သမိုင်းခေတ် အဆက်ဆက်ကို ဖြတ်သန်းခံစား သိရှိပြီးဖြစ်၍ အစဉ်အလာ၏ သမိုင်းကြောင်းဆက်ခံမှုကို စဉ်းစားနေမိသည်။ မစဉ်းစား၍ မဖြစ်။ ကျွန်တော်တို့သည် လူဖြစ်လာကတည်းက သမိုင်းခေတ်တခေတ်တွင် မွေးဖွားကြီးပြင်းသည် ဖြစ်သည်။ မည်သည့်သမိုင်းခေတ်တွင် မွေးဖွားကြီးပြင်းသည်ဖြစ်စေ၊ ယင်းသမိုင်းခေတ်ကို လူသားတို့သည် တုန့်ပြန်မြဲ။ ယင်းတုန့်ပြန်မှုတို့ကို အရေးတော်ပုံဟု၎င်း၊ တော်လှန်မှုဟူ၍၎င်း ဝေါဟာရ တမျိုးမျိုးနဲ့ သိရှိနားလည်ခဲ့ကြသည်။ ဘုရင်မင်းများလက်ထက်က ဘုရင်က ပါဝင်လှုပ်ရှားသော အရေးတော်ပုံဟူ၍ တော်တပ်ခါ သတ်မှတ်ခဲ့ကြသည်။ သည်ဘက်ခေတ်တွင်တော့ အရေးတော်ပုံ ခေါ်စရာမရှိ။ ဘုရင်ခေတ်မရှိ သောကြောင့် ဖြစ်သည်။ တော်ဟူသော စကားကို ကြီးကျယ်သော၊ မြင့်မြတ်သော အရာအဖြစ်ကား အဓိပ္ပါယ်ဖော် ခဲ့ကြသည်။ သုံးတတ်ကြသည်ကို တွေ့နိုင်သည်။ တော်ဟူသော အဆောင်အယောင်တို့ကိုလည်း အမျိုးသား ဇာတ်ရုံတော်၊ သမ္မတအိမ်တော် စသော ဝေါဟာရ စကားလုံးများဖြင့် သုံးစွဲတတ်ကြသည်။
နိုင်ငံရေးသိပ္ပံပညာများကို လေ့လာရာတွင် အစဉ်အလာဟူသော စကားရပ်ကို မကြာခဏ တွေ့နိုင်သည်။ အစဉ်အလာဆိုသည်မှာ သမိုင်း၏ လုပ်ရပ်ကို ခေါ်ဝေါ်သတ်မှတ်ခြင်း ဖြစ်သည်။ အစဉ်အလာဆိုသည်ကား သမိုင်းခေတ် တခေတ်နှင့်တခေတ် လှုပ်ရှားသော ဆောင်ရွက်မှုများကို ဆိုလိုခြင်းဖြစ်သည်ကို အများနားလည် သိရှိပြီးဖြစ်သည်။ သမိုင်းကြောင်းဆက်ခံမှုဟူသော စကားရပ်ကလည်း သမိုင်းရေးရာများကို စဉ်းစားတွေးခေါ် ရာတွင် ဆက်စပ်နေသော ဝေါဟာရစကားလုံး ဖြစ်သည်။ သမိုင်းနှင့် စပ်လျဉ်းသည်၊ အစဉ်အလာနှင့် စပ်လျဉ်းသည်။ ယင်းသို့သော သဘောဖြင့် သမိုင်းကြောင်းဟု အဓိပ္ပါယ်ရှိအောင် သုံးနှုန်းသည့်သဘော၊ သမိုင်းဆက်ခံမှုဟု ဆိုလိုက်သောအခါ အစဉ်အလာနှင့် ပတ်သက်နေသော အကြောင်းအရာဖြစ်ကြောင်း ထင်ရှားသိသာသည်။
အစဉ်အလာ၏ သမိုင်းကြောင်းဆက်ခံမှု၊ ယင်းတို့သည် အစဉ်အလာ၏ အဓိပ္ပါယ်၊ သမိုင်းကြောင်း၏ အဓိပ္ပါယ်၊ ဆက်ခံမှု၏ အဓိပ္ပါယ်တို့ကို ဝေါဟာရအဓိပ္ပါယ်အဖြစ် (သို့) သဘောတရားရေးရာ အဓိပ္ပါယ်အဖြစ် ဖော်ပြလိုက်ခြင်း ဖြစ်သည်။ အရေးကြီးဆုံးကတော့ သမိုင်းကြောင်း။ ယနေ့ သမိုင်းခေတ်တွင် မည်သည့် သမိုင်းခေတ်တွင် မွေးဖွားကြီးပြင်း နေထိုင်သည်ဖြစ်စေ လူသားတို့သည် မိမိတို့ သမိုင်းလမ်းကြောင်းတွင် မပါတ်သက် မပါဝင် ဟူ၍ မရှိ။
တနည်းအားဖြင့်တော့ ပါဝင် ပါတ်သက်နေသည်သာ။ ကျနော်တို့သည် ပထမမျိုးဆက်၏ သမိုင်းလမ်း ကြောင်းတွင် ပါဝင် ပါတ်သက်နေကြရသည်။ ထို့နောက် ကျနော်တို့သည် ဒုတိယမျိုးဆက်၊ တတိယမျိုးဆက်၊ စတုတ္ထမျိုးဆက် စသည်ဖြင့် ကြီးပြင်းလာသည့်အလျောက် ဖြတ်သန်းကာ ပါဝင်နေခဲ့ကြရသည်။ ယင်းသို့သော သမိုင်းအတွေ့အကြုံဖြင့် ကျနော် အစဉ်အလာ၏ သမိုင်းကြောင်း ဆက်ခံမှုကို စဉ်းစားမိခြင်း ဖြစ်သည်။ သမိုင်းသည် လူသား၏သမိုင်း။
(ခ)
လွန်ခဲ့သော နှစ်များက သမိုင်းသည်ဆုံးပြီဟူသော အကဲဖြတ်ချက်ကို ပါမောက္ခ ဖူကူယာမ က ရေးခဲ့သည်။ ကျနော်နှင့် ခံစားမှုချင်းမတူ၊ သူ မည်သည့်သမိုင်းခေတ်များကို ဖြတ်သန်းပါဝင် ပတ်သက်ခဲ့ သည်ကိုတော့ မသိ။ ကျနော်နှင့်တော့ ခံစားမှုခြင်း မတူ။ ကျနော်က သမိုင်းသည် မဆုံးဟု ရေးသားခဲ့သည်။ သမိုင်းသည် ဆုံးပြီဟု သူထိတွေ့ခဲ့သော သမိုင်းတခေတ် ဆုံးသည်ဟူသော အကြောင်းကို ဖော်ပြခဲ့သော်လည်း ကျနော်ကတော့ သမိုင်းသည် မဆုံးဟူ၍ ခံစားမိသည်။
ကျနော် ဖြတ်သန်းခဲ့သော သမိုင်းခေတ်များကို ရည်ရွယ်၍ ကျနော် ရေးသားခြင်း ဖြစ်သည်။ သူမြင်သော သမိုင်းခေတ် တခေတ်ကိုကား အဆုံးဟု ထင်မှတ်ခြင်း ဖြစ်မည်။ ကျနော်ကတော့ ကျနော်ပါဝင် ပါတ်သက်ခဲ့သော သမိုင်းခေတ်များစွာ၏ အတွေ့အကြုံကို ယူ၍ သမိုင်းသည် မဆုံးဟု ဖော်ပြလိုက်ခြင်းသာ ဖြစ်သည်။ အခြားကြောင့် မဟုတ်။ အစဉ်အလာ၏ သမိုင်းကြောင်း ဆက်ခံမှုကို ကျနော် ယုံကြည်သောကြောင့် ဖြစ်သည်။
မျက်မှောက်သမိုင်းသည် အတိတ်သမိုင်းကို ဆက်ခံခြင်း ဖြစ်သည်။ သူ၏ ပစ္စုပ္ပန် ခေတ်သမိုင်းကိုလည်း နောင်အနာဂတ်တွင် (နောက်လူငယ်တို့က) ဆက်ခံမည်သာ ဖြစ်သည်။ ဤသဘောကို ကျနော် ခိုင်မာစွာ ယုံကြည်သည်။ ကျနော်၏ သမိုင်းအတွေ့အကြုံကြောင့် ဖြစ်သည်။
(ဂ)
ကျနော်တို့ အရင်က တည်ရှိခဲ့ပြီးဖြစ်ခဲ့သော အစဉ်အလာများကို ကျနော်တို့သည် အမွေဆက်ခံဘိ သကဲ့သို့ ဆက်ခံခဲ့ကြရသည်မှာ သဘာဝတရားဟု ဆိုနိုင်သည်။ မိဘအမွေကို သားသမီးတို့က ဆက်ခံကြရသည်။ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်သည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ကောင်းသည်ဖြစ်စေ ခံကြရစမြဲ။ ဤသည်မှာ သမိုင်းဗေဒသဘော။ ကျောင်းသားဘ၀က ဂန္ဓ၀င်စာပေများကို သင်ကြားခဲ့ကြရသည်။ ပုဂံခေတ်မှ အင်းဝ၊ ပင်းယ၊ တောင်ငူ၊ မန္တလေး စသည်အားဖြင့် ခေတ်အသီးသီးမှ ပျို့ကဗျာ၊ လင်္ကာ၊ စကားပြေ လင်္ကာနှစ်ထွေရော၊ စကားပြေ စသော အမွေများကို ကျနော်တို့ မဆက်ခံ၍မဖြစ် ဆက်ခံခဲ့ကြရသည်။ ဆက်ခံကြရာတွင် ကျနော်တို့၏ ခေတ်နှင့် သင့်မြတ်သော၊ ကျနော်တို့၏ မျက်မှောက်ခေတ်ကို အကျိုးပြုသော အမွေအနှစ် အစဉ်အလာများကို ဆက်ခံ သုံးစွဲခဲ့ကြသည်။ ကျနော်တို့အတွက် အကျိုးမဖြစ်လျှင် မည်သူမျှ ဆက်ခံသုံးစွဲမည် မဟုတ်။ အင်းဝခေတ်က ရှင်မဟာရဌသာရ၏ စကားအသုံးအနှုန်း ကြွယ်ဝမှုကို ကြိုက်ခဲ့သည်။ အင်းဝခေတ်က ၀န်ကြီးပဒေသရာဇာ၏ ထန်းလုပ်သား သရုပ်ဖော် အဖွဲ့အနွဲ့ကို ကြိုက်သည်။ တောင်ငူခေတ်က နတ်ရှင်နောင်၏ အနုအရွ ဆန်းသစ်မှုများကို ကြိုက်သည်။ ဦးပုည၏ ခံစားမှုကို ခိုက်အောင် ဖွဲ့နိုင်သော သရုပ်ဖော် အဖွဲ့အနွဲ့များကို ကျနော် ကြိုက်သည်။ ယင်းသည် ကျနော်တို့၏ ဂန္ဓ၀င်စာပေ အစဉ်အလာ အမွေအနှစ်ကို ဆက်ခံသည့်သဘော။ ဂန္ဓ၀င်စာပေခေတ်များကိုတော့ ကျနော်တို့ မီသည်မဟုတ်။ ပေဖူးလွှာနှင့် စက္ကူပေါ်တွင်သာ မီသည်။ ထို့နောက် ကျနော် ကြီးပြင်းလာသော ခေတ်သို့ရောက်သောအခါ ခေတ်ပေါ်စာပေ၏ အစဉ်အလာသစ်များကို ဆက်ခံကြ ရပြန်သည်။ ခေတ်ပေါ်စာပေ အစဉ်အလာသစ်ကို ထူထောင်သော ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ စာပေ၊ အနောက်နိုင်ငံ၏ အရောင်အသွေးဖြင့် ခြယ်မှုန်းသော ဆန်းသစ်သော ခေတ်စမ်းစာပေ၊ မင်းသုဝဏ်၊ ဇော်ဂျီတို့၏ စာပေအစဉ်အလာကိုလည်း ဆက်ခံကြရသည်။ လယ်တီပဏ္ဍိတ ဦးမောင်ကြီး၏ အနုအရွ အဖွဲ့အနွဲ့၊ ဆရာကြီးရွှေဥဒေါင်း၏ ကျစ်လစ်သော စကားပြေ အရေးအသားမူ အဖွဲ့အနွဲ့၊ အမျိုးသားဟန်ဖြင့် စီရင်သော အဖွဲ့အနွဲ့တို့ကိုလည်း ဆက်ခံရသည်။
သိန်းဖေမြင့်၏ မတ်(စ)၀ါဒ အတွေးအခေါ်ပါသော အရေးအသား အဖွဲ့အနွဲတို့ကိုလည်း ဆက်ခံကြ ရသည်။ ယင်းသို့ ဆက်ခံကြရာတွင် အစဉ်အလာတို့ အားလုံးကို တခုမကျန် ဆက်ခံခြင်း သဘောတော့ မဟုတ်။ မိမိတို့၏ သမိုင်းခေတ်နှင့် သင့်မြတ်သော၊ သမိုင်းခေတ်ကို အကျိုးပြုသော အစဉ်အလာတို့ကို သာလျှင် ကောင်းနိုးရာရာ ဆက်ခံခြင်း ဖြစ်သည်။ ထို့ကြောင့် သမိုင်းသည် မဆုံး။ စာပေယဉ်ကျေးမှု ဘက်တွင်သာမဟုတ်၊ နိုင်ငံရေးဘက်တွင်လည်း အစဉ်အလာများဖြင့် သမိုင်းခေတ်တို့သည် လှုပ်ရှားနေကြခြင်း ဖြစ်သည်။ ကျနော်သည် ဆယ်ကျော်သက် အရွယ်ကစ၍ ဘာသာရေး အဖွဲ့အစည်း၊ ကျောင်းသား အဖွဲ့အစည်း၊ စာပေ အဖွဲ့အစည်း၊ ငြိမ်းချမ်းရေး အဖွဲ့အစည်း၊ နိုင်ငံတကာချစ်ကြည်ရေး အဖွဲ့အစည်းများတွင် ပါဝင်ပတ်သက်ခဲ့သည်။ ယင်း အဖွဲ့ အစည်းများသည် သမိုင်း၏ တုန့်ပြန်ချက်၊ လူထုလှုပ်ရှားမှု အဖွဲ့အစည်းများ ဖြစ်ကြသည်။ ယင်းအစဉ်အလာဖြင့် လူတို့ အားလုံးနေထိုင်ကြရသည်။ ယင်းသည် ဆက်ဆံခဲ့သော သမိုင်းခေတ်၊ သမိုင်းခေတ်သည် မဆုံး။
ဒဂုန်တာရာ
[စတိုင်သစ်မဂ္ဂဇင်း၊ အမှတ် ၁၃၅၊ အောက်တိုဘာလ၊ ၂၀၀၄ မှ ကူးယူဖော်ပြပါတယ်]
မြန်မာ onlinemagzine မှ ကူးယူဖော်ပြပါသည်။
0 comments:
Post a Comment