gtalk

Tuesday, 24 May 2011

ဒါ အကုန်ပဲလား

ဖျားနာဆောင်(၃)တွင် ကျွန်တော်လူနာစောင့်လုပ်ခဲ့စဉ်က ဖြစ်ပါသည်။ ကျွန်တော်တို့လူနာနှင့် တစ်ခုတင်ကျော် ၀ဲဖက်ကုတင်က လူနာတစ်ယောက်ကို ကောင်းစွာမှတ်မြင်မိသေးသည်။ ကျွန်တော်တို့လူနာနှင့် ကပ်လျက်ခုတင်မှာ လူနာမရှိသေခုတင်လွတ် ဖြစ်သည်။ နံနက်ပိုင်းကပင် ထိုခုတင်မှ လူနာသည် ဆေးရုံမှ ပြန်ဆင်းသွားခဲ့ပြီဟု သိရသည်။ ထိုလွတ်နေသောခုတင်၏ ၀ဲဖက်ခုတင်မှာ လူနာတစ်ဦးရှိသည်။ အသက်အရွယ် ခပ်ကြီးကြီး၊ အသားခပ်ညိုညို၊ ခပ်ပိန်ပိန်၊ ကိုယ်ရေစစ်သည်။ နာမကျန်း ဖြစ်နေခဲ့သောရက်တို့က ရှည်ကြာခဲ့ဟန်တူသည်။ ကိုယ်ခန္ဒာမှာ ပိန်လှီလျှက် မျက်တွင်းများက ချိုင့်ဝင်လျှက်ရှိသည်။ နေ့လည်ခင်း အချိန်လောက်က သူ့လက်မောင်းသွေးကြောမှတစ်ဆင့် သူ့ခန္စာကိုယ်ထဲသို့ သွေးတစ်ပုလင်းသွင်းခဲ့တာ ကွှန်တော် သတိထားမိသည်။ လူနာသည် မှိန်းနေရာမှ မျက်လုံးများကိုဖွင့်၍ မျက်နှာကြက်ကို တိတ်ဆိတ်စွာ ကြည့်နေလေသည်။ ကြုံလှီဖျော့တော့သော သူ့ခနဓာကိုယ်က လူနာခုတင်ထက်မှာ အသုံးမ၀င်တော့သော ဟောင်းနွမ်းနေသည့် အရာဝတ္ထုတစ်ခုလို ငြိမ်သက်စွာ တည်ရှိနေသည်။ လူနာစောင့်အမျိုးသမီးက လက်မှနာရီကို ကြည့်လိုက်၏။ ပုလင်းထဲက ရေကို မတ်ခွက်ထဲသို့ လောင်းထည့်လိုက်၏။ ထို့နောက် လူနာအနီးသို့ ပို၍တိုးသွားပြီး ဦးခေါင်းကို မထူက ဆေးပြားနှစ်ပြားကို တိုက်လေသည်။ လူနာသည် သူ၏မျက်စိကို စုံမှိတ်ကာ ဆေးပြားကို ရေဖြင့် ကြိုးစား၍ မြိုချလိုက်သည်။ ထိုအချိန်မှာပင် လျှပ်စစ်မီးများ ဖျတ်ကနဲ လင်းလာသည်။ ဖျားနာဆောင်(၃) အခန်းမျက်နှာကြက်တွင်ရှိ ပန်ကာများလည်း တ၀ီဝီလည်လေသည်။ လူနာစောင့်အမျိုးသမီးသည် လူနာကို ခေါင်းအုံးပေါ်သို့ အသာအာယာ ပြန်ချလိုက်သည်။ လူနာသည် သူ၏မျက်စိအစုံကို ဖျတ်ကနဲပြန်ဖွင့်ကာ မျက်နှာကြက်ကို ကြည့်နေသည်။ မျက်နှာကြက်မှာ လည်နေသော ပန်ကာများ   . . . ။  ထဘီအနီဝတ် သူနာပြုတစ်ယောက်သည် ပြဒါးတိုင်တစ်ချောင်းကို ကိုင်ဆောင်ကာ ဆေးရုံစင်္ကြန်လမ်းအတိုင်း လျှောက်လာနေသည်။ လူနာစောင့်အမျိုးသမီးသည် ဘီရိုပုကလေးပေါ်မှ ကိတ်မုန့်တစ်လုံးကို ထုတ်ယူကာ ဓားဖြင့် ထက်ဝက်ခန့် လှီးလိုက်သည်။ ထို့နောက် လူနာကို ပြန်လည်ထူမတ်ကာ ကိတ်မုန့်ကို ကျွေးလေသည်။ ကိတ်မုန့်မှာ အတော့်ပင် အမျိုးအစားကောင်းသော တန်ဖိုးကြီးကိတ် ဖြစ်ဟန်တူသည်။ မွှေးပျံ့သော ထောပတ်နံ့ကို သည်ဘက်ခုတင်မှပင် ရလေသည်။ လူနာသည် ကိတ်မုန့်ကို သူ၏နာမကျန်းသောလက်ဖြင့် ကိုင်ယူလိုက်သည်။ “ဒါ အကုန်ပဲလား” လူနာစောင့်အမျိုးသမီးကို သူက မေးမြန်းလိုက်သည့် အသံသည် ကျွန်တော့်နားထဲတွင် ရက်အတော်ကြာကြာပင် စွဲနေခဲ့ပါသည်။ “ဒါ အကုန်ပဲလား” လူနာသည် ဘာကြောင့်ဤမေးခွန်းကို အသုံးပြုသွားခဲ့ကြောင်း ယခုတိုင် သေချာစွာ ကျွန်တော်မသိရှိပါ။ သို့ရာတွင် သူမေးမြန်းခဲ့သော စကားသံကို ကျွန်တော် မကြာမကြာ အမှတ်ရနေမိသည်။ ကြားနေမိသည်။ နားမလည်နိုင်ခြင်း၊ ကြေကွဲမှု၊ အချည်းနှီးဖြစ်ခြင်းနဲ့ ဘ၀ရဲ့အရသာ အားလုံး ရောထွေးလျှက်   . . .။
“ဒါ အကုန်ပဲလား” ဘာလို့ သူဒီလိုမေးပါလိမ့်။ သူသည် သူ့လက်ထဲမှ ကိတ်မုန့်၏ သေးငယ်သော အစိတ်အပိုင်း အနည်းငယ်မျှကိုသာ စားခဲ့ပါသည်။ “ဒါ အကုန်ပဲလား” ဘာလို့ သူဒီလိုမေးပါလိမ့်။ ကျွန်တော်သည် တစ်ဖက်ခုတင်မှနေရင်း ယောင်ယမ်းကာ တံတွေးကို မြိုချလိုက်မိသေးသည်။ ကိတ်မုန့်က အကောင်းစားဆိုတာ သေချာပါသည်။ ကျွန်တော်သည် ကိတ်မုန့်ဖိုကြီးတစ်ခုအနီးတွင် နေထိုင်ခဲ့ဖူးသူ ဖြစ်ပါသည်။ ကိတ်မုန့်ဖုတ်သော အလုပ်သမားတို့၏ နေ့နေ့ညည ဆူဆူညံညံ စကားသံများ၊ မုန့်စပ် မုန့်မွှေစက်များ၏ တဂျိမ်းဂျိမ်း တဒီးဒီး အော်မြည်လည်ပတ်သံများ၊ စိမ်းရွှေရွှေစူးရဲရဲ အနံ့များ၊ ထို့နောက် သင်းပျံ့မွှေးကြိုင်သော ကိတ်မုန့်ပူပူနွေးနွေး၏ စားချင်ဖွယ်အနံ့များကို ကောင်းစွာကြုံတွေ့ခဲ့ပါသည်။ ကိတ်မုန့်ဖိုသို့ သကြားအိတ်များ တင်ဆောင်လာသော ကားနှင့် ဂျုံအိတ်များ တင်ဆောင်လာသော အလုံပိတ်ဝန်တင်ကားကြီးများ ထိုးဆိုက်လာသည်ကိုလည်းကောင်း၊ ကိတ်မုန့်ပို့သော အလုပ်သမားများ စက်ဘီး၊ ဆိုင်ကယ်ကိုယ်စီဖြင့် ၀င်ရောက်လာကြသည်ကိုသော်လည်းကောင်း၊ လက်ဆွဲအိတ်၊ လက်ဆွဲခြင်းများဖြင့် ကိတ်မုန့်လာရောက်ဝယ်ယူသူများကိုလည်းကောင်း မြင်တွေ့ခဲ့ပါသည်။ မီးကျီး၊ မီးခဲတို့ဖြင့် အမြဲလိုလို ပူပြင်းနေတတ်သော ကိတ်မုန့်ဖိုကြီးထဲမှ ကိတ်မုန့်များ နေ့စဉ်ထွက်ရှိလာမြဲ ဖြစ်ပါသည်။ ကိတ်မုန့်ဖုတ်သော အလုပ်သမားတို့က ဖိုကြီးထဲမှ ကိတ်မုန့်များကို နေ့စဉ်ထုတ်ယူကြမြဲ ဖြစ်ပါသည်။ ကိတ်မုန့်ဖိုကြီးထဲမှ ထွက်ရှိလာသော ကိတ်မုန့်များသည် အခြားသောအရပ်ဒေသ နေရာအသီးသီးသို့ နေ့စဉ်ပျံ့နှံ့ရောက်ရှိသွားမြဲ ဖြစ်ပါသည်။ တစ်ခါတစ်ရံ ညဖက်တချို့တလေတွင် ပေါင်မုန့်ဖိုဖက်ဆီသို့ ကျွန်တော် ရောက်ရှိသွားတတ်ပါသည်။ ထိုအခါတွင် ကျွန်တော်နှင့် ခင်မင်ရင်းနှီးစ ပြုလာသော မုန့်ဖုတ်သမားလေးက ကျွန်တော်စားဖို့ ကိတ်မုန့်တစ်လုံးတစ်လေ ပေးတတ်ပါသည်။ အနည်းငယ်မီးကျွမ်းနေသော ကိတ်မုန့်တစ်လုံး သို့မဟုတ် ဖောင်းကြွမနေပဲ ပုံသဏ္ဌာန်မမှန်ဖြစ်နေသော ကိတ်မုန့်တစ်လုံး၊ တစ်ခါတစ်ရံတွင်တော့ အချိုဓာတ်လွန်ကဲနေသည့် အစမ်းဖုတ်ထားသော ကိတ်မုန့်တစ်လုံး၊ ကျွန်တော်သည် မုန့်ဖုတ်သမားလေးက ပေးသော ကိတ်မုန့်ကို ယူဆောင်လာကာ မိမိအခန်းတွင် ညအချိန်များ၌ တိတ်ဆိတ်စွာ စားသောက်ခဲ့သည်။ တစ်ခါတစ်ရံ နေ့ရက်များတွင်တော့ မြို့ထဲရှိ ကိတ်မုန့်အရောင်းဆိုင်ကြီးတစ်ဆိုင်သို့ ရောက်ရှိသွားတတ်ပြီး အညိုရောင်သစ်သီးကိတ် ကောင်းကောင်းတစ်လုံးကို ဈေးကြီးကြီးပေး၍ ၀ယ်ယူတတ်ပါသည်။ ထိုနေ့က တစ်ဖက်ခုတင်မှ လူနာသည် ကိတ်မုန့်ကိုမစားမီ “ဒါ အကုန်ပဲလား”ဟု မေးမြန်းသွားခဲ့သည်။ ညနေခင်း မှောင်ရီဖြိုးဖျ လမ်းမီးများ လင်းလာချိန်တွင် လူနာသည် ကောင်းစွာသတိမရတော့ပေ။ “ဒါ အကုန်ပဲလား”ဟု သူ မေးမြန်းခဲ့သော ကိတ်မုန့်အပါအ၀င် အရာအားလုံးကို သူသတိမရတော့ဟု ထင်ပါသည်။ တာဝန်ကျဆရာဝန်၏ ဂျူတီကုတ်ဖြူဖြူသည် လူနာခုတင်များကြားမှာ တရွေ့ရွေ့ ရွေ့လျားသွားပါသည်။ လူနာစောင့်အမျိုးသမီးသည် စိတ်ထိခိုက်နေသည်ကို ဣနြေ္ဒဆည်၍ ပစ္စည်းပစ္စယများကို သိမ်းဆည်းနေပါသည်။ လူနာသည် ကောင်းစွာသတိမရတော့ပါ။ လူနာစောင့်အမျိုးသမီးသည် မိနစ်၂၀ခန့်အတွင်း ပစ္စည်းပစ္စယများကို၊ အရာဝတ္ထုများကို စနစ်တကျ သိမ်းဆည်းပြီးသွားပါသည်။ ဆရာဝန်ကြီးများ၏ ခွင့်ပြုချက်ဖြင့် လူနာကို အိမ်သို့ပြန်လည် ခေါ်ဆောင်သွားပါသည်။ ကျွန်တော်သည် မိမိခုတင်မှာထိုင်၍ ငြိမ်နေမိသည်။ ညဥ့်နက်လာသောအခါ ဖျားနာဆောင်(၃)သည် ပို၍တိတ်ဆိတ်လာသည်။ ကျွန်တော် အိပ်မပျော်နိုင်။ သူ့အသံကို ကြားနေမိသည်။ “ဒါ အကုန်ပဲလား” ဘာဖြစ်လို့ မေးတာပါလိမ့်။ မုန့်ဖိုထဲမှာ ပူပူနွေးနွေး ကိတ်မုန့်များက ကမ္ဘာကြီးထဲသို့ နေ့စဉ်နေ့စဉ် ခုန်ထွက်လာကြမြဲ ဖြစ်ပါသည်။ ထို့အတူ ဖျားနာဆောင်(၃)တွင် လူနာစောင့်လုပ်ခဲ့စဉ်က ကြားခဲ့ရသော အသံတစ်သံကိုလည်း အမှတ်ရနေဆဲဖြစ်သည်။ “ဒါ အကုန်ပဲလား”။ နာမကျန်းသူ လူသားတစ်ယောက်က ဤသို့ မေးခွန်းထုတ်သွားခဲ့လေသည်။ ဒါ အကုန်ပဲလား   . . . . . ။
ကလျာမဂ္ဂဇင်း
(ဇာတိရပ်ရွာ ပြန်ရောက်တဲ့အခါ – နေမျိုး။ လင်းသစ်ရောင်စဉ် – ဇူလိုင်၊ ၂၀၀၈)

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More