဲ့အခါမှာ တော့ မြင်းဇက်ကြိုးကို တုန့်လိုက်သလို တွန့်ကနဲ ဖြစ်သွားရာက အရှိန်တန့်ပြီး ရပ်သွားပါတော့တယ်။ လမ်း တဘက်မှာကတော့ လူတွေ စုစု စုစုနဲ့ ဘာဖြစ်ပါလိမ့်။

ဘာဖြစ်ပါလိမ့်ဆိုတဲ့ စူးစမ်းလိုစိတ်နဲ့ ကျနော်တို့တကားလုံး ခေါင်းထောင်သွားမိတဲ့ အချိန်မှာတော့ အားလုံးကို ချက်ချင်းတွေကျသွားစေတဲ့ အနိဌာရုံမြင်ကွင်းတခု။ မန္တလေးဘက်ကို သွားပုံရတဲ့ ဘတ်စကားကြီးတစီးက လမ်းမဘေးမှာ ထိုးရပ်လို့။ ကားရှေ့မလှမ်းမကမ်းမှာက ရှေ့ဘီးတခုလုံး တွန့်လိမ်ကွေကောက်ပြီး အရုပ်ကြိုး ပြတ်လဲကျနေတဲ့ စက်ဘီးတစီး။ စက်ဘီးနဲ့ မလှမ်းမကမ်းမှာက ဦးခွံကြီး ပွင့်ထွက်ပြီး သွေးအိုင်ထဲမှာ ပကတိ ငြိမ်သက်နေတဲ့ လူတယောက်။ ဖိနပ်တွေက ဟိုတဖက် ဒီတဖက်။ ခေါက်ဆွဲထုပ်ကလေး သုံးလေးထုပ်က ကတ္တရာလမ်းမပေါ်မှာ ပွင့်ထွက်အန်ကျ။ မိုးရေတစက်စက်၊ အနွေးဓာတ်မပြယ်သေးတဲ့ သွေးစီးကြောင်းတွေ က ကတ္တရာလမ်းမပေါ် စီးကျနေဆဲ ...။

မကြာသေးခင်အချိန်ကလေးကပဲ လောကကို ကျောခိုင်းထွက်သွားရတဲ့ လူတယောက်ရဲ့ မြင်ကွင်းကို ကား ပေါ်က လူတွေရော၊ လမ်းပေါ်က လူတွေရော အတန်ကြာ ကြက်သေသေပြီး တွေကြည့်နေမိကြရာက သက် ပြင်းကိုယ်စီချလိုက်မိကြတယ်။

“အိမ်ကသားတွေ၊ သမီးတွေ၊ မိန်းမတွေ သိကြဦးမှာမဟုတ်ဘူး” ကားပေါ်က တစုံတယောက်ရဲ့ ကောက်ချက် ချသံ။ ကားဆက်လက်ထွက်ခွာခဲ့ပေမယ့် မိုးတညနေရဲ့ ကြေကွဲစရာ မြင်ကွင်းဟာ ကျနော့်အမြင်အာရုံမှာ ဘယ်လိုမှ ဖျောက်ဖျက်မရနိုင်တော့ပါဘူး။ မိုးရေစက်စက်၊ သွေးနီပွက်ပွက်။ ဟိုတဖက် ဒီတဖက် ဖိနပ်တရံ။ လွင့်စင်အန်ကျ ခေါက်ဆွဲထုပ်ကလေးများ။ တွန့်လိမ်ကွေးကောက် စက်ဘီးအို။ လဲကျသေဆုံးနေတဲ့ အိမ်ပြန် လာသူ လူတယောက်။ ဟုတ်တယ်။ သူ့မိန်းမ၊ သူ့သား၊ သူ့သမီး။ သူတို့ဆီ ပြန်လာနေတဲ့ သူတို့အဖေ။ ဒီည နေ ပြန်မရောက်နိုင်တော့ဘူးဆိုတာ သူတို့သိကြဦးမယ်မဟုတ်ဘူး။ အဖေကြီး ပြန်လာရင် ဆိုတဲ့အတွေးနဲ့ မိ သားစုတတွေ စကားလက်ဆုံပြောရင်း လမ်းမရှိရာကို မျှော်ငေးရင်း၊ ဟင်းအိုးကလေးတွေကို မီးဖိုပေါ်တင်နွှေး ရင်း ပြန်မရောက်လာနိုင်တော့တဲ့ အဖေကို စောင့်မျှော်နေကြပေတော့မယ်။

သြော် ... မျက်မှောက်ခေတ်ရဲ့ လူသားတယောက် သူနဲ့ သူ့အသိုက်အမြုံကလေးအတွက် ဝမ်းစာကို ရှာဖွေ ရင်း အသိုက်အမြုံရှိရာကို ပြန်လာတဲ့ လမ်းဟာ ကမ္ဘာဦးကလိုပဲ အန္တရာယ်တွေ၊ စွန့်စားခန်းတွေနဲ့ ပြည့်နှက် နေဆဲပါပဲကလား။
(နှစ်)

ကမ္ဘာဦးကနေ ယနေ့တိုင်အထိ ခင်ဗျားတို့၊ ကျနော်တို့တတွေအားလုံး အိမ်ကို ပြန်လာနေခဲ့ကြတယ်လေ။ မ နက်ခင်းရဲ့ လမ်းများနဲ့အတူ ကိုယ့်စားကျက်ရှိရာကို ကိုယ်ထွက်ခွာသွားကြပြီး ညနေခင်းရဲ့ လမ်းများနဲ့အတူ ကိုယ့်အသိုက်ရှိရာကို ကိုယ်ပြန်လာနေခဲ့ကြစမြဲပါ။

စာရေးမလေးတွေ အိမ်ပြန်လာနေကြတယ်။ ကျောင်းဆရာမလေးတွေ အိမ်ပြန်လာနေကြတယ်။ လမ်းဘေး ဈေးသည်ကလေးတွေ အိမ်ပြန်လာနေကြတယ်။ အုတ်သယ်၊ မြေဖို့၊ ပန်းရံသမားတွေ အိမ်ပြန်လာနေကြ တယ်။ ငါးရှာ၊ ဖားရှာ၊ ကောက်စိုက်၊ ပျိုးနုတ်တွေ အိမ်ပြန်လာနေကြတယ်။ စိန်ရွှေရတနာ ကျောက်မျက် ရောင်းချသူတွေ အိမ်ပြန်လာနေကြတယ်။ အငှားကားမောင်းသမား၊ ဆိုက်ကားနင်းစားသူတွေ အိမ်ပြန်လာနေ ကြတယ်။ မဂ္ဂဇင်းအယ်ဒီတာ၊ ကဗျာဆရာ၊ စာအုပ်လက်ပွေ့အရောင်းသမား အိမ်ပြန်နေကြတယ်။ အရောင်း စာရေးမ၊ ဧည့်ကြိုမိန်းကလေး၊ ရမ္မက်ကုန်သည် မိန်းမလှ အိမ်ပြန်လာနေကြတယ်။ ဟုတ်ပါတယ်။ ခင်ဗျားတို့ ကျနော်တို့တတွေအားလုံး အိမ်ပြန်လာနေခဲ့ကြပါတယ်။ ကလေး၊ လူကြီး၊ လူထီး၊ လူမ ကိုယ့်အသိုက်အမြုံအ တွက် အစာကို ထွက်ရှာကြသူ လူတိုင်း၊ လူတိုင်း ...။

ကမ္ဘာဦးတုန်းကလည်း ကျနော်တို့ရဲ့ အဘိုးအဘွား ကျောက်ခေတ်လူသားဟာ ကျောက်လက်နက်ကို လက် တဘက်က စွဲကိုင်လို့၊ ပုခုံးပေါ်မှာ သွေးသံအလူးလူးနဲ့ သားကောင်ကို ပစ်တင်ထားလို့၊ အမြောင်းမြောင်းထ နေတဲ့ ကြွက်သားကြီးတွေ၊ အပြိုင်းပြိုင်းကြွနေတဲ့ သွေးကြောကြီးတွေ၊ တင်းမာနေတဲ့ မေးရိုးကြီးတွေ၊ ပြည့် ကားနေတဲ့ ရင်ဘတ်ကြီးတွေနဲ့အတူ သူ့ဂူရှိရာကို ပြန်လာနေခဲ့ပေလိမ့်မယ်။ ဒီလို ကမ္ဘာဦးကနေ သည်နေ့အ ထိ ကိုယ့်ချည်တိုင်ကို ကိုယ်ပြန်လာကြစမြဲဖြစ်တဲ့ လူသားတွေရဲ့ဘဝကို ကဗျာဆရာ ‘အောင်ချိမ့်’ က သူ့ရဲ့ ‘လမ်း’ ဆိုတဲ့ ကဗျာမှာ ခုလိုစပြီး ရေးဖွဲ့ပါတယ်။

မိသားစုများ အခန်းကဏ္ဍ 
ကမ္ဘာဦးပုံသဏ္ဍာန် 
တဦးပြန်အလာ တဦးမျှော်ကြ 
မီးဖိုကြ။

သားကောင်ကို ပုခုံးပေါ် အကျအနပစ်တင်ပြီး ထမ်းပြန်လာတဲ့ ကျောက်ခေတ်လူသားကိုပဲဖြစ်ဖြစ်၊ ခေါက်ဆွဲ ကြော်ထုပ်ကလေးတွေ စက်ဘီးလက်ကိုင်မှာ ဆွဲချိတ်ကာ မန္တလေးဘက်ကနေ တံခွန်တိုင်ကျေးရွာဘက်ကို နင်းပြန်လာတဲ့ မျက်မှောက်ခေတ်လူသားကိုပဲဖြစ်ဖြစ် ကျန်ရစ်ခဲ့တဲ့ သူ့မိသားစုက မျှော်မြဲပါ။ ဖိုထားတဲ့ မီးတွေ နဲ့အတူ ကြိုမြဲပါ။ သွေးသံရဲရဲနဲ့ သားကောင်ကို အလျှံတညီးညီး တောက်လောင်နေတဲ့ မီးဖိုထဲ ထိုးထည့်လိုက် ရင်းက နွေးအောင်လည်း လှုံရင်း ကုန်အောင်လည်း ဝိုင်းဖွဲ့စားသောက်ကြမယ်လေ။

ဒလဘက်ကနေ ရန်ကုန်ဘက်ကမ်းကို ကူးတို့နဲ့ကူးပြီး အရက်ဆိုင်တကာ လှည့်လို့ ငါးဖယ်ကြော် လိုက်ရောင်း နေရှာတဲ့ အရွယ်မတိုင်သူ သမီးကလေးကို အမေို့ စောင့်နေကြပါတယ်။ လွယ်အိတ်ထဲကနေ ထီလက်မှတ် တွေ ဆွဲဆွဲထုတ်ရင်း တွေ့တဲ့လူကို ထီထိုးဦးမလားလို့ လိုက်မေးနေရှာတဲ့ အဖေကြီးကို သမီးတို့ စောင့်နေကြ ပါတယ်။ ဒတ်ဆန်းနောက်မြီးမှာ တွဲလွဲဆွဲကိုင်ပြီး ခေတ်ကြီးထဲက ပြုတ်ကျမသွားဖို့ လိုက်ပါသွားရင်း မှတ်တိုင် ပါတယ်လို့ အော်နေရတဲ့ ကားစပယ်ယာ သားကို အမေတို့ စောင့်နေကြပါတယ်။ မြို့နဲ့ဝေးဝေး ရွာကလေး တွေကနေ အဝေးပြေးကားကြီးတွေက မတင်ချင့်တင်ချင်နဲ့ သယ်ဆောင်လာတဲ့ ကျောင်းဆရာမကလေးကို အဖေတို့ စောင့်နေကြပါတယ်။ အရောင်းအဝယ်ကိစ္စလို့ဆိုပြီး ဘာကုန်တွေကိုမှ သယ်ဆောင်မသွားဘဲ ထွက် ထွက်သွားတတ်တဲ့ မမကြီးကို ညီမလေးတို့၊ မောင်လေးတို့ စောင့်နေကြပါတယ်။ စာအုပ်ထွက်မှ ပိုက်ဆံယူ ဗျာလို့ ဆိုတတ်တဲ့ ထုတ်ဝေသူစားပွဲရှေ့ကနေ မျက်နှာငယ်ငယ်နဲ့ လှည့်ထွက်လာတတ်တဲ့ ဖေဖေ့ကို သားတို့ စောင့်နေကြပါတယ်။ ကျောင်းလခကလေးတွေ သွင်းကြပါဦးကွာလို့ ဆိုရင်း စာသင်ခန်းကလေးထဲကနေ လှည့်ထွက်လာမယ့် ဖေဖေကြီးကို သားတို့ စောင့်နေကြပါတယ်။

မီးကလေးတွေ ဖိုကြရင်း၊ ဟင်းချိုကလေးတွေကို နွှေးကြရင်း၊ ထမင်းဝိုင်းကလေးတွေကို ပြင်ကြရင်း၊ အကြမ်း အိုးကလေးတွေကို တည်ကြရင်း၊ အနွေးဓာတ်ရှိရာကို လှည့်ပြန်လာမယ့် လမ်းများကို စောင့်ကြရင်း ...။

(သုံး) 

ငါတို့ခေတ်မှာ ငါတို့ဟာ 
ချစ်မေတ္တာကို ယူလာနိုင်ခဲ့လို့လား 
အိမ်ပြန်လာကြတယ်။

ကဗျာဆရာ ‘အောင်ချိမ့်’ က သူ့ရဲ့ ‘လမ်း’ ကဗျာကို အခုလို မေးခွန်နဲ့ ဆက်ဖွဲ့ခဲ့ပါတယ်။ “ချစ်ခြင်းမေတ္တာကို ယူလာနိုင်ခဲ့ကြရဲ့လား” တဲ့။ အိမ်ကို ပြန်လာတဲ့ ကျနော်တို့တတွေ၊ ခင်ဗျားတို့တတွေ။ နည်းမျိုးစုံနဲ့ နေရာမျိုးစုံ က ရလာကြတဲ့ ငွေစ၊ ကြေးစ၊ စားရေရိက္ခာထဲမှာ မေတ္တာတရားကိုမှ ကျနော်တို့တတွေ ထည့်သွင်းယူလာမိ ကြပါစ။ ဖြန့်ခံလာတဲ့ လက်ဖဝါးအစုံထဲကို ထိုးထည့်ပေးလိုက်ရတဲ့ ငွေစ၊ ကြေးစ၊ ပိုက်ဆံစက္ကူရွက်တွေထဲမှာ မေတ္တာတရားကိုမှ ရောစပ်ထည့်သွင်းလိုက်မိကြပါစ။ စားပွဲပေါ်ကို လှမ်းပစ်တင်ထားလိုက်တဲ့ မုန့်ပဲသရေစာ အထုပ်တွေ၊ အိတ်တွေထဲမှာ အနွေးဓာတ်ကလေးတွေကိုမှ ရောနှောပေးလိုက်မိကြပါစ။ ငါ ရှာကျွေးနေရတာ ပါဆိုတဲ့ မျက်လုံးတင်းခဲခဲကြီးတွေနဲ့များ တညနေခင်းလုံးကို သိမ်းကျုံးကြည့်ပစ်လိုက်လေမလား။

ချစ်မေတ္တာကို ယူလာနိုင်ခဲ့ကြလို့လားတဲ့။ မသိ။ ကျနော်မသိ။ လမ်းပေါ်မှာတော့ ညနေတိုင်ရင် ချည်တိုင်ကို ပြန်တဲ့ ခြေလှမ်းတွေနဲ့လေ။ ဟုတ်ကဲ့။ မီးကလေးတွေ ဖိုလို့ ပြန်သူကို စောင့်နေခဲ့ကြပါတယ်။

(လေး) 

တကယ့်တကယ်တော့ ထမင်းကိုရပြီး အိမ်ပြန်လာကြရတဲ့လမ်းဟာ အခုထိတိုင်အောင်လည်း ကမ္ဘာဦးဆန်ဆဲ ပါပဲလေ။ စွန့်စားခန်းတွေနဲ့။ မြောင်တွေဆီးလို့။ တောင်တွေဟီးလို့။ သားရဲပြွမ်းလို့။ ချောင်းမြစ်တွေဝှမ်းလို့ ...။

တောဆင်ရိုင်းတကောင်နဲ့ ပက်ပင်းတိုးလိုက်ရတဲ့ ကမ္ဘာဦးလူသားရဲ့ အန္တရာယ်တံခါးဝ။ ကျားသစ်တကောင်ရဲ့ ရှေ့မှောက်ကို ရောက်သွားတဲ့ ကမ္ဘာဦးလူသားရဲ့ အန္တရာယ်တံခါးဝ။ ချောက်ကမ်းပါးကြီးတွေရဲ့ ခြေတဖဝါးစာ နှုတ်ခမ်းပါးကနေ တွယ်ကပ်လျှောက်သွားနေတဲ့ ကမ္ဘာဦးလူသားရဲ့ အန္တရာယ်တံခါးဝ။ အဲသည် တံခါးဝတွေ လိုပဲ မျက်မှောက်ခေတ်လူသားရဲ့ ထမင်းကိုရှာပြီး ပြန်တဲ့လမ်းဟာလည်း အန္တရာယ်တွေနဲ့ ပြွမ်းတီးနေဆဲပါ။

အိမ်ကို ပြန်လာနေတဲ့ စက်ဘီးသမားကလေးနဲ့ မန္တလေးဘက်ကို အတင်းမောင်းဝင်သွားတဲ့ ဘတ်စကားကြီး တို့ရဲ့ တံခွန်တိုင်ရွာနားက လမ်းပေါ်မှာ မိုးသက်မုန်တိုင်းတွေရှိတယ်။ ရန်ကုန်ဘက်ကနေ ဒလဘက်ကို ဖြတ် ကူးလာတဲ့ အမြည်းရောင်းသူလေးရဲ့ ရန်ကုန်မြစ်ပေါ်က ညမှာ ကံဆိုးမိုးမှောင်တွေရှိတယ်။ အလုပ်သမား ခေါင်းကနေ တင်ပါးကို လှမ်းအပုတ်ခံလိုက်ရတဲ့ ပန်းရံသမကလေးရဲ့လမ်းမှာ ခြေချော်လက်ချော်တွေရှိတယ်။ ဧည့်ကြိုကောင်မလေးနဲ့ ကူးသန်းရောင်းဝယ် ကုန်သွယ်သမားကြီးကြားမှာ မစွမ်းရင်းတွေ၊ ကန်စွန်းခင်းတွေ ရှိတယ်။ ကမ်းနဲ့ ဝေးရာကို ထွက်သွားတဲ့ တံငါလှေကလေးနဲ့ လေရိုင်းရေရိုင်းတွေကြားမှာ လောကဓံလှိုင်းလုံး တွေရှိတယ်။ တချက်ချင်း ခေါင်းကို ရမ်းခါလိုက်တဲ့ ဆုံလည်ကုလားထိုင်ရှေ့က မတ်တပ်ရပ်စောင့်နေတဲ့ ခြေ ထောက်အစုံမှာ လေးလံတဲ့ ခြေလှမ်းတွေရှိတယ်။ နွားရိုင်းတကောင်လို တရှူးထိုး ခုတ်မောင်းသွားနေတဲ့ အ မြန်ရထားပေါ်က တတွဲပြီးတတွဲ ကိုယ်ကိုလွှဲသွားနေတဲ့ ဈေးသည်ကလေးတွေရဲ့ လက်ထဲမှာ လွတ်ကျသွား တဲ့ အိပ်မက်တွေရှိတယ်။

ဟုတ်ပါတယ်လေ။ ကျနော်တို့တတွေဟာ တနေ့မဟုတ်တနေ့၊ တနည်းမဟုတ်တနည်းနဲ့ ဖိုထားတဲ့ မီးကလေး များ ရှိရာကို အပြန်မှာ နောက်ကျခဲ့ကြပါတယ်။ ကဗျာဆရာ အောင်ချိမ့်ကတော့ အဲသည်လို အပြန်မလှနိုင်ကြ တဲ့ လူသားရဲ့ဘဝကို ဖော်ပြရင်းက သောကဗျာပါဒဆိုတဲ့ မိုးတွေ သည်လောကမှာ မတိတ်တော့ဘူးလားလို့ မေးရင်း ‘၁၉၉၆၊ ဒီဇင်ဘာလ၊ ရနံ့သစ်’ ထဲက သူ့ရဲ့ကဗျာကို အဆုံးသတ်ထားခဲ့ပါတယ်။

ကားတစင်း သေနေပေါ့
ညောင်ပင်ကြီးရဲ့အောက်မှာ
မိုးက မတိတ်တော့ဘူးလား
ဟောဒီလောကမှာ။ ။

အပြန်လမ်း မဖြောင့်တန်းနိုင်ပုံကို ကားတစင်း သေနေပေါ့တဲ့ ကဗျာဆရာက။ လမ်းပေါ်မှာ လူတွေတပုံတပင် ကြီး မိသားစုအသိုက်အမြုံရှိရာကို ပြန်သွားနေကြတယ်လေ။ ချစ်မေတ္တာတွေ ယူဆောင်သွားကြပါစ။ ရွာသော မိုးတွေကလည်း တိတ်သွားကြပါစ။ ဖိုထားတဲ့ မီးကလေးတွေ မငြိမ်းခင် ရောက်သွားကြပါစ။ တံခွန်တိုင်ရွာနား က ပက်စက်လှတဲ့ မြင်ကွင်းဟာ မန္တလေးကို ရောက်တဲ့အထိ ကျနော့်မျက်လုံးထဲက မထွက်တော့ဘူး။     ။

မောင်သာချို

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More