gtalk

Tuesday, 17 May 2011

စာအုပ်နှင့် လူ

သူ့ပုံပန်းကအငြိမ်းစား ပါမောက္ခကြီးတစ်ဦး အသွင်နှင့်တူ၏။ ဖွေးဖွေးဖြူ၍ ဖြီးသင်လေ့ရှိဟန်မတူသော ဆံပင်များက ကုပ်ထိလုနီး ရှည်လျားစွာပြန့်ကျ နေသည်။ ရှုံ့တွတွသူ့မျက်နှာ နီစပ်စပ်ပေါ်တွင်လည်း မှဲ့ခြောက်နှင့် အရေးအကြောင်း အတွန့်များပြည့်နှက်နေ၏။ သူ့နှာခေါင်းချွန်ချွန်ပေါ်တွင် အမြဲရှိ နေတက်သည့် အဝေးအနီးကြည့်နိုင်သော အနက်ရောင် ကော်ကိုင်းမျက်မှန်သည်လည်း သူ့နည်းတူ အိုမင်းနေ လေပြီ။သူ့ခေါင်းတွင် စွပ်ထားရာတွင် မြဲမြန်စေရန် ထိုမျက်မှန်၏ ကားနေသော ကိုင်းနှစ်ဖက်အဖျားကို သားရေကြိုးနှင့် ချည်နှောင် ဆက်သွယ်ထား၏။

အစိမ်းရောင် ဘန်ကောက်လုံချည်တစ်ထည်နှင့် အရောင်လွင့် ပျယ်စပြုနေသော တိုက်ပုံအင်္ကျီ အနက်ကြီးတစ်ထည်တို့မှာ သူ ၀တ်နေကျ အဆင်အယင်များ ဖြစ်၏။ ကိုင်းနေသော သူ့ခါး ကြောင့် ရှေ့ကိုငိုက်တွဲကျနေသည့် တိုက်ပုံ အင်္ကျီအနက်ကြီးမှာ သူ့ကိုယ်နှင့်စာလျှင် အတော်ပင် ဖားလျားပွယောင်းနေသည်ဟု ထင်စရာရှိ၏။ သူ့ပခုံးပေါ်မှာ လွယ်လာတက်သော တွဲအိ နေသည့် လွယ်အိတ်အနက်ကြီး၏ အလေးချိန်ကြောင့်လည်း သူ့ခါးမှာ ပို၍ ပိကိုင်း သယောင်ရှိ၏။ ခါးကိုင်းကိုင်းဖြင့် ထိုလွယ်အိတ်အနက်ကြီးအား တနင့်တပိုးထမ်း သည်ကို မြင်လျှင် ပန်းဆိုးတန်းလမ်းထဲကို သူတရွရွဖြည်းညင်းစွာ လျှောက်လှမ်း ၀င်လာသည်ကို မြင်လျှင် ပန်းဆိုးတန်းလမ်းထဲရှိ စာအုပ်သည်များ လှုပ်လှုပ်ရှား ရှားဖြစ်သွားကြစမြဲပင်။

သူ့အမည်မှာ ဦးဘအိုဖြစ်သည်။ သို့သော် သူ့အမည်ကို ပန်းဆိုး တန်းလမ်းထဲရှိ ဘယ်စာအုပ်သည်ကမှ မသိ။ အားလုံးက တညီတညွှတ်တည်း “ဆရာကြီး” ဟုသာ ရိုသေစွာခေါ်ဝေါ် ဆက်ဆံလေ့ရှိကြသည်။ သူတို့အားလုံးက ဤလူကြီးသည် တက္ကသိုလ်တစ်ခုခုမှ အငြိမ်းစားပါမောက္ခအိုကြီးတစ်ယောက် သို့မဟုတ် စီးပွားပျက်သွားရှာသော စာပေမြတ်နိုးသည့် သူဌေး ဟောင်းကြီးတစ်ယောက် ဖြစ်မည်ဟုသာ အတွေးကိုယ်စီနှင့် လက်ခံထားကြ၏။ သူဘယ်မှာနေသည်။ သူ့မိသားစု ရှိမရှိ ဆိုတာ ဘ၀ဇာတ်ကြောင်းကို မည်သူကမှမသိ။ သူတို့သိသည်က ဦးဘအို၏ လွယ်အိတ်ထဲတွင် အဖိုးတန်ရှားပါးသော စာအုပ်များ ပါလာတတ် သည်ဆိုသော အချက်သာဖြစ်၏။

ပန်းဆိုးတန်း၊ သုံးဆယ်ခုနှစ်လမ်း တစ်ဝိုက်သည် စာအုပ် ဟောင်းရောင်း ၀ယ်သူများ၊ စာကြမ်းပိုးများ လေ့လာ ကျက်စားရာ ဒေသဖြစ်၏။ ထိုတစ်ဝိုက်က စာအုပ်သည်များ သည် စာအုပ်ရောင်းလည်းရောင်း၏။ ၀ယ်လည်းဝယ်၏။ ဦးဘအိုသည် သူတို့၏ ဖောက်သည်တစ်ဦးဖြစ်၏။ အ၀ယ်သမား ဖောက်သည်မဟုတ် အရောင်းသမားဖောက်သည် ဖြစ်သည်။

အနှစ်နှစ်အလလက စုဆောင်းထားသမျှကို အကြောင်း အမျိုးမျိုးကြောင့် လာရောင်းကြသူတွေ လက်ထဲဝယ် အင်္ဂလိပ် မြန်မာစာအုပ်ကောင်းများပါ လာတက်၏။ အင်မတန် ချိုသာသော ဈေးနှုန်းဖြင့် ၀ယ်ယူရသော စာအုပ်များကို ပြန်ရောင်းသောအခါ သူတို့နင့်ခနဲ အမြတ်ရလေ့ရှိသည်။ အခုတလော အထူးသဖြင့် အင်္ဂလိပ်လိုရေးထားသော ကမ္ဘာ့ ဂန္တ၀င် စာအုပ်များမှာ အ၀ယ်လိုက်နေသည်။ လွန်ခဲ့သော ဆယ်နှစ်ခန့်က အစိုးရစာအုပ်များမှာ နှစ်ကျပ်ခွဲ သုံးကျပ်နှင့် ၀ယ်ခဲ့ရသော စာအုပ်များမှာ ယခုဈေးကွက်တွင် နှစ်ဆယ်၊ အစိပ်ဖြစ် နေသည်။ ကမူး၊ ဆတ်၊ ဂျွိုက်၊ ကပ်ဖကာ စသူတို့၏ စာအုပ်ဆိုလျှင် ထို့ထက်ဈေး ခေါ်ရ၏။ လေးငါးဆယ်ဆိုလည်း ၀ယ်မည့်သူ မနည်း။

စာရူးပေရူးကလေးများသည် ထိုဆိုင်များရှိရာသို့ ချောင်းပေါက် မတက် ရောက်လာကာ ကမ္ဘာ့ဂန္တာ၀င်တွင် ဖတ်ရခက်ခဲသည် ဆိုသော နာမည်ကြီးပေ့ဆိုသော၊ အနုပညာမြောက်လှသည် ဆိုသော စာအုပ်များကို ကြားဖူးနားဝလောက်ဖြင့် တဖွဖွ မေးကြ၀ယ်ကြသည်။ ထိုစာရူးပေရူးလေးများထဲတွင် တက္ကသိုလ် မှ ဆရာပေါက်စလေးများ၊ ကိုယ့်ကို ကမ္ဘာ့စာပေးနှင့် အကျွမ်း တ၀င် ရှိသည်ဟု အထင်ခံချင်နေရှာသော ပိုက်ဆံရှိ သားသမီးများ၊ စာရေးဆရာ ကဗျာဆရာ ပေါက်စကလေးများ စသဖြင့် လူစုံပါ၏။ ထိုအထဲမှ အတော်များများမှာ စာအုပ်နာမည်လောက်ပင် အတော်ကြိုးစားဖတ်ရမည့်သူတွေ ဖြစ်သည်။ သို့ သော် ဟန်လုပ်ကာ အလုအယက်ဝယ်ကြသည်။ မဂ္ဂဇင်းတစ်စောင်မှာ ဂျိမ်းဂျွိုက် ကြောင်းပါလာလျှင် ဂျိမ်းဂျွိုက် စာအုပ်လာမေး၏။ သောမတ်မန်းအကြောင်း ပါလာလျှင် သောမတ်မန်းစာအုပ်ကို လာမေး၏။ ဗာဂျီးနီယားဝုဖ် အကြောင်းပါလာလျှင်၊ ကပ်ဖကာ အကြောင်းပါလာလျှင် မြန်မာလို ဆောင်းပါးကို ဖတ်ကာ အဲဒီစာအုပ်တွေ မရှိဘူးလား ဟု အင်္ဂလိပ်လိုစာအုပ်ကို သူတို့ လာမေးတတ်ကြ၏။

စာအုပ်သည်များအဖို့ ထိုလူစုမှာ အမြတ်အစွန်းကြီးကြီး ရနိုင်သော ပုံသေဖောက်သည်များဖြစ်၏။ ထို ချည်ပြီးတုတ်ပြီး ၀ယ်သူများကို အရှည်သဖြင့် ဆွဲဆောင်ထားနိုင်ရန်အတွက် သူတို့စာအုပ်များကို ကြိုးစားရှာဖွေကြရသည်။ စာအုပ်ကောင်း များကလည်း ရှားပါးတန်သလောက် ရှားပါးနေ၏။ ထိုအခြေ အနေမျိုးတွင် ဦးဘအိုမှာ သူတို့အတွက် တန်ဖိုးရှိလှသော အထောက်အပံ့ကောင်းကြီး တစ်ယောက် ဖြစ်နေလေသည်။

ထိုကြောင့် ဦးဘအို ပန်းဆိုးတန်း၊ သုံးဆယ်ခုနှစ်လမ်း စာအုပ် တန်းဘက်ကို ရောက်လာလျှင် အားလုံးလိုလိုက ပျုပျုငှာငှာ ကြိုဆိုလေ့ရှိကြ၏။ ဦးဘအို လာတိုင်းလည်း သူလွယ်လာသည့် လွယ်အိတ်ကြီးနှင့် တစ်လုံးစာအုပ်ကောင်းများ အပြည့်အသိပ် ပါလာတက်၏။ မြန်မာစာအုပ်များမဟုတ် တန်ဖိုးရှိ အင်္ဂလိပ် စာအုပ်များဖြစ်သည်။

ဒီနေ့လည်း ဦးဘအိုသည် သူ့ဆီမှ စာအုပ်ဝယ်နေကျ ပန်းဆိုးတန်းက ကိုတင်အိဆိုင်မှာ ရောက်နေ၏။ ကိုတင်အိ ဆိုသူက ဈေးနှိပ်ပေးလေ့မရှိ။ အရောင်း အ၀ယ်ဖြစ် ပြီးလျှင် လက်ဖက်ရည်တွေ ဘာတွေ တိုက်သေးသည်။ သူနှင့် လူချင်း လည်း အတန်အသင့် ရင်နှီးနေ၏။ ဦးဘအို လွယ်အိတ် အနက်ကြီးထဲမှ စာအုပ်များကို ကိုတင်အိက အပြင်မှာ တစ်အုပ်ချင်းထုတ်ကာ ပုံရင်း .... က

“ဂျွန်ကိ၊ ရှယ်လီ၊ ၀ီလျံဘလိတ်၊ ဒီအပတ် ဆရာကြီး စာအုပ်တွေက ရိုမန် တစ် ကဗျာစာအုပ်တွေချည်းပါလား၊ ကဗျာစာအုပ်ဆိုရင်လည်း ဟိုတစ်ခေါက်က လိုရစ်ချက်ဝက်ဘာ၊ ရောဘတ်လိုဝယ်တို့၊ ပရဲဗတ်တို့လို မော်ဒန်ဆရာတွေဟာ ယူလာပါ၊ ဒါက ဒစ်ကင်း ဒါက ရောဘတ်ဖရော့၊ ဟာ.... သောမတ်ဟာဒီ ၀တ္ထုတွေ တော်တော်များပါလား၊ ပါးလ်အက်စ် ဘတ် စာအုပ်တွေလဲ ပါတယ်။ သူတို့က လူသိပ်မဖတ်တော့ဘူး ဆရာကြီးရဲ့ ခေတ်ကုန်နေပြီ။”

ဦးဘအိုက ကိုတင်အိပြောသမျှ ခေါင်းသာညိတ်ပြ၏။ ထောက်ခံ သည့် သဘောဖြင့်တော့ ဟုတ်ဟန်မတူ။ သူခေါင်းညိတ်နေပုံက “လောကကြီးအကြောင်း အလုံးစုံ ငါသိပါတယ်” ဆိုသည့် ပညာရှိကြီးတစ်ဦး တစ်ကိုယ်တည်း နှလုံးသွင်းနေပုံနှင့်သာ တူ၏။

“တော်သေးတယ် ဆရာကြီးရေ၊ ကမူးရဲ့ အောက်ဆိုက်ဒါစာအုပ် ကလေးရယ်၊ နာဘိုကော့ဗ်နဲ့ ဆောဘဲလ်ဘိုးရဲ့ ၀တ္ထုတို ပေါင်းချုပ်စာအုပ် ကလေးတွေရယ် ပါလာပေလို့၊ ဂျက်ကာ ရိုယက်၊ သောမတ်ပင်ချွန်း၊ စူဆန်ဆွန်တက်၊ ဒါက ဂျွိုက်စ်ကာ ရိုးအုတ်၊ သူတို့စာအုပ်အကြောင်းတော့ ကျွန်တော်လဲ ကောင်း ကောင်းမသိဘူး ”

ဦးဘအိုက ခေါင်းညိတ်ပြန်၏။ ဒီအဘိုးကြီးက စကားနည်းသည်။ ပညာရှိ ဆိုတာ မတီးလျှင် မမြည်တဲ့စည်နဲ့တူတယ်ဆိုတဲ့ စကားရှိသားပဲ။ တစ်လကို နှစ်ခေါက်သုံးခေါက် ထိုလူကြီး သူတို့ဆီိကို စာအုပ်တွေ လာရောင်းနေခဲ့သည်မှာ တစ်နှစ် ကျော်ခန့်ရှိပြီ။ သူရောင်းပြီးခဲ့သည့် စာအုပ်များကို ရေတွက် ကြည့်မည် ဆိုလျှင်တောင် အရေအတွက်အားဖြင့် နည်းမည် မဟုတ်တော့။ နောက်ရောင်းဖို့ အများကြီး ကျန်သေးတယ်ဟု ပြောဖူးသေး၏။ ဒီလောက်များတဲ့ စာအုပ်တွေကို ဖတ်မှတ် လေ့လာထားခဲ့ပြီးပြီဆိုတော့လည်း ဆရာကြီး ဤမျှ တည်ငြိမ်မှုရှိနေ သည်ကို ဆန်းသည်ဟု မဆိုသာ။ တစ်ခါတလေ သူတို့က စာအုပ်တွေအကြောင်း ပြောလျှင်လည်း အပြုံးဖြင့်သာ နားထောင်နေတက်သည်။ အပြန်အလှန် လက်ခံ ဆွေးနွေး ရလောက်အောင် သူတို့မှာ အရည်အချင်းမရှိဟု ယူဆလေ သလားမသိ။

“ဆရာကြီး၊ သောမတ်မန်းရဲ့ “မက်ဂျစ်မောင်းတိန်း” မရှိဘူးလား၊ ဒီဘိုးဗွား ရဲ့ ‘အောဆက်အင်ဒန်း’ ရော၊ ဆင်ကလဲလွီ စာအုပ်တွေရောပေါ့၊ ယူလာခဲ့ပါ၊ အထူးသဖြင့် ကပ်ဖကာရဲ့ ရဲတိုက်စာအုပ်ရှိရင် လိုချင်တယ်။ ဈေးကောင်းရမယ် ဆရာကြီး၊ အဲဒီစာအုပ်ကိုတော့ ကျွန်တော့်ကို အော်ဒါမှာထားတာပဲ သုံးလေးဦးရှိ တယ်”

ဦးဘအိုက ခေါင်းညိတ်ပြန်သည်။

ဦးဘအို အိမ်ပြန်ရောက်တော့ မောမောဖြင့် လွယ်အိတ်ကို ကြမ်းပြင်ပေါ်ချ သည်။ အိမ်က ထွက်သွားစဉ်က စာအုပ်များဖြင့် ပြည့်နေသော လွယ်အိတ်ကြီးမှာ အိမ်ကို ပြန်လာတော့ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်တို့ဖြင့် ပြည့်လာ၏။

သူ့အိမ်က ဆယ်မိုင်ကုန်းမှာရှိသည်။ ဓနိမိုး ထရံကာအိမ် ခပ်သေးသေးသာ ဖြစ်သည်။ အိမ်ပေါ်မှာ တန်ဖိုးကြီးသော ပရိဘောဂဟူ၍ မရှိ၊ ဖရိုဖရဲဖြစ်နေသော စာအုပ်ပုံကြီး တစ်ပုံတော့ရှိ၏။

စာအုပ်ကြီးကိုမြင်တော့ ကွယ်လွန်သူ သူ့ဆရာကြီး ဦးအောင်ဆက်ကို ဦးဘအို သတိရလာသည်။ ဦးအောင်ဆက် သည် ရန်ကုန်တက္ကသိုလ်ဌာနတစ်ခုမှ ပါမောက္ခကြီးတစ်ဦး ဖြစ်သည်။ သူ့ဘ၀ကို စာပေလေ့လာခြင်း၌သာ ထာဝရ မြှပ်နှံထားခဲ့သော လူပျိုကြီးတစ်ဦးဖြစ်သည်။ ဦးအောင်ဆက် တာဝန်ထမ်းဆောင် နေစဉ်ကတော့ တက္ကသိုလ်ကပေးသော အိမ်တစ်ဆောင်တွင်နေ၏။ ဆွေမရှိမျိုးမရှိ တစ်ကောင်ကြွက် ဖြစ်သော ဦးအောင်ဆက်အဖို့ အိမ်ထောင်ထိန်းသိမ်းရန် လူ တစ်ဦးလိုနေသည်။ ထမင်းချက်၊ အ၀တ်လျှော်ကအစ တာဝန် ယူနိုင်မည့်သူဖြစ်ရမည်။ သို့သော် သူက လူလွတ်တစ်ဦးဆိုတော့ မိန်းမအဖော်နှင့်လည်း မသင့်တော်ပြန်ချေ။ သို့ဖြင့် မိတ်ဆွေ တစ်ယောက်၏ ဆက်စပ်ပေးမှုနှင့် သူ့ဆီကို ဦးဘအို ရောက် လာသည်။

ဦးဘအိုကလည်း တောက တက်လာသော တစ်ကောင်ကြွက် တစ်ယောက်ဖြစ်၏။ တခြားအလုပ် မရခင်စပ်ကြား ခဏခိုနား မည်ဆိုသော ရည်ရွယ်ချက်ဖြင့် ဦးအောင်ဆက်ထံ ရောက်ခဲ့ သော ဦးဘအိုမှာ မထင်မှတ်ဘဲ အနှစ်လေးဆယ်ကျော် ဦးအောင်ဆက် သေဆုံးချိန်အထိ အတူနေဖြစ်ခဲ့လေတော့သည်။

တက္ကသိုလ်ကျောင်းတော်ကြီးမှ ဦးအောင်ဆက် အငြိမ်းစား ယူသောအခါ သူ တို့ဆရာတပည့်နှစ်ဦး ဤဆယ်မိုင်ကုန်းမှာ အိမ်ကလေးတစ်လုံးဆောက်၍ ပြောင်းရွှေ့နေကြသည်။ ဦးအောင်ဆက်၏ အငြိမ်းစားလစာငွေမှာ အသုံးအဖြုန်း မရှိသော ဆရာတပည့်နှစ်ယောက်၏ စားဝတ်နေရေးအမှု အတွက် ဖူလုံ၏။ ဦးအောင်ဆက်မှာ စုဆောင်းပြီး ငွေကြေးဟူ၍ မည်မည်ရရမရှိ။ တစ်သက်လုံး သူရခဲ့သမျှမှာ စာအုပ် ၀ယ်ခြမ်းဖြင့် ကုန်ခမ်းခဲ့သည်။ သူချမ်းသာသမျှမှာလည်း စာအုပ်များသာ ဖြစ်၏။

လွန်ခဲ့သော တစ်နှစ်ကျော်ခန့်ကတော့ ဦးဘအိုထက် ဆယ်နှစ်ကြီးသော ဦးအောင်ဆက် သေဆုံးသွားလေသည်။ သူ့အတွက် ဦးအောင်ဆက်ချန်ရစ်ခဲ့ သော အမွေပစ္စည်းမှာ များမြောင်လှစွာသော စာအုပ်များသာဖြစ်၏။

လက်ထဲမှာရှိသမျှ ငွေကြေးကလေး ကုန်ခန်းသွားသောအခါ အိုမင်းမစွမ်းရှိ ပြီဖြစ်သော ဦးဘအိုသည် စားဝတ်နေရေး အခက်အခဲ ကြုံလာသည်။ ယခုလို အခါမျိုးတွင် သူ့၌ လုပ်ကိုင်စားနိုင်သော ခွန်အားလည်း မရှိတော့။ ရောင်းချစား စရာ ငွေကြေးလည်း မရှိ။ သို့ဖြင့် တစ်နေ့ ပန်းဆိုးတန်း ဘက်ရောက်ခိုက် အင်္ဂလိပ်စာအုပ်များရောင်းနေသော စာအုပ် ဆိုင် တစ်ဆိုင်သို့ ၀င်ကာ ‘ဒီလိုစာအုပ် တွေ ရောင်းရင် ၀ယ်သလား’ ဟုမေးမိ၏။ ဆိုင်ရှင်က ‘ယူခဲ့ပါ ဆရာကြီး ကျွန်တော်ကြည့်ပေးပါမယ်’ ဟု ဆိုသည်။

သည်လှိုနှင့် နောက်နေ့တွင် စာအုပ်များကို လွယ်အိတ် တစ်လုံးနှင့် ထည့် ယူလာကာ သြူုပ၏။ ဆိုင်ရှင်က ၀မ်းသာ အားရ၀ယ်၏။ ဆိုင်ရှင်ထံမှ သူဘယ်လိုမှ ထင်မှတ်မထားသော ငွေကြေးကို ရသဖြင့် ဦးဘအို အံ့အားပင်သင့်နေသည်။ သူ ယူလာသော စာအုပ်နှစ်ဆယ်ကို တစ်အုပ်ငါးကျပ်နှုန်းဖြင့် ရှင်းပေး၏။ တစ်ကြိမ် က သူပိုက်ဆံပြတ်ခိုက် ရပ်ကွက်ထဲတွင် စက္ကူလည်ဝယ်သည့် သူတစ်ဦးကို ခေါ် ရောင်းဖူး၏။ တစ်ပိသာ သုံးကျပ်ခွဲပဲရခဲ့သည်။ ဆိုင်ရှင်က နောက်ရှိရင်လည်း ယူလာခဲ့ပါဦးဟု မှာသည်။ သို့ဖြင့် ဦးဘအိုသည် ဈေးသုံးလိုတိုင်း ပန်းဆိုးတန်းကို လွယ်အိတ်တစ်လုံးနှင့် ရောက်လာကာ စာအုပ် ရောင်းသူဖြစ်လာသည်။ သို့သော် တစ်လကို နှစ်ကြိမ် သုံးကြိမ် ထက် သူပိုမရောင်း။ သူ့မှာ ဒီထက်ငွေပို မလိုသောကြောင့် ဖြစ်သည်။

အခုတော့ သူ့ဆရာပေးခဲ့သော အမွေအနှစ်များဖြင့် သူကြီးပွား နေသည်ဟု ဆိုနိုင်သည်။ စာအုပ်များသာမက သူ့ဆရာ ကျန်ခဲ့သည့် အ၀တ်အစား အဟောင်းများမှာလည်း သူ့ အ၀တ်အစားဖြစ်ခဲ့သည်။ တိုက်ပုံအင်္ကျီကတော့ သူနှင့် နည်း နည်း ပွနေသည်။ သို့သော် ၀တ်ဖို့ပြင်မနေနိုင်။ ပြီးတော့ သူ့ဆရာကျန်ခဲ့သည့် မျက်မှန်။ မျက်မှန်က အိုဟောင်းနေ သော်လည်း သူ့အတွက် စပါးလုံးရွေးရာတွင် ကောင်းကောင်း အသုံးဝင်နေသေ၏။ စာအုပ်စင်များကိုတော့ သူခွဲခြမ်းကာ ထင်း စိုက်ပစ်ခဲ့သည်။ သူက ပါမောက္ခတစ်ယောက်မှ မဟုတ်တာ။ ခမ်းခမ်းနားနား စာအုပ်စင်တွေ ဘာတွေလည်း မလိုလှပါဘူးဟု တွေးမိသည်။ စာအုပ်တွေကို ခုလို ကြမ်းပြင်ပေါ်တွင် စုပုံထား လည်း ရတာပဲဟာ။

စာအုပ်များမှာ အစီအရီရော ဖရိုဖရဲပါ အပြိုပြိုအလဲလဲကျ ထွေးသီထပ် တင်နေသည်။ ကမူး၏ ပလိပ်ဝတ္ထု စာအုပ်မှာ ကြွက်ကိုက်ထားသဖြင့် စုတ်ပြတ်နေ၏။ တော်စတွိုင်း၏ အင်ညာကရီနီနာခြေရင်းတွင် ဂျိုးဇက်ကွန်းရဒ်၏ လာ့ဒ်ဂျင် လဲကျနေသည်။ အရင်းကျမ်းမှာ ခြများစားလျက်ရှိသည်။ ဟင်နရီဂျိမ်း၏ ချိုးငှက် အတောင်ပံများမှာ ဂျက်လန်ဒန်၏ သံဖနောင့်အောက် ရောက်နေ၏။ မားကွပ်၏ အထီးကျန် နှစ်တရာမှာ ပင့်ကူမျှင်များ ငြိတွယ်နေ၏။ ရုဖ်အယ့်လီဆင်၏ ကိုယ်ပျောက်သူမှာ ပိုးဟတ်ချေးများ စွန်းကွက်နေသည်။ ဗာဂျီးနီးယားဝုဒ်၏ လှိုင်းများအပေါ်တွင် ဂျိမ်းဂျွိုက်၏ ယူလီစီး ရောက်နေ၏။ ဒီအိတ်ခ်ျလောရင်၏ လေဒီချက်တာလီချစ်သူမှာ မျက်နှာဖုံးမရှိတော့။ က၀ါဘာတား၏ နှင်းပွင့်တိုင်း ပြည်မှာ ဖုန်အလိမ်းလိမ်းတင်နေသည်။ နှုတ်ခမ်းမွှေး တထောင် ထောင်နှင့် ပိုးဟပ် တစ်ချို့က စာအုပ်ပုံထဲမှ ထွက်လာကာ ဦးဘအိုကိုငေးကြည့်ကြ၏။ ထိုအထဲမှ တစ်ကောင်ကို ဦးဘအိုက ချစ်စနိုးဖြင့် ကောက်ယူလိုက်ကာ ‘မင်းတို့လဲ စာအုပ်တွေကို စားပြီး အသက်ရှင်နေရတဲ့ကောင်တွေ၊ ငါနဲ့ ဘ၀တူပေါ့ကွာ’ ဟု ဆိုသည်။ ဦးဘအိုသည် ထိုအကောင်များကို မောင်းပစ်လေ့ မရှိချေ။

မှောင်စပျိုးပြီ ဖြစ်သဖြင့် ဦးဘအို မီးအိမ်ကို ထွန်းညှိနေဆဲမှာ တိုက်ခတ်လိုက်သော လေအေးတစ်ချက်က စုတ်ပြဲနေသော ၀ါးထရံပေါက်မှ တိုး ဝှေ့စိမ့်ယိုဝင်လာ၏။ ဤထရံကို သူ အသစ်ပြန်မလဲနိုင်သေးခင် လေလုံအောင် ထရံအပေါက်များကို စက္ကူနှင့်ကပ်ကာ ပိတ်ဖို့ကိစ္စကို သတိရလာ၏။ ထို့ကြောင့် စာအုပ်ပုံထဲက လက်လှမ်းမီရာစာအုပ်တစ်အုပ်ကို ဆွဲယူလိုက် ကာ စာရွက်များကို တစ်ရွက်စီဖြုတ်၍ ထမင်းလုံးကော်နှင့် သုတ်ရင်း ထရံမှာ ကပ်နေမိ၏။

ထိုကဲ့သို့ သူဆုတ်ဖြဲ၍ ထရံပေါက်ကို ကပ်ပစ်လိုက်ကာ စာအုပ်မှာ စာအုပ်သည်များက လိုချင်တပ်မက်စွာ တဖွဖွ မှာကြားနေသည့် ကပ်ဖကာ၏ ရဲတိုက် စာအုပ်ဖြစ်ကြောင်းကိုမူ ဘယ်တုန်းကမှ စာမသင်ဖူးသဖြင့် အင်္ဂလိပ်လိုဝေး၍ မြန်မာလို ပင် တစ်လုံးမှ မတတ်ရှာသော ဦးဘအိုတစ်ယောက် သိနိုင်ရှာ လိမ့်မည် မဟုတ်ပါချေ။

------------------
သစ္စာနီ

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More