gtalk

Tuesday, 17 May 2011

သစ္စာနီ

င်လယ်ကမ်းခြေတွင် ရပ်၍ သင့်လက်ပတ်နာရီကို ချွတ်ကာ ပင်လယ်ထဲသို့ လွှင့်ပစ်လိုက်သောအခါ သင်ဘာများ
ဆုံးရှုံးသွားပါသနည်း။
သင့် လက်ပတ်နာရီလား.....
အချိန်ကာလလား...
ပင်လယ်လား... သင်ကိုယ်တိုင်လား...
ဒါမှမဟုတ် လွှင့်ပစ်ခြင်းလား။
ဒါလီ၏ ပျော့တွဲနေသော နာရီပန်းချီကားလောက် ရယ်စရာကောင်းသော ပြက်လုံးကို တစ်ခါမှ ကျွန်တော်မမြင်ဖူးခဲ့ပါ။
ကျွန်တော့်ချစ်သူသည် မနက်ဖြန် မနက်တွင် သေဆုံးတော့မည်ဟု သိရသောအခါ ကျွန်တော် ဘာလုပ်ရမည်နည်း။
ရူပဗေဒမတ္တာ တစ်ခုမျှသာ ဖြစ်သော အချိန်ကို ကျွန်တော် စိန်ခေါ်၍ ရနိုင်ပါမည်လား။ အိပ်(ခ်ျ)ဂျီဝဲလ်၏ ကာလယန္တရားကို ကျွန်တော် ငှား၍ရနိုင်ပါမည်လား။ နေရထားကို ဆွဲထားရန် ဟာနုမာန်ကို ကျွန်တော် တောင်းပန်၍ ရနိုင်ပါမည်လား။
အိုင်းစတိုင်း၊ ကာလနှင့် အလျားဆက်စပ်မှု၊ အလင်းအလျင်၊ နျူတန်၊ အချိန်ယူနစ်၊ ရီလေတီဗစ်တီ သီအိုရီ၊ လောရင့်၏ ကိုသြဒိနိတ်၊ အမိုနီယမ်မော်လီကျူး၏ တုန်နှုန်း၊ ရေဒါလှိုင်းဖြင့်တိုင်းတာခြင်း စသည်တို့မှာ ဘာအဓိပ္ပာယ် ရှိပါသနည်း။ အက်တမ်တစ်လုံး၏ ၀တ်ဆံဖြစ်သော နျူကလိယကို အလင်းဖြတ်သွားရန်ကြာသောအချိန် (1024 sec) သည်အတိုဆုံးသော အချိန်ဖြစ်သည်ဟု ဆိုကြသည်။ မျက်တောင် တစ်ခတ်အတွင်း ကုဋ္ဋေတစ်သိန်းဖြစ်ချုပ်သော စိတ်၏အလျင်ကို တိုင်းတာရန် နာရီတစ်လုံးကို ဘာကြောင့် မတီထွင်ခဲ့ကြပါသနည်း။
ထိုရွှေရောင် လက်ပတ်ကြိုးနှင့် လက်ပတ်နာရီကို ကျွန်တော့်ချစ်သူက သူနှင့် ကျွန်တော် လက်ထပ်သောနေ့တွင် လက်ဆောင်အဖြစ် ၀ယ်ပေးခဲ့၏။ သူကိုယ်တိုင် လက်မှာပတ်ပေးရင် "ယောက်ျားမှန်ရင် နာရီတစ်လုံးတော့ ရှိသင့်တယ်" ဟုလည်း
နောက်ပြောင်ခဲ့သေးသည်။
"ကိုယ်က ကိုယ့်ကို ဘယ်လိုအရာမျိုးကမှ ချုပ်နှောင်ထားတာကို မကြိုက်ဘူး... နာရီဟာ ချုပ်နှောင်မှု တစ်ခုပဲ...."
"အစ်ကိုက ငှက်တစ်ကောင်လို နေချင်တာပေါ့..."
"မဟုတ်ဘူး...ငှက်တွေဟာ တကယ်တမ်း မလွတ်လပ်ကြပါဘူး...သူတို့က လေရှိမှ ပျံသန်းနိုင်တာ သူတို့ကို လေက
ချုပ်နှောင်ထားတယ်..."
သူနှင့်မတွေ့ခင်ကမှု ကျွန်တော်သည် တည်းခိုခန်းတစ်မှ တစ်ခု၊ ဘော်ဒါဆောင်တစ်ခုမှ တစ်ခုသို့ ပြောင်းရွှေ့နေထိုင်တတ်သူဖြစ်သည်။ ကျွန်တော့အဖို့ အချိန်ဆိုတာ အဓိပ္ပာမရှိ။ ဆာလောင်သောအခါ စား၍ အိပ်ချင်သောအခါ အိပ်လိုက်သည်။
ကျွန်တော့်တွင် ကျွန်တော် သွားလေရာပါသော(စာအုပ်နည်းနည်းနှင့် အ၀တ်အစားနည်းနည်း ထည့်ထားသော) လက်ဆွဲသေတ္တာတစ်လုံးကလွဲ၍ တခြား ၀န်စည်စလယ်မရှိ။ အိုးအိမ် မရှိ။ ဘ၀အဓိပ္ပာယ်မရှိ။ နာမည်မရှိ။ သို့မဟုတ် ဘယ်သူကမှ မခေါ်ကြသဖြင့် ကျွန်တော့်နာမည်ကို ကျွန်တော် မမှတ်မိတော့ခြင်း လည်းဖြစ်နိုင်သည်။
"အစ်ကိုက လူတွေကို မုန်းနေသလား..."
"မုန်းမနေရင်တောင်မှ မချစ်တာကတော့ သေချာတယ်...
ဒါဝင်ရဲ့ သီအိုရီအရဆိုရင် လူဆိုတာ တိုးတက်လာတဲ့ တောရိုင်း တိရိစ္ဆာန် တစ်မျိုးပါပဲ... မြို့ပြဆိုတာလည်း
အသွင်ပြောင်းထားတဲ့ တောကြီးမျက်မည်း တစ်မျိုးပါပဲ...
တကယ်တော့ ကိုယ်ဟာ လူတော ထဲမှာနေပြီး
လူငတ်နေတဲ့ လူတစ်ယောက်ပါ..."
လောကတွင် ငွေရှိနေသော လူတစ်ယောက်ထံ၌ တခြား ဘာမှမရှိဟူသော၊ မည်သူပြောခဲ့မှန်းမသိသည့် စကား(ကျွန်တော်ကိုယ်တိုင် ပြောခဲ့တာလည်း ဖြစ်ကောင်းဖြစ်နိုင်သည်) ကားအမှန်ပင်ဖြစ်ပါသည်။ ကျွန်တော်တွင် ငွေကလွဲ၍ တခြားဘာမှမရှိ။ ကျွန်တော် စွန့်ပစ်ခဲ့ပြီးပြီဖြစ်မည့် အတိတ်ကာလက ရှိခဲ့သော အရာအားလုံးမှာလည်း အတုချည်းသာ ဖြစ်လေသည်။
မိတ်ဆွေ အတု၊ ပကာသန အတု၊ ဆရာဝန် အတု၊ နှစ်ကာလ အတု၊ ချစ်ခြင်းမေတ္တာ အတု၊ ပန်းအိုး အတု၊ အနုပညာအတု၊ စားသောက်ကုန် အတု၊ ဇနီး အတု၊ လောက အတု၊ အတု...အတု...အတု...။ကျွန်တော့်တွင် ရှိသောငွေများကတော့ အစစ်ဖြစ်သည်။
ပင်လယ်ကလည်း အစစ်ဖြစ်ပုံရသည်။ ကြယ်တွေတဖွဲဖွဲ ကြွေနေသော တိတ်ဆိတ်သောညတွင် ကျွန်တော်တစ်ကိုယ်တည်း ကမ်းခြေတွင် လမ်းလျှောက် နေထိုင်ရင်း ရမ်းသမ်အင်ဘလူး သီချင်းသံကို ကြားလိုက်ရသည်။ အုန်းပင်တစ်ပင်အောက်တွင် ထိုင်ကာ ထိုသီချင်းကို ဆိုတီးနေသူမှာ အထက်အောက်ဝတ်စုံပြာ ၀တ်ဆင်ထားသော လှပသည့် မိန်းကလေးတစ်ဦးဖြစ်သည်။သူရော ကျွန်တော်ပါ ပင်လယ်ရေ မချိုး၊ အုန်းရေ မသောက်၊ ခရု မကောက်ကြဘဲ သောင်ကမ်းခြေ အရှည်ကြီးတွင် ဖိနပ်မဲ့ ခြေထောက်များဖြင့် လမ်းလျှောက်ကြရင်း စကားတွေ အများကြီးပြောခဲ့ကြသည်။
ကောင်းကင်တွင် သက်တန့်တစ်ခု ထင်ရှားစွာပေါ်ထွက်နေသော ညနေ တစ်ညနေတွင် သူ့ကို ချစ်သွားမိသည်။ ကျွန်တော့်မိဘများ လေယာဉ်ပျံ ပျက်ကျကာ ပြိုင်တူသေဆုံးသွားကြသည့်နောက်တွင် ကျွန်တော် ပထမဆုံး ချစ်မိသော လူသားတစ်ဦးပင် ဖြစ်သည်။ သို့သော် ကျွန်တော်တို့ လက်ထပ်ဖို့ရန် အတွက် ကျွန်တော့် ဇနီးသည်က ကွာရှင်းပြတ်စဲခြင်း စာချုပ်ပေါ်တွင် လက်မှတ်ထိုးမည့် အချိန်ကို စောင့်ဆိုင်းနေရပြန်သည်။
"လူဆိုတာ တစ်ခုမဟုတ် တစ်ခုခုကို စောင့်စားရင်း အသက်ရှင်နေရတဲ့ သတ္တ၀ါတစ်မျိုးပါ အစ်ကိုရယ်...
တချို့က ခေါင်းထဲမှာ စောင့်ဆိုင်းနေကြတယ်...တချို့ကရင်ထဲမှာ စောင့်ဆိုင်းနေကြတယ် တချို့က အောင်မြင်မှုကို စောင့်ဆိုင်းနေကြတယ်...
တချို့က ကြွယ်ဝမှုကို စောင့်ဆိုင်းနေကြတယ်..."
သူက ကျွန်တော့်လက်ကိုဆွဲကာ လမ်းဖြတ်ကူးရန် မီးပွိုင့်စိမ်းလာမည့် အချိန်ကို စောင့်ဆိုင်းရင်း၊ ပြောခဲ့သောစကားဖြစ်သည်။ နောက်ဆုံးတွင်တော့ လူတွေအားလုံး တညီတညွတ်တည်း စောင့်ဆိုင်းနေရသော အရာမှာ တစ်ခုသာ ရှိလေသည်။ ထိုအရာမှာ သေခြင်းတရားသာ ဖြစ်၏်။
ကျွန်တော်နှင့် လက်ထပ်ပြီး တစ်နှစ်မပြည့် မီမှာပင် သူ့တွင် လူတစ်သိန်း၌ တစ်ယောက်ပင် ဖြစ်ရန် ခဲယဉ်းသော ကြောက်စရာ ရောဂါတစ်ခု စွဲကပ်နေကြောင်းသိခဲ့ရ၏။ ပိုက်တွေသွယ်ဆက်ထားသော ဆေးရုံးခုတင်ပေါ်ရှိ သူ့ခန္ဓာဘေးတွင် ထိုင်ရင်း သူ၏ နှလုံးခုန်နှုန်းပြစက်ကို ကျွန်တော် စောင့်ဆိုင်း ငေးကြည့်နေချိန်တွင် သူကတော့ သေခြင်းတရားကို အေးချမ်း ငြိမ်သက်စွာ စောင့်ဆိုင်းနေ၏်။ ကျွန်တော့်ချစ်သူသည် မနက်ဖြန်တွင် သေဆုံးတော့မည်ဟု သိရသောအခါ ကျွန်တော် ဘာလုပ်ရမည်နည်း။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More